အခန်း
(၁၁၈) - ငါပဲ အတွေးလွန်နေတာများလား
“အာ့ထောင်
ကျန်တဲ့ သိုးကောင်လုံးကင် အသားတွေကို ငါတို့ ဘာလုပ်ကြမလဲ” မီးဖိုချောင်ထဲမှာ ကျောက်လန်ဟွာက
ကျန်ရှိနေသေးသော သိုးကောင်လုံးကင် တစ်ဝက်ကို စိုက်ကြည့်ပြီး နောင်တစွက်စွာ ပြောလိုက်သည်၊
“ငါတို့ ဒါကို ဒီအတိုင်း မဖြုန်းတီးသင့်ဘူး မဟုတ်လား။”
ကင်ထားသော
အစားအစာများသည် အလွန်မွှေးကြိုင်သော်လည်း တစ်ခုတည်းသော အားနည်းချက်မှာ ထိန်းသိမ်းရန်
ခက်ခဲခြင်း ဖြစ်သည်။ ၎င်းကို ထိန်းသိမ်းထားသော်လည်း လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသကဲ့သို့
အရသာရှိမည် မဟုတ်ပေ။
“ကျန်တဲ့
သိုးသားတွေကို ငါးပိုင်းလောက် ခွဲလို့ ရနိုင်တယ်” ကျီကျောက်က စဉ်းစဉ်းစားစား ပြောသည်၊
“အမေ ဒီသိုးသားတွေကို အမေတို့အိမ်နီးနားချင်းတွေဆီ ပို့သင့်လားလို့ အဖေနဲ့ ဆွေးနွေးကြည့်တာ
ပိုကောင်းမယ်ထင်တယ်။”
“ကောင်းပြီ၊
ငါ နင်တို့အဖေကို သွားရှာလိုက်ဦးမယ်။”
“ဟုတ်ကဲ့”
မီးဖိုချောင်ကို
သန့်ရှင်းရေးလုပ်ပြီးနောက် ကျီကျောက်သည် ရိက္ခာပုံးကို ယူကာ သိုးသားကင် တစ်ပန်းကန်နှင့်
သိုးသားစွပ်ပြုတ် တစ်ပန်းကန်ကို ပြင်ဆင်ခဲ့သည်။
သူမ အပြင်ထွက်ခါနီးတွင်
ရှန်းယောင်သည် လက်ထောက်ဆိုင်ရှင်ယို့အား လိုက်ပို့ပေးပြီး အိမ်ပြန်ရောက်လာခဲ့သည်။
“အဲ့တာကို
ကိုယ်သယ်လိုက်မယ်” ရှန်းယောင်က ပြုံးပြုံးရွှင်ရွှင်နဲ့ သူမဆီ လှမ်းလာပြီး သူမ ရှေ့က
ရိက္ခာပုံးကို သဘာဝအတိုင်း လှမ်းယူလိုက်သည်။
“ရှင်…”
ကျီကျောက်ကို အပြုံးကို မထိန်းချုပ်နိုင်ပေ၊ “ကျွန်မ ဘယ်သွားမယ်ဆိုတာ ရှင်သိလို့လား။”
“မင်း
မြေကမ္ဘာဘုရားကျောင်းကို သွားမှာ မဟုတ်လား” ရှန်းယောင်က မျက်ခုံးပင့်လိုက်သည်။ “အရင်တုန်းက
မင်း အရသာရှိတဲ့ အစားအစာတွေကို ချက်ပြုတ်တဲ့အချိန်တိုင်း နှစ်ခုစီ အမြဲဖယ်ထားတယ်လေ။ တစ်ခုက မီးဖိုချောင်နတ်ဘုရားဖြစ်ပြီးတော့ နောက်တစ်ခုက
မြေကမ္ဘာဘုရားအတွက်မလား။”
“ရှင်
သိနေတယ်…” အချို့သော အကြောင်းပြချက်များအတွက် ကျီကျောက်သည် နားမလည်နိုင်စွာ ရှက်ရွံ့သွားမိသည်။
ရှန်းယောင်သည်
သူမကို တိတ်တဆိတ် အာရုံစိုက်ထားသည်မှာ သိသာထင်ရှားသည်။
ဩဂုတ်လနှောင်းပိုင်းဖြစ်၍
လေထုထဲတွင် ပင်လုံးကြိုင်ပန်းရနံ့များဖြင့် ပြည့်နှက်နေသည်။
“လာမယ့်ရက်ပိုင်းထဲ
ဆောင်းဦးပေါက်ပွဲတော် ရောက်တော့မယ်” သူတို့နှစ်ယောက်သား လယ်ကန်သင်းရိုးပေါ်တွင် လမ်းလျှောက်လာရင်း
ရှန်းယောင်က တိုးတိုးလေး ပြောသည်၊ “အရင်နှစ်တွေတုန်းက ခရိုင်မြို့က ဆောင်းဦးရာသီဆို
မီးပုံးပွဲတော် ကျင်းပတယ်။”
“ဒါဆို
အရမ်းတက်ကြွနေလောက်တယ်မလား” ကျီကျောက်က အနည်းငယ် တောင့်တမှုကို မထိန်းချုပ်နိုင်ပေ။
“တကယ့်ကို
အရမ်းအသက်ဝင်တယ်” ရှန်းယောင်က နူးညံ့သိမ်မွေ့စွာ ပြောပြလာခဲ့သည်၊ “အဲ့အချိန်ဆို မီးပုံးမျိုးစုံတင်မကဘဲ
ဆပ်ကပ်ပွဲတွေ ပြဇာတ်အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေလည်း ရှိတယ်။ ဒီဆောင်းဦးပွဲတော်ကျရင်
ကိုယ် မင်းကို ပွဲဈေးလျှောက်ဖို့ ခေါ်သွားပေးမယ် ဟုတ်ပြီလား။”
ဒါက ချိန်းတွေ့တာ
မဟုတ်ဘူးလားဟု ကျီကျောက် တွေးမိသည်။
ရှန်းယောင်က
ဒီလောက် ရိုမန့်တစ်ဆန်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
“ဟုတ်…
ဟုတ်ကဲ့”
သူမ၏
သဘောတူသံကိုကြားတော့ ရှန်းယောင်၏ မျက်ဝန်းထဲမှ အပြုံးရိပ်ဟာ နက်ရှိုင်းသွားခဲ့သည်။
သူတို့နှစ်ယောက်သား
မြေကမ္ဘာဘုရားကျောင်းသို့ ရောက်ပြီးနောက် ကျီကျောက်သည် မြေကမ္ဘာဘုရားရုပ်တုရှေ့တွင်
ဆွမ်းတော်တင်ကာ ဒူးထောင်ပြီး သူမ၏ မျက်လုံးတွေကို ညင်သာစွာ မှိတ်ထားသည်။
တစ်ဖက်မှာရပ်နေတဲ့
ရှန်းယောင်က သူမ၏ မျက်နှာကို တလေးတနက် ကြည့်လိုက်သည်။ သူမ၏ ရှည်လျားသော မျက်တောင်မွှေးလေးတွေက
လိပ်ပြာတောင်ပံတွေလို ညင်သာစွာ တဖျပ်ဖျပ် ခတ်နေသည်။
ရှန်းယောင်တစ်ယောက်
ရင်ခုန်သံ တစ်ချက် မြန်ဆန်သွားပြီး မသိစိတ်ကနေ သူမ အနား ချဉ်းကပ်သွားချင်မိသည်…
ရုတ်တရက်
သူမ၏ ပါးပြင်ပေါ်မှ နွေးထွေးသော လေငွေ့ကို ခံစားလိုက်ရသဖြင့် ကျီကျောက်တစ်ယောက် ထိတ်လန့်စွာ
မျက်လုံးဖွင့်လိုက်သည်…
“ရှင်…”
ကျီကျောက်သည် ရှန်းယောင်က သူမအနား ရုတ်တရက် ကပ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူမ
စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီး မျက်တောင်ခတ်လိုက်သည်။
ရှန်းယောင်က
အနည်းငယ် ပြုံးလိုက်ပြီး သူ့လက်ချောင်းတွေက ငှက်မွှေးလေးကဲ့သို့ သူမ ပါးပြင်ပေါ် ညင်သာစွာ
ကျဆင်းလာခဲ့သည်။
“ရပြီ၊
ပြာတွေ မရှိတော့ဘူး” ရှန်းယောင်က သူမရဲ့ တုန်လှုပ်မှုကို သတိပြုမိပြီး ပြုံးရယ်ကာ သူ့ညာဘက်လက်ကို
ပြန်ရုတ်သိမ်းလိုက်သည်။
“ပြာမှုန့်တွေလား”
ကျီကျောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်၊ “ကျေးဇူးပါ”
ငါပဲ
အတွေးလွန်နေတာများလား။
အခုပဲ
ရှန်းယောင်က သူမအနား ရုတ်တရက် ကပ်လာတော့ သူ တစ်ခုခုများ ဖြစ်နေလို့လားဟု သူမ တွေးမိသည်။
ကျီကျောက်သည်
ရှက်ရွံ့သလို ခံစားရပြီး သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။
သူမ၏
ရှက်ရွံ့နေသော မျက်နှာအမူအရာကိုမြင်လိုက်ရသောအခါ ရှန်းယောင်သည် သူ့နှလုံးခုန်နှုန်း
ပိုပိုပြီး မြန်ဆန်လာသလို ခံစားလိုက်ရသည်။
“မြေကမ္ဘာဘုရား၊
တပည့်တော် ကျီကျောက် အချိန်တိုင်း အရှင်ဘုရားရဲ့ ကာကွယ်ပေးမှုကို ကျေးဇူးတင်ပါတယ်”
ကျီကျောက်သည် သူမ၏ အာရုံကို ထွေပြားစေသော အတွေးများကို ဖယ်ရှားပြီး မြေကမ္ဘာဘုရားကို
ရိုသေစွာ ရှိခိုးကန်တော့သည်၊ “အရှင်ဘုရား စိတ်မပူပါနဲ့။ ဒီတပည့်တော်က ပေးထားတဲ့ ကတိစကားကို
ဘယ်တော့မှ မမေ့ပါဘူးဘုရား။ တပည့်တော်မ ပိုက်ဆံ အလုံအလောက် စုဆောင်းပြီးရင် အရှင်ဘုရားရဲ့
ကျောင်းတော်ကို ပြန်တည်ဆောက်ပြီး အရှင်ဘုရားကို ရွှေဆိုင်းကပ်လှူပါမယ်ဘုရား။”