Ch 2
Viewers 2k

🍁 Chapter 2




"အေးပါ... အမေ သိပါတယ်"


ကျန်းရှင်းက လိုက်လျောသကဲ့သို့ ပြောလိုက်မိသော်လည်း သူမ သမီးဖြစ်သူကမူ လူကို ထိခိုက်စေနိုင်ဆဲဖြစ်သည်။


"အမေ ဘာကို သိတာလဲ"


စကားကျွံသွားမှန်း သိလိုက်သဖြင့် ကျန်းရှင်းက အမြန်ပြင်ပြောလိုက်ရသည်။


"အမေ ဆိုလိုတာက... အမေ ဗိုက်ဆာနေပြီဆိုတာ သိတယ်လို့ ပြောတာပါ၊ စားရမယ့်အချိန်ရောက်ပြီလေ"


"ဒါဆို သမီးနဲ့အတူ ထမင်းစားခန်းကို သွားရအောင်"


ရှုယင်းယင်းက ခွက်ကိုချလိုက်ပြီး သူမကို ထူရန်ပြင်လိုက်သည်။


ကျန်းရှင်း ဘေးရှိလက်ကိုင်အိတ်ထဲမှ Black Card တစ်ကတ်ကို ထုတ်ပေးလိုက်ရင်း


"ယင်းယင်း... ကလေးကို မှားယွင်းမှတ်မိခဲ့တဲ့ ဒီလို ရီစရာကောင်းတဲ့ ကိစ္စမျိုးအတွက် အမေက သမီးကို အားနာပါတယ်၊ ဒါ အမေ့ရဲ့ ဒုတိယကတ်ပါ၊ သမီး ယူထားလိုက်၊ သမီး ဝယ်ချင်တာမှန်သမျှ ဝယ်လို့ရတယ်၊ ပမာဏကို ထည့်မစဉ်းစားနဲ့သိလား ?"


တစ်ဖက်တွင်လည်း သူမသည် ယောင်ယောင့်ကို ချစ်သကဲ့သို့ ယင်းယင်းကို မချစ်နိုင်မှာ စိုးရိမ်နေသလို၊ အခြားတစ်ဖက်တွင်လည်း ယင်းယင်း ယောင်ယောင့်အပေါ် မနာလိုစိတ်ဖြင့် ပြဿနာရှာမည်ကိုကြောက်နေမိသည်။


သူမ ဒါကို အကြာကြီး စဉ်းစားခဲ့သော်လည်း သူမ သဘောထားကိုပြသရန်အတွက် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ခြင်းဖြစ်သည်။ သမီးဖြစ်သူ၏နားလည်မှုကို ရယူပြီး သံယောဇဉ် တည်ဆောက်ရန် အချိန်ယူလိုခြင်း ကြောင့်ပင်။


သို့သော် သမီးဖြစ်သူ၏သဘောထားနှင့် စိတ်ထဲရှိအသံမှာ သူမ ထင်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ သူမ သံသယများနှင့် ယှဉ်လျှင် သမီးဖြစ်သူ၏ဂရုစိုက်မှုနှင့် အားပေးမှုများက သူမကိုရှက်ရွံ့စေလေသည်။


မိမိသွေးသားရင်းချာကို မည်သို့သံသယဝင်နိုင်ပါ့မည်နည်း၊ ဒါဟာ သွေးသားချင်းချစ်ခြင်းမေတ္တာပင်။


ရှုယင်းယင်းက Black Card ကို အံ့ဩတကြီး ကြည့်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်မိပြန်သည်။


[ဟေ? ဘာလို့ အမေက ရုတ်တရက် ငါ့ကို Black Card ပေးပြီး ဖြုန်းချင်သလောက်သာ ဖြုန်းပစ်လိုက်လို့ ပြောရတာလဲ?]


[သူ ရုတ်တရက်လဲကျသွားတာ တစ်ခုခု ရောဂါအပြင်းအထန်ရှိနေလို့လား၊ သွေးသားရင်းဆီက ကိုယ်တွင်းအင်္ဂါ လှူဒါန်းဖို့ လိုနေတာလား? ရှောင်ချီ... စစ်ကြည့်စမ်း!]


[ရှောင်ချီ စစ်ပြီးပါပြီ၊ အမေက တစ်နှစ်ကို ပြုပြင်ထိန်းသိမ်းမှုအတွက်တင် ဂဏန်းဆယ်လုံးကျော် သုံးစွဲနေတာပါ၊ ကျန်းမာရေးက အရမ်းကောင်းပါတယ်၊ ဘာရောဂါမှမရှိဘဲ အသက် ၁၀၃ နှစ်အထိနေရမှာပါ]


[ဒါဆို သူကလွဲလို့ ဒီမိသားစုထဲက တခြားဆွေမျိုးတွေထဲမှာ အင်္ဂါအစိတ်အပိုင်းအစားထိုးဖို့ လိုနေတဲ့လူ ရှိသေးလား၊ ဒါက နာမည်ကြီး Unlimited Black Card လေ၊ ငါတော့ သူဌေးဖြစ်တော့မှာပဲ၊ ဒါကို မခံနိုင်တော့ဘူး!]


[စိတ်အေးအေးထားပါ၊ သမီးအစစ်ရဲ့အသက်အန္တရာယ်က သမီးအတုနဲ့မျက်နှာသာရဖို့ ပြိုင်ဆိုင်တာနဲ့ပဲ ဆိုင်ပါတယ်၊ တခြား အန္တရာယ်မရှိပါဘူး]


[ဟူး... တော်သေးတာပေါ့၊ သူဌေးသမီးဖြစ်လာကာမှ ပျော်ရွှင်မှုတွေက အချည်းနှီးဖြစ်ကုန်မလားလို့ စိုးရိမ်သွားတာ၊ မျက်နှာသာရဖို့ ပြိုင်ဆိုင်မှာမဟုတ်ပါဘူး၊ ငါတော့ အေးအေးဆေးဆေး စားလိုက်သောက်လိုက်နဲ့ပဲ နေတော့မှာ]


ကျန်းရှင်းမှာ သမီးဖြစ်သူ၏အတွေးများကြောင့် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရပြီး အမြန်အလေးပေး ပြောလိုက်ရသည်။


"ဒီကတ်က မုန့်ဖိုးပဲရှိပါသေးတယ်၊ အဖေနဲ့အမေ ရှာထားတဲ့ ပိုက်ဆံတွေအားလုံးက နောင်ကျရင် သမီးအတွက်ပဲ၊ ဘာမှ အားနာမနေနဲ့၊ ယူထားလိုက်"


ဒါ့အပြင် သမီးက အမေ့ကို လူတစ်ယောက်ရဲ့ မျက်နှာဖုံးကိုခွာပြနိုင်အောင် ကူညီပေးခဲ့တာပဲလေ။


ကျန်းရှင်းက ပြောပြီးနောက် သူမ လက်ကလေးကိုဆွဲကာ ကတ်ကို လက်ဖဝါးထဲသို့ ထည့်ပေးလိုက်ပြီး ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။


"ပိုက်ဆံကို ကောင်းကောင်းသုံးတာက အမေ့အတွက် အကြီးမားဆုံးသော နှစ်သိမ့်မှုပဲ၊ သိလား ?"


ကျန်းရှင်းက သူမ နှာခေါင်းလေးကို အချစ်ပိုစွာဖြင့် ဆွဲလိုက်ရာ မျက်လုံးများထဲ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။


ရှုယင်းယင်းမှာ အနည်းငယ် အံ့ဩဝမ်းသာသွားရသည်။


[ဝိုး... သူဌေးအမေက တကယ်နူးညံ့တာပဲ၊ ကျေးဇူးတင်ပါတယ် အမေရယ်!]


ကျန်းရှင်း နှုတ်ခမ်းထောင့်မှ အပြုံးမှာ မျက်ဝန်းများအထိပြန့်နှက်သွားတော့သည်။


ကာယကံရှင် မသိဘဲထွက်ပေါ်လာသော ဤကဲ့သို့သော အသံများက သူမ စရိုက်ကို ဖော်ပြနေပြီး၊ သူ့သမီးမှာ အဘက်ဘက်က ကောင်းမွန်လွန်းလှသည်။


"ဒေါက်... ဒေါက်... ဒေါက်..."


ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာပြီးနောက် ရှုယန်ဝမ် အသံက ချက်ချင်းလိုက်ပါလာသည်။


"ယင်းယင်း... အဖေပါ၊ အထဲဝင်ခဲ့လို့ ရမလား ?"


ကျန်းရှင်း မျက်နှာ ချက်ချင်းမှောင်ကျသွားသည်။ ကောင်းပြီလေ... သူက ကိုယ့်ခြေထောက်နဲ့ကိုယ် အိမ်ရှေ့အထိ ရောက်လာတာပဲ!


ရှုယင်းယင်းသည် ထိုင်နေရာမှထ၍ တံခါးသွားဖွင့်ပေးလိုက်ရာ အဝတ်အစားပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး ကြင်နာတတ်ပုံရသော မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခု ဆင်မြန်းထားသည့် ရှုယန်ဝမ်ကို တွေ့လိုက်ရသည်။ သူသည် အခန်းထဲ၌ ကျန်းရှင်းကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားပုံရပြီး


"မင်းလည်း ဒီမှာ ရှိနေတာပဲ"


"ကျွန်မက ဒီမှာရှိနေလို့မရဘူးလား ?"


ကျန်းရှင်းက ယခင်ကဲ့သို့ နူးညံ့မနေတော့ဘဲ ခပ်ဆတ်ဆတ်ပြန်မေးလိုက်သည်။


ရှုယန်ဝမ်မှာ ဆွံ့အသွားရကာ ဉာဏ်ကိုအမြန်ပြေးလွှားအမှီလိုက်ရသည်။ မကြာသေးမီက သူမကို စိတ်ဆိုးအောင် သူဘာမှမလုပ်ခဲ့မိပါဘဲနှင့် ဘာကြောင့်များ ယမ်းပုံမီးကျဒေါသထွက်နေရသနည်း။


ဟူး... မိန်းမတွေဆိုတာ တကယ် စိတ်ကူးရခက်တာပဲ။


သူသည် ရှေ့ရှိသမီးဖြစ်သူဘက်သို့ လှည့်လိုက်ပြီး မျက်နှာထက်တွင် ဝေခွဲမရသည့် အရိပ်အယောင် များဖြင့် "အဲ... အဖေ သမီးကိုပြောစရာရှိလို့ပါ၊ အဲဒါ... အဲဒါက"


ရှုယန်ဝမ်သည် ပြောမည့်စကားများကို စနစ်တကျစီစဉ်ပြီးမှ ဝင်လာခဲ့ခြင်း ဖြစ်သော်လည်း ကျန်းရှင်း၏ငေါက်ငမ်းမှုကို ခံလိုက်ရပြီးနောက်တွင်မူ ရုတ်တရက် စကားများထစ်ကုန်တော့သည်။ သူမထံမှ အေးစက်သောအကြည့်ကို မြင်လိုက်ရသောအခါ သူပိုထိတ်လန့်သွားရသည်။


ရှုယင်းယင်းက အလိုက်တသိပင် နှစ်သိမ့်ပေးလိုက်သည်။


"အဖေ ပြောစရာရှိရင် ပြောပါ၊ အားနာမနေပါနဲ့"


ဤစကားများက သူ့ စိုးရိမ်စိတ်ကို များစွာလျော့ကျသွားစေသည်။ သူစကားစရန် ပြင်လိုက်စဉ်မှာပင်


[ပြောဖို့ မကောင်းဘူးလို့ထင်နေရင် မပြောတာ အကောင်းဆုံးပဲ၊ ပြောလိုက်ရင် စိတ်အနှောင့်အယှက်ပဲဖြစ်ရမှာ၊ ငါ မမှားဘူးဆိုရင်တော့ ငါ ရှုယောင်ယောင်ကို ပစ်မှတ်ထားမှာစိုးလို့ ကြိုတင်ပြီး ကာကွယ်ဆေးထိုးချင်နေတာပဲ ဖြစ်မှာပေါ့]


ဟမ်? ဘာအသံလဲ


ရှုယန်ဝမ်သည် အံ့ဩတကြီးဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သမီးဖြစ်သူက သူ့ကို လိမ္မာယဉ်ကျေးစွာ ဖြင့် ပြုံးကြည့်နေသည်ကိုသာတွေ့ရသည်။ သူမသည် နှုတ်ခမ်းပင် မဟခဲ့ချေ။


ဒါဆို ဒါ သူမ စိတ်ထဲက အသံလား?


သူ သမီးဖြစ်သူရဲ့ စိတ်ထဲကအသံကို တကယ်ကြားနေရတာလား? !


ဤအချက်ကို လက်ခံလိုက်ပြီးနောက် သူသည် ကျန်းရှင်းကို ရုတ်တရက်လှမ်းကြည့်လိုက်သည်။ သူ့ဇနီးကရော ဒါကို သိနေတာလား?


ကျန်းရှင်းက စိတ်ပျက်နေသောအကြည့်များဖြင့် သူ့ သံသယကို အဖြေပေးလိုက်သည်။


အို... ဘုရားရေ၊ ဒါ တကယ် အံ့ဩစရာပဲ!


ရှုယန်ဝမ်သည် ရုတ်တရက် စိတ်ဝင်စားသွားကာ ပြင်ဆင်ထားသော စကားများကို ဆက်ပြောလိုက် သည်။


"အဖေ ပြောချင်တာက ယောင်ယောင်က စိတ်နုပြီး အနေအေးတဲ့သူမျိုးပါ၊ သမီး သူနဲ့ ဆက်ဆံတဲ့ အခါ နူးနူးညံ့ညံ့‌လေးဆက်ဆံပေးပါ၊ သူ့ကို သွားမခြောက်မိစေနဲ့ဦး ဟုတ်ပြီလား ?"


ရှုယင်းယင်း လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။


"ဟုတ်ကဲ့၊ ပြဿနာမရှိပါဘူး"


[ကြည့်စမ်း... ရှုယောင်ယောင်ကို အသည်းစွဲနေလိုက်တာများ၊ သူမကိုသာ မထိန်းထားနိုင်ရင် အဖေနဲ့ ဟိုငယ်ချစ်ဦးရဲ့တရားမဝင်သမီးကတော့ တကယ့်ကိုအလွဲကြီးဖြစ်တော့မှာပဲ!] ကျန်းရှင်း၏ အေးစက် သောအကြည့်မှာ ချက်ချင်းဆိုသလိုဓားတစ်လက်ကဲ့သို့ ပြောင်းလဲသွားကာ ရှုယန်ဝမ်ထံသို့ ပျံသန်းသွားတော့သည်။


ရှုယန်ဝမ်မှာ ထိတ်လန့်၊ ဒေါသထွက်ပြီး ပျာယာခတ်သွားရသည်။ ဒါတွေက ဘာတွေလဲ?!


[ဒါပေမဲ့ ငါ့ညီမက တကယ်တော့ စိတ်နုတာပါ၊ သူက သူ့အမေအရင်းကို ကူညီဖို့ ခိုးလုပ်ရဲရုံတင်ပါ၊ မကြာခင် အဖေ့ပိုင်ဆိုင်မှုတွေကို အဖေအရင်းဆီလွှဲပေးဖို့ လုပ်ဦးမှာ၊ ဟင်း... အဖေရယ်?]


[လူကောင်းကြီးပါလား၊ သူက အဖေ့သွေးသားလည်းမဟုတ်ဘူး၊ ရှုယောင်ယောင်ရဲ့အဖေအရင်းက အဖေ့ရဲ့ရန်သူတော်ကြီးလေ၊ သူ့သမီးနဲ့မိန်းမကို အဖေ အခုလိုပြုစုပျိုးထောင်ပေးထားတာကို သိရင် သူကတော့ တစ်ညကို အကြိမ်ရှစ်ရာလောက် ထ ထရယ်နေတော့မှာ]


[ကျွတ်... ကျွတ်... ကိုယ်တိုင်လက်မလွှတ်နိုင်တဲ့ ငယ်ချစ်ဦးကတော့ သူများနဲ့အကြိမ်ကြိမ် ငြိစွန်းပြီး ကလေးတောင် ရနေပြီ]


[အို... တကယ့်ကို မတရားခံရသူကြီးပါလား၊ သနားစရာကောင်းလိုက်တာ!]


ရှုယန်ဝမ်မှာ သွေးများဆူပွက်လာကာ ဘေးနားရှိ ဆိုဖာပေါ်သို့ လဲကျသွားလေတော့သည်။


ဆက်တိုက်ထွက်ပေါ်လာသော ပေါက်ကွဲစေမည့် သတင်းများကြောင့် သူ အငိုက်မိသွားရသည်။ ငယ်ချစ်ဦးနှင့် သူမ၏တရားမဝင်ကလေးအကြောင်းကိုပင် မရှင်းနိုင်သေးမီ ရန်သူတော်ကြီး အကြောင်းကထပ်ပါလာပြန်ရာ မည်သူက ခံနိုင်ရည်ရှိပါမည်နည်း။


"မဟုတ်ဘူး... မင်းက ခုနက" သူ အားယူကာ မေးရန် ကြိုးစားလိုက်သည်။


!!! သွားပြီ၊ အလိုအလျောက် အသံရပ်သွားပြန်ပြီ!


ဒါက ဘယ်လိုမျိုး ထူးဆန်းတဲ့ အတွေ့အကြုံကြီးလဲ!


"ခုနက ဘာဖြစ်တာလဲဟင်" ရှုယင်းယင်း ဇဝေဇဝါဖြင့် ကြည့်နေသည်။


[မဟုတ်မှလွဲရော... ဒီလင်မယားက ဘာလို့ တစ်ယောက်ပြီးတစ်ယောက်လဲနေကြတာလဲ၊ ဒါ ဘာထူးဆန်းတဲ့ ရောဂါမျိုးလဲ? လူကို လှည့်စားဖို့တော့ မကြိုးစားနဲ့နော်၊ အမေပေးထားတဲ့ Black Card က နွေးတောင်မနွေးသေးဘူး၊ အဖေက ပြန်တောင်းချင်နေတာလား?]


ရှုယန်ဝမ်၏စိုးရိမ်ပူပန်နေသော မျက်နှာအိုကြီးမှာ တွန့်ရှုံ့သွားရသည် ငါ ကြောက်သွားတာပါ၊ လိမ်တာမဟုတ်ဘူး၊ ပြီးတော့ မင်းရဲ့ Black Card ကိုလည်း ပြန်မယူပါဘူး!


"ဘာမှမဖြစ်ပါဘူး၊ သွေးတိုးနေလို့ထင်တယ်၊ အဖေ နေမကောင်းလို့ပါ"