Ch 1
Viewers 2k

🍁 Chapter 1



"ယင်းယင်း... သမီး ပြန်ပေးဆွဲခံရပြီးနောက်မှာ အမေတို့ လူအင်အားအကုန်သုံးပြီး လိုက်ရှာခဲ့တာ၊ တစ်လကြာမှ  သမီးကို ပြန်တွေ့ခဲ့ရတာပါ"


ထိုသို့ပြောရင်း အမျိုးသမီးမှာ စကားလုံးများကို ချင့်ချိန်စဉ်းစားနေသကဲ့သို့ ရုတ်တရက် ဆွံ့အသွားလေသည်။


အခန်းတွင်း စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် သူမက ဆက်ပြောလာလေသည်။


"လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး အမေက ယောင်ယောင့်ကို ကိုယ့်သမီးအရင်းလိုမျိုး ပြုစုပျိုးထောင်လာခဲ့တာ၊ အခုမှ သူက အမေတို့ ကလေးမဟုတ်ဘူးလို့ ရုတ်တရက်ကြီး သိလိုက်ရတော့ အမေ ခဏတဖြုတ်တော့ လက်မခံနိုင်သေးဘူး၊ သမီး ရောက်လာလို့ဆိုပြီး သူ့ကို လျစ်လျူရှုလိုက်ဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေးဘူးလေ၊ ဒါပေမဲ့ အမေ ကတိပေးပါတယ်၊ သမီးအပေါ်ကို အကောင်းဆုံးကြိုးစားပြီး ကောင်းပေးပါ့မယ်၊ ဒီနှစ်တွေ အတွင်းမှာ သမီးခံစားခဲ့ရတဲ့ နစ်နာမှုတွေကိုလည်း အမေ အတတ်နိုင်ဆုံး အစားထိုးပေးပါ့မယ် ဟုတ်ပြီလား ?"


သူမ လက်ကို လာထိတွေ့သည့် နွေးထွေးလှတဲ့ နူးနူးညံ့ညံ့လက်တစ်စုံကြောင့် သူ့ ရှေ့မှ အမျိုးသမီးကိုကြည့်မိ လိုက်သည်။


အဆိုပါအမျိုးသမီးမှာ အသက် ၄၀ ကျော်ခန့်ရှိပြီဖြစ်သော်လည်း ချမ်းသာကြွယ်ဝသော ဘဝနောက်ခံကြောင့်  ရှိရင်းစွဲအသက်ထက် ပိုနုပျိုနေပုံရသည်။


နူးညံ့ချောမောနေသော ထိုမျက်နှာထက် မျက်ခုံးနှစ်ခုကြားရှိ အားနာရိပ်ကလေးများ တစွန်းတစ‌ကြောင့် ပိုလို့ပင် သနားစဖွယ် ကောင်းနေတော့သည်။


ရှုယင်းယင်း အာရုံမှာ အမျိုးသမီး ၏ မျက်နှာပေါ်တွင် ခဏမျှသာ ရပ်တန့်သွားပြီးနောက်၊ ခမ်းနားထည်ဝါလှသော အိမ်ကြီးဆီသို့ ချက်ချင်းဆိုသလိုအကြည့်လွှဲလိုက်လေသည်။


သူ့ ရှေ့ရှိ အခန်းမှာ ကျယ်ဝန်းလှပြီး မြင်သမျှအရာအားလုံး "အစစ်အမှန်ကြွယ်ဝချမ်းသာမှု" ဆိုသည့် စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြခြင်းမှာ အမှန်ပင်မစွမ်းသာလောက်ပေ။


အီတလီနိုင်ငံထုတ် ဆိုဖာများ၊ ဘာရော့စတိုင် ပိုးကုလားကာများ၊ ရွှေစင်ဖြင့် ပြုလုပ်ထားသော ရေချိုးကန်များ၊ ပန်းရောင်စိန်များ စီခြယ်ထားသော မှန်တင်ခုံများနှင့် ဖက်ရှင်မဂ္ဂဇင်းများတွင်သာ မြင်တွေ့ရဖူးသည့် လေလံပွဲမှ ရှားပါးစုဆောင်းပစ္စည်းများ…


သူ့အား အမြင်မကျယ်ဟု အပြစ်တင်မစောပါနှင့် သူသည် ငယ်စဥ်ကတည်းက ဆင်းဆင်းရဲရဲနေခဲ့ရသည်မှာ ကြာပြီဖြစ်ရာ တစ်ညတည်းနှင့် ချမ်းသာပါစေဟု ဆုတောင်းခဲ့ရသည်မှာ အကြိမ်ကြိမ်ပင်။ သူ့ကိုယ် သူ သူဌေးသမီး တစ်ဦးဖြစ်ပြီး တစ်နေ့တွင် ချမ်းသာသောမိဘများမှ လာခေါ်လိမ့်မည်ဟုလည်း စိတ်ကူးယဉ်ခဲ့ဖူးသည်မှာ တစ်ခါမကတော့ပေ။


အခုတော့ အဆိုပါ စိတ်ကူးယဉ်မှုများသည် ယနေ့တွင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့လေပြီ။ သူမ ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်းပင်။


လွန်ခဲ့သော တစ်မိနစ်ခန့်ကပင် အချိန်ပိုအလုပ်ဆင်းရလွန်းသဖြင့် ရုတ်တရက်ကြီး သူမ သေဆုံးသွားခဲ့သော်လည်း၊ နောက်တစ်မိနစ်တွင် မျက်လုံးဖွင့်လိုက်သည်နှင့် ဘီလီယံချီသော အမွေအနှစ်များရှိသည့် သူဌေးမိသားစုမှ သမီးအရင်းဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။


တိမ်တိုက်ကဲ့သို့ နူးညံ့လှသော အိပ်ရာကြီးပေါ်မှနိုးထလာပြီးနောက် ဤသတင်း စကားကို ရရှိလိုက်ချိန်တွင် အနီးအနားရှိအရာအားလုံးက သူမအတွက် မည်မျှထူးဆန်းအံ့ဩဖွယ်ကောင်းနေမည်ကို ဘုရားသခင်နှင့် သူမသာ သိပေလိမ့်မည်။


ထိုသည်ကို အိပ်မက်ဟုထင်‌နေခဲ့သော်လည်း မိခင်ဖြစ်သူ၏ စကားများက  သူမကိုဝတ္ထုထဲသို့ ကူးပြောင်းလာသည့် အချက်အား အပြည့်အဝအတည်ပြုပေးလိုက်နိုင်သည်။


ဝတ္ထုထဲတွင် သူမ အသက်တစ်နှစ်အရွယ်၌ ကလေးထိန်းမှ ပန်းခြံသို့ခေါ်‌ ဆောင်သွားရာ မတော်တဆပြန်ပေးဆွဲခံခဲ့ ရပြီး၊ တစ်လအကြာတွင် ပြန်တွေ့ခဲ့သော်လည်း ပြန်ပါလာသူမှာ သူမ မဟုတ်ပဲ တခြားသမီးအတုဖြစ်နေခဲ့သည်။ ၂၅ နှစ်အကြာကျမှသာ မိဘအရင်းများက သူမအား ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။


မကူးပြောင်းလာခင်  ယခင်ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းမှာ ဘဝတွင် အဆင်မပြေချင်းများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ မိဘမဲ့ဂေဟာတွင် နေထိုင်ကြီးပြင်းခဲ့ရပြီး ပင်ပင်ပန်းပန်းနှင့် စာကိုကြိုးစားသင်ယူခဲ့သော်လည်း သာမန်တက္ကသိုလ် တစ်ခုတွင်သာ တက်ရောက်ခဲ့ရသည်။ ကျောင်းပြီးသောအခါတွင်လည်း အလုပ်သမားဘဝဖြင့် အပင်ပန်းဆုံးအလုပ် ကိုလုပ်ကာ အနည်းဆုံးလစာရရှိပြီး ဆင်းရဲချို့တဲ့စွာဖြင့်နေထိုင်ခဲ့ရသည်။


ယခုကဲ့သို့ ချမ်းသာသော မိသားစုထံသို့ပြန်ရောက်လာပြီး သူမ နေရာကိုယူထားသော သမီးအတုမှာ ကောင်းမွန်လှသည့်ပြုစုပျိုးထောင်မှုများအောက်တွင် လှပကျော့ရှင်းနေသည်ကို မြင်လိုက်ရသည့်အခါ၊ သူမသည် ပတ်ဝန်းကျင်နှင့် တစ်စ ထက်တစ်စ ပိုကင်းကွာလာသကဲ့သို့ခံစားခဲ့ရသည်။


သိမ်ငယ်စိတ်နှင့် မနာလိုစိတ်တို့က သူမကို တစ်လှည့်စီနှိပ်စက်ရာမှ သူ့ စိတ်ဓာတ်မှာလည်း တဖြည်းဖြည်းပျက်စီး ယိုယွင်းလာခဲ့ရသည်။


ထို့ကြောင့် သူသည် သမီးအတုကို ပစ်မှတ်ထားကာ မိသားစုပိုင်ပစ္စည်းများ ခိုးယူသည်ဟု စွပ်စွဲခြင်း၊ သမီးအတုနှင့် မိဘများကြား သွေးခွဲရန်ကြံစည်ခြင်း၊ ဧည့်ခံပွဲတွင် သမီးအတုကို စိတ်ချောက်ချားစေသည့် ဆေးများတိုက်ကာ အရှက်ရအောင်လုပ်ခြင်း စသည့် နည်းလမ်းမျိုးစုံကိုအသုံးချကာ အိမ်ပေါ်မှနှင်ထုတ်ရန်ကြိုးစားခဲ့လေသည်။


အစပိုင်းတွင် မိဘအရင်းများက "ယခင်မှားခဲ့မိသည့် အားနာစိတ်" ကြောင့် သည်းခံခဲ့ကြသော်လည်း အဖြစ်အပျက် များပိုမိုဆိုးရွားလာသည်နှင့်အမျှ မိဘများမှာ စိတ်ပျက်လာခဲ့ကြသည်။ အထူးသဖြင့် မူလခန္ဓာကိုယ်ပိုင်ရှင်ကြောင့် ဖြစ်ပွားခဲ့သော ကားအက်စီးဒင့်တွင် ကိုယ်ဝန်ပျက်ကျခဲ့ပြီးနောက်၊ သူမသည် အိမ်ပေါ်မှနှင်ထုတ်ခံရကာ လမ်းဘေးသို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင် စိတ်ဓာတ်ကျကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ရသည်။


တစ်ခွန်းတည်းနှင့် အကျဉ်းချုပ်ရလျှင် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အပိုင်နိုင်ဆုံး ဖဲချပ်များကိုကိုင်ထားပါလျက်နှင့် အဆိုးဆုံး ကစားသွားခဲ့ခြင်းပင်။


သူမမှာ ဘီလီယံချီချမ်းသာသည့် မိသားစုသို့ရောက်ရှိနေပြီဖြစ်ရာ သာမန်လူလတ်တန်းစား မိသားစုဆိုလျှင်ပင် အေးဆေးအေးချမ်းစွာ နေထိုင်နိုင်ပေသည်။


မျက်နှာသာရရန် ပြိုင်ဆိုင်ခြင်းဆိုသည်မှာ သူမအတွက် မလိုချေ။


ပိုထူးခြားသည်မှာ သူမသည် 'အတင်းအဖျင်းစနစ်' နှင့် ချိတ်ဆက်မိထားခြင်းဖြစ်သည်။ သူဌေးအသိုင်းအဝိုင်း၏ အတင်းအဖျင်းများမှာ သူမအတွက် နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ပင်။ အချက်အလက်များအလွန်များပြားပြီး ခိုင်မာလွန်းလှရာ အကုန်စားသုံးနိုင်ပါ့မလားဟုပင် စိုးရိမ်စရာရှိသည်။


မိခင်ဖြစ်သူ၏ စိုးရိမ်တကြီးအကြည့်များကို ရင်ဆိုင်ရင်း ရှုယင်းယင်းက လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။


"ဟုတ်ကဲ့ပါ၊ စိတ်မပူပါနဲ့၊ သမီး အိမ်ပြန်ရောက်တာနဲ့တင် အရမ်းကျေနပ်နေပါပြီ"


ကျန်းရှင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူမ စိုးရိမ်စိတ်များကို လျှော့ချရန် ပြင်လိုက်စဉ်မှာပင်


[ရှောင်ချီ... ငါမှတ်မိသလောက်ဆို ဒီညီမရဲ့ အမေအရင်းက အဖေ့ငယ်ချစ်ဦးလားလို့၊ အကယ်၍ သူက အဖေ့ရဲ့ တရားမဝင်သမီးသာဆိုရင်၊ ဒါ သူ့အတွက်တော့ တကယ့်အမာခံနောက်ခံကြီးဖြစ်နေမှာပေါ့]


ကျန်းရှင်း၏မျက်လုံးများ မှောင်အတိကျသွားပြီး ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားသည်။ အတင်းအဖျင်း စားသုံးခြင်းကို အာရုံစိုက်နေသော ရှုယင်းယင်းကမူ ထိုအရာကို သတိမထားမိပေ။


[ကြည့်ရအောင်... ရှုယန်ဝမ်နဲ့ အဲဒီငယ်ချစ်ဦးတို့က တကယ်ချစ်ခဲ့ကြတာပဲ၊ လူကြီးတွေက ခွဲပြီး အတင်းလက်ထပ်ခိုင်း ခဲ့တာကိုး၊ ဒါပေမဲ့ သူ့ရည်းစားဟောင်းမှာ ကိုယ်ဝန်ရှိနေတယ်လို့တော့ မကြားမိပါဘူး]


[ဒါမှမဟုတ် အဲဒီငယ်ချစ်ဦးက ရန်ငြိုးထားပြီး ကိုယ်ဝန်ရှိတာကို အသိမပေးဘဲ ထွက်သွားတာများလား? ကလေးမွေးပြီးမှ ကလေးချင်းလဲလှယ်ပြီးတော့ ပိုင်ဆိုင်မှုတွေ သိမ်းပိုက်ဖို့ကြံစည်တာလား?]


[အင်း... လူသားတွေက တကယ်အချစ်ကို ဦးစားပေးကြတာလား?]


[ဘီလီယံချီတဲ့ ပိုင်ဆိုင်မှုတွေရှေ့မှာ အချစ်ဆိုတာ ပြောပလောက်စရာ မဟုတ်တော့ဘူးလေ]


[ဒါ့အပြင် အဲဒီငယ်ချစ်ဦးရှိနေတာက အချစ်မပါဘဲ လက်ထပ်ထားတဲ့ သူဌေးကတော်အတွက်တော့ တကယ့်ကို ခြိမ်းခြောက်မှုကြီးပဲ]


ကျန်းရှင်း သူမ၏လက်ဖဝါးကို တိတ်တဆိတ်ဆုပ်ထားလိုက်မိသည်။ လက်ထပ်ပြီးနောက် ရှုယန်ဝမ်နှင့် နေထိုင်ခဲ့ရ သည့် အချိန်အတောအတွင်း အဖြစ်အပျက်လေးများက သူမ ဦးနှောက်ထဲလျှပ်တပြက် ဖြတ်ပြေးသွားတော့သည်။


[သနားစရာကောင်းတဲ့ ငါ့အမေရယ်... အဖေနဲ့ သူ့ရည်းစားဟောင်းတို့ အဆက်အသွယ်ပြတ်သွားဖို့ပဲ ဆုတောင်းလိုက် ပါ၊ မဟုတ်ရင် အမေတော့ အကြီးအကျယ်ခံရတော့မှာပဲ]


ကျန်းရှင်း နှလုံးသားမှာ အေးစက်သွားပြီး ခြေထောက်များပျော့ခွေကာ ကော်ဇောပေါ်သို့ လဲကျသွားလေတော့သည်။


ရုတ်တရက် ထွက်ပေါ်လာသောအသံနှင့် ထိတ်လန့်စရာ အကြောင်းအရာများကြောင့် ကျန်းရှင်းမှာ မည်သည့်အရာကို အရင်ဦးစားပေး စဉ်းစားရမည်မှန်းမသိတော့ပေ။


"ဟင်၊ အမေ ဘာဖြစ်တာလဲ၊ ဆရာဝန်ခေါ်ပေးရမလား"


ရှုယင်းယင်း ဇဝေဇဝါဖြစ်သွားသော်လည်း အလျင်အမြန်ထူပေးလိုက်သည်။


"မ... မဟုတ်ဘူး၊ အမေ ဘာမှမဖြစ်ပါဘူး၊ သမီး ခုနက-"


ကျန်းရှင်း သူမ သိချင်နေသော မေးခွန်းများကို မေးရန်ကြိုးစားသော်လည်း စကားလုံးများက လည်ချောင်းထဲတွင် တစ်နေသည်။


သူမ စိတ်ထဲတွင် စကားလုံးခြောက်လုံးထွက်ပေါ်လာသည်။ 'နတ်ဘုရားတို့၏ လျှို့ဝှက်ချက်ကို မပေါက်ကြားစေရ'


"ခုနက ဘာဖြစ်တာလဲဟင်" ရှုယင်းယင်းက မေးလိုက်သည်။


[ငါ့အမေက ဘာဖြစ်တာလဲမသိဘူး၊ ထူးထူးဆန်းဆန်းကြီး]


"ဘာမှမဟုတ်ပါဘူး၊ သံဓာတ်ချို့တဲ့တာဖြစ်မယ်"


ကျန်းရှင်း ဆင်ခြေပေးကာ ဖုံးကွယ်လိုက်သော်လည်း သူမ ရင်ထဲ၌မူ တုန်လှုပ်မှုများကပိုမိုတိုးပွားလို့နေသည်။


ဤကဲ့သို့သော အဖြစ်အပျက်ကို ကြားလိုက်ရခြင်းမှာ တကယ်ထူးဆန်းလွန်းလှသည်။ ရှုယန်ဝမ် သူမအား အတိတ်အကြောင်းတွေ ပြောပြဖူးသော်လည်း ကိုယ်ဝန်ကိစ္စကိုမူ လုံးဝမဟခဲ့ဖူးပေ။


ဒါဆို ယောင်ယောင်ရဲ့ အမေအရင်းက ကျိုးရှင်းရီလား? မဟုတ်ဘူး... ရှုယန်ဝမ်နဲ့ ကျိုးရှင်းရီတို့ရဲ့ သမီးလား?


"အရင်ဆုံး သကြားရည်လေးသောက်လိုက်ပါဦး၊ ပြီးမှ သမီးနဲ့အတူ ထမင်းစားခန်းမှာ တစ်ခုခုသွားစားကြမယ်လေ" ရှုယင်းယင်း စိတ်ရှည်စွာဖြင့် တိုက်ကျွေးနေသည်။


[ဟင်း... အမေ့ရဲ့နောက်ခံနဲ့တင် တရားမဝင်သမီးကို ကိုယ့်သမီးအရင်းလို မှားယွင်းစောင့်ရှောက်မိနေတာ၊ စိတ်နဲ့တင် မပြီးဘဲ လူပါ ထိခိုက်ကုန်မှာစိုးရတယ်၊ အမေသာ ထပ်ပြီးနေမကောင်းဖြစ်ရင် အဲဒီလူ သုံးယောက်အတွက် နေရာဖယ်ပေးလိုက်သလို ဖြစ်ကုန်မှာပေါ့၊ ဒါကို ဘယ်သူက ခံနိုင်မှာလဲ? အမေ သတ္တိမွေးရမယ်၊ သူတို့သေတဲ့အထိ အမေ ကြံ့ကြံ့ခံနိုင်ရမယ်]