Ch 129
Viewers 13k

အခန်း (၁၂၉) အာ့ထောင်၊ ကိုယ်…

 

“ခြင်ဆေးခွေလား၊ အဲ့တာက ဘာလဲ” ဒီတစ်ခါတော့ ရှန်းယောင်က ပဟေဠိဖြစ်သွားသလိုပဲ။

 

“အဲ့တာက ဒေါနရွက်အလိပ်လိုမျိုးပဲ” ကျီကျောက်က ပြုံးလျက် ရှင်းပြသည်။

 

“ဒီည လရောင်က အရမ်းလှတယ်” ရှန်းယောင်က သူမ၏ မျက်ဝန်းတွေထဲ စိုက်ကြည့်ကာ စကားလုံး တစ်လုံးချင်းစီ ဆက်ပြောလာခဲ့သည်၊ “ဒါပေမယ့် လရောင်က မင်းလောက်တော့ မလှဘူး။”

 

လျှပ်တစ်ပြတ် တိုက်ခိုက်ခံလိုက်ရသော ကျီကျောက်သည် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိစွာ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

 

“အာ့ထောင်၊ ကိုယ်…”

 

“ရှန်းယောင်” ကျီကျောက်က သူ့စကားကို ရုတ်တရက် ကြားဖြတ်လိုက်သည်၊ “ကျွန်မ သန့်စင်ခန်း သွားချင်လို့…”

 

ထိုသို့ပြောပြီးနောက် ကျီကျောက်သည် ချာကနဲ လှည့်ထွက်ပြီး သူ့အဖြေကို စောင့်ဆိုင်းခြင်းမရှိ ပြေးထွက်သွားခဲ့သည်။

 

ရှန်းယောင်သည် သူမ၏ နောက်ကျောလေးကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။

 

နောက်တစ်‌နေ့ နံနက်ခင်း ရုတ်တရက် မိုးရွာချလာခဲ့သည်။

 

မိုးစဲပြီးနောက် မိုးကုတ်စက်ဝိုင်းတွင် အလွန်တရာ လှပသော သက်တံ့တစ်စင်း ပေါ်ထွက်လာခဲ့သည်။

 

မီးဖိုချောင်ထဲမှာ ကျီကျောက်က ချဉ်ချဉ်စပ်စပ်ခေါက်ဆွဲ တစ်အိုး ချက်ပြုတ်နေသည်။

 

“အာ့ထောင် ငါ တကယ် စားချင်စိတ် မရှိဘူး” မီးဖိုချောင်နံရံမှာ မှီနေတဲ့ ဒုတိယမရီးရှန်းသည် အိပ်ချင်မူးတူး မျက်တွင်းကျကာ သူမ၏ အသံဟာလည်း ဖျော့တော့နေလေသည်၊ “မနေ့ညက ငါ နှစ်ကြိမ် အန်ပြီး သန့်စင်ခန်း ငါးကြိမ်လောက် သွားလိုက်ရတယ်။ ငါ အခု အိပ်ချင်နေပြီ၊ ငါ ဘာမှ မစားချင်ဘူး…”

 

“ဒုတိယမရီး ညီမ ဒီချဉ်စပ်ခေါက်ဆွဲကို ချက်ပြီးရင် အစ်မ သေချာပေါက် စားချင်သွားလိမ့်မယ်” ကျီကျောက်က ယုံကြည်မှုရှိတဲ့ အပြုံးနဲ့ ပြောလိုက်သည်၊ “အစ်မ ညီမရဲ့ ဟင်းချက်လက်ရာကို မယုံကြည်ဘူးလား။”

 

“နင့်ဟင်းချက်လက်ရာ အရမ်းကောင်းမှန်း ငါသိပါတယ်၊ ဒါပေမယ့် ငါ အခု တကယ် စားချင်စိတ် မရှိဘူး… အော့…” ဒုတိယမရီးရှန်းသည် ပျို့အန်ချင်စိတ်ကို မထိန်းနိုင်ဘဲ နှစ်ကြိမ်တိုင်တိုင် ပျို့တက်သွားခဲ့မိသည်၊ “ကိုယ်ဝန်ဆောင်ချိန် ပထမ သုံးလကျော်သွားရင် အဆင်ပြေသွားလိမ့်မယ်လို့ ငါထင်ခဲ့မိတယ်။ မွေးခါနီး နှစ်လလောက်အလိုကျမှ နည်းနည်း အဆင်မပြေသလို ခံစားရလိမ့်မယ်လို့ မထင်ထားဘူး၊ ဟင်း…”

 

“ငါ သားသတ်လွတ်ဆန်ပြုတ် ချက်ပေးရမလား” ကျောက်လန်ဟွာက ဒုတိယမရီးရှန်းထံ အလျင်စလို လျှောက်သွားပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်၊ “ဒုတိယချွေးမ နင် ဘာဖြစ်လို့ အခန်းကို ပြန်ပြီး အနားမယူတာလဲ။ ဒီမှာက ဆီနံ့ မီးခိုးနံ့တွေ အရမ်းပြင်းတယ်…”

 

“အမေ စိတ်မပူပါနဲ့။ သမီး အဆင်ပြေပါတယ်” ဒုတိယမရီးရှန်းက သူမ၏ လက်တွေကို အမြန်ဝှေ့ယမ်းပြီး ပြောလာခဲ့သည်၊ “အိပ်ရာထဲ လှဲနေရမှာထက်စာရင် အမေတို့နဲ့ စကားပြောနေရတာက ပိုကောင်းတယ်။ ဒီအတိုင်းပဲ လှဲနေရင် သမီး ပိုလို့တောင် စိတ်မသက်မသာဖြစ်နေလိမ့်မယ်။”

 

“ငါ ငါ့သားသုံးယောက်ကို ကိုယ်ဝန်ဆောင်တုန်းက ဒီလောက် ဆိုးဆိုးရွားရွား မအန်ဖူးဘူး” ကျောက်လန်ဟွာက ဒုတိယမရီးရှန်း၏ ဗိုက်ပူပူကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်၊ “နင့်ဗိုက်ထဲက အကောင်လေးက အဆိုးလေးပဲ။ နင် သူ့ကို မွေးပြီးရင် အမေ နင့်အတွက် အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးပြီး ဒီကောင်စုတ်လေးကို ဆုံးမပေးမယ်။”

 

ဖူး…

 

ကျီကျောက်နှင့် ဒုတိယမရီးရှန်းသည် ကျောက်လန်ဟွာ၏ ကလေးဆန်သော စကားများကြောင့် ရယ်မောခဲ့ကြသည်။

 

“အမေ သမီးတော့ သားအချစ် မြေးအနှစ်လို့ပဲ ကြားဖူးတယ်။ သမီးဗိုက်ထဲက ကလေးထွက်လာတဲ့အခါကျရင် အမေ ရိုက်ဖို့ နေနေသာသာ အမေ သူ့ကို အရမ်း အလိုလိုက်နေလိမ့်မယ်” ဒုတိယမရီးရှန်းက ဟက်ဟက်ပက်ပက် ရယ်ရင်း ပြောလာခဲ့သည်၊ “ဒါပေမယ့် သမီး ဒီဘဝမှာ အမေ့ချွေးမဖြစ်ရတာ အရမ်းကံကောင်းတယ်။”

 

“အမေ၊ အမေက အရမ်း အရမ်းကောင်းတဲ့ ယောက္ခမတစ်ယောက်ပဲ” ကျီကျောက်က စိတ်ရင်းမှန်ဖြင့် သက်ပြင်းချကာ စကားဆိုလာခဲ့သည်၊ “သမီး တစ်ခါက ရုပ်ပြစာအုပ် တစ်အုပ်မှာ တွေ့ဖူးတယ်။ ဒီကမ္ဘာပေါ်မှာရှိတဲ့ ယောက္ခမအများစုက သူတို့ချွေးမတွေကို သူတို့ချွေးမဖြစ်ခဲ့စဉ်က ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတိုင်းကို ထပ်တူပြန်ခံစားစေတယ်၊ ဒါပေမယ့် အမေကတော့ မတူဘူး။”

 

“အရူးမလေး ငါက မမိုက်မဲပါဘူးအေ။ နင်တို့ ရှန်းမိသားစုထဲဝင်လာပြီးပြီဆိုကတည်းက နင်တို့အားလုံးက ငါ့ကလေးတွေပဲ။ ဒါ့အပြင် အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ရတာနဲ့တင် ပင်ပန်းနေပါပြီအေ။ ငါ နင်တို့ကို ဘယ်လိုလုပ်ပြီး ဒုက္ခတွေ ခံစားစေဖို့ ဆန္ဒရှိရမှာလဲ” ကျောက်လန်ဟွာက စိတ်ရင်းမှန်ဖြင့် စကားဆိုလာခဲ့သည်၊ “နင်တို့ ရှန်းမိသားစုအတွက် ကလေးတွေ မွေးဖွားပေးတာနဲ့တင် လုံလောက်နေပြီ။ ငါ နင်တို့အားလုံးကို ကောင်းကောင်း ဂရုစိုက်ပေးချင်တယ်။ ငါတို့မိသားစု ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ရင်ကို ငါ့အတွက် လုံလောက်တယ်။”

 

ကျီကျောက်က ဒါကို ကြားပြီးနောက် အတွေးနက်သွားခဲ့သည်။

 

မူရင်းစာအုပ်တွင် ကျောက်လန်ဟွာသည် လူဖြောင့်လူမှန်တစ်ဦးဖြစ်ကြောင်း သူမ မှတ်မိသည်။ ဝန်ကြီးချုပ်၏ မိခင်အနေဖြင့် သူမသည် စိတ်သဘောထား ပွင့်လင်းပြီး အမြော်အမြင်ရှိသည်။ ပိုအရေးကြီးသည်မှာ သူမ၏ အမြော်အမြင်ကောင်းမှုကြောင့် ရှန်းမိသားစုသည် နောက်ပိုင်းတွင် ချမ်းသာလာနိုင်သည်။

 

“အာ့ထောင်၊ စားသောက်ဆိုင်က ပို့လိုက်တဲ့ မြင်းလှည်း ဒီကို ရောက်နေပြီ။”