Ch 90
Viewers 12k

အခန်း (၉၀) – ရှန်းတာ့လန်တစ်ယောက် ခါးသီးနေသည်

 

ရှန်းယောင်က သူ့စိတ်ထဲမှ သံသယကို ဖျောက်လိုက်ပြီး ခေါင်းငုံ့ကာ ကြက်စွပ်ပြုတ်နှင့် ဖက်ထုပ်ကို တိတ်တဆိတ် စားသောက်လိုက်သည်။

 

ကျီကျောက်၏ ညှိုးငယ်နေသော မျက်နှာကို သူ့မျက်ဝန်းထောင့်မှ လှမ်းမြင်တော့ မျက်တောင်မခတ်ဘဲ မျက်ခုံးပင့်လိုက်မိသည်။

 

“ကောင်းပြီ” ရှန်းတာ့ရှန်က အရင်ဆုံး စားသောက်ပြီးစီးကာ ဇွန်းတွေ ပန်းကန်တွေကို အောက်ချလိုက်သည်။ သူက တောက်ပစွာ ပြုံးပြီး လှမ်းအော်လိုက်သည်။ “ဟေး ကျသင့်ငွေရှင်းမယ်။”

 

“အဖေ သမီး ရှင်းပါရစေ” ကျီကျောက်က အမြန်ထရပ်ပြီး အပြုံးနဲ့ ပြောလိုက်သည်၊ “ကျွန်မ ပိုက်ဆံယူလာပါတယ်။”

 

“ငါ ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ” ရှန်းတာ့ရှန်က သူ့အင်္ကျီရင်ဘတ်ထဲက မီးခိုးရောင် ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်သည်၊ “ဒါ့အပြင် ငါ့မှာ ပိုက်ဆံရှိတယ်။ နင့်အမေက ငါ့ကို လစဉ် အသုံးစရိတ် ကြေးပြား နှစ်ရာ ပေးတယ်။”

 

သူ့အဖေရဲ့ ဂုဏ်ယူဝံ့ကြွားသော အပြုံးကို မြင်လိုက်ရတော့ ရှန်းယောင်တစ်ယောက် သွေးတဒိတ်ဒိတ် တိုးသွားသလို ခံစားလိုက်ရသည်။

 

သူတို့ညီအစ်ကိုသုံးယောက်အတွက် လစဉ် အသုံးစရိတ်အနေနဲ့ ပေးတာက အနည်းဆုံး ကြေးပြား သုံးရာ ဆိုတာကို သူ့အဖေ မသိလောက်ဘူးထင်တယ်။

 

“အာ့ထောင် ငါတို့ ဆေးကုသဆောင်ကို သွားပြီးပြီ။ ငါတို့ ဖက်ထုပ်တွေလည်း စားပြီးပြီ။ ငါတို့ အခု အိမ်ပြန်လို့ရပြီလား” ရှန်းတာ့ရှန်က ပြုံးနေပြီး ဘာမှမပြောဘဲ ကျီကျောက်ကို စိုက်ကြည့်ကာ ရိုးရှင်းသော အပြုံးဖြင့် မေးလိုက်သည်။

 

“မပြန်ရသေးပါဘူး” ကျီကျောက်က သူမ၏ မျက်ဝန်းတွေ မှိတ်ကျလုမတတ်  ပြုံးရယ်လိုက်သည်၊ “အဖေ၊ ရှန်းယောင် ကျွန်မတို့ အစ်ကိုကြီးရဲ့ အစာသွပ်မုန့်ဆိုင်ကို သွားကြမယ်လေ။”

 

“ကောင်းပြီ” ရှန်းတာ့ရှန်က ခေါင်းညိတ်သည်။ သူလည်း သူ့အကြီးဆုံးသားကို မတွေ့ရတာ အချိန်အတော်ကြာပြီ။

 

ရှန်းတာ့ရှန်သည် လက်နောက်ပစ်ပြီး သူတို့နှစ်ယောက် ရှေ့ကနေ လျှောက်သွားခဲ့သည်။

 

ကျီကျောက်သည် နောက်ကနေ နီးနီးလေး လိုက်ပါလာပြီး တိတ်တဆိတ် တွက်ချက်နေသည်။ ကျီကျောက်သည် သူမ အဖေကို ရွာသို့ မပြန်ရန် တားမြစ်ဖို့ နည်းလမ်းရှာဖွေနေခဲ့သည်။

 

ရှန်းကျီးအစာသွပ်မုန့်ဆိုင်။

 

ရှန်းတာ့လန်သည် ယနေ့နံနက်တွင် လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော မုန့်တွေကို ကောင်တာမှာ ချခင်းနေချိန်တွင် အဝေးမှ ရင်းနှီးကျွမ်းဝင်သည့် ရုပ်ပုံလွှာများကို လှမ်းမြင်လိုက်ရသည်။ သူက သူတို့ အနားရောက်လာသည်နှင့် လျင်မြန်စွာ အပြုံးနဲ့ ဆီးကြိုနှုတ်ဆက်သည်၊ “အဖေ၊ တတိယညီလေး၊ တတိယခယ်မလေး၊ အဖေတို့တွေ မနက်စောစီးစီး ဘာအကြောင်းရှိလို့ ရောက်လာကြတာလဲ။”

 

“အစ်ကိုကြီး အဖေ မင်းကို လွမ်းလို့လေ” ကျီကျောက်က ပြုံးရယ်ပြီး အရင်ဆုံး စပြောလာခဲ့သည်။

 

ဒါကိုကြားတော့ ရှန်းတာ့ရှန်တစ်ယောက် မျက်နှာတွေ နီရဲသွားခဲ့သည်၊ “အဟမ်း၊ ဒီတလော ဆိုင်ရဲ့ စီးပွားရေး အခြေအနေ ဘယ်လိုရှိလဲ။”

 

“အရမ်းကောင်းပါတယ်။ အဖေ စိတ်မပူပါနဲ့” ရှန်းတာ့လန်က သူတို့ကို ဆိုင်ထဲ အမြန်ကြိုဆိုပြီး ပျော်ရွှင်စွာ မေးမြန်းခဲ့သည်၊ “အဖေ၊ ဒီမနက်စာ စားပြီးခဲ့ပြီလား။”

 

“ငါတို့ စားပြီးပြီ” ရှန့်တာရှန်က ခေါင်းညိတ်ပြီး “ငါ မင်းမိန်းမကိုလည်း မမြင်ပါလား။”

 

သူ့ဇနီးသည်အကြောင်းကိုပြောတော့ ရှန်းတာ့လန်တစ်ယောက် မျက်မှောင်ကြုတ်သွားသည်၊ “တုန်းမိန်က မနေ့ညကတည်းက တစ်ခုခု မှားနေသလိုပဲ။ သူက ကျွန်တော့်ကိုမြင်တာနဲ့ အန်ချင်နေတယ်။”

 

ရှန်းတာ့လန်တစ်ယောက် မှားယွင်းနေသလို ခံစားရသည်။

 

ရှန်းတာ့လန်တစ်ယောက် ခါးသီးနေသလို ခံစားရသည်။

 

မနေ့ညက သူ ပျော်ရွှင်စွာ ရေချိုးပြီးတော့ သူ့ဇနီးသည်နဲ့ အချိန်ကောင်းလေးတွေ ကုန်ဆုံးဖို့ ပြင်ဆင်ခဲ့သည်။

 

သူ့ဇနီးသည်က ရုတ်တရတ် မျက်နှာ အမူအရာ ပြောင်းသွားပြီး သူ့ကို တွန်းဖယ်ကာ အော့အန်သွားသည်။

 

“အကြီးဆုံးမရီး ဘာဖြစ်တာလဲ” ကျီကျောက်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်၊ “အစ်မ ဘယ်နေရာက နေမကောင်းတာလဲ။ သမားတော်ရော ပြပြီးပြီလား။”

 

“မပြရသေးဘူး…”

 

ကျီကျောက်သည် တစ်ခဏတာမျှ တွေးကြည့်ပြီးတော့ နောက်ဖေးခြံဝင်းထဲ တည့်တည့်လျှောက်ဝင်သွားခဲ့သည်။

 

ထိုအချိန်တွင် ကုတင်ပေါ်တွင် လဲလျောင်းနေသော အကြီးဆုံးမရီးရှန်းက အားနည်းဖျော့တော့စွာ သက်ပြင်းချလိုက်သည်။

 

“အစ်မ ညီမကို မခြောက်ပါနဲ့…” ဖုန့်ချွင်းယန်ရဲ့ မျက်လုံးတွေက နီရဲနေပြီး သူမ၏ အသံထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

 

“ဖျားနာတာက မြေပြိုနေသလိုပဲ” အကြီးဆုံးမရီးရှန်းက ဖုန့်ချွင်းယန်ရဲ့ ပျော့အိနေတဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း ညင်သာစွာ နှစ်သိမ့်ပေးသည်၊ “ချွင်းယန်၊ အစ်မကြီး တကယ်ထွက်သွားရင်… နင် ကိုယ့်ကိုကိုယ် သေချာဂရုစိုက်ရမယ်၊ ဟုတ်ပြီလား။”

 

“အစ်မ ဒီလိုမပြောပါနဲ့။ ညီမလေး ကြောက်တယ်၊ အဟင့်အဟင့်…”

 

ဖုန့်ချွင်းယန်က အကြီးဆုံးမရီး၏ လက်မောင်းကို ဖက်တွယ်ထားပြီး အသက်ရှုရပ်မတတ် ငိုကြွေးနေသည်။

 

ကျီကျောက် ဝင်လာချိန်မှာတော့ သူမ မြင်လိုက်ရတာက ညီအစ်မနှစ်ယောက်သား အချင်းချင်း ပွေ့ဖက်ပြီး အသက်ရှုရပ်မတတ် ငိုကြွေးနေတဲ့ မြင်ကွင်းပင်။

 

“ဒါက ဘာဖြစ်နေတာလဲ” ကျီကျောက်က ရှေ့ကို အလျင်စလို လျှောက်လာပြီး ကမန်းကတန်း မေးမြန်းလိုက်သည်၊ “အကြီးဆုံးမရီး၊ အစ်မ အဆင်ပြေရဲ့လား။”

 

“အော့…”

 

အကြီးဆုံးမရီးရှန်းတစ်ယောက် ပြန်မဖြေနိုင်ခင် ထပ်အန်ပြန်သည်။

 

ကျီကျောက် နောက်ကနေ အနီးကပ် လိုက်ပါလာတဲ့ ရှန်းတာ့လန်က မိန်းမောတွေဝေစွာ မေးမြန်းခဲ့သည်၊ “တုန်းမိန်က ဘာဖြစ်လို့ ထပ်အန်တာလဲ။ တတိယခယ်မလေးကို မြင်ရင်လည်း သူက အန်ချင်နေတာလား။”

 

ကျီကျောက်တစ်ယောက် သူမ၏ မျက်ဝန်းထောင့်စွန်းများ တုန်ယင်သွားသလို ခံစားလိုက်ရပြီး သူမ၏ နဖူးကို ကူကယ်ရာမဲ့စွာ ကိုင်ထားရုံမှတပါး ရွေးချယ်စရာ မရှိပေ။

 

“အကြီးဆုံးမရီး အစ်မမှာ ကိုယ်ဝန်ရှိနေပြီ။”