အပိုင်း (၂၇) တောင်တက်ခြင်း
ရွှီရှောင်ကျောင်းသည် အခန်းထဲဝင်လာသည်ချက်ချင်း ကျောက်ယုံယင်းက ပြုံးကာ သူမကို စနောက်တော့သည်။
“အိုး ရှောင်ကျောင်း ညီမ နောက်ဆုံးတော့ အခန်းထဲဝင်လာပြီပေါ့နော်၊ ပြီးတော့ အရမ်းလှတဲ့ပန်းလေးတွေလည်း ယူလာပါလား”
ရွှီရှောင်ကျောင်းသည် သည်နေ့တွင် ကျန်းသယ်ရှန်းကြောင့် ရွံရှာခဲ့ရသော်လည်း စုန့်ဝေဖျင် ရောက်လာသဖြင့် နေ့၏ကျန်သည့်အချိန်က အလွန်ပျော်စရာကောင်းခဲ့လေသည်။
“အစ်မယုံယင်း၊ ဒါက ကျွန်မရဲ့ခင်ပွန်းက ကျွန်မကို ပေးထားတာပါနော်”
သူမက ပုလင်းအလွတ်တစ်လုံးကို ရှာကာ ရေဖြည့်လိုက်ပြီး သူမ၏လက်ထဲက အပြာရောင်နှင်းပန်းများကို တစ်ပွင့်ချင်းစီ ထည့်လိုက်လေသည်။
ဒါတွေက သူတို့ ရုပ်ရှင်ကြည့်ပြီး အပြန်မှာ စုန့်ဝဖျင် ဝယ်ပေးလိုက်တာလေ။
အစကတော့ သူတို့တွေက လမ်းမကြီးအတိုင်း ပြန်လာမလို့ပါပဲ။ ဒါပေမဲ့ စုန့်ဝေဖျင်က အပြန်လမ်းမှာ ငါလေးကို ဒီလမ်းသွယ်လေးကနေ ခေါ်လာခဲ့တာ။ သူတို့တွေ လမ်းသွယ်လေးထဲဝင်လိုက်မှ အထဲမှာ ပန်းရောင်းတဲ့သူတွေအများကြီး ရှိနေတာ သိလိုက်ရတယ်။
ကျောက်ယုံယင်းက ထိုအကြောင်းကို စဥ်းစားလိုက်ပြီးမှ နားလည်သွားတော့သည်။
“အို အစ်မ သိတာပေါ့၊ ရုပ်ရှင်ရုံဘေးက လမ်းသွယ်လေးထဲက ဝယ်ခဲ့တာလား၊ အဲမှာ လူတွေက နေ့တိုင်း ပန်းတွေ ရောင်းကြတယ်လေ။ ညီမတို့လို လူငယ်စုံတွဲတွေဆီကနေ ငွေရှာဖို့ပေါ့။ ဘာပဲဖြစ်ဖြစ် ညီမရဲ့ခင်ပွန်းက ညီမကို အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံတာနော်”
ရွှီရှောင်ကျောင်းက မငြင်းပေ။ စုန့်ဝေဖျင်က ငါလေးကို အရမ်းကို ကောင်းကောင်းမွန်မွန ဆက်ဆံတာပါ။
ကျောက်ယုံယင်းသည် အချိန်အကြာကြီး အောင်သွယ်လုပ်လာခဲ့ခြင်းပင်။ သူမသည် တခြားစုံတွဲများက စိတ်တူကိုယ်တူဖြစ်နေသည်ကို မြင်ရလျှင် သဘောကျလေသည်။
“ညီမတို့တွေက ဆက်ဆံရေးကောင်းတစ်ခု ရှိပြီးသားပဲ၊ ညီမ အစောကြီးကတည်းက ပြန်လာပြီး နာရီဝက်လောက်အပြင်မှာ စကားပြောနေကြတာ အစ်မ ကြားသားပဲ၊ ညီမရဲ့ခင်ပွန်းက ညီမကို လွမ်းနေတာ အစ်မ မြင်နေရတယ်”
နာရီဝက်တောင် ကြာသွားတာလား။ ရွှီရှောင်ကျောင်းသည် သူတို့နှစ်ယောက်က စကား နည်းနည်းပါးပါးသာ ပြောခဲ့သည်ဟု ခံစားမိလေသည်။
သို့သော်ငြား နာရီဝက်ဆိုလျှင်တောင် သူမအနေနှင့်တော့ စိတ်အနှောင့်အယှက် မဖြစ်နေချေ။ စုန့်ဝေဖျင်နှင့် စကားပြောရလျှင် အချိန်တိုင်း အလွန်မှ သက်သောင့်သက်သာရှိလေသည်။
ရွှီရှောင်ကျောင်းက အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
“သူက ညီမကို စိတ်ပူနေတာလေ၊ ညီမ အပြင်မှာ အနိုင်ကျင့်ခံရမှာကို စိုးရိမ်နေတာ၊ ဒါကြောင့် သူက အစ်မကို ပိုပြီးတောင်းဆိုနေတာပေါ့”
ထိုသို့ပြောလိုက်မှ ကျောက်ယုံယင်းသည် နေ့လယ်က သူမ ကြားလိုက်သည့်စကားကို သတိရသွားတော့သည်။
“ကျန်းသယ်ရှန်းက ညီမကို ထပ်လာရှာသေးလား၊ ရှောင်ကျောင်း သူ ညီမကို ထပ်ပြီးလာရှာရင် အစ်မကို ပြောနော်၊ အစ်မက ခေါင်းဆောင်ဆီ သွားပြီး သူ့ကို တိုင်ကြားရလိမ့်မယ်”
သူမက နားကိုမလည်ဘူး။ ရွှီရှောင်ကျောင်းမှာ ခင်ပွန်းတစ်ယောက်ရှိပြီးသားပါဆို ကျန်းသယ်ရှန်းက သူမကိုနောက်လိုက်နေသေးတယ်တဲ့လေ။ ဒါက ဘာနဲ့တူသွားတာလဲ။ ဒီအတိုင်း စာရိတ္တပျက်ပြားတာပဲ။
ရွှီရှောင်ကျောင်းက ထပ်ပြီး ဒေါသအရမ်း ထွက်မနေတော့ချေ။
“ ဒီနေ့ ညီမ သူ့ကို သတိပေးလိုက်ပါတယ်၊ နောက်ဆိုရင် သူ ညီမကို ထပ်ပြီး လာရှာရဲတော့မှာ မဟုတ်ပါဘူး”
ပြီးတော့ ငါက နှစ်ရက် သုံးရက်နေရင် ပြန်တော့မှာပဲ။ နောက်ဆိုရင် ကျောင်းနဲ့လည်း ဘာအဆက်အသွယ်မှ ရှိတော့မှာမဟုတ်ဘူး။ ကျန်းသယ်ရှန်းကို ကိုင်တွယ်ဖို့က ပျင်းစရာကောင်းလွန်းပါတယ်။
သူမ မသိလိုက်သည်က သူမက ထိုကိစ္စကို ဆက်ပြီးမလိုက်ချင်တော့လျှင်တောင် စုန့်ဝေဖျင်ကတော့ အပေါ်ယံတွင် ဖြစ်နေသည့်ပုံနှင့် လုံးဝကွာခြားလေသည်။
နောက်တစ်နေ့တွင် စုန့်ဝေဖျင်နှင့် နေ့လယ်စာစားပြီးနောက် ရွှီရှောင်ကျောင်းက သူ့ကို ပြန်ဖို့ တိုက်တွန်းတော့သည်။ စက်ဘီးကိုလည်း သည်မှာ ထားခဲ့လို့မရနိုင်ပေ။ ထို့ကြောင့် သူက စက်ဘီးပြီး ပြန်ရတော့သည်။ ခရီးက နှစ်နာရီထက် ပိုကြာလိမ့်မည်။ နောက်ကျသွားလျှင် အေးလာလိမ့်မည်။ ထို့ကြောင့် စောစောပြန်သည်က ပိုကောင်းလေသည်။
စုန့်ဝေဖျင်က ကျောင်းဂိတ်တွင် ရွှီရှောင်ကျောင်းကို နှုတ်ဆက်လိုက်၏။ သို့သော်ငြား သူသည် အိမ်ပြန်လမ်း ရှိရာသို့ ထွက်သွားခြင်းတော့မဟုတ်ပေ။
သူသည် မနေ့ညက ကျန်းသယ်ရှန်း၏အခြေအနေကို စုံစမ်းထားပြီးဖြစ်လေသည်။ သူသည် သည်နေ့ အိမ်ပြန်ဖို့ စိတ်ကူးမရှိသလို ရွှီရှောင်ကျောင်းကို သည်အကြောင်း အသိပေးဖို့ ရည်ရွယ်ချက်လည်း မရှိပေ။
သူမက လွတ်လွတ်လပ်လပ် နေနိုင်ဖို့သာ သူ မျှော်လင့်ပေသည်။
ကျန်သုံးရက်တာအတွင်း ရွှီရှောင်ကျောင်းသည် လွတ်လပ်ပေါ့ပါးသည့်ဘဝတစ်ခုတွင် နေထိုင်ရလေသည်။ သင်တန်း သင်ရိုးကိုလည်း သတ်မှတ်ပြီးသွားခဲ့သည်။ ကျောင်းက သူမအတွက် အချိန်ကောင်းတစ်ခု သတ်မှတ်ပေးပြီးလျှင်တော့ သူမက သင်တန်းပို့ချပေးရန်သာ လိုတော့သည်။
သူမ ပြောသည့်စကားများက နားလည်လွယ်ပြီး မရှင်းမလင်းမဖြစ်လေရာ လူများကို ပျော်ရွှင်စရာကောင်းအောင် လုပ်ပေးလိုက်လေသည်။ ထို့ကြောင့် ပို့ချမှုဖြစ်စဥ်တစ်ခုလုံးက ချောချာမွေ့မွေ့ ပြီးဆုံးသွားတော့သည်။
နောက်ဆုံးအတန်းချိန် ပြီးသွားသည့်တိုင် ကျောက်က ညစာစားပွဲပါတီတစ်ခုကို စီစဥ်ပေးပြီး ရွှီရှောင်ကျောင်းကို ဘွဲ့ရသင်တန်းမှ ကျောင်းသား ကျောင်းသူများနှင့် ထမင်းတစ်နပ်စားပြီး နှုတ်ဆက်ပွဲ လုပ်ဖို့ ဖိတ်ခဲ့လေသည်။
ညစာစားပွဲအခြေအနေလေးက မဆိုးလှပေ။ ခေါင်းဆောင်က သည်တစ်ကြိမ် ရွှီရှောင်ကျောင်း၏ သင်တန်းကို အလွန်ကျေနပ်လေသည်။ သူသည် သင်တန်းကို ရက်အနည်းငယ် ဆက်တိုင်း သွားနားထောင်ခဲ့သဖြင့် အားလုံးက အလွန်စိတ်ပါဝင်စားကာ နားထောင်ကြပြီး အသေးစိတ်ကျကျ မှတ်စုယူကြသည်ကို သတိထားမိခဲ့သည်။
ထို့အပြင် ရွှီရှောင်ကျောင်းက အသေးစိတ်ရှင်းလင်းချက်များပါသည့် ဖတ်စာအုပ်တစ်ခုကို ပြင်ဆင်ထားခဲ့ပြီး ထိုစာအုပ်ကို ကျောင်းသို့ ပေးလိုက်သည်။ ကျောင်းသား ကျောင်းသူများက ထုတ်နုတ်ယူပြီး လေ့လာနိုင်လေသည်။ ဒါက ခေါင်းဆောင်ကို ပိုပြီး သဘောကျသွားစေတော့သည်။
သည်ဖတ်စာအုပ်မှာ ဟိုတုန်းက စုန့်ဝေဖျင် သူမအတွက် လုပ်ပေးထားသည့်စာအုပ် ဖြစ်နေသည်ကိုတော့ ပြောရန်ပင်မလိုချေ။
အခန်းထဲက မိန်းကလေးများက ရွှီရှောင်ကျောင်းနှင့် ဆက်ဆံရေးကောင်းမွန်ကာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားနေရသည်ဟု ခံစားနေရမှန်း သိနေသဖြင့် ခေါင်းဆောင်က စကားနည်းနည်းပါးပါး ပြောလိုက်ပြီးနောက် စင်ပေါ်က ပါးပါးနပ်နပ် ဆင်းလာခဲ့သည်။
ခေါင်းဆောင် ထွက်သွားပြီးနောက်တွင် အားလုံးက အများကြီး စိတ်ပေါ့ပါးသွားကြလေသည်။ မိန်းကလေးတချို့က ရွှီရှောင်ကျောင်းနားသို့ ချက်ချင်းဝိုင်းလာကြသည်။
“ဆရာမရှောင်ကျောင်း ကျွန်မ ရှင့်ကို သတိရနေမယ်နော်”
“ဟုတ်တယ်၊ တစ်ပတ်ကလည်း ဘာလို့အမြန်ကြီးကုန်သွားတာလဲ၊ ဆရာမ အခုမှ ရောက်လာသလို ခံစားရတယ်”
“ကျွန်မတို့တွေ တစ်ခါပဲ စျေးဝယ်ထွက်လိုက်ရတယ်၊ ကျွန်မက ဆရာမကို ကျွန်မတို့နဲ့အတူတူ ထပ်ပြီး စျေးဝယ်ထွက်ဖို့ ခေါ်သွားချင်သေးတာ၊ နောက်ဆုံးတစ်ခေါက်က ဆရာမ ကျွန်မကို ကူပြီးရွေးပေးတဲ့ လည်စည်းပဝါလေးလေ၊ အားလုံးက ပြောကြတယ်၊ လှပြီး ကျွန်မနဲ့ အရမ်းလိုက်တာပဲတဲ့”
အားလုံးက စကားစမြည်ပြောရင်း စိတ်အားတက်ကြွနေကြသည်။
ရွှီရှောင်ကျောင်းလည်း သည်မိန်းကလေးအဖွဲ့ကို အလွန်သဘောကျလေသည်။
“နောက်ပိုင်း ကျွန်မမှာ အခွင့်အရေးရလာခဲ့ရင် ရှင်တို့တွေဆီ လာလည်ပါ့မယ်”
“ကောင်းတယ် ကောင်းတယ်၊ ဒါဆို ဆရာမရှောင်ကျောင်းက သေချာပေါက် လာရမယ်နော်”
“ဟုတ်တယ်၊ ဆရာမကို နှောင့်ယှက်တဲ့လူတွေနဲ့ တွေ့မှာ မစိုးရိမ်ပါနဲ့”
သူမက လေသံဖြင့် ထိုစကားကို ထပ်ဖြည့်ပြောလိုက်လေသည်။ ထိုစကားက အဖွဲ့လေးထဲက လူများ၏ အာရုံကို ချက်ချင်းဆွဲဆောင်ထားလိုက်တော့သည်။
သူတို့အားသည် ထိုစိတ်အနှောင့်အယှက် ဖြစ်စရာလူက ကျန်းသယ်ရှန်းမှန်း သိကြလေသည်။
အစပိုင်းတွင် အားလုံးက ကျန်းသယ်ရှန်းသည် သူတို့၏ဆရာ ဖြစ်လာပုံကို စဥ်းစားမိကြပြီး သူတို့စိတ်ထဲတွင် လေးစားမှုတချို့ အမှန်ပင် ရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့်အခေါက် ထမင်းစားဆောင်တွင် သူ၏ ဒေါသထွက်နေသည့် မျက်နှာနှင့် ဆရာမရှောင်ကျောင်းကို နှောင့်ယှက်နေသည်ကို တွေ့လိုက်ရကတည်း သူတို့သည် ဘာမှ မပြောကြသော်လည်း သူ့ကို ရွံရှာခဲ့ကြလေသည်။
သည်တစ်ကြိမ် သူ့အတင်းသတင်းကို ကြားလိုက်သောအခါ အားလုံးက ချက်ချင်း နေရာရွှေ့လာကြသည်။
“ဘာကိစ္စလဲ၊ ဘာကိစ္စလဲ၊ ဆရာကျန်း ဘာဖြစ်သွားလို့လဲ”
အတင်းပြောသည့် မိန်းကလေးက ရွံရှာဟန်ဖြင့် သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး
“ဘာဆရာကျန်းလဲ၊ သူ ဆရာ ထပ်လုပ်နိုင်တော့မယ်လို့ ငါတော့ မထင်ဘူး”
သူမ၏ မိသားစုဝင်တစ်ယောက်က ကျောင်း၏ခေါင်းဆောင် ဖြစ်ပြီး မိသားစုအခြေအနေက အလွန်ကောင်းလေသည်။ သူမ၏အကျင့်စရိုက်က ခင်မင်လိုဖွယ်ကောင်းပြီး အားလုံးနှင့် ဆက်ဆံရေး ကောင်းမွန်သည်။ အဝတ်အစားအများကြီး ရှိသည့်အတွက်လည်း သူမက မကြာခဏဆိုသလို ကြောင်ကြောင်ကြားကြား အဝတ်အစားများ ဝတ်လေ့ရှိလေသည်။ သို့သော် ရွှီရှောင်ကျောင်းက သူမ၏ခန္ဓာကိုယ်တွင် အရောင်သုံးရောင်ထက် ပိုမဝတ်ဖို့ အကြံပေးလိုက်ပြီးကတည်းက သူမ၏ အဝတ်အစား ဝတ်သည့်အကြိုက်က ထိုးတက်သွားတော့သည်။ သူမနှင့် ရွှီရှောင်ကျောင်းတို့၏ ဆက်ဆံရေးကလည်း အလွန်ကောင်းမွန်သွားလေသည်။
သူမက လေသံကို နိမ့်လိုက်ပြီး ကိစ္စကို ဆွဲဆန့်မထားတော့ချေ။
“ငါ့အမေဆီက ကြားခဲ့တာ၊ အဲဒီကျန်းမျိုးရိုးက အရှုပ်အရှင်း ဆက်ဆံရေးတစ်ခု ရှိတယ်တဲ့၊ သူ့ကို ယောက်ျားရှိတဲ့ ဘေးအိမ်က အမျိုးသမီးရဲဘော်နဲ့ အတူတူဖမ်းမိခဲ့တာတဲ့၊ ပြီးခဲ့တဲ့နှစ်ရက်တုန်းက သူ့ကို အဲဒီယောက်ျားက တွေ့သွားတာတဲ့လေ၊ အဲဒါနဲ့ ဆူဆူညံညံတွေ ဖြစ်သွားတယ်တဲ့”
“အိုး ငါ့နှယ်”
“သူ့ကို ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းက မတွေ့တော့ပါဘူးလို့ မှတ်နေတာ၊ မဆန်းတော့ပါဘူး”
“ဟယ်၊ ရွံစရာကောင်းလိုက်တာ”
“သူက စာရိတ္တ ပျက်ယွင်းနေတာ မဟုတ်ဘူးလား”
အားလုံးက မျက်မှောင်ကြုတ်လိုက်ကြလေသည်။ သူတို့သည် မငယ်ကြတော့ပေ။ သူတို့ထဲက တချို့က အိမ်ကမိသားစု စီစဥ်ပေးထားသည့် ကြင်ဖက်များ ရှိပြီးသားဖြစ်သည်။ အားလုံးက ကျန်းသယ်ရှန်း၏ အခြေအနေကို သိကြလေသည်။
သူက ပြီးခဲ့သည့် နှစ်များတွင် ကြင်ဖက်တွေ့လာခဲ့ပြီး တစ်ခါလေးမှ သဘောမကျခဲ့ဖူးသည်ကို သူတို့အားလုံး သိကြသည်။ အတန်းထဲက လူတချို့ပင် သူ့ကို ဖွင့်ပြောခဲ့ကြသော်လည်း သူကတော့ ငြင်းခဲ့သည်ချည်းပင်။ သူ့စံနှုန်းက အလွန်မြင့်နေသည်ကလွဲလျှင် သူသည် တခြားအချိန်များတွင် ဖော်ရွေဟန် ရှိလေသည်။
သူက အကျင့်ကောင်းမွန်တဲ့ လူတစ်ယောက်လို့ သူတို့က ထင်ထားခဲ့တာလေ။ ဖွီး။
ရွှီရှောင်ကျောင်းသည် ကျန်းသယ်ရှန်းက ဤမျှကံဆိုးလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဒါက ကောင်းတာပဲ မလား။ သူ အခုလေးတင် ငါလေးကို ဒေါသထွက်အောင်လုပ်ခဲ့တာလေ။ အခုတော့ သူ့လုပ်ရပ်ကို ပြန်ခံစားလိုက်ရတာပဲ။ ဒီမှတ်တမ်းနဲ့ဆိုရင် နောက်ပိုင်းကျရင် သူ့အခြေအနေကို ပြင်ဆင်ဖို့ မေ့ထားလိုက်လို့ရပြီ။
စုန့်ဝေဖျင်က သူမကို လာကြိုချိန်တွင်တော့ သူမသည် သူမကို အလွန်ပြောပြချင်နေတော့သည်။
“ငါ သူ့ကို နောက်ကျရင် ထပ်တွေ့ရတော့မှာ မဟုတ်ပေမဲ့လေ သူ့ဘဝမှာ အမည်းစက်တစ်ခု ရသွားတာကိုတော့ ငါ အရမ်းပျော်တယ်”
ဒီလိုအကျင့်စာရိတ္တညံ့ဖျင်းတဲ့လူမျိုးက ဆရာတစ်ယောက်ဖြစ်ဖို့ လုံးဝမသင့်တော်ဘူးလေ။ သူက ကျောင်းသား ကျောင်းသူတွေကို လမ်းမှားပို့မိလိမ့်မယ်။
“သူ့ထိုက်နဲ့ သူ့ကံပဲပေါ့” စုန့်ဝေဖျင်က သည်အတိုင်း မှတ်ချက်ပြုလေသည်။
သူက သူ့လုပ်ရပ်များကို လုံးဝ ထုတ်မပြခဲ့ချေ။
သူသည် ကျန်းသယ်ရှန်းကို ဆွဲချနိုင်မည်ဟု ထင်မထားခဲ့ချေ။ အစက သူက ကျန်းသယ်ရှန်းရဲ့ အားနည်းချက်ကို ရှာပြီး ခြိမ်းခြောက်ပြီး ရိုက်ပစ်ချင်ခဲ့တာလေ။ ဒါပေမဲ့ သူက ဘေးအိမ်က အမျိုးသမီးရဲဘော်နဲ့ မတော်လျော်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေမှန်း မတော်တဆ သိလိုက်ရတယ်။
သူတို့နှစ်ယောက်က တိတ်တိတ်လေး အဲဒီကိစ္စကို လုပ်နေတာနဲ့ ကြုံခဲ့တာပဲ။ သူလည်း အိမ်နီးချင်းတွေကို ပတ်ပြီး စုံစမ်းလိုက်တယ်။ ကျန်းသယ်ရှန်းက လူရည်မွန်တစ်ယောက်လို့ သူတို့အားလုံးက ပြောကြတယ်လေ။ ထပ်ပြီး စုံစမ်းကြည့်တော့ အဲဒီမိန်းမရဲ့ယောက်ျားက စီရင်စုထဲက သံနဲ့ သံမဏိစက်ရုံမှာ အလုပ်လုပ်တာ သိလိုက်ရတယ်။ သူက လဝက်မှ တစ်ခါ အိမ်ပြန်လာတာတဲ့။ အဲဒီမိန်းမကလည်း ပုံမှန်ဆိုရင် မလိုအပ်ဘဲ အပြင်မထွက်တတ်ဘူးတဲ့။ အားလုံးရဲ့အမြင်မှာတော့ သူမက ရိုးသားတဲ့မိန်းမတစ်ယောက်ပဲ။ သူမက သူမရဲ့ယောက်ျားနောက်ကွယ်မှာ လင်ငယ်နေလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။
တမြန်နေ့ညကပေါ့။ စုန့်ဝေဖျင်က ကျန်းသယ်ရှန်း အဲဒီမိန်းမအိမ် သွားမှာကို သေချာသိလိုက်ရတယ်။ ဒါနဲ့ သူက အခွင့်အရေးကို အသုံးချပြီး အဲဒီမိန်းမရဲ့ယောက်ျားနဲ့ တွေ့ပြီး အိမ်က ကလေးက နေမကောင်းလို့ အပြင်းဖျားနေတာကြောင့် အိမ်ပြန်ခိုင်းတဲ့ စာတစ်စောင်ကို သူ့လက်ထဲ ထည့်ပေးလိုက်တယ်။ ဒါနဲ့ အဲဒီလူလည်း အိမ်ကို အပြေးပြန်လာတော့တာပေါ့။ ထင်ထားတဲ့အတိုင်းပဲ။ သိပ်မကြာခင်မှာပဲ ဆူညံသံတစ်ခု ထွက်လာခဲ့တယ်။
သိက္ခာကို တန်ဖိုးထားတဲ့ ဟန်ပြသက်သက် နေတတ်တဲ့ ဒီလိုလူမျိုးအတွက် သူ့ဂုဏ်သတင်းကို ဖျက်ဆီးပစ်တာက အကောင်းဆုံးပဲလေ။
စုန့်ဝေဖျင်သည် ကျန်းသယ်ရှန်၏ ကိစ္စကို ဘေးချိတ်ထားလိုက်ပြီး ရွှီရှောင်ကျောင်းနှင့် စကားပြောလိုက်လေသည်။
“အဘွား၊ အမေနဲ့ ရှောင်ကန်းတို့က မင်းကို အရမ်းသတိရနေကြတာ၊ မိသားစုက ဖက်ထုပ်လုပ်ထားတယ်၊ အရိုးကြီးကို ဟင်းအနှစ်နဲ့ချက်ထားတယ် ပြီးတော့ ငါးနဲ့မုန်လာထုပ်ချဥ်လည်း အသင့်ပဲ၊ ငါတို့ ပြန်ရောက်ရင် ငါ မင်းအတွက် လုပ်ပေးမယ်နော်၊ မင်းရော အိမ်ကို သတိရလား”
“သတိရတာပေါ့”
ရွှီရှောင်ကျောင်းက ခေါင်းတွင်တွင် ညိတ်လိုက်ပြီး
“စုန့်ဝေဖျင် နင် ပြောလိုက်မှ ငါ အခု အိမ်ကို ပိုလွမ်းသွားပြီ”
ဆောင်းရာသီ အစပိုင်းက ဝင်ရောက်လို့လာခဲ့သည်။ သည်နှစ်ရာသီဥတုက ကောင်းမွန်လေသည်။ မိန်လင်ရွာတွင် စပါးအထွက်နှုန်း တိုးလာသည့်အပြင် တည်ငြိမ်ပြီး ပေါများကြွယ်ဝသည့်နှစ်တစ်နှစ် ဖြစ်မည်က သာမန်မျက်စိနှင့်ပြင် မြင်နိုင်လေသည်။
သည်နှစ်တွင် စုန့်ဝေဖျင်၏ စီးပွားရေးလုပ်ငန်းလေးကလည်း ချောမွေ့ပြီး တည်ငြိမ်လာသည်။ အလျှံပယ် ပေါကြွယ်လှသည်။
သူနှင့် ရွှီရှောင်ကျောင်းတို့က သူ့အစီအစဥ်များအကြောင်း တိုင်ပင်လိုက်ကြသည်။
“တပ်ဖွဲ့မှာ အလုပ်မများသေးဘူး၊ စာရေးက ပြောတယ် သူက မင်းကို ရက်ပိုင်းလောက် နားခွင့်ပေးမယ်တဲ့၊ ငါလည်း ခွင့်တောင်းထားတယ်၊ မင်း တောင်ပေါ်ကို သွားလည်ချင်နေတာမလား၊ ငါ မင်းကို ခေါ်ပြီး တောင်ပေါ်မှာ သစ်ကြားသီးနဲ့ စွံပလွန်သီး သွားခူးပေးမယ်လေ”
ရွှီရှောင်ကျောင်းက လက်ခုပ်တီးကာ အားပေးချင်သွားတော့သည်။
“ကောင်းတယ်၊ စုန့်ဝေဖျင် နင်က အရမ်းကောင်းတာပဲ”
မနှစ်က သွားချင်ခဲ့တာလေ။ ဒါပေမဲ့ ပြီးတဲ့ ဆောင်းဦးနဲ့ ဆောင်းတွင်းတုန်းက ငါလေး အအေးမိသွားခဲ့တယ်။ ဆောင်းဦးလေးက အေးတာကိုး။ ဝူချွန်းဟွားနဲ့ စုန့်ဝေဖျင်တို့က ငါလေးကို သွားခွင့်မပေးခဲ့ဘူး။ ဒီနှစ်တော့ ငါလေး သွားလည်ရတော့မယ်တဲ့။
ဘက်စ်ကား ရောက်လာချိန်တွင် သူတို့နှစ်ယောက်က ဘက်စ်ကားပေါ် တက်လိုက်ကြပြီး ထိုင်ခုံတွင် ဘေးချင်းယှဥ်ထိုင်လိုက်ကြသည်။ စုန့်ဝေဖျင်သည် ဘက်စ်ကားက စီရင်စုမြို့မှ ဖြည်းဖြည်းချင်း ထွက်သွားချိန်မှ တဖြည်းဖြည်း စိတ်အေးသွားတော့သည်။ သူ စိုးရိမ်မိတယ်လေ။ ရွှီရှောင်ကျောင်းက မြို့ရဲ့ကြီးပွားချမ်းသာမှုထဲမှာ နေခဲ့မှာ သူ စိုးရိမ်တယ်။ သူမက အိမ်ပြန်လာပြီး လုပ်ရမဲ့ ကိစ္စတွေကို စိတ်လှုပ်ရှားတဲ့ပုံနဲ့ တိုင်ပင်တာကို မြင်လိုက်ရမှပဲ သူ့မှာ ဖြည်းဖြည်းချင်း သက်ပြင်းချပြီး အသက်ရှူနိုင်တော့တယ်။
ရွှီရှောင်ကျောင်းသည် အိမ်ပြန်ရောက်ချိန်တွင် ဝူချွန်းဟွားနှင့် အဘွားစုန့်တို့၏ မဆုံးနိုင်သည့် နှုတ်ဆက်သံများကို ကြားရသည်က အမှန်ပင်။
“အို ငါ မြင်တာတော့ ငါတို့ရှောင်ကျောင်းက အရမ်းပိန်သွားတာပဲ”
သည်စကားက လူကြီးသူမတိုင်း လူငယ်များကို ကြိုဆိုချိန်တွင် ပြောရမည်စကားပင်။ အသက်အရွယ်တိုင်းတွင် ခြွင်းချက်တစ်ခုတော့ ဘယ်တော့မှမရှိခဲ့ချေ။
“ဟုတ်ပါ့ ဟုတ်ပါ့၊ ဒီကလေးက ပင်ပန်းခဲ့တာပဲ ဖြစ်ရမယ်၊ ဒါက ဂုဏ်ယူစရာတစ်ခု ဆိုပေမဲ့ အမေကတော့ အမြဲစိတ်ပူနေရတာ၊ ကောင်းလိုက်တာ၊ နောက်ဆုံးတော့ သမီး ပြန်လာပြီ”
“မမ သင်တန်းက ဘယ်လိုနေလဲ၊ သူတို့တွေ ဆွံ့အသွားကြတယ်မလား”
ဒါသည် ရိုးသားလှသည့်မောင်ဖြစ်သူထံမှ ချဲ့ကားလွန်းသည့်မြောက်လုံးတစ်ခုပင်။
ရွှီရှောင်ကျောင်းသည် သူမက ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ခဲ့ကြောင်း အရင်ဆုံး ပြောရသည်။ ထို့နောက်တွင်မှာ ရွှီရှောင်ကန်း၏မေးခွန်းကို ဖြေလိုက်လေသည်။
“မဟုတ်လို့လား၊ ငါက အဲမှာ ရပ်ပြီး သင်တန်းပို့ချခဲ့တာ၊ သူတို့အားလုံးက နားစွင့်ထားတာပေါ့၊ အတန်းပြီးတဲ့အချိန်ကျတော့ အဲဒီကျောင်းသူ ကျောင်းသားတွေက မိုးခြိမ်းသံလိုပဲ လက်ခုပ်တီးပြီး အားပေးကြတာ၊ ငါ့ကို ပြောစမ်း၊ နင့်အစ်မက တော်တယ်မလား”
ရွှီရှောင်ကန်းက ဆွံ့အသွားတော့သည်။ များလှစွာသော အလုပ်သမား၊ လယ်သမားနှင့် စစ်သားကောလိပ်ကျောင်းသားများက အစ်မဖြစ်သူကို လက်ခုပ်တီးပြီး အားပေးကြသည့်အကြောင်း စဥ်းစားနေလိုက်၏။ ထိုမြင်ကွင်းက အံ့ဩဖွယ်ရာပင်။
သူ့သူငယ်ချင်းတွေကို ကြွားဖို့ အကြောင်းထပ်ရသွားပြီ။
“မမ နင်က အရမ်းတော်တာပဲ”
ရွာအတွက် သည်ရရှိလာသည့် ဂုဏ်ယူစရာကိစ္စကြောင့် ရွာထဲတွင် ရွှီရှောင်ကျောင်း၏အဆင့်သည် အများကြီး ထိုးတက်သွားတော့သည်။ ထို့အပြင် စပါးအထွက်နှုန်းတို့စေသည့် သူမ၏လုပ်ဆောင်ချက်က တစ်ရွာလုံးကို အကျိူးများစေခဲ့သည်။ အားလုံးက သူမအပေါ် ပိုပြီးခင်မင်လာကြတော့သည်။
ထို့ကြောင့် သူတို့နှစ်ယောက်က တောင်ပေါ်တက်မည် ပြင်လိုက်စဥ်တွင် ဦးလေးနှင့် အဒေါ်များက သူတို့ကို တွေ့လိုက်တော့ သူတို့နှင့် စကားပြောနှုတ်ဆက်ကြသည်။
“ရှောင်ကျောင်း ဒီမှာ ဘာလုပ်နေတာလဲ၊ ဪ တောင်ပေါ် သွားလည်မလို့ပဲ၊ သွားသင့်ပါတယ်၊ ဒီဆောင်းဦးကောက်ရိတ်ပွဲက ပြီးသွားပြီလေ၊ ကောင်းကောင်းအနားယူရမဲ့ အချိန်ပဲ၊ ကောင်လေးဖျင် နင် ရှောင်ကျောင်းကို ဂရုစိုက်နော်”
“ပြီးခဲ့တဲ့ ရက်တွေတုန်းက အရှေ့ဘက်ခြမ်းမှာ တောဆီးသီးတွေ အများကြီး ရှိတယ်လို့ ငါ့ကလေးက ပြောတယ်၊ အဲဘက်သွားပြီး ကြည့်လိုက်ကြအုံး၊ အဲဖက်မှာ ကျောက်တုံးတွေ အရမ်းများတယ်နော်၊ ရှောင်ကျောင်း ကိုယ်တိုင်မခူးနဲ့၊ ကောင်လေးဖျင်ကို နင့်အတွက်ခူးခိုင်း”
“အိုး နင်တို့ လူငယ်အတွဲက ဆက်ဆံရေး ကောင်းလိုက်တာ၊ ပြောပါတယ်၊ နင်တို့ကလေးနှစ်ယောက် လိုက်ပါတယ်ဆို၊ ဒါဆို သွားကြတော့”
“ရှောင်ကျောင်း နင်လေ ဘာလို့ အရမ်းကံကောင်းတာလဲ၊ နင့်ကို ကြည့်စမ်းပါအုံး၊ အဲဒီကောလိပ်ကျောင်းသားတွေကို သင်တန်းပေးနိုင်တယ်တဲ့၊ အံ့ဩစရာကောင်းလိုက်တာ၊ ကောင်လေးဖျင် နင်လေ နင့်ရဲ့ကံကောင်းခြင်းလေးကို တန်ဖိုးထားပြီး ရှောင်ကျောင်းကို ကောင်းကောင်း ဆက်ဆံရမယ်နော်”
ရွာက မကြီးပေ။ သူတို့နှစ်ယောက်သည် ငေးမောရင်း နာရီဝက်ကျော် လျှောက်ကာ ထွက်လာခဲ့လေသည်။ သည်နေရာတွင် စကားတစ်ခွန်း။ ဟိုနေရာ စကားနည်းနည်း။ သူတို့သည် ရပ်လိုက် သွားလိုက် အကြိမ်ကြိမ်လုပ်ခဲ့ရပြီးမှ ရွာထဲက ထွက်လာနိုင်တော့သည်။
ရွှီရှောင်ကျောင်းက ရွှင်မြူးနေ၏။
“စုန့်ဝေဖျင် ငါ့တော့ မိန်လင်ရွာမှာ နာမည်ကြီးတစ်ယောက်ဖြစ်နေပြီ၊ ငါ့နာမည်ကြီးနေမှုကြီးကို ကြည့်စမ်းပါအုံး”
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး
“အမြင့်ကြီးပဲ”
သူသည် အလွန်တည်ကြည်စွာ ကြွားဝါလိုက်လေသည်။ လူတွေက စိတ်ရင်းလေးတစ်ခုကိုတောင် မခံစားမိဘဲ ဘယ်နေပါ့မလဲ။ ရွှီရှောင်ကျောင်းက သူ့ကို လှမ်းပုတ်လိုက်ပြီး
“ငါကတော့ နင်က သရော်နေတာလို့ ထင်တာပဲ”
စုန့်ဝေဖျင်က စကားနည်းနည်းထပ်ပြောလိုက်လေသည်။
“အရင်က ငါ အပြင်ထွက်ရင် ဘယ်သူမှ ငါ့ကို စကားမပြောကြဘူးလေ၊ ပြီးတော့ ငါ့ကို ဂြိုဟ်ဆိုးတစ်ကောင်လို့ပဲ တွေးကြတာ၊ အခုတော့ ငါ မင်းကို လက်ထပ်လိုက်လို့ အားလုံးက ငါ့ကို ကံကောင်းတဲ့လူလို့ ထင်သွားကြပြီ”
သူသည် ထိုစကားကို ပြောလိုက်ချိန်တွင် ရွှီရှောင်ကျောင်းသည် တစ်ချိန်ထဲတွင် စိတ်မကောင်းဖြစ်သလို ဂုဏ်ယူမိသလို ခံစားရလိုက်တော့သည်။ သူ အရင်က ရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲတဲ့ဘဝအတွက် စိတ်မကောင်း ဖြစ်မိတာပါ။ ဂုဏ်ယူမိတာကတော့ ငါလေး သူ့ဆီယူလာပေးခဲ့တဲ့ ကံကောင်းခြင်းနဲ့ အပြောင်းအလဲတွေကြောင့်ပေါ့။
“ဒါဆို နောက်ဆိုရင် နင်ငါ့ကို ကောင်းကောင်း ဆက်ဆံရမယ်နော်၊ ငါလည်း နင့်ကို ကောင်းကောင်း ဆက်ဆံမယ်၊ ငါတို့တွေ တစ်သက်တာ အခန်းဖော်ကောင်းတွေ လုပ်ကြမယ်”
စုန့်ဝေဖျင် : ....
သူက အခန်းဖော်ကောင်းတစ်ယောက်လို အဲဒါနဲ့တူတာမျိုးလည်း မလုပ်ချင်ပါဘူး။
“ဒီမှာ ကျောက်ဆောင်တွေအများကြီးရှိတယ်၊ သတိထားနော်”
စုန့်ဝေဖျင်က သူမကို ပြန်မဖြေဘဲ လမ်းသွယ်လေးရှေ့တွင် ရပ်လိုက်ပြီး သူမကို သတိပေးလိုက်သည်။
ရွှီရှောင်ကျောင်းလည်း အာရုံပြောင်းသွားကာ
“ဒီတောင်က မြင့်တဲ့ပုံမပေါ်ဘူး၊ တက်ရလွယ်လား”
စုန့်ဝေဖျင်က ခေါင်းခါလိုက်ပြီး
“မြင့်တဲ့ပုံ မပေါ်ပေမဲ့ တကယ်တော့ မနိမ့်ဘူး၊ တောင်ပေါ်မှာ ကျောက်ဆောင်တွေအများကြီးနဲ့ သစ်ပင်တချို့ရှိတယ်၊ တချို့တောဆီးသီးပင်တွေ၊ သစ်ကြားသီးပင်တွေနဲ့ ထင်းရှူးပင်ကလွဲရင် ဘာမှမရှိဘူး၊ ရှေ့ဆက်ပြီး တက်ဖို့က ခက်တယ်၊ အားလုံးက ကျောက်ဆောင်တွေချည်းပဲ”
သူက ခေါင်းကိုအလှည့်တွင် ရွှီရှောင်ကျောင်းက ကျောက်ဆောင်တစ်ခုကို မတော်တဆ ခလုတ်တိုက်မိတော့မလို ဖြစ်သွားလေသည်။ သူက သူ့ကို တွဲပေးဖို့ရန် သူမ၏လက်ကို မြန်မြန်လှမ်းဆွဲထားလိုက်တော့သည်။
“ဒီလိုလုပ်လေ၊ ငါ မင်းကို အပေါ်ကို ချီသွားပေးရမလား”
...