အခန်း
(၁၃၁) - တံဆိပ်တုံးထုပြီးပြီ၊ အခုကစပြီး ရှင်က ကျွန်မအပိုင်ပဲ
“ကျွန်မ…”
ကျီကျောက်သည် သူမ၏ ခါးကို တင်းကြပ်စွာ ပွေ့ဖက်ထားတာကို ခံစားလိုက်ရပြီး သူမ၏ နှလုံးခုန်နှုန်းက
အရိုင်းဆန်စွာ ခုန်ပေါက်နေတာကို ကြားလိုက်ရသလိုပင်။
“စိတ်လျှော့ပါဦး”
ရှန်းယောင်က သူမကို ငုံ့ကြည့်လာကာ သူ့ရဲ့ ဖီးနစ်ကဲ့သို့သော မျက်ဝန်းများထဲတွင် နူးညံ့ညင်သာမှုများ
ဖြည့်စွက်ထားသည်။
ရှန်းယောင်က
သူမ၏ ခါးသွယ်သွယ်လေးကို လွှတ်ပေးလိုက်သောအခါတွင် ကျီကျောက်သည် အကြောင်းပြချက်မရှိ စိတ်ပျက်သွားသလို
ခံစားလိုက်ရသည်။
“အသက်ငယ်တာ
သိပ်ကောင်းတာပဲ” သူတို့နှစ်ယောက်ကြားက ချစ်စရာကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်ရသည့်
လက်ထောက်ဆိုင်ရှင်ယို့က မနေနိုင်ပဲ သက်ပြင်းချမိလေ၏၊ “ဟိုးအရင်က ငါ့ဇနီးနဲ့ ငါလည်း
ဒီလိုမျိုး ဆက်ဆံရေးကောင်းခဲ့တာပဲ…”
“အစ်ကိုယို့
ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦး” ကျီကျောက်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ချာခနဲ
လှည့်ထွက်သွားကာ သူမ အခန်းဆီ ပြန်သွားခဲ့သည်။ ကျီကျောက်သည် လွန်ခဲ့သော နှစ်ရက်ခန့်က
သာမာန်ဝတ်စုံ နှစ်စုံနှင့် ဟင်းခတ်အမွှေးအကြိုင်အိတ်တွေကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
သူမ အပြင်ထွက်ရန်
အဆင်သင့်ဖြစ်သောအချိန်တွင် တံခါးအပြင်ဘက်မှာ မတ်တပ်ရပ်နေသော ရှန်းယောင်သည် တံခါးကို
ခပ်ဖွဖွ ခေါက်လိုက်သည်၊ “အာ့ထောင် ကိုယ် ဝင်လာလို့ရလား။”
“ဟုတ်
ရပါတယ်” ကျီကျောက်က ချိုမြိန်စွာ ပြုံးလိုက်သည်။
“အာ့ထောင်
ကိုယ်မင်းကို ပြောစရာရှိတယ်” ရှန်းယောင်က စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်သည်။
ကျီကျောက်သည်
နာခံမှုရှိစွာ ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ အကြည့်တွေက ရှန်းယောင်၏ အာဒမ်ပန်းသီး(လည်စေ့)ကို
အမှတ်တမဲ့ အခြေချသွားခဲ့သည်။ ရှန်းယောင်၏ အာဒမ်ပန်းသီးသည် အလွန်လှပပြီး အရမ်းဆွဲဆောင်မှုရှိသည်။
သူမ ထိုအရာလေးကို ထိတွေ့ကိုင်တွယ်ချင်မိသည်။ ထိုအာဒမ်ပန်းသီးကို ထိတွေ့ကိုင်တွယ်ဖို့
သူမ သူ့အနားသို့ ချဉ်းကပ်သွားမိတော့မလိုပင်…
ရှန်းယောင်က
အနားသလို့ ရုတ်တရက် ချဉ်းကပ်လာတော့ ကျီကျောက်သည် မသိစိတ်က နောက်ပြန်ဆုတ်သွားမိသည်။
အလွန်အမင်း
စိတ်လှုပ်ရှားနေသော ရှန်းယောင်သည် မျက်လွှာပင့်ကြည့်ကာ သူမ၏ မျက်ဝန်းတွေထဲ ရိုးသားစစ်မှန်စွာ
ကြည့်လာခဲ့သည်၊ “အာ့ထောင်၊ ကိုယ်ပေးချင်တယ်… ကိုယ်မင်းကို လက်ဆောင်တစ်ခုပေးချင်တယ်။”
“ဘာလက်ဆောင်လဲ…”
ဒီအချိန်မှာ ကျီကျောက်သည် အသက်မရှုဝံ့လောက်အောင် အလွန်စိတ်လှုပ်ရှားနေပေမယ့် သူမ၏ ရင်ထဲမှာတော့
မျှော်လင့်ချက် အရိပ်အငွေ့ တစ်ခု ရှိနေသည်။
“ဒီမှာ…”
ရှန်းယောင်က သူ့နောက်ကျောမှာ ဝှက်ထားတဲ့ အရာဝတ္ထုတစ်ခုကို ကမ်းပေးလာခဲ့သည်။
“ဒါက
ဘာလဲ” ကျီကျောက်သည် သူ ကမ်းပေးလာတဲ့ မီးဖိုချောင်သုံးဓားကိုကြည့်ပြီး သူမ၏ မျက်လုံးထောင့်လေးတွေက
ကွေးညွှတ်သွားတာကို မထိန်းချုပ်နိုင်ခဲ့ပေ။
ရှန်းယောင်၏
လက်ဆောင်ရွေးချယ်သည့် အမြင်က အရမ်းထူးခြားတာပဲ။
“အဲ့တာက
အဆင်ပြေ မပြေ မင်း ဘာဖြစ်လို့ စမ်းမကြည့်တာလဲ။”
လွန်ခဲ့သောလဝက်ကတည်းကပင်
ရှန်းယောင်သည် ရွာရှိ ပန်းပဲဆိုင်သို့ နေ့တိုင်းသွားကာ သံထည်ကို ဘယ်လိုမျိုး ထုလုပ်ရမယ်၊
မီးဖိုချောင်သုံးဓားတွေကို ဘယ်လို ချွန်ထက်အောင် ပြုလုပ်ရမယ်
ဆိုတာတို့ကို သင်ယူလေ့လာခဲ့သည်။
ကျီကျောက်က
ဟင်းချက်ခြင်းကို နှစ်သက်ကြောင်း သူသိသောကြောင့် သူမအတွက် လက်စွဲတော် မီးဖိုချောင်သုံးဓားက အလွန်အမင်း အရေးကြီးလေသည်။
ဒါပေါ့၊
သူက လုံးဝ ရိုးသားခဲ့ခြင်းမရှိပါဘူး။ မီးဖိုချောင်သုံးဓား၏ လက်ကိုင်တွင် စကားလုံး နှစ်လုံးကို
ထွင်းထုထားခဲ့လေ၏။
သူတို့မှာ
‘ကျောက်’ နှင့် ‘ယောင်’ တို့ဖြစ်ပြီး အလယ်တွင် ရိုးရိုးရှင်းရှင်း နေလုံးသဏ္ဍာန်ကို
အထူးထွင်းထုထားသည်။
“ကျေးဇူးပါ”
ကျီကျောက်သည် မီးဖိုချောင်သုံးဓားကို စမ်းကြည့်ခဲ့ပြီး အရမ်းအဆင်ပြေတာကိုတွေ့တော့ သူမက
သူ့ကို ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။
“အာ့ထောင်
တကယ်တော့ ကိုယ့်မှာ မင်းကို ပြောစရာ ကျန်သေးတယ်…”
“ကျွန်မကို
ရှင့်လက် ပြပါဦး” ကျီကျောက်က သူ့ပြောစကားကို ရုတ်တရက် ကြားဖြတ်လိုက်ပြီး တိုးတိုးလေး
ပြောလိုက်သည်။
ရှန်းယောင်က
စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သော်လည်း အဆုံးတွင် သူ့လက်ကို နာခံစွာ ဆန့်ထုတ်ပေးလိုက်သည်။
ကျီကျောက်သည်
သူ့လက်ပေါ်တွင် အရည်ကြည်ဖုသေးသေးလေးများကို မြင်လိုက်ရသောအခါ စိတ်နှလုံးထိခိုက်နာကျင်သွားခဲ့သည်။
“ကျွန်မတို့
ခရိုင်မြို့ကို ရောက်တဲ့အခါကျရင် လိမ်ဆေးဆီဝယ်ဖို့ ဆေးကုသဆောင်ကို အရင်သွားကြရအောင်”
ကျီကျောက်က သတ္တိတွေကို စုစည်းပြီး သူ့ကို မော့ကြည့်ကာ ခပ်မာမာ ပြောလိုက်သည်၊ “ရှင် ကျွန်မဆုံးဖြတ်ချက်ကို
မငြင်းနဲ့၊”
“ကောင်းပါပြီ၊
ကိုယ် မင်းစကားကို နားထောင်ပါ့မယ်။”
“ရှန်းယောင်၊
ကျွန်မတို့… အစကနေ ပြန်စကြမလား” ကျီကျောက်က ရုတ်တရက် မျက်ခုံးပင့်ကာ မထင်မှတ်ထားစွာ
သူ့အနား ချဉ်းကပ်လာခဲ့သည်။ ကျီကျောက်သည် ခြေဖျားထောက်ပြီး သူမ၏ ပျော့ပျောင်းနူးညံ့သော
လက်လေးတွေကို သူ့ပါးနှစ်ဖက်ပေါ် တင်လိုက်သည်။
ဒုတ်…
ဒုတ်… ဒုတ်… (နှလုံးခုန်သံ)
ထိုအခိုက်အတန့်မှာ
ရှန်းယောင်တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ကာ သူ့နှလုံးခုန်သံကိုပင် သူ ပြန်ကြားနေရသည်။
ကျီကျောက်သည်
သူမ၏ အပြုံးတွေကို မထိန်းချုပ်နိုင်တော့ပဲ သူ့အနား ပိုကပ်သွားကာ သူ့ပါးပြင်ကို နမ်းရှိုက်လိုက်လေ၏။
“တံဆိပ်တုံးထုပြီးပြီ၊
အခုကစပြီး ရှင်က ကျွန်မအပိုင်ပဲ။”
“အာ့ထောင်…”
ဒီအချိန်မှာ ရှန်းယောင်သည် သူ့ပါးပြင်တွေ အရမ်းပူနေတာကိုပဲ ခံစားနိုင်တော့သည်။
ကျီကျောက်သည်
ရှန်းယောင်၏ အရေပါးလွန်းနေမည်ဟု မမျှော်လင့်ထားခဲ့ပေ၊ ဒါကြောင့် သူမသည် သူမ၏ လက်တွေကို
ရဲဝံ့စွာ ဆန့်ထုတ်ကာ သူ့ရဲ့ ဆွဲဆောင်မှုရှိလွန်းသော အာဒမ်ပန်းသီးပေါ်သို့ ကျရောက်သွားခဲ့သည်…