Ch 91
Viewers 13k

အခန်း (၉၁) - အကြွင်းမဲ့ ကိုယ်ဝန်ဆောင်ခြင်း

 

ကျီကျောက်၏ ပြောစကားကိုကြားပြီး တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့သည်။

 

အကြီးဆုံးမရီးရှန်းသည် မသိစိတ်က ခေါင်းငုံ့ကာ သူမ၏ ဝမ်းဗိုက်လေးကို ကြည့်မိသည်။ သူမ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ အဆုံး၌ သူမသည် ခါးသီးစွာ ပြုံးပြီး ခေါင်းခါလိုက်သည်။ “မဟုတ်လောက်ပါဘူး။”

 

သူမ ရှန်းတာ့လန်နှင့် လက်ထပ်ခဲ့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်သည်။ သူမ ကလေးရဖို့ နည်းလမ်းများစွာ ကြိုးစားကြည့်ခဲ့သော်လည်း အချည်းနှီးပင်။

 

“အကြီးဆုံးမရီး အရင်ဆုံး စိတ်ဓာတ်မကျနဲ့ဦး” ကျီကျောက်က ချက်ချင်းဆိုသလို သူမ အနားကို လျှောက်သွားခဲ့သည်။ သူမ၏ အကြည့်တွေက နူးညံ့နေပြီး သူမ၏ အသံကလည်း သိမ်မွေ့နေသည်၊ “ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်တဲ့ ကိစ္စကလည်း ကံကြမ္မာအပေါ်မှာ မူတည်ပါတယ်၊ ဒါနဲ့ အခုအချိန်မှာ အစ်မ အန်ချင်ရုံအပြင် တခြား လက္ခဏာတွေရော ရှိသေးလား။”

 

ကျီကျောက်၏ အသံသည် နူးညံ့သိမ်မွေ့လွန်းသောကြောင့် အကြီးဆုံးမရီးရှန်း၏ နှလုံးသားထဲမှ စိုးရွံ့စိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

 

“ငါ့မှာ တခြားလက္ခဏာတွေတော့ မရှိဘူး။ မနေ့ညတုန်းကတော့ ငါ ဝက်ခြေထောက်ကင် ထပ်ကင်လိုက်သေးတယ်။ နင့်အစ်ကိုကြီးကလည်း အဲ့တာကို စားရတာ ကြိုက်တယ်လေ၊ ဒါပေမယ့် ငါ နှစ်ကိုက်လောက်တောင် မစားရသေးခင်မှာ ရင်ထဲ ဆို့နေသလို ခံစားရတယ်။ နောက်တော့ ငါလည်း ငါ့အခန်းဆီ အနားယူဖို့ ပြန်သွားခဲ့တယ်။ ခဏကြာတော့ နင့်အစ်ကို အနားကပ်တာနဲ့ ငါ အော့အန်တော့တာပဲ…” အကြီးဆုံးမရီးရှန်းက ပြောလေလေ အပြစ်ရှိသလို ခံစားရလေလေ ဖြစ်လာခဲ့သည်၊ “ငါ… ငါ ဘာမှားနေလဲ မသိပါဘူးဟယ်။ အရင်က ငါ့ရဲ့ အကြိုက်ဆုံး အစားအစာက ဝက်ခြေထောက်တွေပဲ၊ ဒါပေမယ့်… မနေ့က ငါ ဘာမှ မမျိုချနိုင်ဘဲ ရင်ဘတ်ထဲ အရမ်းပြည့်နေသလို ခံစားရတယ်။”

 

“တတိယခယ်မ၊ လူတစ်ယောက် သေခါနီးဆို ဘာမှ စားမဝင် သောက်မဝင်တော့ဘူးလို့ ညီမ ကြားဖူးတယ်… ငါ့အစ်မ… ငါ့အစ်မက…” ကုတင်နားမှာ မှီနေတဲ့ ဖုန့်ချွင်းယန်က အသက်ရှုရပ်မတတ် ငိုကြွေးနေရင်း ပြောလာခဲ့သည်။

 

“အဓိပ္ပါယ်မရှိတာ” ရှန်းတာ့ရှန်က ကမန်းကတန်း လျှောက်လာခဲ့သည်၊ “တုန်းမိန် မကြောက်နဲ့။ နင့်မှာ ဘယ်လိုရောဂါတွေပဲ ရှိနေပါစေ ငါတို့က မင်းကို လုံးဝ လျစ်လျူရှုမှာ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် နင် နေမကောင်းရင် ငါတို့ ကုသပေးမယ်။ တာ့လန် ဒီမှာ ငတုံးလို ရပ်မနေနဲ့။ နင့်မိန်းမကို ဆေးကုသဆောင်ဆီ မြန်မြန်ခေါ်သွားချေ။ ငါတို့ ဒီရောဂါကို ကုသဖို့ နှောင့်နှေးနေလို့ မဖြစ်ဘူး။”

 

“ဟုတ်ကဲ့ ဟုတ်ကဲ့” ရှန်းတာ့လန်သည် နောက်ဆုံးတော့ သူဘာလုပ်ရမယ်ဆိုတာကို သဘောပေါက်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့မိန်းမကို ကျောပိုးသယ်သွားခဲ့သည်။

 

စီရမ်ဆေးကုသဆောင်။

 

ဆေးပစ္စည်းများကို ခွဲခြားသော သမားတော်သည် ကျီကျောက်တို့တတွေ ပြန်လာတာကို မြင်တော့ ပဟေဠိဖြစ်သွားခဲ့သည်။ ရှန်းတာ့လန်က သူ့ဇနီးသည်ကို သမားတော်ရှေ့ လျင်မြန်စွာ ခေါ်သွားခဲ့သည်၊ “သမားတော်ကျန်း ငါ့မိန်းမ ဘာဖြစ်နေလဲဆိုတာ တစ်ချက်ကြည့်ပေးပါဦး။ မနေ့ညကတည်းက ငါ့မိန်းမက မကြာခဏဆိုသလို အော့အန်နေတယ်။”

 

“စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့။ ငါ သူမရဲ့ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ပေးမယ်။”

 

“သူမရဲ့ သွေးခုန်နှုန်းက ပုလဲတစ်လုံးလို ချောမွေ့နေသားပဲ။ စိုးရိမ်စရာ မရှိဘူး၊ ဒါက ပျော်ရွှင်မှုသွေးခုန်နှုန်းပဲ၊ သူမ ကိုယ်ဝန်ရှိနေပြီ” သမားတော်ကျန်းက ယုံကြည်ချက်အပြည့်ရှိသည့် အပြုံးမျိုး ပြုံးလိုက်သည်။

 

သမားတော်ပြောတဲ့ “ပျော်ရွှင်မှုသွေးခုန်နှုန်း” ဆိုတဲ့ စကားလုံးကို သူ့နားနဲ့ ဆက်ဆက်ကြားလိုက်တာနဲ့ ရှန်းတာ့လန်တစ်ယောက် ကြက်သေ သေသွားခဲ့သည်။ အကြီးဆုံးမရီးရှန်းရဲ့ မျက်နှာပေါ်မှာတောင် မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေသည်။

 

“အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်” ဖုန့်ချွင်းယန်က စိတ်လှုပ်ရှားစွာ ထခုန်လိုက်သည်၊ “ငါ နောက်ဆုံးတော့ တူလေး ရတော့မယ်။ ဒါ တကယ်ကောင်းတာပဲ။”

 

“ကျွန်မ… ကျွန်မမှာ တကယ် ကိုယ်ဝန်ရှိနေပြီလား” အကြီးဆုံးမရီးရှန်းက ဒါကို မယုံနိုင်သေးဘူး၊ “သမားတော်ကျန်း ဒါ အမှန်ပဲလား။”

 

“အမှန်ပေါ့။” သမားတော်ကျန်းက ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်၊ “မဒမ်ရှန်းက ကျွန်တော့်ရဲ့ ဆေးပညာ အရည်အချင်းကို မယုံကြည်လို့လား။ ပျော်ရွှင်မှုသွေးခုန်နှုန်းကိုတောင် မသိဘူးဆိုရင် ကျွန်တော် ဒီဆေးဆိုင်ကို ပိတ်ထားသင့်နေပြီ။”

 

“သမားတော်ကျန်း ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ကျွန်မရဲ့ အကြီးဆုံးမရီးက သမားတော်ကျန်းရဲ့ ဆေးပညာ အရည်အချင်းကို မေးခွန်းထုတ်တာ မဟုတ်ပါဘူး။” ကျီကျောက်က ကမန်းကတန်း ရှေ့ကို လှမ်းတက်ပြီး လေးနက်စွာ ရှင်းပြပေးခဲ့သည်၊ “ကျွန်မရဲ့ အကြီးဆုံးမရီးက အရမ်းအပျော်လွန်သွားလို့ပါ။ ကျွန်မ မရီးက ကလေးရဖို့ ဆုတောင်းနေတာ နှစ်အတော်ကြာပေမယ့် အကျိုးရလဒ် မရှိခဲ့ဘူး၊ အခု သူမမှာ ပျော်ရွှင်မှုသွေးခုန်နှုန်းကို စမ်းသပ်မိတယ်လို့ သိလိုက်ရတဲ့အခါ သူမ အရမ်းအံ့ဩဝမ်းသာသွားလို့ပါ။ ဒါပေမယ့် သူမမှာ သမားတော်ရဲ့ ဆေးပညာ အရည်အချင်းကို မေးခွန်းထုတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သမားတော်ကျန်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

 

“ဟားဟား…” သမားတော်ကျန်းက သူ့မုတ်ဆိတ်ဖြူဖြူတွေကို ပွတ်သပ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်၊ “ကလေးမလေး၊ နင်က ငယ်ပေမယ့် နင့်ရဲ့ စကားပြောစွမ်းရည်ကတော့ အံ့မခန်းပဲ။”

 

“သမားတော်ကျန်းရဲ့ ချီးကျူးစကားအတွက် ကျေးဇူးပါရှင်” ကျီကျောက်က ပြုံးပြီး ချီးကျူးစကားကို ကျေနပ်စွာ လက်ခံခဲ့သည်။