အခန်း
(၁၃၃) – တကယ်ပါ
ရှန်းယောင်က
ထိုစကားကိုကြားတော့ အံ့အားတသင့် မော့ကြည့်ခဲ့မိသည်။
သူတို့အချင်းချင်း
အကြည့်တွေဆုံခိုက် သူ့အလိုလို ပြုံးမိလိုက်ကြသည်။
“ကျွတ်စ်…
နင် အခုနတုန်းက ချဉ်စပ်ခေါက်ဆွဲထဲ ရှာလကာရည်တွေ အများကြီး ထည့်ထားသလား။ ငါ့သွားတွေ
ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျဉ်လာသလို ခံစားနေရလဲ မသိဘူး” လက်ထောက်ဆိုင်ရှင်ယို့က သူတို့ကို
မစနောက်ဘဲ မနေနိုင်ခဲ့ပေ။
“ဒါဆို
မနက်ဖြန်ကျရင် အစ်ကိုယို့အတွက် ချဉ်စပ်ခေါက်ဆွဲ ချက်ပေးတဲ့အခါ ရှာလကာရည် လျှော့သုံးပေးမယ်လေ”
ကျီကျောက်က ရက်ရောတဲ့ အပြုံးနဲ့ ပြောလိုက်သည်။
ဟားဟားဟား…
လက်ထောက်ဆိုင်ရှင်ယို့၏
ရယ်သံက ပိုလို့တောင် ကျယ်လာခဲ့သည်။
ထိုအချိန်တွင်
ရှန်းယောင်တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
သူက ကျီကျောက်၏
မျက်နှာကို စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွေက ပိုကျယ်ပြန့်လာခဲ့သည်။
သူ့အကြည့်တွေက
အရမ်းစူးရဲပြင်းပြနေခဲ့သည်။
“အာ့ထောင်၊
ကိုယ်…”
“ရှင်
ရေဆာနေလား။ ရေအရင်သောက်လိုက်ပါလား” ကျီကျောက်က သူ့လက်ထဲ စံပယ်ရေနွေးကြမ်းကို အလျင်စလို
ထည့်ပေးလိုက်ပြီး ချိုမြိန်တဲ့ အပြုံးလေးနဲ့ ပြောလိုက်သည်။
“ကောင်းပါပြီ။”
ရှန်းယောင်သည်
ဒီစံပယ်ရေနွေးကြမ်းက သူ့တစ်သက်လုံး သူသောက်ဖူးသမျှ ရေနွေးကြမ်းတွေထဲမှာ အချိုမြိန်ဆုံးဖြစ်သည်ဟု
ခံစားမိလေသည်။
သူ့ဘယ်ဖက်ရင်ဘတ်တစ်ခုလုံးကို
ပျားရည်ဖြင့် ဖုံးအုပ်ထားပုံရပြီး ချိုမြိန်နေသည်။
ရထားလုံးသည်
ဖြေးညှင်းစွာ ရွေ့လျားနေပြီး မွန်းတည့်မတိုင်ခင် စားသောက်ဆိုင်၏ အပြင်ဖက်တွင် ရပ်တန့်သွားခဲ့သည်။
လက်ထောက်ဆိုင်ရှင်ယို့က
ရထားလုံးပေါ်မှ အရင်ဆုံး ဆင်းသွားခဲ့သည်။ သူက လတ်ဆတ်သောလေကို ရှုရှိုက်ရင်း ချိုလွန်းသောကြောင့်
ဖျားနာချင်သော သူ့စိတ်တွေကို ဖြေသိမ့်လိုက်သည်။ သူက အသက်ကြီးပြီဖြစ်ကာ ဤချိုမြိန်သောမြင်ကွင်းကို
အချိန်အကြာကြီး နေရပြီးနောက် သူ့သွားတွေ ကျဉ်လာခဲ့သည်။
“နင်တို့လင်မယားအတွက်
အပေါ်ထပ်မှာ အခန်းပြင်ထားပေးဖို့ ငါ ခိုင်းထားတယ်။ နင်တို့ အရင်ဆုံး ခရီးဆောင်အိတ်တွေချပြီး
အနားယူလိုက်ကြဦး။ မနက်ဖြန်မနက်ကျရင် မားမိသားစုစံအိမ်ကို ငါ လိုက်ပို့ပေးမယ်” လက်ထောက်ဆိုင်ရှင်ယို့က
ရွှင်မြူးစွာ ပြောလိုက်သည်၊ “အာ့ထောင်၊ တတိယညီလေးရှန်း၊ နင်တို့ တစ်ခုခု လိုတာရှိရင်
စားပွဲထိုးလေးကို ပြောလိုက်ပါ။ ငါ ဒီနေ့ နေ့လည်ခင်းမှာ လုပ်စရာ အလုပ်လေးတွေ ရှိသေးလို့
ငါ နင်တို့ကို ဧည့်မခံနိုင်တာ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ။”
“အစ်ကိုယို့
အခန်း တစ်ခန်းပဲ ပြင်ထားတာလား” ကျီကျောက်က သူမ၏ လက်ချောင်းတွေကို လိမ်ရင်း တိုးတိုးလေး
မေးလိုက်သည်။
“ဒါပေါ့၊
တစ်ခန်းတည်းပဲ ပြင်ထားတယ်” လက်ထောက်ဆိုင်ရှင်ယို့က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်၊
“အာ့ထောင် စိတ်မပူပါနဲ့၊ အဲဒီအခန်းက ကျယ်ပါတယ်။ အဲ့အခန်းထဲက အိပ်ရာကလည်း ကြီးပြီး ကျယ်ဝန်းပါတယ်။
စိတ်မပူပါနဲ့၊ ငါ နင်တို့နှစ်ယောက် ကျယ်ကျယ်ဝန်းဝန်း အိပ်လို့ရအောင် သေချာပြင်ဆင်ထားပေးပါတယ်။”
“ကျွန်မ…
ကျွန်မ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး” ကျီကျောက်၏ ပါးပြင်များပေါ်တွင် ရုတ်ခြည်းဆိုသလို
အနီရောင် တိမ်တိုက်နှစ်ခု ပေါ်ထွက်လာခဲ့သည်။ သူတို့ကို ကြည့်ရတာ ပန်းသီးနီလေးလိုပဲ
အလွန်အမင်း ချစ်ဖို့ကောင်းလွန်းသည်။
“ကျေးဇူးပါ
အစ်ကိုယို့၊ အစ်ကို သွားစရာရှိတာကို သွားလို့ရပါတယ်” ရှန်းယောင်က နူးညံ့သိမ်မွေ့သောအပြုံးဖြင့်
ပြောလိုက်သည်။
“ကောင်းပြီ၊
ဒါဆို ငါသွားတော့မယ်။”
ခရက်…
စားပွဲထိုး၏
ဦးဆောင်မှုအောက်တွင် ကျီကျောက်နှင့် ရှန်းယောင်တို့သည် ဘေးချင်းယှဉ်လျှောက်ပြီး အခန်းထဲသို့
ဝင်လာခဲ့သည်။
ဧည့်သည်ခန်းရှိ
ပရိဘောဂများသည် အလွန်ရိုးရှင်းသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ညောင်စောင်းကုတင်တစ်လုံး၊
ရေထဲမှာ ပျော်မြူးနေသည့် ခိုအီငါးပုံများ ချည်ထိုးထားသည့် စောင်တစ်ထည်၊ ကြာပန်းပုံထွင်းထုထားသည့်
အဝတ်ဗီရို၊ မဟော်ဂနီ စားပွဲနှင့် ထိုင်ခုံ အစုံလိုက်တို့ကို မြင်တွေ့နိုင်သည်။ မဟော်ဂနီစားပွဲပေါ်တွင်
အဖြူအပြာစီခြယ်ထားသည့် လက်ဖက်ရည်အိုး အစုံလိုက်နှင့် အဆာပြေ ပန်းကန် နှစ်ခုပါ ရှိနေသည်။
တစ်ခန်းလုံးကို
အေးချမ်းသော ခေါင်ရမ်းပန်းရနံ့များဖြင့် ပြည့်နှက်နေပြီး စိတ်ကို လန်းဆန်းစေသည်။
“ဒီစားပွဲပေါ်က
လက်ဖက်ရည်က ဒီနေ့မှ လတ်လတ်ဆတ်ဆတ် ကြိုထားတာဖြစ်ပြီး အဆာပြေမုန့်တွေကလည်း အတူတူပါပဲ”
စားပွဲထိုးလေးက နွေးထွေးသော အပြုံးဖြင့် မိတ်ဆက်ပေးသည်၊ “ဧည်သည့်တော်နှစ်ယောက် နေ့လည်စာ
မစားရသေးဘူးမလား။ ကျွန်တော် မင်းတို့အတွက် နေ့လည်စာကို အရင်ပြင်ဆင်ပေးပါ့မယ်။ မင်းတို့
မစားတဲ့ အစားအစာများ ရှိပါသလား။”
“ငါတို့
မစားတာ မရှိပါဘူး။ ငါတို့အတွက် ပေါ့ပေါ့ပါးပါး ဟင်းပွဲ တချို့ဆို ရပါပြီ၊ အဆီအရမ်းမများပါနဲ့”
ကျီကျောက်က ပြုံးပြီး ပြောလိုက်သည်။
“ကောင်းပါပြီ။”
စားပွဲထိုးထွက်သွားပြီး
သူတို့နှစ်ယောက်ပဲ ကျန်တော့တဲ့ အချိန်မှာ ရှန်းယောင်တစ်ယောက် သူ့နှလုံးသားထဲက ခံစားချက်တွေကို
မထိန်းချုပ်နိုင်တော့ဘဲ ကျီကျောက်ဆီကို အမြန်လျှောက်သွားပြီး “အာ့ထောင်” ဟု ခေါ်လိုက်သည်။
“ရှန်းယောင်
ကျွန်မတို့ ခရီးဆောင်အိတ်ကို အရင်နေရာချကြရအောင်” ကျီကျောက်က သူ့မျက်ဝန်းတွေနှင့် အကြည့်ချင်း
မဆုံရဲချေ။ ကျီကျောက်သည် ရထားလုံးပေါ်မှာ ထိုစကားလုံးများကို သူမ၏ သတ္တိအားလုံးကို
စုစည်းပြီး ပြောခဲ့တာ ဖြစ်လေ၏။
“အာ့ထောင်
မင်း အခုနတုန်းက ရထားလုံးပေါ်မှာ ပြောခဲ့တဲ့ စကားတွေက အတည်ပြောတာလား” ရှန်းယောင်က သူမအနား
တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့သည်။ ကျီကျောက်သည် မသိစိတ်ကနေ ဘယ်မှ မလွတ်မြောက်နိုင်သည့်
နံရံအနားထိတိုင်အောင် နောက်ပြန်ဆုတ်သွားခဲ့မိသည်။
ကျီကျောက်သည်
ခဏလောက် စဉ်းစားပြီးတော့ သူမ ခေါင်းကို အသာလေး မော့ကြည့်လိုက်သည်။ သူမသည် သူ့မျက်ဝန်းထဲ
လေးလေးနက်နက်ကြည့်ကာ အသာလေး ခေါင်းညိတ်ပြလိုက်သည်။