Ch 119
Viewers 12k

အခန်း (၁၁၉) – ယုံချင်ယုံ မယုံချင်နေ ငါ မင်းရဲ့ သွားတွေ အကုန်ကျွတ်ထွက်သွားအောင် ကန်ထုတ်ပစ်မယ်

 

နာရီဝက်ကြာပြီးနောက် ရှန်းယောင်သည် ကျီကျောက်နှင့်အတူ မြေကမ္ဘာဘုရားကျောင်း တစ်ကျောင်းလုံးကို ဂရုတစိုက် သန့်ရှင်းရေး လုပ်ကိုင်ခဲ့သည်။

 

“ဒီနေ့အတွက် ကျေးဇူးပါရှင်” ကျီကျောက်က ကျေးဇူးတင်စွာ ပြုံးလိုက်သည်။

 

ရှန်းယောင်က သူမကို သန့်ရှင်းရေး မကူလုပ်ဘူးဆိုရင် သူမ အခုထက် သေချာပေါက် ပိုပင်ပန်းနေလိမ့်မည်။

 

“ယောကျာ်းလေးနဲ့ မိန်းကလေး အလုပ် အတူတူ တွဲလုပ်ရင် အဆင်ပြေချောမွေ့တယ်” ဆိုတဲ့ ဆိုရိုးစကားရဲ့ အဓိပ္ပါယ်ကို သူမ အခုအချိန်မှာ လေးလေးနက်နက် နားလည်သဘောပေါက်သွားခဲ့သည်။

 

!!

 

“ဒီအတွက် ဆုရှိလား” ရှန်းယောင်က မျက်ခုံးပင့်ပြီး အပြုံးလေးနှင့် မေးလိုက်သည်။

 

“အာ…” ကျီကျောက်တစ်ယောက် အံ့အားသင့်သွားပြီး မထိန်းနိုင်ဘဲ သေသေချာချာ ပြန်တွေးကြည့်လိုက်မိသည်။ သူမ နားကပ်ကနေ သစ်သားဆံညှပ်အထိ လက်ဆောင်တွေ အများကြီး ရခဲ့သဖြင့် ရှန်းယောင်ရဲ့ ရည်ရွယ်ချက်တွေကို သူမ ခံစားမိသည်။

 

ယေဘုယျကျကျပြောရမယ်ဆိုရင် သူမသည်လည်း လက်ဆောင်ကြီးကြီးတစ်ခုကို ပြန်ပေးသင့်သည်။

 

“သိပ်မကြာခင် မှောင်တော့မယ်။ ကျွန်မတို့ အိမ်ပြန်ရအောင်”

 

“ကောင်းပြီ”

 

မြေကမ္ဘာဘုရားကျောင်းမှ ထွက်ခွာပြီးနောက် သူတို့နှစ်ဦးသား တမန်းဘောင်ပေါ်တွင် ဘေးချင်းကပ် လျှောက်ပြန်လာခဲ့ကြသည်။

 

နေမင်းကြီး၏ အလင်းရောင်သည် လူနှစ်ယောက်၏ ကျောပြင်ကို ပိန်သွယ်စေသည်…

 

ပိုအရေးကြီးတာက အရိပ်နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်တာပါပဲ။

 

ကျီကျောက်က နှုတ်ခမ်းလေးတွန့်ပြီး ပြုံးလိုက်မိသည်။ သူမ လမ်းလျှောက်လာရင်း အရိပ်နှစ်ခုကို စိုက်ကြည့်နေမိသည်။ ဒါပေမယ့် သူမ ခြေလှမ်းတွေကို ဂရုမစိုက်မိသဖြင့် ကျောက်တုံးကို တိုက်မိလုနီးပါးပဲ။

 

သူမ တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်သို့ လဲကျနီးပါးပင်။

 

ကံကောင်းထောက်မစွာဖြင့် ရှန်းယောင်က သူမကို အချိန်ကိုက် ထိန်းပေးထားခဲ့သည်။

 

“… ကျေးဇူးပါ” ကျီကျောက်တစ်ယောက် အသိပြန်ဝင်ချိန်မှာ မသိစိတ်အရ သူမ လက်ကို ဆွဲထုတ်လိုက်သော်လည်း ရှန်းယောင်၏ ဆုပ်ကိုင်မှုကို ပိုသန်မာလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

 

“ရှန်းယောင်၊ ရှင်…”

 

“မှောင်နေပြီဆိုတော့ မင်း လမ်းကို ရှင်းရှင်းလင်းလင်း မမြင်ရလောက်ဘူး။ ကိုယ် မင်းလက်ကို ကိုင်ထားပေးတာက ပိုဘေးကင်းလိမ့်မယ်” ရှန်းယောင်က ညင်ညင်သာသာ ပြုံးပြီး သူမရဲ့ ညာလက်ကို နွေးထွေးပြီး ခိုင်မြဲသော လက်ဖဝါးဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

 

သူ့လက်ဖဝါးတွေက နွေးထွေးနေပြီး ချွေးစက်လေးတွေ အနည်းငယ် စို့နေတဲ့ပုံပင်။

 

ဒီအခိုက်အတန့်တွင် ကျီကျောက်တစ်ယောက် ထပ်မံ ရုန်းကန်နေခြင်း မရှိတော့ပေ။ အဲဒီအစား သူမသည် နှလုံးသား၏ စေစားရာအတိုင်း နာခံမှုရှိစွာ သူ့လက်ကို ဆုပ်ကိုင်ခွင့်ပေးရန် ရွေးချယ်ခဲ့သည်။

 

ရှန်းယောင်က တမင် အရှိန်လျှော့လိုက်သော်လည်း နောက်ဆုံးတွင် အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။

 

“ကျွန်မတို့ အခု အိမ်ပြန်ရောက်ပြီ…” ကျီကျောက်က တီးတိုးပြောလိုက်သည်၊ “ရှင် ကျွန်မလက်ကို အခု လွှတ်ပေးလို့ ရပြီလားဟင်။”

 

“အင်း…” ရှန်းယောင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ဒါပေမယ့် သူလက်လွှတ်လိုက်တဲ့အချိန်မှာတော့ သူ့ရင်ထဲမှာ ဝမ်းနည်းမှုနှင့် ဆုံးရှုံးမှု အနည်းငယ် ခံစားလိုက်ရသည်။

 

“အာ့ထောင်၊ ကိုယ်…”

 

“အာ့ထောင် နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ခဲ့ပြီ၊ ဝူးဝူး…”

 

ဤအခိုက်အတန့်တွင် အရပ် ခပ်ပုပု ဝတုတ်တုတ် ပုံရိပ်တစ်ခု ကျီကျောက်၏ ရှေ့သို့ မထင်မှတ်ဘဲ အပြေးရောက်လာပြီး သူမ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ သူ့မျက်နှာပေါ်ရှိ မျက်ရည်များနှင့် နှာရည်များက နေရာအနှံ့ ပျံ့လွင့်သွားသည်။

 

ကျီကျောက်သည် လန့်ဖျပ်သွားပြီး မသိစိတ်က ထိုလူက တွန်းထုတ်လိုက်သည်…

 

ရုတ်တရတ် နာကျင်မှု ဝေဒနာကို ခံစားလိုက်ရသော ကျီဟွေ့သည် ဒေါသတကြီး အော်ဟစ်လိုက်သည်၊ “ကောင်းလိုက်တဲ့ ကျီအာ့ထောင် နင်က ငါတို့တွေကို အခုတော့ နှိမ့်ချဆက်ဆံတယ်ပေါ့လေ။ နင် အစွမ်းထက်တယ်ဆိုတာ ငါသိတယ်။ ဟုန်ရှင်းစားသောက်ဆိုင်ရဲ့ လက်ထောက်ဆိုင်ရှင်နဲ့ နင် အဆက်အသွယ်ရှိသွားတော့ နင်က ငါတို့လို ဆင်းရဲတဲ့ ဆွေမျိုးတွေကို မကြိုက်တော့ဘူး၊ ဟုတ်လား။ နင့်မှာ အသိတရားရှိသေးရဲ့လား။ နင့်လို မိန်းမပျက်က အရှက်တရားဆိုတာကို မသိဘူးပဲ…”

 

ဘန်း…

 

ထိုလူရဲ့ ညစ်ပတ်တဲ့ စကားလုံးတွေ အဆုံးမသတ်ခင်မှာပင် ရှန်းယောင်က သူ့ကို လက်သီးနှင့်ထိုးလိုက်သည်။

 

“ခွေးကောင် ဒုက္ခိတ မင်း ငါ့ကို ဘယ်လိုတောင် ရိုက်နှက်ဝံ့တာလဲ။”

 

“တကယ်လို့ ခင်ဗျား အာ့ထောင်ကို ဆက်ပြီး ကျိန်ဆဲနေဦးမယ်ဆိုရင် ယုံချင်ယုံ မယုံချင်နေ ကျွန်တော် ခင်ဗျားရဲ့ သွားတွေ အကုန်ကျွတ်ထွက်သွားအောင် ရိုက်နှက်လိုက်မယ်” ရှန်းယောင်က ဒေါသတကြီး မျက်လုံးမှေးကျဉ်းလိုက်သည်။ ဒီလူကြောင့် သူ အရမ်းဒေါသထွက်သွားတာ သေချာသည်။

 

“ရှင်က… ကျီဟွေ့လား” ကျီကျောက်က ဆိုးရွားတဲ့ ပါးစပ်နှင့် မျောက်ပါးပြင် အရုပ်ဆိုးတဲ့ မျက်နှာကို စိုက်ကြည့်ရင်း စိတ်ရှုပ်ထွေးစွာ မေးမိသည်။

 

“ဟုတ်၊ ဟုတ်၊ ဟုတ်တယ်၊ အာ့ထောင်၊ ငါက နင့်ဝမ်းကွဲ ကျီဟွေ့ပဲ။ နင် မှတ်မိတယ်မလား။ နင်က အဲ့လိုနှလုံးသားမရှိတဲ့ခွေးမမျိုး မဟုတ်မှန်း ငါသိတာပေါ့။ အာ့ထောင် ငါ နင့်ကို အရမ်းလွမ်းနေတာ” ကျီဟွေ့က သူ့လက်နှစ်ဖက်ကိုဖွင့်ပြီး ကျီကျောက်ကို ပြေးဖက်ဖို့လုပ်သည်။

 

ဘန်း…

 

ကျီကျောက်က ဒူးကွေးပြီး သူမ၏ ခြေထောက်တွေကို လှည့်ကာ ပစ်မှတ်ကို တစ်ခါတည်း ကန်ထုတ်ပစ်လိုက်သည်။

 

ကန်ထုတ်ခံလိုက်ရသော ကျီဟွေ့သည် ပါရာဘိုလာပုံစံဖြင့် လွင့်ထွက်သွားခဲ့သည်…

 

“ငါ နင့်ကို ရိုက်ချက်နေတာကြာပြီ။ နင်က ငါ့ဆီလာဖို့ သတ္တိရှိနေတုန်းပဲပေါ့လေ။”