အပိုင်း (၂၅) မင်းကို ကြည့်နေမယ်
“အာ ဪ ရဲဘော်ရွှီရှောင်ကျောင်း, မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ကျန်းသယ်ရှန်းပါ၊ ကျွန်တော်က အလုပ်သမား၊ လယ်သမား၊ စစ်သားကောလိပ်က ဆရာတစ်ယောက်ပါ၊ ကျွန်တော့်မှာ စက်ဘီးရှိတယ် ပြီးတော့ စီရင်စုထဲမှာ အိမ်တစ်လုံးရှိတယ်၊ ကျွန်တော့်မိသားစုက...”
ကျောက်ယုံယင်းက သူ့စကားကို ကြားလိုက်ပြီး ပြုံးကာ ‘ဟဟ’ဟုပင် ရယ်မောလိုက်တော့သည်။
“ဆရာကျန်း ရှင့်ကိုယ့်ဟာကို မိတ်ဆက်နေတာ အရမ်းရှည်သွားပြီ၊ ရဲဘော်ရွှီရှောင်ကျောင်းနဲ့ ကျွန်မက တစ်မနက်ခင်းလုံး အလုပ်များနေတာ နားတောင်မနားရသေးဘူး၊ ကျွန်မတို့ ဘာမှမစားရသေးဘူး၊ အခု စားသောက်ခန်းကို သွားကြမယ်လေ၊ စားရင်းနဲ့ စကားပြောကြတာပေါ့”
သူမက အပြုံးတစ်ခုနှင့် ကျန်းသယ်ရှန်းကို စကားဖြတ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ရွှီရှောင်ကျောင်းကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်လေသည်။
“ရှောင်ကျောင်း လီစန်းထျယ်က စီရင်စုကို လာတယ်တဲ့၊ လမ်းမှာ သမဝါယအတွင်း ပစ္စည်းတချို့ သွားယူရမယ်လို့ ပြောတယ်၊ သူက ညနေခင်းအထိတော့ ပြန်သေးမှာ မဟုတ်ဘူး၊ ညီမရဲ့ခင်ပွန်းကို ပြောစရာတစ်ခုခု ရှိရင် နေ့လယ်စာစားပြီးရင် အစ်မ ညီမနဲ့အတူတူ လိုက်ခဲ့ပေးမယ်လေ”
ကျောက်ယုံယင်းသည် ကျန်းသယ်ရှန့်က သူ့ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူဘာစဥ်းစားနေမှန်း သိလိုက်လေသည်။ ပြောရမည်ဆိုလျှင်တော့ ကျန်းသယ်ရှန်းသည် အားလုံး ကောင်းသော်လည်း သူ့စိတ်ကူးက မြင့်လွန်းသည်။ သူမသည် အမျိုးသမီးညွှန်ကြားရေးမှူးဖြစ်ပြီး အလုပ်သမား၊ လယ်သမား၊ စစ်သားကောလိပ်မှ လာသည့် ကျောင်းသူဖြစ်သဖြင့် သူမသည် အရွယ်ကြီးကြီး ငယ်ငယ် ဇနီး မိန်းမများစွာကို တွေ့ခဲ့ဖူးသည်။ ကျန်းသယ်ရှန်းက သူမတွင် အဆက်အသွယ်အချို့ရှိမှန်း သိသဖြင့် သူက သူမကို တစ်ယောက်ယောက်နှင့် မိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့ဖူးသည်။
အမှန်တိုင်းပြောရလျှင်တော့ ကျန်းသယ်ရှန်း၏အခြေအနေက ကောင်းမွန်လေသည်။ သူသည် လယ်ထဲဆင်းခဲ့ရပြီး အခက်အခဲများကို ခံစားခဲ့ရသဖြင့် အနည်းငယ်ရင့်နေကာ သူသည် အသက်၂၈နှစ် ဖြစ်သော်လည်း ၃၀ဝန်းကျင်ဟု ထင်ရပြီး အရပ်အထူးတလည် သိပ်မရှည်သည်ကလွဲလျှင် သူသည် အလုပ်သမား၊ လယ်သမားနှင့် စစ်သားကောလိပ်က ဆရာတစ်ယောက်ဖြစ်ပြီး စီရင်စုတွင် နေထိုင်သည်။ ထိုအရာများက အကောင်းဆုံးအခြေအနေပင်။ ထို့ကြောင့် အစပိုင်းက သူမလည်း အလွန်စိတ်ပါခဲ့ဖူးသည်။
သို့သော် ကျန်းသယ်ရှန်းက ချေးများလွန်းသည်။ သူသည် လူများ၏အလုပ် သို့မဟုတ် သူတို့ဝင်ငွေကို ချေးများခြင်း မဟုတ်ပေ။ သူက လူတစ်ယောက်ကို သေးသိမ်စွာ အပြစ်ရှာတတ်ခြင်းပင်။
အရပ်မြင့်လွန်းလျှင် မဖြစ်။ အရပ်ပုလွန်းလျှင် မဖြစ်။ အသားမည်းလွန်းလျှင် မဖြစ်၊ အရမ်းဝလွန်း အရမ်းပိန်လွန်းလျှင် မဖြစ်။ တစ်ခါတစ်ရံ သူက မျက်နှာရှည်လွန်းသည်ဟု ဆိုသည်။ တစ်ခါတစ်ရံ လည်တိုင် ထူလွန်းသည်ဟု ဆိုသည်။ သူမ၏အမြင်တွင်တော့ ကောင်းကင်ဘုံက နတ်သမီးခုနှစ်ဖော် ဆင်းသက်လာလျှင်ပင် ကျန်းသယ်ရှန်းက အပြစ်ရှာနိုင်ပေလိမ့်မည်။ ပြီးခဲ့သည့်နှစ်နှစ်တွင်း သူမသည် သူ့ကို ဆက်တိုက် မိတ်ဆက်ပေးခဲ့သော်လည်း တစ်ယောက်မှ မအောင်မြင်ခဲ့ချေ။ အဖြစ်က သူမကို နှစ်ဖက်လုံးနှင့် အလွန်မှ အနေကြပ်စေတော့သည်။ နောက်ပိုင်းတွင် သူမသည် သူ့ကို မိတ်ဆက်ပေးဖို့ ပေါ်တင်သာ ငြင်းလိုက်တော့သည်။
သည်နေ့အခြေအနေကို ကြည့်လိုက်တော့ ကျန်းသယ်ရှန်းက ရွှီရှောင်ကျောင်းကို မျက်စိကျနေလေသည်။
သေချာသလောက်ပင်။ သူမ သိသလောက် ၁၀မိုင်နှင့် ၈ရွာက လူများထဲတွင် ရွှီရှောင်ကျောင်း၏ ရုပ်ရည်က ထိပ်တန်းပင်။ သူမ၏ခန္ဓာကိုယ်ကလည်း နေရာတိုင်းက ကြည့်လျှင်ပင် အလွန်မှ မျက်စိအေးလှသည်။ သူမတွင် ခင်ပွန်းရှိပြီးသား ဖြစ်နေသည့် အချက်တစ်ခုပင်။
သူမက ရှောင်ကျောင်းကို အဖော်လုပ်ပေးနေတာလေ။ ဒီတော့ သူမက ဘာပြဿနာမှ မရှိအောင် သူမကို လိုက်ပို့ပေးမှ ဖြစ်မှာပေါ့။ ရှောင်ကျောင်းသာ တစ်စုံတစ်ခုသာ ဖြစ်သွားရင် သူမက ခေါင်းဆောင်ကို ရှင်းပြနိုင်မှာ မဟုတ်ဘူးလေ။
ရွှီရှောင်ကျောင်းက ကျောက်ယုံယင်း၏ စကားလုံးများကို ကြားလိုက်ပြီး သူမက မျက်စိမှိတ်ပြသည်ကို ထပ်မြင်လိုက်သောအခါ ကျန်းသယ်ရှန်းက လူပျိုမှန်း ချက်ချင်း နားလည်လိုက်လေသည်။ သူက ငါ့ကို အပျိုလို့ ထင်ပြီး ငါ့ကို မျက်စိကျနေတာပဲ။
သူမက ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး
“ကောင်းတာပေါ့၊ အစ်မယိုရင်း ညီမလည်း တတိယအစ်ကိုလီကို ရှာမတွေ့မှာစိုးနေတာ၊ ကျွန်မယောက်ျားက ကျွန်မ ဒီကို မလာခင် မှာထားတယ်၊ ကျွန်မ ပစ္စည်းတွေ နေရာချပြီးလို့ ပြဿနာတစ်ခုခု ရှိရင် တတိယအစ်ကိုလီနဲ့ သတင်းပါးလိုက်ပါတဲ့၊ သူက ညီမကို စိတ်ပူနေတာ”
တခြားသူများနှင့် ပတ်သက်ဖို့ ရှောင်ရှားဖို့ရန် သူမက အိမ်ထောင်သည်ဖြစ်ကြောင်း မြန်မြန် ထုတ်ပြောလိုက်တော့သည်။
ကျန်းသယ်ရှန်းက တုံ့ဆိုင်းသွား၏။ အပြုံးက သူ့မျက်နှာပေါ်တွင် အေးခဲသွားလေသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလောက်လှတဲ့ အမျိုးသမီးရဲဘော်က ဘယ်လိုဖြစ်ပြီး လက်ထပ်ပြီးသား ဖြစ်နိုင်မှာလဲ။
စိတ်ပျက်မှုက သူ့မျက်နှာပေါ်တွင် အတိုင်းသားပင်။
“အဟွတ် ဟွတ် အင်းပါ၊ အရင်သွားစားရအောင်။ ကျွန်တော်တို့တွေ စားရင်း စကားပြောကြတာပေါ့”
ဒီနေ့ သူ့တာဝန်က ယာယီထောက်ပံ့ပေးကြေးနဲ့ အစားအသောက်ကတ်ပြားကို သင်တန်းဆရာဆီ လာပို့ပေးဖို့ပဲ။ အစကတော့ ပေးပြီးတာနဲ့ ပြန်မယ်လုပ်ထားတာ။ ဒါပေမဲ့ အခုတော့။ ရွှီရှောင်ကျောင်းက လက်ထပ်ထားပြီးသားဆို သိလိုက်ပေမဲ့ လှည့်မပြန်လာနိုင်ခဲ့ဘူး။ သူသည် ရွှီရှောင်ကျောင်းကို မကြာခဏဆိုသလို ကြည့်နေတတ်သော်လည်း ဘာမှတော့မပြောချေ။
ရွှီရှောင်ကျောင်းက သူ နှုတ်ဆိတ်နေသဖြင့် ဝမ်းသာနေလေသည်။ အလုပ်သမား၊ လယ်သမားနှင့် စစ်သားကောလိပ်က ထမင်းစားဆောင်သည် မကြီးချေ။ အစားအသောက်အရသာကလည်း မဆိုးချေ။ စုန့်ဝေဖျင်၏လက်ရာလောက် မကောင်းသော်လည်း သူမသည် တထူးတလည် ချေးများသူတော့ မဟုတ်ချေ။
နောက်တစ်နေ့တွင် သူမသည် သင်တန်းပို့ချရမည်ဖြစ်သည်။
စိုက်ပျိုးရေးကျောင်းဆင်းအတန်းမှ ကျောင်းသားများက သူတို့အတန်းတွင် ဆရာတစ်ယောက်လာပြီး စိုက်ပျိုးရေးနည်းပညာ သင်တန်းကို ပို့ချပေးမည်ဖြစ်ကြောင်း အစောကြီးကတည်းက သိထားကြလေသည်။
သည်ကျောင်းသားများ၏ အသက်အပိုင်းအခြားက အလွန်ကြီးမားလှသည်။ တချို့က ကျောက်ယုံယင်းကဲ့သို့ ၃၀ဝန်းကျင်ဖြစ်ပြီး အလုပ်သင်အဖြစ် ဝင်ခွင့်ရထားပြီးဖြစည်။ တချို့က ဆယ်ကျော်သက်များ ဖြစ်ပြီး ဝင်ခွင့်ထောက်ခံချက် ရထားသူများဖြစ်လေသည်။ အခြေခံအသိပညာနှင့် သတ်မှတ်ထားပြီး စိုက်ပျိုးရေးဆိုင်ရာပြဿနာများကို လေ့လာရန်ဖြစ်လေသည်။
ဆရာအသစ်ကိုတော့ တချို့က အထင်သေးကြပြီး တချို့က စပ်စုလိုကြသည်။
သို့သော် ရွှီရှောင်ကျောင်း အခန်းထဲသို့ ဝင်လာချိန်တွင်တော့ အားလုံးနီးပါးက တအံ့တဩ ဖြစ်သွားကြတော့သည်။
ပုံမှန်အတိုင်း စနောက်ကျီစယ်တတ်သည့် ကောင်လေးတချို့က ချက်ချင်းဆိုသလို စတင်အော်ဟစ်ကြလေသည်။
“ဆရာမက ကျွန်တော်တို့ကို သင်တန်းပေးဖို့ ဒီကိုလာခဲ့တာလား၊ ဆရာမက အရမ်းလှတာပဲ”
ရွှီရှောင်ကျောင်းသည် မနေ့ကနှင့် တပုံစံထဲ ဝတ်စားထားသော်လည်း သူမက ကိုယ့်ဟာကိုယ် ပိုကြီးကျက်သရေရှိစေရန် မိတ်ကပ်ပါးပါးလေး လိမ်းထားလေသည်။ ထိုစကားကို ကြားလိုက်သည်တွင် သူမက ပြုံးလိုက်ပြီး
“ကျေးဇူးတင်ပါတယ်၊ ကျွန်မက ဒီနေ့ သင်တန်းပို့ချပေးဖို့ ရောက်လာတာပါ၊ အရင်ဆုံး ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေ”
သင်တန်းပို့ချရမည့်အချိန်တွင်တော့ ရွှီရှောင်ကျောင်းသည် ဘာကိုမှ မကြောက်တော့ပေ။ သူမသည် လူဘယ်လောက်များများနှင့် မျက်နှာချင်းဆိုင်နေရသည်ဖြစ်စေ သူမသည် စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လေသည်။ နောက်တစ်နေ့တွင် ခေါင်းဆောင်များ ရှိနေသည့်အချိန်မှာပင် သူမသည် ရှင်းရှင်းလင်းလင်းနှင့် လက်တွေ့ကျကျ ရှင်းပြနိုင်ဆဲပင်။ စာအုပ်ထဲက သီအိုရီများနှင့် မိန်လင်ရွာက မြေအခြေအနေကို အခြေခံပြီး သူမက ဥပမာများကို တစ်ခုပြီးတစ်ခု အသုံးချခဲ့သည်။ အားလုံးကို နားလည်လက်ခံကြလေသည်။
ထိုနည်းတူစွာ အခန်းထဲက ကျောင်းသူများနှင့်လည်း အသိမိတ်ဆွေဖြစ်ဖို့ရာ မခက်ခဲပေ။
အသက်ပိုကြီးသူများက သူမအကြောင်း အလွန်အကျွံ မစပ်စုကြပေ။ သူတို့သည် အချင်းချင်း တွေ့ကြလျှင် ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ကြသည်။ သူမ၏ သက်တူရွယ်တူ သို့မဟုတ် သူမထက် ပိုငယ်သူများကတော့ မြန်မြန်ဆန်ဆန်ပင် သူမနှင့် သူငယ်ချင်းများ ဖြစ်သွားကြသည်။ အထူးသဖြင့် မိန်းကလေးများပင်။
ရွှီရှောင်ကျောင်း၏ လူမှုဆက်ဆံရေးနည်းလမ်းက အလွန်မှရိုးရှင်းလှသည်။ ထိုအရာက ဝတ်စားဆင်ယင်ပုံပင်။
“ရှင့်ကိုယ်လုံးကိုယ်ပေါက်က ဘူးသီးခြောက်လိုလေ၊ သဘောက ခါးအရမ်းသေးတယ်၊ ဒီတော့ ရှင် အဝတ်အစားတွေ ဝတ်တဲ့အခါ ခါးပေါ်စေတဲ့အဝတ်အစားမျိုးကို ရွေးလို့ရတယ်၊ ခါးပတ်ပါတဲ့ အဝတ်အစားတွေလိုပေါ့၊ ဒါက ရှင့်ရဲ့သေးသွယ်တဲ့ခါးကို ပေါ်လွင်စေပြီး ရှင့်ကို ပိန်ပိန်ပါးပါးလေး ဖြစ်စေတဲ့ကို ခံစားချက်ကို ရစေတယ်၊ ရှင့်ကို ပိုသေးသွယ်သွားစေပြီး ခန္ဓာကိုယ်လည်း ပိုလှလာစေတယ်”
“ရှင့်မျက်နှာက လှတယ်နော်၊ စံမီ ကလေးမျက်နှာတစ်ခုပဲ၊ အရမ်း ချစ်ဖို့ကောင်းတယ်၊ ဒီတော့ ရင့်ကျက်တဲ့ဘက်သွားတဲ့ပုံစံမျိုးတွေ မဝတ်စားနဲ့၊ ရှင်က လန်းဆန်းစေတဲ့အရောင်၊ အဝါဖျော့တို့၊ ပန်းရောင်ဖျော့ဖျော့တို့ကို ဝတ်လို့ရတယ်၊ အဲဒါတွေက ရှင်ကို ချစ်စရာကောင်းပြီး တက်ကြွတဲ့ပုံ ပေါ်စေလိမ့်မယ်၊ သေချာပေါက် ချစ်စရာကောင်းလို့ မျက်နှာပန်းလှမှာပဲ”
“ရှင်က ခေတ်ပေါ်အင်္ကျီတွေ ဝတ်တာနော်၊ ရှင့်မှာ အဝတ်အစားလှလှလေးတွေ အများကြီးရှိတာ သိသာတယ်၊ ဒါပေမဲ့ ရှင်က ဘယ်လိုတွဲရမယ်ဆိုတာ မသိသေးဘူး၊ ကျွန်မ ရှင့်ကို ဝတ်စားပုံနည်းလမ်း နည်းနည်းလောက် သင်ပေးမယ်လေ၊ ရှင့်ခန္ဓာကိုယ်ပေါ်မှာ အရောင်သုံးရောင်ထက် ပိုမရှိသင့်ဘူး၊ ဒါက ရှင့်အဝတ်အစားတွေကို ပိုပြီး အထက်တန်းဆန်အောင် လုပ်ပေးလိမ့်မယ်”
နှစ်ရက်အတွင်းတွင် ရွှီရှောင်ကျောင်းသည် အခန်းထဲက မိန်းကလေးငယ်လေးများအားလုံး၏ စိတ်ကို အောင်နိုင်သွားတော့သည်။
သူမက အထက်တန်းကျောင်းဆင်း ဖြစ်ကာ ပညာတတ်လူငယ်တစ်ယောက်ဖြစ်ပြီး ကျေးလက်ကလူတစ်ယောက်နှင့် လက်ထပ်ထားမှန်း အားလုံးက အလိုလိုသိကြလေသည်။ သူမက သာမန်လူတစ်ယောက်ပင်။
မိန်းကလေးငယ်များကြားတွင် စကားဝိုင်းတချို့လည်း ရှိလေသည်။
“ငါ့အထင်တော့ ဆရာမရှောင်ကျောင်းရဲ့ ခင်ပွန်းက မြို့က လူတစ်ယောက်ဖြစ်လောက်တယ်၊ သူ့မှာရှိတဲ့ အရှိန်အဝါကို ကြည့်လိုက်လေ၊ ပြီးတော့ သူ ဝတ်တဲ့အဝတ်စားတွေအားလုံးကလည်း လှလိုက်တာ”
“ဟုတ်တယ် ဟုတ်တယ်၊ သူက ပညာတတ်လူငယ်တစ်ယောက်နော်၊ ငါ့အထင်တော့ သူ့ခင်ပွန်းက သေချာပေါက် သူ့လောက် တော်မှာ မဟုတ်ဘူး၊ ဆရာမရှောင်ကျောင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေမှာလားမသိဘူး၊ သူက အများကြီး သိထားတာပဲ၊ ဒီတော့ ကောလိပ်ဝင်နိုင်မှာသေချာတယ်”
“ငါ မေးပြီးပြီ ဒါပေမဲ့ သူက မဖြေဘူးတဲ့၊ ကြည့်ရတာတော့ သူက လက်ရှိကို အရမ်းကို ကျေနပ်နေတဲ့ပုံပဲ”
“ပြီးတော့ ဆရာမရှောင်ကျောင်းရဲ့ ခင်ပွန်းက သူ့လောက်မတော်ဘူးလို့ နင်က ဘယ်လိုသိတာလဲ၊ ငါ့အထင်တော့ ဆရာမရှောင်ကျောင်းက ဒီလောက်အမြင်ရှိတာ၊ သူရွေးတဲ့ခင်ပွန်းက ဆိုးမှာတော့ မဟုတ်ဘူး”
သည်နေ့ခတ်အခါမျိုးတွင် လူများ၏စိတ်က အလွန်မှ ရိုးစင်းလေသည်။ အလုပ်သမား၊ လယ်သမားနှင့် စစ်သားကောလိပ်က ကျောင်းသူကျောင်းသားများနှင့် အပြန်အလှန်ဆက်ဆံခဲ့ပြီး ရွှီရှောင်ကျောင်းသည် အစပိုင်းတွင် သည်အလုပ်ခရီးက လွယ်ကူကာ သက်သောင့်သက်သာရှိသည်ဟု သိလိုက်ရသော်လည်း ပြဿနာနှင့် ကြုံရမည်ကိုတော့ မျှော်လင့်မထားခဲ့ချေ။
ကျန်းသယ်ရှန်းက ပြဿနာကောင်ပင်။
ကျန်းသယ်ရှန်းသည် ရွှီရှောင်ကျောင်းက လက်ထပ်ပြီးဖြစ်ကြောင်း သတင်းကို ကြားလိုက်ရချိန်၌ လက်လျှော့တော့မလို ဖြစ်ခဲ့လေသည်။ သို့သော် သူသည် နှစ်နှစ် သုံးနှစ် ကြာသည်အထိ ကြင်ဖက်တွေ့လာခဲ့သည်။ သူ့ကို ချစ်တတ်သွားအောင် လုပ်ခဲ့သူနှင့် တွေ့ရသည်က ပထမဆုံးပင်။ တစ်ညလုံး ဟိုလှည့်သည်လှည့် ဖြစ်ခဲ့ပြီးနောက် သူသည် ရွှီရှောင်ကျောင်း၏ ခင်ပွန်းအကြောင်းကို စုံစမ်းဖို့ ဆုံးဖြတ်လိုက်တော့သည်။
သည်စုံစမ်းမှုရလဒ်က သူ့ဘဝကို သွေးအပြည့်ဖြင့် ပြန်နေနိုင်အောင် ခေါ်ဆောင်ပေးလေတော့သည်။
ရွှီရှောင်ကျောင်းရဲ့ခင်ပွန်းက ရွာသား စုန့်ဝေဖျင်တဲ့။ အဖေရော အမေရော မရှိတော့ဘူး။ သူက လယ်သမားတစ်ယောက်။ အဲဒါထက် သူ့မှာ ဂြိုဟ်ဆိုးဆိုတဲ့ ဘွဲ့တံဆိပ်လည်း ရထားသေးတယ်။ ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး ရွှီရှောင်ကျောင်းနဲ့ ထိုက်တန်မှာလဲ။
ပြီးတော့ ရွှီရှောင်ကျောင်းက အထက်တန်းအောင်ပြီးသားဆိုတာ သိလိုက်ရကတည်း ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာသေးတယ်။ သူ့ကို ကောလိပ်ဝင်ခွင့်ရအောင် လုပ်ပေးနိုင်ရင် နောက်ဆိုရင် သူက ကောလိပ်ကျောင်းသူတစ်ယောက် ဖြစ်လာပြီး အလုပ်တစ်ခု ရလိမ့်မယ်။ ဒါက သူ့အတွက် ပြီးပြည့်စုံတဲ့ ကြင်ဖက်တစ်ယောက်ပဲ မဟုတ်လား။
သို့နှင့် သူသည် စနေနေ့ နားချိန်တွင် ရွှီရှောင်ကျောင်းက ထမင်းစားခန်း၌ တစ်ယောက်တည်း စားသောက်နေစဥ် သူက ရွှီရှောင်ကျောင်းကို တမင်သွားရှာလိုက်တော့သည်။
“ရဲဘော်ရှောင်ကျောင်း ကျွန်တော့်အထင်တော့ မင်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေဖို့ ကြိုးစားသင့်တယ်၊ ဒါမှ ကောင်းမွန်တဲ့အနာဂတ်တစ်ခု ရနိုင်ပြီး မြို့သူတစ်ယောက် ဖြစ်လာမှာလေ”
သူသည် ဘာကိုမှ ဂရုမစိုက်ဘဲ တတွတ်တွတ် ရွတ်နေတော့သည်။ သူ့ကိုယ်ပိုင်စိတ်ကူးအတိုင်း သူက ရွှီရှောင်ကျောင်း၏ အနာဂတ်လမ်းကြောင်းကို စီစဥ်ပေးလေသည်။
ရွှီရှောင်ကျောင်းသည် ကျောင်းသို့ ရောက်လာပြီး သုံးရက်အကြာ၌ သူမအနေဖြင့် စကားပြောလို့ မရနိုင်သည့်လူတစ်ယောက် ရှိနေကြောင်း ပထမဆုံးအကြိမ် ခံစားမိလိုက်ခြင်းပင်။
“ဆရာကျန်း ကျွန်မရဲ့အနာဂတ်ဘဝအတွက် ကျွန်မမှာ ကိုယ်ပိုင်အစီအစဥ် ရှိပြီးသားပါ၊ ရှင် လမ်းပြချင်တယ်ဆိုရင် ကျေးဇူးပြုပြီး လိုအပ်တဲ့သူတွေကို ညွှန်ကြားပေးလိုက်ပါ”
ကျန်းသယ်ရှန်သည် အနာဂတ်တွင် သူ့ဘဝက မည်မျှ ပြီးပြည့်နေကြောင်း စိတ်ကူးယဥ်ကြည့်ပြီး ဖြစ်လေသည်။
“ရဲဘော်ရွှီရှောင်ကျောင်း၊ ကျွန်တော့်စကားနားထောင်ပါ၊ မင်း ကောလိပ်ဝင်ခွင့်ရတာနဲ့ ရဲဘော်စုန့်ဝေဖျင်ကို ကွာရှင်းလိုက်၊ ကျွန်တော်က ဒီနေရာမှာ မင်းအတွက် ဆရာမတစ်ယောက် လုပ်လို့ရအောင် စီစဥ်ပေးမယ်၊ ကျွန်တော်တို့တွေ ပြုပြင်ပြောင်းလဲရေးစုံတွဲတစ်တွဲ ဖြစ်လာလိမ့်မယ်၊ မင်းလည်း မင်းရဲ့ကျန်တဲ့ဘဝကို ပျော်ရွှင်ရလိမ့်မယ်”
ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး
“ဆရာကျန်း ကျွန်မ ရှင်နဲ့ စကားမပြောချင်တော့ဘူး၊ ကိစ္စမရှိတော့ရင် ကျေးဇူးပြုပြီး ပြန်ပါတော့”
ကျန်းသယ်ရှန်းက သူ့လက်ကောက်ဝတ်မှ နာရီကြီးကို ပြလိုက်ပြီး
“ဒီမှာကြည့် ကျွန်တော် ဒါကို ရှန်ဟိုင်းကနေ မှာထားတာ၊ မင်း ဒါကို မလိုချင်ဘူးလား၊ ကျွန်တော့်မှာ စက်ဘီးတစ်စီးလည်း ရှိတယ်၊ မင်း အရင်က စက်ဘီးမစီးဖူးဘူးလေ ဟုတ်တယ်မလား၊ မြန်ပါတယ်၊ ကျွန်တော့်မှာ စီရင်စုထဲက အိမ်တစ်လုံးလည်း ရှိတယ်၊ လူအများကြီး ကျွန်တော့်ကို လက်ထပ်ချင်နေကြပေမဲ့ ကျွန်တော့်က သဘောမကျခဲ့ဘူးလေ၊ ရဲဘော်ရှောင်ကျောင်း ကျွန်တော့်အထင်တော့ ကျွန်တော့်ကို မင်းအတွက် စောင့်ခိုင်းထားတဲ့သူက မိုးနတ်မင်းပဲ ဖြစ်ရမယ်၊ ကျွန်တော်တို့နှစ်ယောက်က အကောင်းဆုံးစုံတွဲတွေပဲလေ”
ရွှီရှောင်ကျောင်းက နှုတ်ခမ်းမဲ့လိုက်ပြီး
“ကျွန်မအထင်တော့ မိုးနတ်မင်းက ရှင့်ကို ကျန်တဲ့ဘဝတစ်လျှောက်လုံး လူပျိုကြီး ဖြစ်စေချင်တာပဲ ဖြစ်မယ်၊ ကျွန်မ စကားမပြောချင်တော့ဘူး၊ ရှင် သဘောကျမခဲ့ဖူးဘူးမလား၊ ရဲဘော်ကျန်းသယ်ရှန်း ကျေးဇူးပြုပြီး မှန်ထဲပြန်ကြည့်လိုက် အမှန် မြင်သွားလိမ့်မယ်၊ နောက်ဆုံးတော့ ရှင်က အသက်၃၀မှာ နဖူးပြောင်ပြီး ၁.၇မီတာတောင်မရှိတဲ့အရပ်က ရှင့်ကို သတ္တိနဲ့ ယုံကြည်မှုတွေ ပေးလေသလား၊ ရှင့်ကိုယ်ရှင်များ ထန်ဘုန်းကြီး(ဝူခုန်းကားထဲက ထန်စန်းကိုယ်တော်)ရဲ့အသားလို့ ထင်နေတာလား၊ ကျွန်မ ရှင့်ကို နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်၊ ကျွန်မက အိမ်ထောင်သည်၊ ရှင် ကျွန်မကို ထပ်ပြီး နှောင့်ယှက်ရင် ခေါင်းဆောင်ကို ချက်ချင်းပြောပြီး ရဲခေါ်ခိုင်းရလိမ့်မယ်၊ ကျွန်မ ရှင့်ကို အာမခံပေးနိုင်သေးတယ်၊ ရှင့်ကို အလုပ်ပြုတ်အောင်လုပ်ပြီး လူရာမဝင်တဲ့သူ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတာလေ”
သူမထံမှ စကားတချို့က ကျန်းသယ်ရှန်းကို မူးနောက်သွားစေတော့သည်။ သူမသည် စားပင်မစားတော့ဘဲ ဒီအတိုင်း ထရပ်ကာ ထွက်လာခဲ့တော့သည်။
ကျန်းသယ်ရှန်းသည် ရွှီရှောင်ကျောင်းက သူမကို အလွန်အထင်သေးနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ့မျက်နှာက ညိုမည်းသွားပြီး
“ရွှီရှောင်ကျောင်း မင်းက မလိုချင်ဘူးပေါ့လေ၊ ဟမ့်၊ သေချာစဥ်းစားစမ်းပါ၊ မင်း ငါနဲ့လွဲသွားရင် မင်းဘဝမှာ စက်ဘီး စီးနိုင်မှာမဟုတ်ဘူးနော်၊ မင်းက စုန့်ဝေဖျင်လို့ခေါ်တဲ့ အဲဒီရွှံချေထောက်နောက်ကို လိုက်ပြီး မင်းကျန်တဲ့ဘဝကို လယ်ကွင်းထဲမှာ အလုပ်လုပ်ချင်တာလား”
ရွှီရှောင်ကျောင်းမှာ သည်လူ၏ ဦးနှောက်အလုပ်လုပ်ပုံကို နားမလည်တတ်တော့ချေ။ သူမသည် ရုတ်တရက်ဆိုသလို စုန့်ဝေဖျင်ကို နည်းနည်းသတိရသွားတော့သည်။ စုန့်ဝေဖျင်သာ ဒီမှာရှိနေရင် ငါ့စကားတွေကို အလကား အဖြစ်ခံနေစရာမလိုဘူး၊ စုန့်ဝေဖျင်ကိုပဲ သူ့ကို နာအောင်ရိုက်ခိုင်းပလိုက်မှာ။
“ဆရာမရှောင်ကျောင်း၊ ဆရာမက ဒီရောက်နေတာကိုး၊ ကျွန်မတို့ ဆရာမကို ရှာနေတာ၊ ကျွန်မ ဆရာမရဲ့အဆောင်ကနေ လာတော့ ဆရာမ ဒီမှာ ရှိလောက်တယ်လို့ ထင်ခဲ့တာ”
“ဆရာမရှောင်ကျောင်း ကျွန်မမှာ ဆရာမအတွက် သတင်းကောင်း ရှိတယ်၊ ဆရာမရဲ့ခင်ပွန်းက ဆရာမကို တွေ့ဖို့ ရောက်နေတယ်”
“ဟုတ်တယ် ဟုတ်တယ်၊ ဆရာမရဲ့ခင်ပွန်းက စုန့်ဝေဖျင်လို့ခေါ်တယ်လေ ဟုတ်တယ်မလား၊ အာ အား... သူက ရုပ်ချောလိုက်တာ၊ သူက ဆရာမနဲ့ အရမ်းလိုက်တာပဲ”
“သူက အရသာရှိတဲ့အိတ်ကြီးတစ်လုံးနဲ့ ဝင်ပေါက်နားမှာ ဆရာမကို စောင့်နေတယ်၊ စျေးဝယ်စင်တာက သွင်းတဲ့စည်သွပ်ဘူးအစားအသောက်ကိုတွေ့ခဲ့တယ်”
“ချောကလက်လည်း ပါသေးတယ်၊ အဲဒါက အရမ်းအရသာရှိပေမဲ့ အရမ်းလည်း စျေးကြီးတယ်လို့ ကြားဖူးတယ်၊ ပြီးတော့ ဆရာမအတွက်အဝတ်အစားအသစ်တွေလည်း ပါသေးတယ်”
“ပြီးတော့ သူက အသစ်စက်စက် စက်ဘီးကို စီးလာတာနော်၊ ကျွန်မတို့က မေးလိုက်တော့ သူက ပြောတယ်၊ ဆရာမအတွက် ဝယ်လာပေးတာတဲ့၊ ဆရာမရှောင်ကျောင်း ဆရာမရဲ့ခင်ပွန်းက ဆရာမအပေါ် အရမ်းကောင်းတာပဲနော်”
...