Ch 127
Viewers 13k

အခန်း (၁၂၇) – စိတ်ဝင်စားစရာပဲ

 

“ရှင့်ရဲ့လောင်းကစားအိမ်မှာ ကျီဟွေ့လို့ခေါ်တဲ့ ပုံမှန် ကစားနေကြ ဖောက်သည်တစ်ယောက် ရှိတယ်။ အခု သူက လောင်းကစားအိမ်မှာ ပိုက်ဆံ အများကြီး အကြွေးတင်ထားတယ် မဟုတ်လား” ကျီကျောက်က မျက်လွှာချပြီး တိုးတိုးလေး ပြောလိုက်သည်၊ “ကျွန်မ ကျီဟွေ့ လောင်းကစားအိမ်ပေါ် တင်ထားတဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့ ကျွန်မ ကူညီပေးနိုင်တယ်။ ဒါ့အပြင် ဒီအပေးအယူက ရှင့်အတွက် သေချာပေါက် အကျိုးရှိပါလိမ့်မယ်။”

 

“မိန်းကလေး မင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ” ချင်မင်ဟုန်၏ မျက်ဝန်းထဲရှိ အပြုံးဟာ နက်ရှိုင်းလာခဲ့သည်၊ “ငါ မင်းပြောတဲ့ အပေးအယူကို စိတ်ဝင်စားစပြုလာပြီ။”

 

“ကျွန်မ ကျီဟွေ့ ပိုက်ဆံပြန်ဆပ်အောင် ကူညီပေးမယ်။ ရှင်တို့လောင်းကစားအိမ်က သူ့ညာဘက်လက်ကို ဖြတ်ပေးပါ” ကျီကျောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်၊ “နောင်အခါ သူ လောင်းကစားအိမ်ထဲ ထပ်မံ ခြေချဝံ့ရင် သူ့ညာဘက်ခြေထောက်ကိုပါ ရိုက်ချိုးပေးပါ။”

 

ချင်မင်ဟုန်က အလွန်အံ့ဩသွားသည်။

 

ဒီလို နူးညံ့သိမ်မွေ့ပြီး အားနည်းပုံရသော မိန်းကလေးသည် ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသော စကားများကို အမူအရာမပျက် ပြောနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

 

“ကျီဟွေ့နဲ့ မိန်းကလေးကြားက ဆက်ဆံရေးက…”

 

“သူက ကျွန်မ ဝမ်းကွဲပါ” ကျီကျောက်က ခဏလောက် စဉ်းစားပြီး ဘေးနားရှိ စားပွဲပေါ်သို့ သူမလက်ထဲက ပိုက်ဆံတွေ အကုန်လုံးကို တင်ပေးလိုက်သည်၊ “ဒီမှာ ငွေလျန်း ၃၂၀ လောက် ရှိတယ်။ အပို ငွေလျန်း ၂၀ က ကျွန်မရဲ့ ကျေးဇူးတင်လက်ဆောင်လို့ သတ်မှတ်လိုက်ပါ။”

 

“ကျေးဇူးပါ” ကျီကျောက်က ပိုက်ဆံတွေကိုချပြီး ပြန်ထွက်သွားခဲ့သည်။

 

အစကနေ အဆုံးအထိ သူမသည် ချင်မင်ဟုန်၏ အမြင်ကို မေးမြန်းခဲ့ခြင်း မရှိချေ။

 

သူမ၏ သွယ်လျသော နောက်ကျောကို ကြည့်ပြီး ချင်မင်ဟုန်က သူ့နှုတ်ခမ်းများကို တိတ်တဆိတ် ကွေးညွှတ်လိုက်သည်။

 

“ဒီမိန်းကလေးနောက်ကို လိုက်ပြီး စုံစမ်းကြည့်စမ်း။”

 

“ဟုတ်ကဲ့ပါ”

 

ဒီလို သန်မာပြီး စိတ်ဝင်စားစရာကောင်းတဲ့ မိန်းကလေးမျိုးနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခဲ့တာပင်။

 

ပါးဖန်းခယ့်မှ ထွက်လာပြီးနောက် ကျီကျောက်သည် သက်ပြင်းအရှည်ကြီးချလိုက်မိသည်။ ထို့နောက် သူမသည် ခရိုင်အစိုးရရုံးသို့ သွားခဲ့သည်။

 

ကျီကျောက်သည် သူမ ပေးလိုက်သော ငွေပမာဏကြောင့် မည်သည့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမျိုးကိုမှ မခံစားခဲ့ရပါ။

 

အမျိုးသမီးရှဲ့ကို ခရိုင်အစိုးရရုံးထံ တိုင်ကြားပြီးနောက် ကျီကျောက်သည် အိမ်ပြန်လာခဲ့သည်။

 

ရှန်းဟယ်ကျေးရွာသို့ ပြန်ရောက်ပြီးနောက် သူမသည် ရှန်းမိသားစု အိမ်ခြံဝင်းဆီသို့ ပြန်ဖို့ အလျင်စလို မလုပ်ဆောင်ခဲ့ဘဲ မြေကမ္ဘာဘုရားကျောင်းဆီသို့ ထွက်လာခဲ့သည်။

 

“မြေကမ္ဘာဘုရား တပည့်တော်မ ကျီကျောက် အရှင်ဘုရားကို ပူဇော်ပသဖို့ အထူးတလည် ကြက်ကင် ဝယ်လာခဲ့ပါတယ်ဘုရား” ကျီကျောက်က ချိုမြိန်စွာ ပြုံးလိုက်သည်။ ကန်တော့ပလ္လင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ကြက်ကင်ကို ဂရုတစိုက် ကပ်လှူပြီး ရှိခိုးကန်တော့ခဲ့သည်။

 

“အစောပိုင်း လောင်းကစားအိမ်မှာတုန်းက အရှင်ဘုရား တပည့်တော်မကို တိတ်တဆိတ် ကာကွယ်ပေးနေတာမလား” ကျီကျောက်က ကျေးဇူးတင်စွာ ပြောလိုက်သည်၊ “တပည့်တော်မ ငယ်ငယ်လေးကတည်းက ကံကောင်းတဲ့အထဲ မပါဘူးဘုရား။ တပည့်တော်မ လောင်းကစားအိမ်မှာ ပိုက်ဆံ အများကြီး ရှာနိုင်ခဲ့တာ အရှင်ဘုရား တိတ်တဆိတ် ကူညီပေးနေတာ မဟုတ်လားဘုရား။”

 

“တပည့်တော်မက ကြင်နာမှုကို ကျေးဇူးပြန်ဆပ်သလို ကိုယ့်အပေါ် မကောင်းသူတွေကိုလည်း လက်စားပြန်ချေတတ်သူပါဘုရား။ အမျိုးသမီးရှဲ့က တပည့်တော်မအပေါ် အထပ်ထပ် အခါခါ အနိုင်ကျင့်ခဲ့ပါတယ်ဘုရား။ တပည့်တော်မ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူးဘုရား” ကျီကျောက်က အသာလေး သက်ပြင်းချလိုက်သည်၊ “မကောင်းမှု ဒုစရိုက်ကို ပြုလုပ်တဲ့သူတွေက တူသော အကျိုးပေးကို ခံစားရလိမ့်မယ်လို့ တပည့်တော်မ ယုံကြည်ပါတယ်ဘုရား။”

 

ကျီကျောက်တစ်ယောက် ရှန်းမိသားစု အိမ်ခြံဝင်းဆီသို့ ပြန်ရောက်လာသောအခါ ညနေစောင်းနေပြီ ဖြစ်သည်။

 

“နင် ပြန်လာပြီလား။ လက်ဆေးပြီး ထမင်းစားဖို့ပြင်ချေ” ခြေသံကိုကြားတဲ့ ကျောက်လန်ဟွာ ခြံထဲကို ကမန်းကတန်း လျှောက်လာပြီး ပြုံးပြုံးလေး ပြောလိုက်သည်၊ “အမေ ဒီည သစ်အယ်သီးကြက်သားဟင်း ချက်ထားတယ်။ ဟင်းလေးက အစပ်နံ့လေးသင်းပြီး မွှေးနေတာပဲ။”

 

“ဟုတ်ကဲ့” ကျီကျောက်က ပြုံးပြီး နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။

 

ခုနစ်နာရီဝန်းကျင်တွင် ရှန်းမိသားစုဝင်များသည် ပင်မခန်းရှိ လေးထောင့်စားပွဲတွင် ဝိုင်းထိုင်နေကြသည်။

 

“ငါတို့အားလုံး လူစုံနေပြီ။ ဒီအတိုင်းပဲ ထိုင်မနေကြနဲ့။ မြန်မြန်သွက်သွက် စားကြ” ကျောက်လန်ဟွာက အပြုံးလေးနဲ့ တိုက်တွန်းလိုက်သည်။ ထို့နောက် သူမသည် ကြက်ပေါင်တစ်ခုကို သူမ၏ ထမင်းစားတူဖြင့် ကောက်ယူပြီး ကျီကျောက်၏ ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။ “အာ့ထောင် ဒါလေး စားကြည့်ပါဦး။ အမေ့လက်ရာ ဘယ်လိုနေလဲ ပြောကြည့်ပေး”

 

“အာ့ထောင် ဒီကြက်ပေါင်လည်း နင့်အတွက် ပေးမယ်။ များများစားချေ” ဒုတိယမရီးရှန်းသည်လည်း သူမ ပန်းကန်လုံးထဲမှ ကြက်ပေါင်ကို ကောက်ယူပြီး ကျီကျောက်၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။

 

“ကြက်တောင်ပံကလည်း အရသာရှိတယ်” ရှန်းတာ့ရှန်သည်လည်း သူမ၏ ပန်းကန်ထဲ ထည့်ပေးလိုက်ပြန်သည်။

 

“ဒီကြက်တောင်ပံလည်း မင်းအတွက်ပဲ” အမြဲလိုလို စကားနည်းသည့် အမျိုးသား ရှန်းယောင်သည်လည်း သူမ ပန်းကန်ထဲသို့ စကားတစ်ခွန်းမှ ထပ်မပြောပဲ သူ့ပါးစပ်ထဲ ထမင်းအပြည့်ထည့်ကာ ဝါးနေခဲ့သည်။

 

ကျီကျောက်သည် သူမ ရှေ့ရှိ ပန်းကန်ထဲတွင် တောင်ကုန်းတစ်ခုလို စုပုံနေသော အစားအသောက်များကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်ပေ။

 

သို့ရာတွင် သူမသည် ပြုံးနေပေမယ့် သူမ၏ မျက်လုံးများကတော့ နီရဲလာခဲ့သည်။