Ch 130
Viewers 13k

အခန်း (၁၃၀) ချဉ်စပ်ခေါက်ဆွဲ

 

ခြံထဲမှာ ငါးမျှားကြိုးပြင်ဆင်နေတဲ့ ရှန်းတာ့ရှန်က ခြံတံခါးအပြင်ဘက်စီမှ လှုပ်ရှားမှုကို မြင်ပြီး မီးဖိုချောင်ဘက်ကို အမြန်လှမ်းအော်လိုက်သည်။

 

“ဟုတ်ကဲ့ လာပါပြီ” ကျီကျောက်က လက်အမြန်သုတ်ပြီး မီးဖိုချောင်ထဲက ထွက်လာခဲ့သည်။

 

“လက်ထောက်ဆိုင်ရှင်ယို့လား။ အစ်ကိုယို့ ဘာဖြစ်လို့ ကိုယ်တိုင်ရောက်လာတာလဲ” ကျီကျောက်က လက်ထောက်ဆိုင်ရှင်ယို့ကိုမြင်သောအခါ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

 

“နင် ငါ့ကို မကြိုဆိုဘူးလား” လက်ထောက်ဆိုင်ရှင်ယို့က ခပ်တည်တည် မျက်နှာထားဖြင့် တမင်တကာ မေးလာခဲ့သည်။

 

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။” ကျီကျောက်က ခပ်မြန်မြန် ရယ်မောလိုက်သည်၊ “ညီမက ဒီလို ကိစ္စသေးသေးလေးအတွက် အစ်ကိုယို့ ကိုယ်တိုင်ကိုယ်ကျ လာတာက ဒုက္ခများလိမ့်မယ်လို့ ထင်လို့ပါရှင်။”

 

ထိုအခါမှသာ လက်ထောက်ဆိုင်ရှင်ယို့က စိတ်ကျေနပ်စွာ ပြုံးလိုက်လေ၏။

 

“ဒါနဲ့ စကားမစပ် အစ်ကိုယို့ မနက်စာ စားပြီးပြီလား။”

 

လက်ထောက်ဆိုင်ရှင်ယို့က ချက်ချင်းဆိုသလို ခေါင်းခါလိုက်သည်၊ “ရာသီဥတုက အရမ်းမိုးအုံ့နေလို့လေ။ ငါ ဒီမနက် ဆန်ပြုတ် ပန်းကန်တစ်ဝက်လောက်ပဲ သောက်ခဲ့တယ်။”

 

“ဒါဆို အစ်ကိုယို့ ခဏလောက် စောင့်ပါဦး။ ညီမ ခဏနေကျရင် အစ်ကိုယို့အတွက် ချဉ်စပ်ခေါက်ဆွဲ တစ်ပန်းကန် ယူလာပေးမယ်။”

 

“ချဉ်စပ်ခေါက်ဆွဲလား” ထိုနာမည်ကိုကြားလိုက်တာနဲ့ လက်ထောက်ဆိုင်ရှင်ယို့တစ်ယောက် တံတွေးမျိုချမိသွားသည်၊ “အဲ့တာ ဘယ်လိုအရသာရှိတာမျိုးလဲ။”

 

“အစ်ကိုယို့ အစ်ကို ခဏနေကျ စားကြည့်ပြီး သိပါလိမ့်မယ်” ကျီကျောက်က သူ့ကို ပြုံးပြပြီး မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

 

ကျီကျောက်သည် ပြင်ဆင်ထားတဲ့ ခေါက်ဆွဲတွေကို ဘေးဖယ်ထားပြီး ဟင်းခတ်အမွှေးအကြိုင်တွေကို စတင်ပြင်ဆင်ခဲ့သည်။

 

တကယ်တော့ ချဉ်စပ်ခေါက်ဆွဲလုပ်ရတာ သိပ်မခက်ပါဘူး။ ဟင်းရည်ကသာ အဓိကသော့ချက်ပင်။

 

“အမေ ကျွန်မတို့အိမ်မှာ ပဲပိစပ်ရှိသေးလား” ကျီကျောက်က ကျောက်လန်ဟွာကို လှည့်မေးလိုက်သည်။

 

“ရှိလောက်သေးတယ်။ ခဏစောင့်” ကျောက်လန်ဟွာက ခဏလောက် စဉ်းစားပြီး သူမ အခန်းထဲသို့ ပြန်ဝင်ကာ ဗီရိုထဲက ပဲပိစပ်အိတ်ကြီးကို ထုတ်ယူလာခဲ့သည်။

 

“ငါ့အဖေ နင့်အဖိုးက လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ လာပို့သွားတာလေ” ကျောက်လန်ဟွာက ပျော်ရွှင်စွာ ပြောလာခဲ့သည်။ “ငါက အားတဲ့အချိန်တိုင်း ပဲပိစပ်စားရတာ ကြိုက်တယ်လေ။ ဒါက ငါ့မှာ ကျန်တာ အကုန်ပဲ။ အာ့ထောင် ဒါက လုံလောက်ရဲ့လား။”

 

“လုံလောက်ပါတယ်” ကျီကျောက်က ပြုံးပြီး ပဲပိစပ်ကြော် ပြုလုပ်ဖို့ စတင်ပြင်ဆင်ခဲ့သည်။

 

ပဲပိစပ်ကြော်တွေက ကြွပ်ရွလှသည်။

 

“ချဉ်စပ်ခေါက်ဆွဲကို ကန်စွန်းဥခေါက်ဆွဲနဲ့ ချက်ထားတယ်။ ဒါကိုချက်ရတာ မခက်ဘူး” ကျီကျောက်က ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်နေရင်း ရှင်းပြပေးခဲ့သည်၊ “ပဲငံပြာရည်၊ ဆန်ရှာလကာရည်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ပဲပိစပ်ကြော်နဲ့ ငရုတ်သီးခြောက် ထည့်ရပါမယ်။”

 

ဟင်းခတ်အမွှေးအကြိုင်များကို သင့်တော်တဲ့ ပမာဏ အတိအကျ ထည့်ပြီးနောက် နှံ့စပ်အောင် မွှေလိုက်ပြီး ဆီပူ တစ်ဇွန်း လောင်းထည့်လိုက်သည်။

 

ရှဲ…

 

ဆီပူလောင်းထည့်ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များ၏ မွှေးရနံ့က သင်းပျံ့သွားခဲ့သည်။

 

ကျီကျောက်သည် ကန်စွန်းဥခေါက်ဆွဲ တစ်ပန်းကန်စာပြင်ပြီး ဆီမွှေးကို အပေါ်ကနေ လောင်းထည့်ကာ နောက်ဆုံးမှာတော့ ထောင်းထားတဲ့ မြေပဲ မညက်တညက်လေးတွေကိုပါ တစ်ဇွန်း ထည့်ပေးလိုက်သည်။

 

“အနံ့ကောင်းတယ်” ဘယ်အချိန်ကတည်းက အနံ့ရှုနေမှန်း မသိတဲ့ ဒုတိယမရီးရှန်းက ချက်ချင်းဆိုသလို အနားကပ်လာခဲ့သည်၊ “ဒါက အရမ်းမွှေးတာပဲ။”

 

“ဒုတိယမရီး ဒါကို မြည်းကြည့်ချင်လား” ကျီကျောက်က ပြုံးပြီး မေးသည်။

 

“အင်း” ဒုတိယမရီးရှန်းက ကြက်စာကောက်နေတဲ့ ကြက်ကလေးကဲ့သို့ ချက်ချင်းဆိုသလို ခေါင်းညိတ်လိုက်သည်။

 

စားချင်စိတ်ပျောက်နေသော ဒုတိယမရီးရှန်းသည် ချဉ်စပ်ခေါက်ဆွဲ သုံးပန်းကန်ကို ဆက်တိုက်စားခဲ့လေ၏…

 

စားချင်စိတ်မရှိသော လက်ထောက်ဆိုင်ရှင်ယို့တောင်မှ နှစ်ပန်းကန်တိတိ စားသောက်ခဲ့သည်။

 

“အံ့ဩစရာပဲ” လက်ထောက်ဆိုင်ရှင်ယို့က သူ့ရဲ့ ဗိုက်ပူပူကို ပွတ်ပြီး ခပ်ပြုံးပြုံး ပြောလာခဲ့သည်၊ “အာ့ထောင် နင့်ဟင်းချက်လက်ရာ တကယ့်ကို အံ့အားသင့်ဖို့ကောင်းတယ်။”

 

“တကယ်တော့ ရာသီဥတုကြောင့်ပါ။ ရာသီဥတုက မိုးအုံ့နေတာဆိုတော့ အစာစားချင်စိတ်ကို ထိခိုက်စေတယ်လေ။ ဒီလိုရာသီဥတုမျိုးမှာ ချဉ်စပ်ခေါက်ဆွဲက ချဉ်ချဉ်စပ်စပ်လေးမို့ လူတိုင်းကို ခံတွင်းတွေ့စေတာပါ။”

 

ကျီကျောက်က ကျိုးနွံစွာ ပြုံးလိုက်သည်။

 

“ဒါနဲ့ စကားမစပ် အာ့ထောင် နင် ဒီတစ်ခါ ခရိုင်မြို့မှာ ရက်အနည်းငယ်လောက် နေရလိမ့်မယ်လို့ ငါထင်တယ်။ နင့်ယောကျာ်းကိုပါ နင်နဲ့အတူ ခေါ်လာချင်လား” လက်ထောက်ဆိုင်ရှင်ယို့က ရုတ်တရက် သတိရသွားသလို သူ့ခေါင်းကို ပုတ်ပြီး ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။

 

“ရှန်းယောင် မအားလောက်ဘူး၊ ဟုတ်တယ်မလား” ထိုအခါမှသာ ကျီကျောက်သည် ရှန်းယောင်ကို တစ်မနက်လုံး မမြင်သေးတာကို သတိပြုမိလိုက်သည်။ မနေ့က အခြေအနေကြောင့် သူ မပျော်သွားတာ ဖြစ်နိုင်လား။

 

“ကိုယ် အားပါတယ်” ကျီကျောက် အတွေးနက်နေတုန်းမှာ သူမ၏ အနောက်ကနေ ရင်းနှီးကျွမ်းဝင်လှတဲ့ အသံ တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

 

ကျီကျောက်သည် မသိစိတ်ဖြင့် လှည့်ကြည့်မိကာ မထင်မှတ်ပဲ သူ့ရင်ခွင်ထဲ အပြေးဝင်မိသလို ဖြစ်သွားခဲ့သည်။