Ch 9
Viewers 1k

အပိုင်း (၉) လင်မယား

“လာ လာ လာ ၊ ရဲဘော်လေးက မတ်မတ်ထိုင်နေတယ်၊ ရဲဘော်မလေးဘေးကို ကပ်လိုက်၊ ဟုတ်ပြီ၊ ဒါမှ စုံတွဲနဲ့တူသွားတာ၊ ရဲဘော်မလေးရဲ့ အပြုံးက တကယ်လှတာပဲ၊ ရဲဘော်လေး နည်းနည်းပြုံး၊ အရမ်းတောင့်တောင့်ကြီး ဖြစ်မနေနဲ့လေ၊ သဘာဝကျကျလေး ပြုံးထား၊ ဟုတ်တယ်၊ ဒါပဲ၊ ကောင်းတယ်”

ချလပ်။

စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့၏ ကိုယ်တစ်ပိုင်းပုံသည် တစ်လက်မပတ်လည်း ဓာတ်ပုံလေးတစ်ခုထဲတွင် ကွက်တိဖြစ်လေသည်။ စတီးလ်တံဆိပ်တုံးတစ်ခုနှင့် ထုထားပြီး အနီရောင်တောက်တောက် လက်ထပ်မှတ်ပုံတင်နှစ်ခု ရလာခဲ့တော့သည်။

“ရဲဘော်တို့နှစ်ယောက်၊ ဒီမှာ မင်းတို့ရဲ့ လက်ထပ်မှတ်ပုံတင်.. မင်းတို့တွေက တော်လှန်ရေးစုံတွဲအနေနဲ့ ကံအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”

ရွှီရှောင်ကျောင်းက လက်ထပ်မှတ်ပုံတ်ကို လက်ခံလိုက်ပြီး စုန့်ဝေဖျင်နှင့်အတူတူ တစ်ယောက်ချင်းစီကို ငုံ့ကြည့်လိုက်လေသည်။ သူတို့သည် ဒါက အတုအယောင်မှန်း သိကြသော်လည်း သူတို့၏ဘဝတွင် ပထမဆုံးအကြိမ် လက်ထပ်မှတ်ပုံတင်တစ်ခုကို ရခဲ့ခြင်းပင်။

သူမက စုန့်ဝေဖျင်ကို မျက်စိမှိတ်ပြလိုက်ပြီး

“ရဲဘော်စုန့်ဝေဖျင် အခုချိန်က စပြီး ငါတို့တွေက လင်မယား ဖြစ်သွားပြီနော်”

စုန့်ဝေဖျင်က ဓာတ်ပုံထဲမှ ပြုံးနေသည့်သူမကို ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် သူမကို ပြန်ဖြေလိုက်၏။

“အင်း”

သူက ရွှီရှောင်ကျောင်းကို မော့ကြည့်လိုက်ပြီး

“ကျေးဇူးပဲ”

သူ့ကို လက်ထပ်ဖို့ သူမရဲ့ဆန္ဒကို ကျေးဇူးတင်တာပါ။ ဒါမှ အဘွား စိတ်အေးနိုင်မှာလေ။ သူမရဲ့ရည်ရွယ်ချက် ဘာပဲဖြစ်ဖြစ် သူကတော့ ကျေးဇူးတင်သင့်တယ်လို့ ထင်တယ်။ နောက်ဆိုရင် သူက သူတို့နှစ်ယောက်ကြားက သဘောတူညီချက်ကို လိုက်နာမှာပါ။

ရွှီရှောင်ကျောင်းက သူပြောချင်သည့်အဓိပ္ပာယ်ကို နားလည်လေရာ

“အားလုံးက လိုချင်တာရသွားပြီလေ၊ ဒါက နှစ်ဖက်လုံးအဆင်ပြေတဲ့ ပူးပေါင်းမှုတစ်ခုပဲ၊ ပြန်ကြတော့မလား”

လက်ထဲတွင် အနီရောင်စာအုပ်ရှိထားသဖြင့် သူမသည် ကျန်သည့်ဘဝကို စိတ်ပူစရာမလိုတော့ချေ။ သူမ၏စိတ်က အနည်းငယ် အေးချမ်းနေသည်။ သူမစကားများကလည်း လွတ်လပ်ပေါ့ပါးနေပြီး ပြောသမျှက စိတ်ထဲရှိသည့်အတိုင်းပင်။

“ငါ့အမေက ပြောနေတာ၊ ငါက အိမ်ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ် လက်ထပ်တော့မှာဆိုတော့ လုံးဝမခွဲချင်ဘူးတဲ့၊ ငါတို့တွေ စားပွဲနည်းနည်းပါးပါးလောက် ဧည့်ခံပြီး ရက်ပိုင်းလောက်နေပြီးရင် ငါ နင့်အိမ်ကို ပြောင်းလာမယ်လို့ စဥ်းစားထားတယ်၊ ပြီးရင် ငါ နင့်နဲ့ ခဏလောက် အတူတူနေမယ်လေ”

“ကောင်းပြီ”

“ဒါပေမဲ့ တစ်ခုကိုတော့ ကြိုပြီး သဘောတူထားရအောင်၊ ငါ အဘွားကို စောင့်ရှောက်ပေးမှာပါ ဒါပေမဲ့ ငါ့အမေနဲ့ ငါ့မောင်လေးကိုလည်း စောင့်ရှောက်ပေးရလိမ့်မယ်၊ နင်က သူ့အမေမိသားစုကို စောင့်ရှောက်တဲ့ မိန်းမကို အထင်သေးတဲ့လူမျိုး မဟုတ်ပါဘူး ဟုတ်တယ်မလား”

စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး

“မဖြစ်ပါဘူး၊ နောက်ဆိုရင် မိသားစုနှစ်ခုက ညနေစာ အတူတူစားကြမှာပဲ”

ရွှီရှောင်ကျောင်းက သည်စိတ်ကူး ကောင်းသည်ဟု တွေးမိလေသည်။ သို့တိုင် သူမတွင် ပြဿနာတစ်ခု ရှိနေသေးသည်။

“ပြီးတော့ ငါ ထမင်းဟင်း မချက်တတ်ဘူး၊ နင် အိမ်မှာရှိရင် နင်ချက်ရမယ်၊ နင် အိမ်မှာ မရှိရင်တော့ ငါ့အမေကို ချက်ခိုင်းလိုက်မယ်၊ ငါ့ကိုတော့ မသင်ခိုင်းနဲ့နော်၊ ငါက မလိုအပ်ဘဲ ငါ့လက်တွေကို လှုပ်ရှားမှာမဟုတ်ဘူး”

စုန့်ဝေဖျင်က သူမ၏ နူးညံ့သိမ်မွေ့ကာ ဖြောင့်မတ်သည့် တုံ့ပြန်ဟန်ကို ကြည့်လိုက်လေသည်။ အကြောင်းကြောင်းကြောင့် သူသည် သူမ၏လှုပ်ရှားနေသည့် ခေါင်းလေးကို ကိုင်ချင်မိသွားတော့သည်။ လက်ယားနေသည်ကို သည်းခံထားရင်းသာ သူက ပြန်ဖြေရတော့သည်။

“ငါ ချက်ပါမယ်”

“ငါ နင့်ကို ညွှန်ကြားပေးမယ်”

ရွှီရှောင်ကျောင်းက သူမသည် အလွန်အသုံးဝင်ကြောင်း ထုတ်ဖော်လိုက်လေသည်။

“နင် ငါပြောသလို လိုက်လုပ်သရွေ့တော့ နင်ချက်တဲ့အစားအသောက်တွေက အရသာရှိမယ်လို့ အာမခံတယ်”

ဒါက သည်အတိုင်း နောက်ဆုံးအပြီးသတ်လက်ရာပဲလေ။

စီရင်စုမှ မြို့ငယ်လေးအထိ ကားပေါ်က ဆင်းပြီး ရွာသို့ လမ်းလျှောက်လာသည့်တလျှောက်လုံး နှစ်ယောက်သားက အပြန်အလှန် စကားပြောလာခဲ့ကြသည်။ သူတို့သည်အိမ်သို့ပြန်ရောက်လာသည်မှာ သိပ်မကြာလိုက်သလို ခံစားလိုက်ရလေသည်။

ရွှီရှောင်ကျောင်း၏အိမ်က လွတ်နေသည်။ ဝူချွန်းဟွားက အလုပ်သွားလိုက်သည်။ ရွှီရှောင်ကန်က မနက်ခင်းက နောက်မှ တကောက်ကောက်လိုက်သွားခဲ့သည်။ သူ့အစားအသောက်များသည် သည်ရက်ပိုင်းတွင် ကောင်းမွန်လာခဲ့သည်။ အိမ်တွင်နေရသည်က ပျင်းစရာပင်။ အပင်စိုက်ရန် နွေးဦးကာလ မဟုတ်သေးရာ လယ်ထဲတွင် အလုပ်မများချေ။ ရွှီရှောင်ကန်းက အလုပ်လုပ်သည်ဆိုရုံမျှ လုပ်ပြီး ဝူချွန်းဟွားကို သွားရှာလိုက်သည်။

“ဝင်လာလေ၊ ရေသောက်အုံး၊ နင် အိမ်ပြန်ရောက်ရင် အဘွားကို အသိပေးလိုက်နော်၊ ပြီးရင် ပြန်လာပြီး ငါ့ကို လာချက်ပြုတ်ကူပေး၊ ဒါမှ နေ့လယ်ကျရင် ငါ့အမေ ပြန်လာတဲ့အခါ မချက်ပြုတ်ရတော့မှာ၊ နင်လည်း အဘွားအတွက် နည်းနည်းပါးပါး ယူသွားအုံး”

စုန့်ဝေဖျင်က ရေသောက်လိုက်ပြီး သူမအား သူ့ကိစ္စကို ပြောပြလိုက်လေသည်။

“ရက်ပိုင်းလောက်နေရင် ငါ မြို့က သယ်ယူပို့ဆောင်ရေးအဖွဲ့နဲ့ အပြင်သွားဖို့ရှိတယ်၊ အဘွားကို ရက်ပိုင်းလောက် စောင့်ရှောက်ပေးဖို့ နင့်ကို ဒုက္ခပေးရအုံးမယ်”

“နင်က ရက်ပိုင်းလောက် အပြင်မှာနေမလို့လား”

ရွှီရှောင်ကျောင်းက အံ့ဩသွားတော့သည်။ သူမရဲ့မှတ်ဉာဏ်ထဲမှာ စုန့်ဝေဖျင်က လုပ်ငန်းတစ်ခု လုပ်နိုင်ပြီးမှ တစ်ယောက်ထဲ သယ်ယူပို့ဆောင်ရေးအလုပ် လုပ်ခဲ့တာပါ။

စုန့်ဝေဖျင်က လေသံဖြင့် ထောက်ခံလိုက်ပြီး

“ငါ သယ်ယူပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင် တတိယအစ်ကိုလီနောက် လိုက်နေတာ၊ နည်းနည်းဝေးလို့ ငါတို့တွေ အပြင်မှာ ရက်ပိုင်းလောက် အိပ်ရလိမ့်မယ်လို့ ပြောတယ်”

ဧကန္တ နေ့ရက်ကောင်းတွေက စောစောစီးစီး ရောက်လာတော့မှာလား။ ရွှီရှောင်ကျောင်းက အပြည့်အဝ သဘောတူလိုက်ပြီး

“စိတ်မပူပါနဲ့၊ အဘွားကို ငါ့တာဝန်ထားလိုက်”

“ဒါဆို ငါ ပြန်လာတဲ့အထိ စောင့်နော်၊ ပြီးမှ ငါတို့တွေ စားသောက်ပွဲ လုပ်ကြမယ်”

သည်ကိစ္စများကိုတော့ ရွှီရှောင်ကျောင်းက စိတ်ထဲ မထားချေ။

“နင့်စကား နားထောင်မယ်”

ချက်ပြုတ်နေရင်း ရွှီရှောင်ကျောင်းသည် နောက်ထပ်မေးခွန်းတစ်ခုကို စဥ်းမိလေသည်။

“ငါ မနက်ဖြန် အလုပ်သွားရမှာ၊ စုန့်ဝေဖျင် ငါ အလုပ်လုပ်တာ အရမ်းနှေးတယ်၊ နင် ငါ့ကို ကူညီပါလား”

သူတို့တွေက အခုလင်မယားတွေလေ။ အချင်းချင်း ကူညီပေးသင့်တာပေါ့။

စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို ကူညီပေးမည့်ကိစ္စကို အလုပ်နှင့် သက်သေပြခဲ့လေသည်။

ထုတ်လုပ်ရေးအဖွဲ့က နွေဦးစကတည်းက ထွန်ယက်လာခဲ့သည်။ အခုတော့ ပြီးသလောက်ရှိနေပြီ။ ကျန်တာက မြေညှိဖို့ရန်ပင်။ ပုံမှန်ဆိုလျှင် လူတစ်ယောက်ကို ဘောင်နည်းနည်းစီ ခွဲဝေပေးထားသည်။ သူတို့သည် အလုပ်ပြီးသည်နှင့် အလုပ်ဆင်းနိုင်သည်။ ဟုတ်ပါသည်။ တွက်ချက်ပေးသည့် အလုပ်ရမှတ်ကတော့ သိပ်မများချေ။

ရွှီရှောင်ကျောင်းကို ဘောင်သုံးခု ပေးထားလေသည်။ ရွှီရှောင်ကန်းက သည်နေ့မလာချေ။ စုန့်ဝေဖျင်နှင့် ဝူချွန်းဟွားနှစ်ယောက်လုံးက သူမကို ဖြည်းဖြည်းချင်းလုပ်ဖို့ ပြောပြီး နောက်မှ လာကူပေးမည်ဟု ပြောထားသည်။ ထို့ကြောင့် သူမသည် သည်အတိုင်း လျှောက်လုပ်နေလိုက်တော့သည်။

တစ်နာရီမပြည့်ခင်မှာပင် သူမသည် သစ်ပင်ကြီးအောက်သို့သွားကာ အနားယူလိုက်လေသည်။ သည်အချိန်သည် ရာသီဥတုက အေးမြပြီး ရွက်နုလေးများ ထွက်စဖြစ်သည်။ သစ်ပင်ကို မှီထားရသည်မှာ အလွန်မှ သက်သောင့်သက်သာရှိလှသည်။

“ယိုး မကြီးရှောင်ကျောင်း နင်တော့ နောက်ဆိုရင် တစ်သက်လုံး တောင်သူတစ်ယောက်ပဲ လုပ်ရတော့မယ်၊ ဒီပုံနဲ့ဆိုရင် နင်တော့ ဒါကို သည်းမခံနိုင်တော့ဘူးမလား”

ရွှီရှောင်ကျောင်းသည် ရေတစ်ငုံသောက်ပြီးရုံရှိသေး သူမနောက်က ရွှီယန်ယန်၏ အားရဝမ်းသာ ဖြစ်နေသည့်အသံကို ကြားလိုက်ရလေသည်။

“နင်က ဘာလို့ နေရာတိုင်းမှာရှိနေတာလဲ၊ နင် ငါနဲ့ ဝေးဝေးနေလို့မရဘူးလား”

ရွှီရှောင်ကျောင်းသည် သူမ၏ခေတ်သစ်က ငါးဆားနယ်ဘဝလေးကို ဆုံးရှုံးအောင် လုပ်ခဲ့သည့် တရားခံကို နည်းနည်းလေးမှ မကြည်ပေ။

ကျောက်ယန်ယန်က ရွှီရှောင်ကျောင်းကို ကြည့်လိုက်၏။ ဝမ်ကွေးယွဲ့က မနေ့က ပြန်လာပြီးကတည်း ရှောင်ကျောင်းရဲ့ အနီရောင်ဂါဝန်လေးက ဘယ်လောက်လှကြောင်း ချီးကျူးပြီး ဟန်ကွမ်းဟွေရဲ့ မျက်လုံးတွေကလည်း ဘယ်လောက်တော့ မခွာရက်နိုင် ဖြစ်နေတဲ့အကြောင်း၊ သူမက အရင်က ဘယ်လိုပညာတတ်မိန်းကလေးဖြစ်ခဲ့ပြီး အခုလည်းဖြစ်နေသေးတဲ့အကြောင်း၊ ရွာမှာ အလှဆုံးမိန်းကလေး ဘယ်လိုဖြစ်နေကြောင်းတွေ ချီးကျူးနေခဲ့တာလေ။ သူတို့တွေက ရစ်ငှက်ကနေ ဇာမဏီတစ်ကောင် ဖြစ်သွားပြီး တကယ့်ကို နတ်သမီးတစ်ပါး ဖြစ်သွားတယ်လို့ တချို့လူတွေကတောင် ထင်နေကြပြီလို့ မှတ်ချက်ပေးလိုက်သေးတယ်။ ဖွီ။

မနေ့က အစ်ကိုကွမ်းဟွေနဲ့ စကားပြောတုန်းကလည်း ခဏခဏ စိတ်နဲ့ကိုယ်မကပ်ဘူး။ ကျောက်ယန်ယန်သည် ဝမ်ကွေးယွဲ့၏ စကားများကို မစဥ်းစားဘဲ မနေနိုင်တော့ချေ။ သည်နေ့တော့ သူမသည် ရွှီရှောင်ကျောင်းကို မမျှော်လင့်ဘဲ တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူမသည် လာပြီး တစ်ချက် ကြည့်ချင်သည်ကတော့ သဘာဝပင်။

သူမသည် ဖုန်တွေကပ်နေတဲ့ အဝတ်အစားတွေ ဝတ်ထားတုန်းပဲလေ။ အရင်ကနဲ့ ဘာကွာနေလို့လဲ။ ကျောက်ယန်ယန်က စိတ်ထဲတွင် အေးတိအေးစက် နှာခေါင်းရှုံ့လိုက်လေသည်။ အပေါ်ယံတွင်တော့ သူမက မျက်ရည်များဝဲကာ

“မကြီးရှောင်ကျောင်း ငါက နင့်ကို ဂရုစိုက်လို့ပါနော်၊ နင်က ဘာလို့ ဒီလိုပြောနေတာလဲ”

ရွှီရှောင်ကျောင်းသည် ဟန်ဆောင်ရသည်ကို အလွန်ကြိုက်သည့် လူများစွာ ရှိနေရသည့် အကြောင်းအရင်းကို နားမလည်တော့ပေ။ ဧကန္တ ကျောက်ယန်ယန်က စာမူ မူပိုင်ခွင့် ရှိနေလို့များ ဒီစာအုပ်ရဲ့ သူရဲကောင်းမလေး ဖြစ်သွားလို့များလား။

“ငါက ဘယ်လိုပြောနေလို့လဲ”

ရွှီရှောင်ကျောင်းသည် သူမနှင့် ပြိုင်ပြောချင်စိတ်မရှိပေ။

“နင်က လူစကား နားမလည်ဘူးထင်တယ်၊ နင်နဲ့ နင့်ရဲ့ သောက်ကျိုးနဲ့ ရွံစရာတွေနဲ့ ထုပ်ထားတဲ့ အန်ချင်စရာမျက်ရည်တွေကို တွေ့ရတာ ငါ အသေရွံလို့ပါ၊ နားလည်လား၊ နင်ကလေ လူရုပ်သာ ထွက်နေတာ ဘာလို့မျိုး နေ့တိုင်း လူတွေလုပ်တဲ့ အလုပ်ကို မလုပ်နေရတာလဲ”

ကျောက်ယန်ယန်က ငိုယိုပြီး ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသည်တွင် ရွှီရှောင်ကျောင်းက ‘ကျစ်ခနဲ’ စုပ်သပ်လိုက်တော့သည်။ ဒီလို တိုက်ခိုက်ရေးပါဝါနဲ့များက သူမက အနိုင်ကျင့်ဖို့ လာရှာနေသေးတယ်။

သူမသည် နှစ်မိနစ်ပင်  အနားမယူရသေးခင် နောက်ထပ်ယင်ကောင်တစ်ကောင် ရောက်လာပြန်သည်။

“ရှောင်ကျောင်း ယန်ယန်က မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး၊ သူက မပြောခင် စဥ်းစားတတ်တဲ့သူပါ၊ နင် သူ့ကို ဘယ်လိုများ ဆဲရေးနိုင်ရတာလဲ”

ရွှီရှောင်ကျောင်းက သူမ၏မျက်လုံးများကို ပင့်ကြည့်လိုက်လေသည်။အဟက်။ ကိုယ့်လူရယ်။

သူမက အဝေးကို ကြည့်လိုက်၏။ စုန့်ဝေဖျင်က လှမ်းကြည့်နေသည်။ သူမက လက်ဟန်ပြလိုက်တော့ စုန့်ဝေဖျင်က ပေါက်တူးကို ချထားလိုက်ပြီး ခြေလှမ်းကျဲများနှင့် လျှောက်လာခဲ့၏။

ဟန်ကွမ်းဟွေသည် ရွှီရှောင်ကျောင်း၏ ခပ်စိမ်းစိမ်း ကြည့်နေသည့် အမူအရာက အလွန်မှ လတ်ဆတ်လှသည်ဟုသာ ခံစားနေမိသည်။ သူမ၏အဝတ်အစားများက အရင်က သူမြင်ခဲ့သည့် အဝတ်အစားများလိုပင် သန့်ရှင်းနေလေသည်။ သူမ၏မျက်ဝန်းများက အလွန်တောက်ပလွန်း၍လား သို့မဟုတ် ခေါင်းစည်းကြိုးက အလွန်တောက်ပနေ၍လား မသိပေ။ ဟန်ကွမ်းဟွေသည် သူမသည် ထူးခြားနေသည်ဟု ဆက်တိုက်ခံစားနေရလေသည်။ မနေ့က အနီရောင်အဝတ်အစားနှင့် ကျောဘက်မြင်ကွင်းကို တနေ့လုံး အိပ်မက်မက်နေခဲ့မိလေသည်။ အခုတော့ ရွှီရှောင်ကျောင်းကို ကြည့်ရင်း သူသည် အရင်က သူမသည် သိပ်လှကြောင်း မသိခဲ့လေရာ နောင်တရနေမိတော့သည်။

သူမက ပညာတတ်လူငယ်လေးတွေရဲ့ ပန်းကလေးတစ်ပွင့်လို့ အားလုံးက ပြောကြတယ်လေ။ တကယ်လည်း သူမက ပန်းလေးတစ်ပွင့်ပါပဲ။

“ရှောင်ကျောင်း ညီမ ကို့ကို စိတ်ဆိုးနေတာလား၊ ညီမ စိတ်ဆိုးနေတာ ကို သိပါတယ်၊ ကို အဲနေ့က စိတ်ရှုပ်သွားလို့ပါ၊ ညီမ ကိစ္စရှိလို့ စုန့်ဝေဖျင်ရဲ့အိမ်ကို သွားခဲ့တာရယ်၊ သူ့အိမ်မှာ ညမနေခဲ့ဘူးဆိုတာ ကို သိပါတယ်၊ ညီမ မသန့်ရှင်းတော့ဘူးဆိုရင်လည်း ကိုယ် မငြိုငြင်ပါဘူး၊ ညီမလည်း မသန့်ရှင်းတော့တာ မဟုတ်ဘူးလေ၊ ညီမ ကိုနဲ့ ပြန်ပြီးတွဲလို့ရပါတယ်”

ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင် နီးကပ်လာသည်ကို စောင့်ကြည့်ရင်း ဟန်ကွမ်းဟွေကို လက်ညှိုးထိုးလိုက်လေသည်။ သေလိုက်လေ။

“စုန့်ဝေဖျင် သူ့ကို အသေရိုက်စမ်းပါ”

...