အခန်း
(၁၂၀) – ခွေးကောင် ငါ နင့်ကို သေအောင် ကန်ပစ်မယ်
ကျီကျောက်သည်
ဒီကန်ချက်အပြီးမှာ အရမ်းပျော်သွားခဲ့သည်။
မူလပိုင်ရှင်
ငယ်ငယ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ပြန်တွေးပြီး ကျီဟွေ့ကို နောက်ထပ် ထပ်ကန်ဖို့
ဆန္ဒရှိခဲ့မိသည်။
ဒီခွေးကောင်ဖက်တီးက
ငယ်ငယ်လေးကတည်းက ရူးနေခဲ့တာပင်။
သူက မူလပိုင်ရှင်ကို
သူ့ခြေထောက်အောက် တွားသွားခိုင်းခဲ့ရုံသာမက မူလပိုင်ရှင်၏ ပါးစပ်ထဲ ရွှံ့တွေ သိပ်ထည့်ခဲ့ပါသေးသည်။
ထိုသူသာ
ငယ်စဉ်ကတည်းက မူလပိုင်ရှင်ကို မကြာခဏ အနိုင်ကျင့်ခြင်းမရှိပါက မူလပိုင်ရှင်သည် ချို့ယွင်းသော
ကိုယ်ရည်ကိုယ်သွေးကို ဖွံ့ဖြိုးစေလိမ့်မည် မဟုတ်ပေ။
တစ်ခါတစ်ရံတွင်
လူတစ်ဦး၏ အကျင့်စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေးသည် သူ့ရဲ့ မွေးဖွားရာဇာတိမိသားစုနှင့်
တိုက်ရိုက်ဆက်စပ်နေပါသည်။
“ငါ နင့်လိုခွေးကောင်ကို
သေအောင် ကန်ပစ်မယ်” ကျီကျောက်က အံတင်းတင်းကြိတ်ပြီး ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်သည်။
သို့ပေမယ့် သူမ၏ မျက်နှာပေါ် ပူလောင်နေတဲ့ အကြည့်တစ်စုံ ရောက်ရှိလာသလို ခံစားလိုက်ရသည်။
“ရှန်းယောင်၊
ကျွန်မ… ရှင်… သူ…”
“မင်းခြေထောက်
နာသွားလား” ရှန်းယောင်က သူမ၏ မျက်ဝန်းထဲ စိုက်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“အာ…”
ကျီကျောက်တစ်ယောက် လုံးဝ အံ့အားသင့်သွားခဲ့သည်။
“နောက်တစ်ခါ
အင်အား အများကြီး မသုံးနဲ့။ တကယ်လို့ မင်းခြေထောက်နာသွားရင် ဆုံးရှုံးရကျိုးမနပ်ဘူးမလား”
ရှန်းယောင်က ရုတ်တရက် သူ့လက်ကိုမြှောက်ပြီး သူမ၏ ပါးပြင်ကို ပွတ်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်၊
“ညစာအတွက် အိမ်ပြန်ရအောင်”
ရှန်းယောင်က
သူမကို ရှန်းမိသားစုအိမ်ခြံဝင်းထဲသို့ ပြန်မခေါ်သွားမချင်း ကျီကျောက်က စိတ်ရှုပ်ထွေးနေဆဲပင်။
ဒီစည်းချက်က
တစ်ခုခု မှားယွင်းနေသလား။
သူမ ကျီဟွေ့ကို
တိုက်ခိုက်ခဲ့သည့်အတွက် စကားတစ်ခွန်းမှ မပြောပေ။ ရှန်းယောင်က သံသယဖြစ်သင့်တယ်မလား။
ဘာဖြစ်လို့လဲ…
သူက သူမ၏ ခြေထောက် နာကျင်မှာကိုပဲ ဂရုစိုက်နေရတာလဲ။
အဝေးကို
ကန်ထုတ်ခံလိုက်ရသော ကျီဟွေ့သည် ရှန်းမိသားစုအိမ်ခြံဝင်းဆီသို့ ခက်ခက်ခဲခဲ တွားသွားတက်လာခဲ့သည်။
ကျီဟွေ့သည်
သူ့အင်အားတွေ အကုန်လုံးကို အသုံးပြုပြီး မီးခိုးရောင်တံခါးကို ဆက်ခေါက်ခဲ့သည်။
“ကျီအာ့ထောင်
နှလုံးသားမဲ့တဲ့ ခွေးမ၊ နင် ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့လေ။ ကျီအာ့ထောင် အခုချက်ချင်း
အပြင်ကို ထွက်လာခဲ့စမ်း။”
ကျီဟွေ့က
တံခါးကို ဆက်ခေါက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။
ခြံဝင်းထဲမှာ
ဟင်းသီးဟင်းရွက်တွေဆေးနေတဲ့ ကျီကျောက်က မသိမသာ မျက်မှောင်ကြုတ်လိုက်မိကာ ခြံထောင်မှာ
မှီထားတဲ့ ပေါက်ပြားကို ကောက်ကိုင်ပြီး အမြန်ထွက်သွားခဲ့သည်။
“ပါးစပ်ပိတ်ထားစမ်း”
ကျီကျောက်က ပေါက်ပြားကို ပင့်မြှောက်ပြီး ကျီဟွေ့ဆီ ဦးတည်ကာ အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။
“နင် အနားပတ်လည်မှာ ပြဿနာရှာနေတာတွေ ရပ်သင့်ပြီ။ ရှန်းမိသားစုက နင့်ကို မကြိုဆိုဘူး။
တကယ်လို့ နင် မရပ်သေးဘူးဆိုရင် ယုံချင်ယုံ မယုံချင်နေ ငါ နင့်ခွေးခေါင်းကို ပေါက်ပြားနဲ့
ပေါက်သတ်ပစ်မယ်။”
“အာ့ထောင်…
နင်၊ နင်၊ နင်… နင်ပြောတာကောင်းတယ်။”
ကျီဟွေ့သည်
အလွန်ထိတ်လန့်သွားကာ သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားကာ ကြောက်ရွံ့စွာ တံတွေးမျိုချလိုက်သည်။
သူ စိတ်ထဲကနေ
ကျိန်ဆဲလိုက်သည်။ ကျီအာ့ထောင်က ရှန်းမိသားစုထဲ လက်ထပ်ပြီး ဝင်သွားတာ ဘယ်နှရက်ရှိသေးလို့လဲ။
သူမက ဘာဖြစ်လို့ ဒီလောက်တောင် ပြောင်းလဲသွားတာလဲ။
“နင့်ကို
ငါ ဘာပြောသင့်တယ်လို့ထင်လဲ” ကျီကျောက်က မျက်လုံးမှေးပြီး နှာခေါင်းရှုံ့လိုက်သည်၊
“နင် ငယ်ငယ်လေးကတည်းက ငါ့ကို ဘယ်လိုအနိုင်ကျင့်ခဲ့တယ်ဆိုတာ မမေ့နဲ့။ ငါ နင့်ကို လက်စားချေဖို့
လာမရှာတာကိုတင် နင် ငါ့ကိုကျေးဇူးတင်သင့်တယ်။ နင်က ငါ့အိမ်တံခါးကိုတောင် လာခေါက်ဝံ့တယ်ပေါ့လေ။
ဘာလဲ။ နင့်အသက်က အရမ်းရှည်လွန်းတယ်လို့ နင်ထင်နေတာလား။ ဒါမှမဟုတ် နင် ငရဲဘုရင်နဲ့ အမြန်ဆုံး
သွားတွေ့ချင်လို့လား။”
“အာ့ထောင်
နင် အရမ်းမရက်စက်ပါနဲ့” ကျီဟွေ့က ဂုတ်ပုကာ တိုးတိုးလေး ရယ်လိုက်သည်၊ “ဘာပဲဖြစ်ဖြစ်
ငါတို့က မိသားစု တစ်ခုတည်းပဲလေ။ ငါတို့ရဲ့ မျိုးရိုးနာမည်က ‘ကျီ’ ပဲလေ။ ငါတို့ရဲ့ အသွေးအသားနဲ့
အရိုးတွေ ဆက်နွယ်နေတဲ့ မိသားစုတွေပဲ။”
“ထွက်သွား”
ကျီကျောက်က ဒီလိုလူစားမျိုးနဲ့ အချိန်ဖြုန်းဖို့ အရမ်းပျင်းတယ်။
“အာ့ထောင်
နင့်မိဘအရင်းတွေက ဘယ်သူတွေလဲဆိုတာ နင် မသိချင်ဘူးလား” ကျီကျောက်က အိမ်ထဲ ဝင်ဖို့ လှည့်သွားတာကိုမြင်တော့
ကျီဟွေ့က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်၊ “ငါ ငယ်ငယ်က နင့်ဆီက လုယူသွားတဲ့ ကျောက်စိမ်းဆွဲပြားကို
နင် မှတ်မိသေးလား။”
ကျီကျောက်သည်
‘ကျောက်စိမ်းဆွဲပြား’ ဟူသော စကားလုံးကို ကြားလိုက်သောအခါတွင် မသိစိတ်က မျက်ခုံးပင့်လိုက်မိသည်။
“ဘာကျောက်စိမ်းဆွဲပြားလဲ။”
“နင်
ခြောက်နှစ်အရွယ်အထိ နင့်လည်ပင်းမှာ ဝတ်ထားတဲ့ ကျောက်စိမ်းဆွဲပြားကို နင်မေ့သွားပြီလား”
ကျီဟွေ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်၊ “အာ့ထောင် နင့်ဝမ်းကွဲက အတော်လေး ဒုက္ခရောက်နေလို့ပါ။
နင် ငါ့ကို ဒီသေးငယ်တဲ့ ပြဿနာလေးကို ကူညီပေးမယ်ဆိုရင် ငါ နင့်ကို ကျောက်စိမ်းဆွဲပြား
ပြန်ပေးပါ့မယ်၊ ဟုတ်ပြီလား။”
“ကျီဟွေ့”
ကျီကျောက်က သူ့ကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲမှာ လှောင်ပြောင်ရိပ်တွေက အထင်းသား
အရှင်းသားပင်။ “နင့်ရဲ့ အဓိပ္ပါယ်မရှိ ပြောစကားတွေကို ငါယုံမယ်ထင်လား။”