Ch 132
Viewers 13k

အခန်း (၁၃၂) – ပိုကြိုက်တယ်

 

ရှန်းယောင်၏ မျက်နှာက ပိုလို့တောင် နီရဲလာခဲ့သည်။

 

“အာ့ထောင်…” ရှန်းယောင်သည် သူမ နာမည်ကို ထုတ်ခေါ်လာခဲ့သည်။ သူ့ရဲ့ နက်နဲပြီး သံလိုက်လို အသံတွင် သူ့စိတ်ဆန္ဒများကို ဖိနှိပ်ထားလိုမှုများ ဖြည့်စွက်ထားသည်။

 

“ကိုယ်တို့ သွားသင့်ပြီ။ အစ်ကိုယို့ ကိုယ်တို့ကိုစောင့်နေတာ အတော်ကြာပြီ…” ကျီကျောက်သည် သူ့မျက်ဝန်းထဲမှ တောက်လောင်နေစပြုသည့် မီးတောက် တစ်စကို ဖမ်းမိလိုက်ပြီး ထိတ်လန့်တကြား နောက်သို့ ခြေ နှစ်လှမ်း ပြန်ဆုတ်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်၊ “ကျွန်မတို့ သွားရအောင်”

 

ထိုအချိန်မှာ လက်ထောက်ဆိုင်ရှင်ယို့က ခြံဝင်းထဲမှာ ကျောက်လန်ဟွာနှင့် စကားစမြည်ပြောဆိုနေခဲ့သည်။

 

“အဒေါ် စိတ်မပူပါနဲ့။ ကျွန်တော် ဘယ်သူမှ အာ့ထောင်ကို အနိုင်မကျင့်စေရဘူးလို့ အာမခံပါတယ်” လက်ထောက်ဆိုင်ရှင်ယို့က သူ့ရင်ဘတ်သူပုတ်ပြီး ကတိပေးသည်။

 

“ကောင်းပြီ၊ ကောင်းပြီ။ မင်း သေသေချာချာ ဂရုစိုက်ပေးမယ်ဆိုတော့ အနည်းဆုံးတော့ ငါ ပိုပြီး စိတ်အေးရတာပေါ့” ကျောက်လန်ဟွာက ကျေးဇူးတင်တဲ့ အပြုံးဖြင့် ပြောလိုက်သည်၊ “ဒါနဲ့ စကားမစပ် လက်ထောက်ဆိုင်ရှင် ဒါက ငါတို့မိသားစု ဒီရက်ပိုင်းအတွင်း ကြော်ထားတဲ့ ငရုတ်ဆော့စ်ပါ။ အရသာကောင်းတယ်။ နှစ်ပုလင်းလောက် ပြန်ယူသွားပြီး မြည်းစမ်းကြည့်ပါ။ တကယ်လို့ အရသာကောင်းတယ်လို့ထင်ရင် မင်း အားတဲ့အချိန် ရှန်းအိမ်တော်ကို လာယူနိုင်ပါတယ်။”

 

“ကောင်းပါပြီ” လက်ထောက်ဆိုင်ရှင်ယို့က အရှက်ရှိတဲ့ လူတစ်ယောက် မဟုတ်တဲ့အတွက် ဆော့စ်ပုလင်းတွေကို ရက်ရက်ရောရော လက်ခံယူလိုက်သည်၊ “သိပ်မကြာခင် ဂဏာန်းတွေ ပေါတဲ့ ရာသီ ရောက်တော့မယ်။ အဲဒီအချိန်ကျရင် မင်းတို့အတွက် ဂဏာန်းတွေ လာပို့ပေးမယ်။”

 

“ဒါဆိုရင် လက်ထောက်ဆိုင်ရှင်ကို အရင်ကျေးဇူးတင်ထားလိုက်ပါ့မယ်။”

 

“ဟားဟား… ဒေါ်လေး အရမ်းမယဉ်ကျေးပါနဲ့…” လက်ထောက်ဆိုင်ရှင်ယို့က ပျော်ရွှင်စွာ ပြောလိုက်သည်၊ “ပြောရရင် တာ့လန်နဲ့ ကျွန်တော်တို့ ခင်မင်နေတာ နှစ်တွေ အများကြီး ကြာပြီဖြစ်တဲ့အပြင် အခု အာ့ထောင်ဆီကလည်း ကျွန်တော်တို့စားသောက်ဆိုင်က ဟင်းချက်နည်း တော်တော်များများ ရနိုင်ဖို့ မျှော်လင့်နေတုန်းပဲ။ အခုကစပြီး ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဆွေမျိုးမိတ်ဆွေတွေလိုပဲ ပြောဆိုဆက်ဆံကြရအောင်၊ ဟုတ်ပြီလား။”

 

“ကောင်းပြီ” ကျောက်လန်ဟွာက တောက်ပေသော အပြုံးလေးဖြင့် ‌ခေါင်းညိတ်သည်။

 

သူတို့နှစ်ယောက်သား ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေကြစဉ် ကျီကျောက်နှင့် ရှန်းယောင်တို့ ဘေးချင်းယှဉ်လျှောက်ရင်း ခြံဝင်းထဲမှ ထွက်လာခဲ့ကြသည်။

 

“လက်ထောက်ဆိုင်ရှင်ယို့ အစ်ကို့ကို အကြာကြီး စောင့်ခိုင်းမိတာ တောင်းပန်ပါတယ်နော်” ကျီကျောက်က တောင်းပန်စကားဆိုသည်။

 

“ကိစ္စမရှိဘူး။ နင် ထုပ်ပိုးပြီးပြီလား။ ငါတို့ မြင်းလှည်းပေါ် တက်ရအောင်။”

 

“ဟုတ်…”

 

“စန်းလန် နင် အာ့ထောင်ကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်နော်၊ နားလည်လား” ကျောက်လန်ဟွာက ရှန်းယောင်ရဲ့ လက်မောင်းကို လှမ်းဆွဲပြီး သူ့ကို ဂရုတစိုက် သတိပေးလိုက်သည်။

 

“အမေ စိတ်မပူပါနဲ့။ ကျွန်တော် အာ့ထောင်ကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်” ရှန်းယောင်က ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

 

“စန်းလန် ဘာဖြစ်လို့ နင့်မျက်နှာက အရမ်းနီနေရတာလဲ။ နင် အဝတ်တွေ အများကြီး ဝတ်ထားတာကြောင့် ပူနေတာလား။”

 

“မဟုတ်ပါဘူး” ရှန်းယောင်က ကျီကျောက်ကို မသိစိတ်က လှမ်းကြည့်လိုက်သည်။

 

ကျီကျောက်က သူ့အကြည့်တွေကို ကမန်းကတန်း ရှောင်ဖယ်လိုက်သည်။

 

ကျီကျောက်သည် ယခုမှ ဂရုတစိုက် ပြန်စဉ်းစားကြည့်မှ သူမ၏ အပြုအမူသည် အနည်းငယ် အလောတကြီးနိုင်သွားကြောင်း သတိပြုမိလိုက်သည်။

 

သို့သော် သူမ ထင်ထားတာထက် ရှန်းယောင်ကို ပိုသဘောကျမိနေပုံရသည်။

 

ခဏကြာတော့ ရထားလုံးက ရှေ့ကို ဖြေးညှင်းစွာ ရွေ့လျားသွားခဲ့သည်။

 

“ငါ နင့်အတွက် စံပယ်ရေနွေးကြမ်း ပြင်ဆင်ထားတယ်။ နင် ရေငတ်သလို ခံစားရရင် နည်းနည်းသောက်ပါ” လက်ထောက်ဆိုင်ရှင်ယို့က ရထားလုံးထောင့်က စားပွဲလေးကို လက်ညှိုးညွှန်ပြီး ရွှင်မြူးစွာ ပြောလိုက်သည်။

 

“ဟုတ်ကဲ့” ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး သူမ ဘေးရှိ ရှန်းယောင်ကို လှည့်ကြည့်လိုက်သည်၊ “ရှန်းယောင် ရှင်ရော ရေဆာနေလား”

 

“ကိုယ် ဗိုက်မဆာပါဘူး” ရှန်းယောင်က မသိစိတ်က မှုန်ဝါးဝါး ပြန်ဖြေလာခဲ့သည်

 

ကျီကျောက်က အသာလေး မျက်ခုံးပင့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲရှိ အပြုံးက ပိုထင်ရှားလာပြီး “ရှင် ဗိုက်မဆာမှန်း ကျွန်မ သိပါတယ်။ ရှင် ရေဆာနေလားလို့ ကျွန်မ မေးတာလေ။”

 

“ကိုယ်…” ရှန်းယောင်က အခုထိ သူ့ပါးပြင်ပေါ် နမ်းရှိုက်လိုက်သည့် အနမ်းအကြောင်းကို ပြန်တွေးနေဆဲပင်။ သူက ကျီကျောက်၏ မျက်ဝန်းတွေထဲကို ကြည့်ပြီး မသိစိတ်ကနေ မေးလိုက်မိသည်၊ “အာ့ထောင် မင်း… မင်း ကိုယ့်ကို ကြိုက်လား။”

 

ဖူး…

 

လက်ထောက်ဆိုင်ရှင်ယို့တစ်ယောက် ထရယ်မိသွားသည်။

 

“တတိယညီလေးရှန်း ညီမအာ့ထောင်က မင်းကို မကြိုက်ဘူးဆိုရင် သူ မင်းကို ဘာဖြစ်လို့ လက်ထပ်ပါ့မလဲ။ မင်းမေးခွန်းက တကယ့်ကို ရူးမိုက်လိုက်တာ။”

 

လက်ထောက်ဆိုင်ရှင်ယို့၏ အသံကို ကြားမှ ရှန်းယောင်သည် ရထားလုံးပေါ်၌ အခြားလူတစ်ယောက်ပါ ရှိနေကြောင်း သတိပြုမိခဲ့သည်။

 

“အဟမ်း…” ရှန်းယောင် အလွန်အမင်း ရှက်ရွံ့သွားပြီး တိတ်တဆိတ် မျက်လွှာချသွားခဲ့သည်။

 

“ကျွန်မ ရှင့်ကို ကြိုက်တယ်” ကျီကျောက်က လေးလေးနက်နက် ပြန်ဖြေခဲ့သည်၊ “ပြောရမယ်ဆိုရင် ကျွန်မ ရှင့်ကို ထင်ထားတာထက် နည်းနည်းပိုကြိုက်တယ်။”