Ch 26
Viewers 1k

အပိုင်း (၂၆) သူမကို အလည်ခေါ်သွားတယ်

ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်၏ အချိန်ကိုက်ရောက်လာခြင်းက သည်ထက်ပိုပြီး ပြည့်စုံစရာ မရှိနိုင်တော့သလို ခံစားလိုက်ရတော့သည်။

သူမ၏မူလက အနားမရသည့်စိတ်အခြေအနေက အလွန်ကြည်လင်လာတော့သည်။

“စုန့်ဝဖျင် နင် ရောက်လာတာ ကောင်းလိုက်တာ၊ မဟုတ်ရင် ငါ အရမ်းဒေါသထွက်နေရမှာ”

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ဆီ အပြေးဝင်သွားလေသည်။ သူမသည် သူ့ရှေ့တွင် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် မသိစိတ်မှနေ၍ အတင်းစကား ပြောချင်သွားတော့သည်။

စုန့်ဝေဖျင်က သူမ ပြေးလာနေသည်ကို ကြည့်နေလိုက်၏။ သူမသည် အလွန်မြန်မြန်ဆန်ဆန် ပြေးလာသဖြင့် သူမ၏မျက်နှာက နီးမြန်းနေလေသည်။ သူမ၏ တကိုယ်လုံးကလည်း အလွန်တက်ကြွနေဟန်ပင်။

“ဘာဖြစ်လို့လဲ၊ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လို့လား” စုန့်ဝေဖျင်က မျက်မှောင်ကြုတ်လိုက်၏။

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး

“ကျောင်းက ကျောင်းသား ကျောင်းသူတွေက ခင်မင်ရလွယ်ပါတယ်၊ ကလေးမလေးတွေဆိုလည်း အရမ်းချစ်ဖို့ကောင်းတယ်၊ ဒါပေမဲ့ အခုလေးတင် ငါ့ဘေးနား အဓိပ္ပာယ်မရှိတာတွေ လာပြောနေတဲ့ လူတစ်ယောက် ပေါ်လာလို့၊ အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ၊ ငါ့အတွက် သူ့ကို နာနာလေး ရိုက်ပေးစမ်းပါ”

စုန့်ဝဖျင်၏မျက်နှာက ညိုမည်းသွားတော့သည်။ သူသည် ချက်ချင်းဆိုသလို သူမကို စက်ဘီးပေါ်တက်ဖို့ အမူအရာပြလိုက်ပြီး

“သူ ဘယ်မှာလဲ”

ရွှီရှောင်ကျောင်းက ကိုယ်ကိုလှည့်ပြီး ထမင်းစားဆောင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ သူမက ကျန်းသယ်ရှန်းက ခေါင်းပြန်လှည့်သွားပြီး အလန့်တကြား ကျောင်းတံခါးဂိတ်ဆီသို့ ပြေးသွားသည်ကို တွေ့လိုက်ရတော့သည်။

“သူပေါ့၊ ကျန်းသယ်ရှန်းတဲ့၊ ထွက်ပြေးသွားပြီ”

စုန့်ဝေဖျင်က စက်ဘီးပေါ်ပို စွေ့ခနဲခုန်တက်လိုက်ပြီး

“စောင့်နေ”

“နေပါအုံးးးး”

သူက အထုပ်အပိုးအများကြီးနှင့် လူတစ်ယောက်နောက် လိုက်ဖို့ပြင်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းသည် သူမထွက်သွားဖို့အရေး သူ့အင်္ကျီလက်ကို ဖမ်းဆွဲထားလိုက်တော့သည်။ သူမက ခဏလောက် စဥ်းစားလိုက်ပြီး

“နင် အခုမှ ဒီကိုခရီးတစ်ခေါက်ရောက်လာတာ၊ သူ့ကို  လွှတ်ထားလိုက်ပါ၊ နင်က သူ့ထက် အရပ်မြင့်ပြီး သူထက်လည်း အားပိုသန်ပါတယ်၊ သူ နင့်ကို ကြောက်ပြီး ငါ့ကို လာမရှာရဲတော့ရင် ရပါပြီ၊ နင် ဘာအရသာရှိတဲ့ အစားအသောက်တွေ ယူလာတာလဲ၊ ငါ နေ့လယ်စာ တစ်လုတ်တောင် မစားရသေးဘူး၊ ဗိုက်ဆာနေပြီ”

ဘာပဲဖြစ်ဖြစ်လေ ဒီတစ်ကြိမ် ဖြစ်ပြီးသွားရင် ကျန်းသယ်ရှန်းလည်း လာရဲတော့မှာမဟုတ်ပါဘူး။ ပြီးတော့ ငါလည်း နှစ်ရက် သုံးရက်နေရင် ပြန်တော့မှာပဲ။ စုန့်ဝေဖျင်ကို ဒုက္ခမပေးချင်ဘူး။ ထိုင်ပြီး စကားပြောတာက ပိုပြီးကောင်းတာမလား။

စုန့်ဝဖျင်သည် ကျောင်းဂိတ်တံခါးငယ်လေးမှ ကျန်းသယ်ရှန်း၏ပုံရိပ်ပျောက်သွားသည်အထိ ဆက်တိုက်ကြည့်နေလိုက်ပြီးမှ ရွှီရှောင်ကျောင်းကို ကြည့်ကာ

“ငါ မင်းအတွက်  မင်းအကြိုက်ဆုံးဝက်နံရိုးအနှစ်ချက်နဲ့ ငါးအရသာဝက်မျှင်ချက် ယူလာပေးတယ်၊ နွေးနေတုန်းပဲ ရှိသေးတယ်၊ စားချင်လား”

ရွှီရှောင်ကျောင်းသည် သည်စကားကို ကြားလိုက်ချိန်တွင် သူမ၏သွားရေများက စီးကျလာတော့မတတ်ပင်။

“စားမှာပေါ့၊ နင် စားပြီးပြီလား၊ သွားကြမယ်၊ ထမင်းစားခန်းထဲမှာ အတူတူသွားစားကြမယ်၊ အဘွား၊ အမေနဲ့ ရှောင်ကန်းတို့ကရော နေကောင်းကြလား၊ ငါ့မှာ နင့်ကို ပြောစရာတွေအများကြီးရှိတယ်”

သူမသည် ရောက်လာသည်မှာ သုံးရက်ရှိပြီဖြစ်ကာ အိမ်ကို စပြီး လွမ်းမိနေလေသည်။

စုန့်ဝေဖျင်က စက်ဘီးကို တွန်းရင်း သူမနှင့်ဘေးချင်းယှဥ်ကာ လျှောက်လာကာ

“အိမ်မှာ အားလုံးအဆင်ပြေတယ်၊ အားလုံးက မင်းကို စိတ်ပူနေကြတာ၊ မင်း ကောင်းကောင်းမစားနိုင် ကောင်းကောင်းမအိပ်နိုင်မှာ စိုးရိမ်နေကြတာ၊ ငါလည်း စိတ်ပူနေတာနဲ့ မင်းကို လာတွေ့တာ”

သူမ မစားနိုင်  မအိပ်နိုင်ဖြစ်နေတာကို စိတ်ပူတဲ့အပြင် မိန်းကလေးတစ်ယောက် အနိုင်ကျင့်ခံရမှာကိုလည်း သူ စိတ်ပူတယ်လေ။ သူမက ဘယ်လောက်တောင် ချောမောလှပလဲဆိုတာ သူက အားလုံးထက် ကောင်းကောင်းပိုသိတာကိုး။ ဟုတ်နေပါပြီ။ မျက်လုံးမပါတဲ့လူတစ်ယောက် ပေါ်လာပြီး သူမကို ဒေါသထွက်အောင် လုပ်သွားတယ်တဲ့။

စုန့်ဝေဖျင်သည် သူ့စိတ်ထဲတွင် စိတ်လေးနေမိသော်လည်း သူ့မျက်နှာကတော့ သိမ်မွေ့နေကာ

“ငါ မင်းအတွက် သရေစာမုန့် နည်းနည်းပါးပါးယူလာတယ်၊ နောက်မှ စားဖို့သိမ်းထားလို့ရတယ်”

စကားပြောရင်း သူက နွေးနေသေးသည့်ထမင်းကို ပြင်ဆင်ပေးကာ ရွှီရှောင်ကျောင်း၏ ထမင်းစားကတ်ကိုယူပြီး ပြတင်းပေါက်နား သွားလိုက်ကာ မန်ထိုနည်းနည်းသွားယူလိုက်၏။ မန်ထိုကို နှစ်ပိုင်း ပိုင်းလိုက်ပြီး သူမကို လှမ်းပေးလိုက်လေသည်။

စုန့်ဝေဖျင် လုပ်ထားသည့် အစားအသောက်ကို ရှူကြည့်လိုက်ပြီး ရွှီရှောင်ကျောင်းသည် ဗိုက်ဆာသွားတော့သည်။ သူမက နံရိုးကို ယူလိုက်ပြီး သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ တစ်ကိုက် ကိုက်လိုက်သည်တွင် ချမ်းသာသုခအတိ ဖြစ်သွားတော့သည်။ ဝိုး။ ဒီအရသာပဲ။

“စုန့်ဝေဖျင် နင့်အချက်အပြုတ်လက်ရာက  အကောင်းဆုံးပဲ၊ ဒီက ထမင်းစားဆောင်မှာလည်း နံရိုးတွေရှိတယ်။ နင့်လက်ရာလောက် လုံးဝကိုမကောင်းတာ”

သူမက ဝမ်းသာအားရ စားသောက်နေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝဖျင်က နေ့လယ်စာထမင်းဘူးကို သူမဘက်သို့ တွန်းပို့ပေးလိုက်ကာ

“မင်း အိမ်ပြန်ရောက် ငါ မင်းကို ထပ်လုပ်ပေးမယ်”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး စားသောက်ရင်း ပြီးခဲ့သည့်ရက်ပိုင်းက အကြောင်းများကို ပြောပြလိုက်လေသည်။

“အစ်မယုံယင်းက အရမ်းနွေးထွေးတယ်၊ အားလုံးက သူနဲ့ခင်ရတာကို သဘောကျကြတယ်”

“ဒီက ကလေးတွေက စိတ်ဝင်စားစရာကောင်းတယ်၊ ငါ အဲဒီကလေးမလေးတွေနဲ့တောင် ခင်သွားပြီ၊ သူတို့ကလည်း ငါ့လိပ်စာကို မေးပြီး ပြောနေကြတယ်၊ နောက်ဆိုရင် ငါ့ဆီ စာရေးမယ်တဲ့လေ”

“ကျန်းသယ်ရှန်းတစ်ယောက်ပဲ စိတ်ရှုပ်ဖို့ကောင်းတာ၊ အစတုန်းကတော့ သူက အဆင်ပြေတယ်လို့ ငါ ထင်ထားတာ၊ ကြည့်လိုက်ရတော့ သူ့ပုံက ရည်မွန်တဲ့ပုံနဲ့၊ သူ့ခေါင်းထဲမှာ ပလုံစီနေပြီး အသည်းအသန် ဖျားနာနေတာပဲ၊ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ၊ ဒီလိုလူများက အရိုက်ခံရဖို့ပဲ တန်တယ်၊ ဟန်ကွမ်းဟွေလိုလေ၊ သူ အရှုံးပေးပါတယ်လို့ ပြောတဲ့အထိ အရိုက်ခံဖို့ လိုနေတာ၊ ဒါမှပဲ သူ ဗွေမဖောက်မှာ”

သူမက စားရင်း ပြောဆိုလေသည်။ ရင်ပြည့်စေသည့်စကားများက စုန့်ဝေဖျင်ဆီသို့ အလုံးလိုက် ဝင်သွားတော့သည်။ သူမက ခံစားချက် ပြေလျော့သွားသည်ဟု ခံစားလိုက်ရကာ မမျှော်လင့်ဘဲ အစားလွန်သွားတော့သည်။

“ငါ ဗိုက်ပြည့်သွားပြီ”

သူမက ဗိုက်ကိုပွတ်သပ်လိုက်ပြီး

“ငါ စားလို့ပြီးပြီ၊ အရမ်းများသွားတယ်”

စုန့်ဝေဖျင်က ပါးစပ်အပြည့်တစ်လုတ် နှစ်လုတ်ဖြင့် သူမ၏လက်ကျန်များကို အပြီးသတ်လိုက်ကာ စားပွဲကို သန့်ရှင်းရေး လုပ်လိုက်လေသည်ဂ

“ဒီနေ့ မင်း အားနေတာဆိုတော့ စီရင်စုထဲမှာ လမ်းလျှောက်ဖို့ ခေါ်သွားပေးရမလား၊ ပြီးခဲ့တဲ့အခေါက်တုန်းက အဘွားနဲ့ လာတုန်းက ငါ မင်းကို သေသေချာချာ လိုက်မပြခဲ့ရဘူး”

ရွှီရှောင်ကျောင်း၏မျက်လုံးများက လင်းလက်သွားပြီး

“ကောင်းတယ် ကောင်းတယ်၊ ဒါပေမဲ့ စုန့်ဝေဖျင်ရယ် နင် ဘာလို့ စက်ဘီးဝယ်လိုက်တာလဲ၊ နင် လက်မှတ်ကို ဘယ်ကရတာလဲ”

သူမသည် မိသားစု၏ငွေကြေးအခြေအနေကို သိလေသည်။ သူတို့သည် ငွေရာချီအနည်းငယ် စုမိဆောင်းမိရှိသည့် လူများဟု မှတ်ယူနိုင်သည်။ ဒါက သိပ်မများသော်လည်း သူတို့သည် အစောကြီးကတည်းက စက်ဘီးလောက်တော့ ဝယ်နိုင်ခဲ့သည်။ လက်မှတ်ကို အလွယ်တကူ မရနိုင်သည်သာ။

စုန့်ဝေဖျင်က သူမကို ရေ လှမ်းပေးလိုက်ပြီး

“ငါ အရင်ကတည်းက တတိယအစ်ကိုလီကို ပြောထားတာပြီး စောင့်ကြည့်ခိုင်းထားခဲ့တာ၊ လက်မှတ်တစ်စောင်လောက် ရရင် ငါ့အတွက် ယူထားပေးပါလို့လေ၊ မနေ့က မြို့မှာ ပစ္စည်းကူချပေးဖို့ သွားတော့ သူ့မှာ ရနိုင်တဲ့နည်းလမ်းတစ်ခုရှိတယ်လို့ပြောလိုက်တာနဲ့ အတော်ဖြစ်သွားတာ၊ ဒါနဲ့ ငါ ဒီနေ့ လက်မှတ်သွားယူပြီး စက်ဘီးဝယ်ဖို့ စီရင်စုကို လာခဲ့တာပဲ၊ လမ်းမှာ ငါ မင်းနဲ့လည်း တွေ့လို့ရတယ်လေ”

နှစ်ယောက်သားက ထမင်းစားဆောင်မှာ ဘေးချင်းယှဥ်ကာ လျှောက်ပြီးထွက်လာလိုက်ကြသည်။ သူသည် လက်ကိုင်တန်းပေါ်တွင် ပစ္စည်းများကို ချိတ်လိုက်လေသည်။

“သွားကြမယ်၊ အရင်ဆုံး အဆောင်မှာ ပစ္စည်းတွေ သွားထားလိုက်၊ ပြီးရင် ငါ  မင်းကို အလည်ခေါ်သွားမယ်”

သူက စုံစမ်းထားပြီးသားပင်။ စီရင်စုတွင် ပန်းခြံကြီးတစ်ခု ရှိလေသည်။ ပန်းခြံထဲတွင် မေပယ်လ်ပင်များစွာ ရှိသည်ဟု ကြားထားသည်။ သစ်ရွက်ကြွေချိန်ဖြစ်ပြီး ရှုခင်းက အရမ်းလှပေသည်။

သူက ရွှီရှောင်ကျောင်းကို အတိုချုံ့ ပြောပြလိုက်၏။ ရွှီရှောင်ကျောင်းက မျှော်လင့်နေမိကာ

“ကြားရတာတော့ သိပ်လှတဲ့ပုံပဲ”

ပန်းခြံက  အမှန်ပင် အလွန်ပြီးမားပြီး ရှုခင်းက  အလွန်လှပလွန်းသည်။ ရွှီရှောင်ကျောင်းမှာ အနည်းငယ် နှမြောတသဖြစ်သွားတော့သည်။

“စုန့်ဝဖျင် ငါတို့မှာ ကင်မရာတစ်လုံးလောက် ရှိရင်ကောင်းမှာပြ၊ ဒီရှုထောင့်ကို ကြည့်လိုက် အရမ်းလှတာပဲ၊ ရှုခင်းပုံတစ်ပုံလောက် ရိုက်ရရင် အရမ်းလှမှာသေချာတယ်”

“ရေကန်ဘေးမှာလည်း မေပယ်လ်ပင် ရှိတယ်၊ ကြည့်လိုက်၊ မေပယ်လ်ရွက်တွေက ကန်ထဲကို ကြွေကျနေတာ၊ အရမ်းလှတာပဲ”

နှစ်ယောက်သားက ပန်းခြံထဲတွင် ဘေးချင်းယှဥ်လျှောက်လာလေသည်။  ဆောင်းဦးလေက တိုက်ခတ်လို့နေသည်။ မေပယ်လ်ရွက်များက မကြာခဏဆိုသလို သူတို့ခြေထောက်ဘေးတွင် ကွေ့ဝိုက်ကာကျလာခဲ့သည်။ ဆောင်းဦးလေထုဝန်းကျင်က အလှဆုံးအချိန်ရောက်နေသည်ပင်။

သူမပြောလိုက်သည့် စကားကို ကြားလိုက်တော့ စုန့်ဝေဖျင်၏ ပထမဆုံးတုံ့ပြန်မှုက မေပယ်လ်တောတွင် သူမ လမ်းလျှောက်နေသည့်ပုံကို ဓာတ်ပုံများရိုက်ထားနိုင်ဖို့ ကင်မရာတစ်လုံးလောက်ရှိလျှင် ကောင်းလိမ့်မည်ဟူ၍။

သူမက ဆံပင်များကို ဖြန့်ချထားလေသည်။ သူမ၏မဲနက်သည့်ဆံပင်က သူမ၏ပခုံးပေါ်တွင် ပြေကျနေသည်။ ပုံမှတ်ထက် ချစ်စဖွယ်အသွင်လျော့နည်းနေပြီး နူးညံ့သည့်ခံစားချက်ဘက်သို့ ပိုနေသည်။ မေပယ်လ်တောထဲတွင် လမ်းလျှောက်နေရာ သူမသည် ပန်းချီကားတစ်ခုနှယ်။

လူများကို တစ်သက်လုံး သိမ်းထားစေချင်စိတ်ဖြစ်စေသည့် ပန်းချီကားတစ်ချပ်ပင်။

“နောက်ကျရင် တစ်လုံးလောက် ဝယ်ပေးမယ်” သူက သူမ၏ဓာတ်ပုံများကို အများကြီး ရိုက်ယူထားလေသည်။

ရွှီရှောင်ကျောင်းက သေချာပြန်စဥ်းစားကြည့်လိုက်၏။ ရေဒီယို လူသိများလာတာ သိပ်မကြာသေးဘူးဆိုတော့ စီးပွားရေးအခွင့်အလမ်း ဖွင့်ပြီး စီးပွားရေး ပြန်နာလန်မထူလာခင်အထိတော့ ကင်မရာကို ရနိုင်အုံးမှာ မဟုတ်လောက်ဘူး။

“အဲတစ်ခုက ပိုပြီး ဝယ်ရခက်တယ်၊ ဒီအကြောင်းကို နောက်မှပြောကြရအောင်၊ ငါ့အထင်တော့ ငါတို့မိသားစုတွေ ဓာတ်ပုံဆိုင်ကိုသွားပြီး ဓာတ်ပုံတွေ ရိုက်ထားသင့်တယ်”

ငါက ဒါကို မတွေးဘဲ ဘယ်နေမှာလဲ။ ဒီခေတ်ထဲမှာ အချိန်မရွေး ကိုယ့်ဟာကိုဘ် ဓာတ်ပုံတွေ ရိုက်ထားလို့ရတဲ့ မိုဘိုင်းလ်ဖုန်းမှ မရှိတာလေ။ ဓာတ်ပုံရိုက်ချင်ရင် ဓာတ်ပုံဆိုင်ကိုသွားမှပဲ ရမှာ။

ငါလေးက အလှဆုံးအသက်အရွယ် ရောက်နေတာ ဓာတ်ပုံတစ်ပုံလေးတောင် မရှိဘူး။ ဒါကို ဘယ်လိုလက်ခံနိုင်မှာလဲ။

စုန့်ဝဖျင်က ခေါင်းညိတ်လိုက်ပြီး

“ငါတို့ ပြန်ရောက်ရင် ဓာတ်ပုံဆိုင်ကို သွားရတာပေါ့”

“အင်း ငါတို့မိသားစု အုပ်စုလိုက်ပုံတစ်ပုံတော့ ရိုက်ရအောင်၊ ငါလည်း အဝတ်အစားအမျိုးမျိုး ပြောင်းဝတ်ပြီး တစ်ယောက်ထဲပုံတွေ နည်းနည်းပါးပါးတော့ ရိုက်ချင်သေးတယ်”

အခုချိန်က အပြင်ဘက်မှာရိုက်တာ လူသိမများသေးတာ နှမြောစရာကောင်းတာပဲ။ မဟုတ်ရင် ရိုက်ကွင်းတစ်ခု နှစ်ခုလောက် ရိုက်ရရင်ပိုကောင်းမှာ။

စုန့်ဝေဖျင်သည် အားလုံးကို အလိုလိုသဘောတူပြီးသားပင်။

ညနေခင်းတွင် စုန့်ဝေဖျင်က အချိန်ဇယားပြည့်နေလေသည်။ ပထမဆုံး သူတို့သည် ညနေစာအတွက် အစိုးရပိုင်စားသောက်ဆိုင်သို့ သွားလိုက်ကြသည်။ ထို့နောက် သူက ရွှီရှောင်ကျောင်းကို ရုပ်ရှင် ခေါ်ပြလေသည်။

ရွှီရှောင်ကျောင်းသည် အရင်က လဟာပြင်ရုပ်ရှင်များကို ကြည့်ခဲ့ဖူးသော်လည်း ရုပ်ရှင်ရုံထဲတွင်တော့ တစ်ခါမှ မကြည့်ခဲ့ဖူးချေ။

“ညနေ၅နာရီထိုးနေပြီနော်၊ ရုပ်ရှင်ကြည့်ပြီးမှဆိုရင် အရမ်းနောက်ကျသွားလိမ့်မယ်၊ နင် ဘယ်လိုပြန်မှာလဲ”

စုန့်ဝေဖျင်သည် အစက သူမနှင့် တစ်နေကုန် အချိန်ဖြုန်းပြီး မြို့တွင် တစ်ညအိပ်ဖို့ စီစဥ်ထားခဲ့သည်။ နေ့လယ်က ကျန်းသယ်ရှန်းကိစ္စ ဖြစ်သွားပြီးနောက်တွင် သူက မပြန်နိုင်တော့ပေ။

“ရပါတယ်၊ ငါ တစ်ညလောက်တည်းဖို့ ဧည့်ဂေဟာတစ်ခု ရှာလိုက်ပါမယ်၊ မနက်ဖြန်မှ ပြန်တော့မယ်”

ရွှီရှောင်ကျောင်းက ထိုကိစ္စကို ခဏလောက်စဥ်းစားလိုက်၏။ သို့သော် ငြင်းစရာအကြောင်းက မရှိပေ။

“အဆင်ပြေပါတယ်၊ နင် မနက်ဖြန်ကျရင် စျေးထဲသွားပြီး အဘွားနဲ့အမေတို့အတွက် ဖြည့်စွက်စာ နည်းနည်းပါးပါး သွားဝယ်ပြီး အိမ်ယူပြန်လို့ရတာပေါ့”

“ကောင်းပြီ”

ရွှီရှောင်ကျောင်း သိထားသည်က သည်ခေတ်၏ ရုပ်ရှင်အားလုံးသည် တော်လှန်ရေး အနှစ်သာရ ပေးသည့် ရုပ်ရှင်များသာ ဖြစ်ကြလေသည်။ အချစ်ဇာတ်လမ်းရုပ်ရှင်များ ရှိလိမ့်မည်ဟု ထင်မထားခဲ့ချေ။

အစပိုင်းတွင် ရွှီရှောင်ကျောင်းသည် ရုပ်ရှင်က စိတ်ဝင်စားစရာကောင်းသည်ဟု တွေ့လိုက်ရသည်။ သည်အချစ်ဇာတ်လမ်းက ခေတ်ကာလ၏ ပြင်းထန်သည့်ဝိသေသလက္ခဏာများ ပါဝင်လေသည်။ တော်လှန်ရေးကာလ ချစ်သူစုံတွဲများအကြောင်းကို အချင်းချင်း သိလာစေပြီး အချင်းချင်း ချစ်မြတ်နိုးလာကြသည့်အကြောင်းပင်။ ရိုးရှင်းသော်လည်း နွေးထွေးပေသည်။

သို့သော် ရုပ်ရှင်ကြည့်လိုက်ပြီးမှ သူမက စပြီး ရှက်လာမိတော့သည်။

ရုပ်ရှင်ထဲက လူနှစ်ယောက်ကလည်း ဘာလို့ ကောက်ရိုးပုံထဲမှာပဲ ငြိစွန်းနေကြတာလဲ။ ငါလေး အဲဒီအကြောင်းကို လုံးဝနေပြီးပြီလေ။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်မှ အဲဒီနေ့ညက မြင်ကွင်းကို ပြန်သတိရလာပြန်ပြီ။ အီးဟီးဟီး။

စုန့်ဝေဖျင်၏လည်ပင်းပေါ်က ခံနိုင်ရည်ရှိသည့် အထိအတွေ့ကိုပင် သတိရသွားတော့သည်။

ရွှီရှောင်ကျောင်း  နင်တော့ တစ်ခုခုမှားနေပြီ။

သူမက ပါးကို ပုတ်လိုက်၏။ ရှက်ရွံ့မှုကြောင့် တစ်နည်းနည်းဖြင့် ဒေါသထွက်လာပြီး

“ဟဲ့ စုန့်ဝေဖျင် နင် ဒါကို တမင်လုပ်တာ မဟုတ်ဘူးမလား၊ ဟုတ်တယ်မလား၊ ကိစ္စက ပြီးသွားပြီလို့ သဘောတူပြီးသားလေ”

စုန့်ဝေဖျင်က ရယ်ချင်သွားတော့သည်

“ဘာကိစ္စလဲ၊ ငါ ဘာလို့ မမှတ်မိတာလဲ”

အဓိပ္ပာယ်မရှိတာ။ အဲဒီသိပြီးသားကောက်ရိုးပုံလေ။ အဲဒီရှက်စရာကောင်းတဲ့ကိစ္စ။ ရက်ပိုင်းပဲ ရှိသေးတာကို သူ မေ့သွားပြီဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး။

ဒါပေမဲ့လည်း သူ့ကို အဲအကြောင်း ထပ်ပြောဖို့က မဖြစ်နိုင်ဘူးလေ။

“နင် တမင် မလုပ်တာဆိုတာရင်တော့ ပိုကောင်းမယ်”

စုန့်ဝေဖျင်က သူမကို ရှုပ်ပွနေသည့်ဆံပင်ကို သပ်ပေးလိုက်ပြီး

“တမင်မဟုတ်ရပါဘူး၊ ရုပ်ရှင်ရုံကို ရုပ်ရှင်ကြည့်ဖို့ဆိုပြီး ဘယ်သူနဲ့မှ တစ်ခါမှမလာဖူးဘူး၊ မင်းက ပထမဆုံးပဲ၊ ရုပ်ရှင်က ဘာအကြောင်းဆိုတာ ငါက ဘယ်လိုလုပ်ပြီး ကြိုသိမှာလဲ”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး သူမ၏နှာခေါင်း တွန့်ရှုံ့လိုက်ကာ

“အဲလိုဖြစ်ရင် အကောင်းဆုံးပဲ”

သူမ၏ဒေါသထွက်နေသည့်  အမူအရာက အလွန်သိမ်မွေ့လေရာ လူများကို မကျီစယ်ဘဲမနေနိုင်အောင် ဖြစ်စေတော့သည်။ စုန့်ဝေဖျင်က သူမအနားသို့ ကပ်သွားလိုက်ပြီး

“ပြီးတော့ မတူဘူးလေ၊ အနည်းဆုံးတော့ အမျိုးသမီးရဲဘော်က အမျိူးသားရဲဘော်ရဲ့လည်ပင်းကို အရင်ဆုံး သိုင်းမဖက်လိုက်ဘူး”

“စုန့်ဝေဖျင်နော်”

ရွှီရှောင်ကျောင်းက သူ့လက်မောင်းကို ဆွဲဆိတ်လိုက်ပြီး

“နင် သေချင်လို့”

သူက မေ့ပါမယ်လို့ ကတိပေးထားတဲ့ကိစ္စကို ထုတ်တောင်ပြောရဲလိုက်သေးတယ်။

စုန့်ဝေဖျင်က သည်တစ်ကြိမ်တွင် တခိခိ တိုးတိုးလေး ရယ်မောလိုက်ပြီး

“အင်းပါ အင်းပါ၊ ငါက မင်းကို စတာပါ၊ ထပ်မပြောတော့ဘူးနော်”

ရွှီရှောင်ကျောင်းက ဖားပြုပ်လေးလို့ ပါးဖောင်းထားသည်ကို တွေ့လိုက်ရသဖြင့် သူသည် သူမ၏ပါးကို သွားမတို့ဘဲ မနေနိုင်ပြန်အောင် ဖြစ်သွားတော့သည်။

“အင်းပါ၊ ငါ မှားပါတယ်၊ စိတ်မဆိုးနဲ့တော့နော်၊ ငါတို့တွေက အခန်းဖော်ကောင်းတွေလို့ မင်းပဲ ပြောထားပြီးတော့၊ ငါက စတာပါ၊ အဲအကြောင်းထပ်မပြောတော့ဘူးနော်”

သူ့အသံထဲတွင် ရွှင်မြူးနေဟန်က တစ်ချိန်လုံးပါနေသည်။ အသံထဲတွင် ကျီစယ်နေသည့်ဟန်လုံးဝ မပါချေ။ အံ့ဩစရာက စိတ်မဆိုးနေမိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ရွှီရှောင်ကျောင်းသည် သူ ထိုစကားကို ပြောလိုက်ချိန်တွင် အနည်းငယ်စိတ်အေးသွားသေးသည်။

“ဒါဆို နင့်ကို အဲအကြောင်း ထပ်ပြောခွင့်မပေးတော့ဘူး၊ ငါက တမင်လုပ်တာ မဟုတ်လို့ ပြောထားပြီးသား၊ နင် မသိလို့ပါ၊ အဲဒီအချိန်တုန်းက ငါ့မှာ အိပ်တောင်ပျော်တော့မယ်၊ ငါ့လက်တွေက ငါ့စကားကို နားမထောင်ဘူးလေ ပြီးတော့ သူ့ဟာသူ နင့်နားဆီကနေ လည်ပင်းကိုရောက်သွားတာ”

သူမသည် အလွန်ဝမ်းပန်းတနည်း ပြောပြနေလေရာ အမြတ်ထုတ်ခံလိုက်ရသည့် အရုပ်မလေးတစ်ရုပ်လို ဖြစ်နေပြီး လူကြီးများကို တိုင်တောနေသယောင်။ အလွန်ချွဲနွဲ့ကာ သနားစဖွယ်ပင်။

စုန့်ဝေဖျင်က သူမ၏ခေါင်းကို ပုတ်လိုက်ပြီး

“အင်းပါ၊ အဲဒီအကြောင်း မပြောတော့ဘူးနော်”

သည်လို ဂယက်ထသွားပြီးနောက်တွင် ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့၏အပြန်အလှန် ဆက်ဆံရေးက ပိုပြီးသက်သောင့်သက်သာ ဖြစ်လာတော့သည်။ ရုပ်ရှင်၏ ဒုတိယပိုင်းကို အာရုံစိုက်နေသဖြင့် သူမသည် အဓိကဇာတ်ကောင်ကိုပင် ကိုယ်ချင်းစာမိလာတော့သည်။

ထိုခက်ခဲလှသည့်အချိန်အတွင်းက အပြန်အလှန်ထောက်ပံ့ပေးခြင်းက ရင်ထဲထိလှသည်။

“မင်း ဘာလို့ ငိုနေတာလဲ၊ ဒါက ရုပ်ရှင်လေ၊ ဟန်ပြသက်သက်ပါ”

စုန့်ဝေဖျင်က လက်ကိုင်ပဝါနှင့် သူမ၏မျက်ရည်များကို သုတ်ပေးလိုက်၏။

ရွှီရှောင်ကျောင်းက သူ့ကိုမော့ကြည့်လိုက်ပြီး

“အရမ်း ခံစားရတာပဲ၊ အမျိုးသမီးဇာတ်ဆောင်က ကောင်းလိုက်တာ ဒီလိုခက်ခဲတဲ့ကာလမျိုးမှာတောင် အမျိုးသားဇာတ်ဆောင်ကို အဖော်လုပ်ပေးခဲ့တယ်”

စုန့်ဝေဖျင်က သူမကို ငုံ့ကြည့်လိုက်ပြီး

“မင်းက သူ့ထက် ပိုကောင်းပါတယ်”

သူမက သူ့အခက်ခဲဆုံးအချိန်မှာ သူ့ကို လက်ထပ်ခဲ့ပြီး သူနဲ့အဘွားကို လုံးဝမျှော်လင့်မထားတဲ့ ပျော်ရွှင်မှုတွေ ပေးခဲ့တယ်လေ။

“အဲလိုမှ မဟုတ်တာ၊ ငါတို့တွေက အကျိုးတူ ပူးပေါင်းပြီး  အချင်းချင်းဆီကနေ အကျိုးအမြတ် ယူနေကြတာလေ၊ ဒါက ရုပ်ရှင်ထဲက အမျိုးသမီးဇာတ်ဆောင်နဲ့ မတူဘူး၊ ဒါက အရမ်းရင်ထဲထိပေမဲ့ ငါတော့ သူ့လိုမဖြစ်ချင်ဘူး”

ငါ့အိပ်မက်က ငါးဆားနယ်တစ်ယောက် ဖြစ်ဖို့လေ။

စုန့်ဝေဖျင်က သူမကို ငေးကြည့်လိုက်ပြီး

“အခု မင်းနေနေတဲ့ပုံစံကလည်း ကောင်းပါတယ်”

ညခင်းလေပြေက အနည်းငယ် အေးစိမ့်နေသည်။ ထို့ကြောင့် သူက လေလာရာဘက်တွင် ရပ်ကာ သူမကို လေကွယ်ထားပေးလိုက်ပြီး

“ငါ မင်းကို ပြန်ပို့ပေးမယ်နော်”

လမ်းတစ်လျှောက်တွင် စုန့်ဝေဖျင်က အစီအစဥ်အသေးစိတ်ကို သူမကို ပြောပြလိုက်၏။

“ငါ မနက်ဖြန် ပြန်မယ်၊ စက်ဘီးကိုတော့  မင်းဆီမှာထားခဲ့မယ်၊ အပြင်သွားရင် စက်ဘီးစီးသွားပေါ့၊ လမ်းမလျှောက်နဲ့”

သူက ဒီစက်ဘီးကို သူမသုံးဖို့ သီးသန့်ဝယ်လာတာလေ။

ရွှီရှောင်ကျောင်းသည် စက်ဘီးတစ်စီးရှိလျှင် အများကြီး ပိုအဆင်ပြေသည်ဟု ခံစားမိလေသည်။ သူမသည် ကားတစ်စီး၏ အဆင်ပြေချောမွေ့မှုကို လွမ်းမိသော်လည်း အခုတော့ မဝယ်နိုင်သေးချေ။ စက်ဘီးက စျေးပိုသက်သာသည်။ သူမသည် ခေါင်းညိတ်သဘောတူမည်ပြင်လိုက်ပြီးမှ အရေးကြီး မေးခွန်းတစ်ခုကို ရုတ်တရက် သတိရသွားတော့သည်။

“စုန့်ဝေဖျင် ငါ စက်ဘီးမစီးတတ်ဘူး”

သူမသည် အရင်ဘဝတွင် သီးသန့်ဒရိုင်ဘာတစ်ယောက် ထားခဲ့ပြီး သည်ဘဝတွင်လည်း သွားစရာရှိတိုင်း လမ်းလျှောက်ခဲ့ရသဖြင့် စက်ဘီးကို တစ်ခါလေးမှ မထိခဲ့ဖူးချေ။

စုန့်ဝေဖျင်လည်း ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

ငါဘာလို့ အရင်က စက်ဘီးစီး မသင်ခဲ့မိတာတဲ့လဲ။ စုန့်ဝေဖျင်က သူမကို အဆောင်တံခါးအထိ လိုက်ပို့ပေးသည့်တိုင် သူမမှာ စိတ်ဓာတ်ကျမိတော့သည်။

ရွှီရှောင်ကျောင်းက အဆောင်ဝင်ပေါက်တွင် မတ်တပ်ရပ်လိုက်ပြီး

“ဒီလိုပဲ လုပ်ရတော့မှာပဲ၊ အခုလောလောဆယ်တော့ ငါ့မှာ အချိန်မရွေး စက်ဘီးစီးသင်လို့ မရနိုင်သေးဘူး”

“ဒါဆို ငါ မင်းကို မနက်ဖြန်မနက် လာတွေ့မယ်နော်၊ မင်း စားချင်တာတစ်ခုခုရှိရင် အပြင်ကနေ မင်းအတွက် ယူလာပေးမယ်”

နှစ်ယောက်သားက အချိန်တော်တော်ကြာအောင် စကားပြောလိုက်ပြီးနောက် ရွှီရှောင်ကျောင်းက အခန်းဝင်ခဲ့တော့သည်။

စုန့်ဝေဖျင်က လှည့်ကာ ကျောင်းအပြင်သို့ လျှောက်ပြီးထွက်သွားလိုက်သည်။ သည်အခိုက်တွင် သူ့မျက်နှာက ရွှီရှောင်ကျောင်းအပေါ်ထားသလို လုံးဝ မသိမ်မွေ့နေတော့ချေေ။ သူ့ခန္ဓာကိုယ် အရောင်အဝါတစ်ခုလုံးက အလွန်မှ ညှို့မှိုင်းနေလေသည်။ သူသည် ကျန်းသယ်ရှန်းကို မှတ်မိနေဆဲ။ ရွှီရှောင်ကျောင်းက နောက်သုံးရက်နေလျှင် သူနှင့် အိမ်ပြန်ရမည်ဆိုလျှင်တောင် သူသည် ထိုလူကို အလွတ်ပေးဖို့ စိတ်ကူးလုံးမရှိပါချေ။