အပိုင်း (၈) အနီရောင်ဝတ်စုံ
စုန့်ဝေဖျင်နှင့် အဘွားစုန့်တို့ ပြန်သွားသောအခါ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို စောစောက ခွဲထားပြီးသားဖြစ်သည့် ဂျုံဖြူ ၅ကျင်းနှင့် ပြောင်းမှုန်း ၅ကျင်းကို လှမ်းပေးလိုက်လေသည်။
“နင်နဲ့ အဘွား စားဖို့၊ ချွေတာနေစရာမလိုပါဘူး”
ငယ်ငယ်ကတည်း သူမ၏စိတ်ထဲတွင် စွဲမှတ်ထားသည့် သဘောတရားမှာ ငွေဟူသည် သိမ်းထားခြင်းမှ ရလာသည် မဟုတ်ဘဲ ရှာဖွေခြင်းက ရလာခြင်းပင်။ ပစ္စည်းများကလည်း ထို့အတူပင်။ လူတစ်ယောက်က ငွေ စုဆောင်းဖိုရန် အငတ်ခံနေလျှင် ငွေရှာဖို့မပြောနှင့် ဘာကိုမှ ကောင်းကောင်း လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူမတွင် စိတ်ကူးတချို့ ရှိပြီးသားပင်။ လက်ထပ်ပြီးသွားသည်နှင့် သူမသည် ထိုကိစ္စကို အကောင်အထည် ဖော်ရလိမ့်မည်။
စုန့်ဝေဖျင်သည် အခိုက်တန့် စကားပြောနိုင်ပေ။ ရွှီရှောင်ကျောင်းက သူ့ကို ထပ်ပြီး တွတ်လိုက်ကာ
“အရမ်းလေးနေပြီ၊ ပြီးတော့ နောက်ဆိုရင် ငါတို့တွေက မိသားစုတစ်ခုထဲလေ၊ အစားအသောက် နည်းနည်းလေးကို နင်က ဒီအစားအသောက်အတွက် ငါနဲ့ တွန်းလိုက်ဆွဲလိုက် လုပ်ချင်နေတယ်၊ ယူထားလိုက်၊ အဘွားစားဖို့ ကောင်းတာတွေ လုပ်ကျွေးလုပ်အုံး”
စုန့်ဝေဖျင်က လေးလံသည့် ကုန်ခြောက်အိတ်နှစ်အိတ်ကို ယူလိုက်ပြီး ‘အင်း’တစ်လုံးနှင့် ပြန်ဖြေလိုက်ကာ
“ဌာနစာရေးကို သွားရှာဖို့ ခဏနေ ငါ မင်းကို လာကြိုပေးမယ်”
မိတ်ဆက်စာ ရလာပြီးနောက် အပြန်လမ်းတွင် စုန့်ဝေဖျင်က ခါတိုင်းလို နှုတ်ဆိတ်နေလေသည်။ ရွှီရှောင်ကျောင်းက ထိုကိစ္စကို ကျင့်သားရနေပြီးဖြစ်ကာ
“ဒါဆို ငါတို့တွေ မနက်ဖြန် အသိအမှတ်ပြုလက်မှတ် သွားယူကြမလား”
စုန့်ဝေဖျင်သည် သူ့လက်ထဲတွင် မိတ်ဆက်စာရွက် ပါးပါးလေးကို ကိုင်ထားလေသည်။ အမှောင်အတိ ဖုံးလွှမ်းနေသည့်ကြားတွင် သူ့မျက်နှာပေါ်၌ ဘာအမူအရာကိုမှ မတွေ့နိုင်ပေ။
“မနက်ဖြန် မြို့ထဲက သယ်ယူပို့ဆောင်ရေးအဖွဲ့မှာ အလုပ်ရှိတယ်၊ ငါ သွားကူပေးရမှာ၊ ဖိန်းနွဲခါမှ သွားကြမယ်”
တစ်ရက်စောစော တစ်ရက်နောက်ကျကျ ရွှီရှောင်ကျောင်းကတော့ စိတ်ထဲမထားချေ။ အလုပ်က ပိုအရေးကြီးလေသည်။
“ဒါဆို နင် သွားလေ၊ နေ့လယ်ခင်း ပြန်လာမှာလား၊ နင် ပြန်မလာရင် ငါ အဘွားကို ငါတို့အိမ်မှာ လာစားဖို့ ပြောထားလိုက်မယ်”
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး
“ငါ မနက်ကတည်းက အဘွားအတွက် အစားအသောက် လုပ်ပေးသွားမှာ၊ မင်း အားရင်သာ သူ့ကို ငါ့ကိုယ်စား သွားကြည့်ပေးလေ”
ရွှီရှောင်ကျောင်းက အဘွားအကြောင်း မပြောတော့ဘဲ အနားကပ်လာကာ
“ငါက အခု အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီလေ၊ ငါက ပညာတတ်လူငယ်တွေထပ် ပိုအားတယ်၊ ငါ ၃/၄ရက်လောက် ခွင့်ယူလိုက်မယ်၊ စိတ်မပူနဲ့၊ ငါ အဘွားကို စောင့််ရှောက်ပေးမှာပါ”
နောက်ဆုံး ငါ့လက်ရှိနေရာက အဘွားကို ကောင်းကောင်း စောင့်ရှောက်ပေးပြီး စုန့်ဝေဖျင်ကို အလုပ်ကြိုးစားခိုင်းဖို့ပဲလေ။
နောက်တစ်နေ့ မနက်စောစောတွင် စုန့်ဝေဖျင်သည် မြို့သို့ တက်လာခဲ့သည်။ အမှန်တွင်တော့ သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် သည်နေ့ ကုန်အတင်အချ မရှိပေ။ သူက သည်အတိုင်း မြို့တက်လာပြီး သယ်ယူပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင် လီစန်းထျယ်ကို လာရှာခြင်းပင်။
“ဝေဖျင် မင်း ဘာလို့ ရောက်လာတာလဲ၊ မြန်မြန် ဝင်လာခဲ့”
လီစန်းထျန်ကိုယ်တိုင်က မြို့တွင် အိပ်ခန်းနှစ်ခန်းပါသည့် ခြံဝင်းငယ်လေးတစ်ခုထဲတွင် နေထိုင်လေသည်။ အိမ်က သေသေသပ်သပ် ရှိလှသည်။
သူ့ဘယ်ခြေထောက်က အနည်းငယ်ထော့နေပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်လျှင်တော့ မသိသာချေ။ သို့သော် မြန်မြန်လျှောက်လျှင်တော့ သိသာလာသည်။
စုန့်ဝေဖျင်က သူ့ကို ထိုင်ခိုင်းလိုက်ပြီး လက်ဖက်ရည်အိုးကို ယူကာ သူကိုယ်တိုင်အတွက် လက်ဖက်ရည် လောင်းထည့်လိုက်သည်။ သူတို့နှစ်ယောက်သည် စကားနည်းနည်းပါးပါး ပြောလိုက်ကြပြီးနောက် သူက သူ့ရည်ရွယ်ချက်ကို ရှင်းပြလိုက်တော့သည်။
“တတိယအစ်ကိုလီ နောက်တစ်ခါ အစ်ကို သယ်ယူပို့ဆောင်ရေးအတွက် သွားရင် ကျွန်တော် အစ်ကိုနဲ့ လိုက်ချင်တယ်”
လီစန်းထျယ်သည် ထိုစကားကို ကြားလိုက်ရသောအခါ အလွန်ဝမ်းသာသွားတော့သည်။
“တော်လိုက်တဲ့ကောင်လေး ငါက မင်း အဲစကားပြောလာဖို့ မျှော်လိုက်ရတာ၊ သယ်ယူပို့ဆောင်ရေးအဖွဲ့ထဲက အဲဒီသတ္တိကြောင်တဲ့ကောင်တွေက ဘယ်သယ်ယူပို့ဆောင်ရေး ယာဥ်ကိုမှ မမောင်းရဲကြဘူးလေ၊ နောက်ဆုံးတစ်ခါ ငါ ထွက်သွားတုန်းက ငါက ဝူမားဇီကို သင်ပေးခဲ့ချင်တာ၊ ပုံမှန်ဆိုရင် အဲကောင်လေးက အရမ်းရဲတင်းပါတယ် ဒါပေမဲ့ အလကားကောင် ဖြစ်နေတယ်၊ အကွေ့လည်းရောက်ရော သူ့မှာ တွင်းထဲ ကျသွားတော့မလို့၊ အတော်ဆုံးကတော့ မင်းပဲဖြစ်နေတုန်း”
လီစန်းထျယ်သည် မနှစ်က သူ့ကို မောင်းခဲ့စဥ်က အာရုံမစိုက်မိသဖြင့် တွင်းနက်ကြီးတစ်ခုကို နင်းခဲ့သည့်အကြောင်း မှတ်မိနေဆဲပင်။ ကားတစ်စီးလုံးက လမ်းဘေးပေါ်က တွင်းတစ်ခုထဲ ကျသွားပြီး သူသည် ကားပေါ်က ပြုတ်ကျသွားခဲ့သည်။ ကားက တွင်းထဲပြန်လှိမ့်လာပြီး ကားထဲကလူများက ခုန်ချကာ ထွက်ပြေးခဲ့ကြသည်။ စုန့်ဝေဖျင်ကသာ ကား၏ဒရိုင်ဘာထိုင်ခုံထဲသို့ ခုန်ဝင်လိုက်ပြီး တစ်ပြိုင်နက် လက်ကိုင်ကို ဖိကာ ကားကို လမ်းပေါ်သို့ ပြန်မောင်းတက်လာခဲ့သည်။ နောက်ပိုင်းတွင် သူက လီစန်းထျယ်ကို ဆေးရုံသို့ မောင်းပို့ပေးခဲ့သည်။ သူ့ကြောင့်သာ မဟုတ်လျှင် တစ်ရက် နောက်သွားပြီးနောက် သူ့ခြေထောက် မည်သို့အဆုံးသတ်သွားမည်ကို ဘယ်သူက သိပါမည်နည်း။
သို့သော် စုန့်ဝေဖျင်သည် သူနှင့် ထိုတစ်ကြိမ် ခရီးဝေးသွားခဲ့ပြီး အဘွားကျန်းမာရေးက အိမ်တွင် လဲကျသွားပြီးနောက် ဆိုးသည်ထက် ဆိုးလာကတည်းက သည်ကလေးသည် သူ့နောက် မလိုက်တော့ပေ။ သူက မကြာခဏဆိုသလို သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် သယ်ပို့ရင်း နည်းနည်းပါးပါး လာကူတတ်သည်။ သို့သော် အပြင်ဘက်တွင် ညအိပ်ဖို့လိုလျှင်တော့ စုန့်ဝေဖျင်က သူနှင့် မလိုက်တော့ချေ။ စုန့်ဝေဖျင်က သူ့အဘွားအတွက် စိတ်ပူသောကြောင့်ပင်။
“မင်းအဘွား နေကောင်းသွားပြီလား” သူက မေးလိုက်၏။
စုန့်ဝေဖျင်က ပန်းကန်လုံးထဲက ရေကို တကျိုက်မော့သောက်လိုက်သည်။ သူ့နှုတ်ခမ်းကို စေ့ထားလိုက်ပြီး သူက ပြန်ဖြေလေသည်။
“ကျွန်တော် လက်ထပ်တော့မှာ၊ နောက်ဆိုရင် ကျွန်တော့်မိန်းမက အိမ်မှာ အဘွားကို စောင့်ရှောက်ပေးလို့ရတယ်”
လီစန်းထျယ်က အံ့ဩသွားပြီး
“ဟေ့ ကောင်လေး ဝမ်းသာစရာပဲကွ၊ မင်းအဘွားက ဒီကိစ္စကို နှစ်တွေအကြာကြီး မျှော်လင့်လာခဲ့တာ၊ နောက်ဆုံးတော့ မင်းက လက်ထပ်တော့မှာပဲ၊ ကောင်းတယ်၊ ကောင်လေး မင်းက ငါ့ကိုတောင် ကျော်သွားနိုင်တာပဲ”
စုန့်ဝေဖျင်က မသိမသာပြုံးလိုက်ပြီး
“တတိယအစ်ကိုလီ မင်းရဲ့စံနှုန်းက အရမ်းမြင့်တာကိုး”
လီစန်းထျယ်သည် မိဘ မရှိတော့ပေ။ သို့သော် လယ်ထွန်စက်မောင်းနိုင်ပြီး သယ်ယူပို့ဆောင်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် မြို့က လူနည်းစုထဲက တစ်ယောက်အနေဖြင့် လူတော်တော်များများက သူ့ကို လာစပ်ကြလေသည်။ သို့သော် သူ့အတွက်တော့ အနည်းငယ် အောင့်သက်သက် နိုင်လှသည်။ သူမျက်စိကျသူက သူ့ကို သဘောမကျဘဲ သူ့ကို သဘောကျသည့်မိန်းကလေးများကိုတော့ သူက လုံးဝသဘောမကျပေ။ သို့နှင့် နှောင့်နှေးသွားရတော့သည်။
လီစန်းထျယ်က လက်ခါပြလိုက်ပြီး
“အဲဒီအကြောင်း မပြောကြရအောင်ကွာ၊ မင်းက သယ်ယူပို့ဆောင်ရေးမှာ ငါနဲ့ အတူတူထွက်လုပ်ဖို့ ဆန္ဒရှိသ၍ ငါကတော့ ဝမ်းသာတယ်၊ အစကတည်းက မင်းက ယာယီအလုပ်သမားပဲ၊ မိတ်ဆက်စာ လုပ်ငန်းစဥ်ကို သိမ်းထားလိုက်၊ ဒီတစ်ခါ ငါက မင်းရဲ့နည်းပြလုပ်ပေးမယ်၊ မင်း ကောင်းကောင်း မောင်းနိုင်သ၍ မင်း ယာဥ်မောင်းလိုင်စင်ရဖို့ ငါက မင်းအတွက် ထောက်ခံစာ ရေးပေးလိုက်မယ်၊ ယာယီအလုပ်သမားတစ်ယောက်အနေနဲ့ တတိယအစ်ကိုလီက အများကြီးတော့ ကတိမပေးနိုင်ဘူး၊ ထောက်ပံ့ကြေးကလွဲရင် မင်းက မကြာမကြာထွက်ရတဲ့ ခရီးတွေကနေ ၈ ကျောင် နဲ့ ၁ ဖန်း ရနိုင်တယ်၊ မင်း မနစ်နာစေရဘူး”
သူက လက်ချောင်းများကို ဆန့်ထုတ်ကာ တွက်ချက်လိုက်ပြီး
“နှစ်သစ်ကူး ၁၀ရက်နေ့ကျရင် သမဝါယမအတွက် အရေးပေါ်ပစ္စည်းတချို့ သွားယူပေးစရာရှိတယ်၊ မင်းလည်း လိုက်လာသင့်တယ်၊ ငါက ငါ့ခြေထောက်နေရာမှာ အစားထိုဖို့ လူမတွေ့မှာ စိုးရိမ်နေတာ၊ မင်းဝင်လာတာ ငါ့ကို ကူညီပေးတာလို့ပဲ မှတ်တယ်”
စုန့်ဝေဖျင်က စိတ်ထဲတွင် အချိန်ကို တွက်ကြည့်လိုက်ပြီး ခေါင်းညိတ်သဘောတူလိုက်ကာ နောက်ကိစ္စတစ်ခုကို ထုတ်ပြောလိုက်လေသည်။
“တတိယအစ်ကိုလီ ၊ ကျွန်တော် ဒီနေ့ ဒီကိုလာခဲ့တာ လုပ်စရာကိစ္စလေး နောက်တစ်ခု ရှိလို့ပါ၊ ကျွန်တော် အစ်ကို့ဆီ ၁၀ယွမ်လောက် ချေးချင်လို့၊ နှစ်ကုန်ရင် ပြန်ပေးပါ့မယ်”
လီစန်းထျန်က တသောသော ရယ်မောလိုက်ပြီး
“မင်းမိန်းမအတွက် တစ်ခုခု သွားဝယ်မလို့ပေါ့်လေ၊ မင်းက မိန်းမချစ်တတ်တဲ့သူပဲကွ၊ ကောင်းပြီလေ ကောင်လေး၊ အခု ငါ့ကို ယုံထားလိုက်ရပါတယ်”
စုန့်ဝေဖျင်သည် ရွှီရှောင်ကျောင်း၏အိမ်တံခါးကို လာခေါက်ချိန်တွင် မှောင်နေပြီဖြစ်သည်။ ရွှီရှောင်ကျောင်းက ခေါင်းကို ထုတ်လာပြီး သူ့ကို မြင်သွား၏။ သူမသည် အံ့ဩသွားပြီး
“နင် ပြန်လာတာ နောက်ကျလှချည်လား၊ စားပြီးပြီလား၊ ငါ နေ့လယ်က အဘွားကို အသား၊ ပဲသီးနဲ့ အာလူး နှစ်ပန်းကန် ပေးထားတယ်၊ အဘွား စားရသေးမှာ မဟုတ်ဘူး၊ နင် မစားရသေးရင် မြန်မြန်ပြန်ပြီး သွားစားလိုက်တော့”
စုန့်ဝေဖျင်က ‘အင်း’တစ်လုံးသာ ပြန်ဖြေပြီး သူမကို စက္ကူအိတ်တစ်ခု လှမ်းပေးလိုက်ကာ
“မင်းအတွက် ၊ ငါ မင်းကို မနက်ဖြန် လာကြိုမယ်”
ရွှီရှောင်ကျောင်းသည် စက္ကူအိတ်ကို အခန်းထဲ ယူဝင်လာပြီး မျက်နှာချင်းဆိုင်အခန်းမှ ဆူဆူညံညံအသံကို ကြားလိုက်သည့် ဝူချွန်ဟွားကို ပြောလိုက်လေသည်။
“အစ်ကိုဝေဖျင်က သမီးကို ပစ္စည်းပေးသွားတယ်”
ရွှီရှောင်ကန်းက သိချင်သွားပြီး
“အစ်မ ဘာလဲ”
ရွှီရှောင်ကျောင်းသည် ဧည့်ခန်းထဲသို့ ဝင်လာပြီး စက္ကူအိတ်ကို စားပွဲပေါ်သို့ တင်လိုက်ကာ
“ဖွင့်ကြည့်လိုက်ရင် သိမှာပေါ့”
အစောပိုင်းက ဝူချွန်းဟွားသည် ရေနံဆီမီးအိမ်ဘေးတွင် ရွှီရှောင်ကန်း၏ အဝတ်များကို ပြင်ပေးနေသည်။ သူမလည်း တစ်ချက်လာကြည့်လိုက်သည်။
“ဝိုး မမ ၊ ဂါဝန်တစ်ထည်ပဲ၊ အနီရောင်ဂါဝန်၊ အရမ်းလှတာပဲ”
ရွှီရှောင်ကျောင်းက ဂါဝန်ကို ကောက်ယူလိုက်ပြီး ရေနံဆီမီးအိမ်နှင့် သေသေချာချာ လေ့လာကြည့်လိုက်လေသည်။ အမှန်အတိုင်း ပြောရလျှင် သူမသည် နည်းနည်းတော့ သဘောကျမိလေသည်။ သူမ၏ ရုပ်ရည်က သူမ၏အရင်ဘဝနှင့် တပုံစံတည်းနီးပါးဖြစ်ကာ တောက်ပပြီး အသွင်ပြင်အားဖြင့် ပွင့်လင်းသည်။ အရောင်တောက်တောက်က အကောင်းဆုံး လိုက်ဖက်လေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်သည် ရုပ်ရည်ချောမောသော်လည်း သူမတွင် ခေတ်မီအဝတ်အစားများ တစ်ထည်မှ မရှိပေ။ အဝတ်အစားအားလုံးက ရိုးရိုးရှင်းရှင်းပင်။ သူမကိုယ်သူမ နှစ်သိမ့်ရမည်ဆိုလျှင်တောင် သူမသည် အလွန်ဆုံး ‘ခေတ်ဟောင်းစတိုင်’တစ်ခုအဖြစ်သာ တန်ဖိုးဖြတ်နိုင်ပေသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ရှေးကျသည့် ရသခံစားမှုက သူမကို မျက်စိစပါးမွှေးစူးနေသည့် သူမ၏ မွေးစားအမေ ချန်ဟောက်မေ ထည့်သွင်းပေးသည့်အရာ ဖြစ်နေသည်ကိုတော့ ပြောရန်ပင်မလိုချေ။
တစ်ဖက်တွင်တော့ ဝူချွန်းဟွားသည် သမီးဖြစ်သူကို ကောင်းကောင်း ဝတ်စားနိုင်စေချင်သည်။ သူမက အဝတ်အစားကို ထိကြည့်လိုက်၏။ သူမသည် စုန့်ဝေဖျင်ကို အမှတ်ပြည့် ကောင်လေးတစ်ယောက်အဖြစ် အသိအမှတ် ပြုလိုက်တော့သည်။
“ဒါက အခု မြို့ကြီးမှာ အရမ်းနာမည်ကြီးပြီး အရည်အသွေးကောင်းတာ၊ အဖွဲ့ခေါင်းဆောင်ရဲ့ မိန်းမဆီက ကြားခဲ့တယ်၊ ဒါက စျေးမပေါဘူးတဲ့၊ တစ်ထည်ကို ၆-၇ယွမ်လောက် ရှိတယ်၊ ဒီတစ်ထည်က အရမ်းလှတာပဲ၊ အနည်းဆုံး ၇-၈ယွမ် ရှိလိမ့်မယ်”
ရွှီရှောင်ကျောင်းသည် ဒါကို သူမ၏ခန္ဓာကိုယ်နှင့် ကပ်ကြည့်လိုက်ကာ
“အခု အမေ စိတ်အေးနိုင်ပြီနော်၊ သမီးပြောတဲ့အတိုင်းပဲ အစ်ကိုဝေဖျင်က သမီးကို ကောင်းကောင်းဆက်ဆံမှာပါလို့”
“ဟာ မမ ဒီမှာ ခေါင်းစည်းကြိုးနှစ်ခုလည်း ပါသေးတယ်၊ တောက်ပပြီး လှနေတာပဲ”
ရွှီရှောင်ကန်း၏မျက်လုံးများက စူးရှသွားတော့သည်။ သူသည် စက္ကူအိတ်ထဲတွင် တစ်ခုခု ရှိနေသေးသည်ကို သတိထားမိလိုက်လေသည်။
ရွှီရှောင်ကျောင်းက ထိုပစ္စည်းကို ထုတ်ကြည့်လိုက်တော့ သူမ၏မျက်လုံးများက တဖျက်ဖျက် လင်းလက်သွားကာ
“ဒီမို့ ဒီလောက်ကောင်းတာ မရှိပါဘူး၊ ကြည့်ရတာ သူ စီရင်စုအထိ သွားခဲ့တဲ့ပုံပဲ”
ကြည့်ရတာ စုန့်ဝေဖျင်က ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါက အရောင်တောက်တောက် ခေါင်းစည်းကြိုး ကြိုက်တယ်လို့ ပြောခဲ့တာကို သတိရသွားတဲ့ပုံပဲ။ သူက စိတ်ရင်းကောင်းတဲ့သူပဲ။ ဒါနဲ့တော့ ငါတော့ မျက်နှာပန်းလှသွားပြီ။
ဝူချွန်းဟွားသည်လည်း ကျေနပ်သွားတော့သည်။
“မနက်ဖြန် ဒီဂါဝန်ကို ဝတ်သွားလိုက်၊ လှတယ်”
နောက်ဆုံး သူတို့တွေက လက်ထပ်မှတ်ပုံတင် သွားယူကြမှာလေ။ ရွှီရှောင်ကျောင်းသည် မနက်စောစောနိုးလာပြီး သူမ၏မနက်စာကို စားပြီးနောက် အဝတ်အစားလဲလိုက်တော့သည်။
သူမသည် မိတ်ကပ် မပါလျှင်တောင် သဘာဝအလျောက်ချောမောပြီး ကြည့်ကောင်းသူဖြစ်သည်။ သို့တိုင် သူမက တစ်ခါက မူလခန္ဓာကိုယ်က ပညာတတ်လူငယ် ဝမ်ကွေးယွဲ့နှင့်အတူ မြို့တက်ပြီး ဝယ်ခဲ့သည့် နှုတ်ခမ်းဆိုးဆေးတစ်ချောင်းကို သုံးလိုက်၏။ ဝမ်ကွေးယွဲ့က နှုတ်ခမ်းကို ဝယ်ချင်ခဲ့သော်လည်း သူမက မတတ်နိုင်ပေ။ ထို့ကြောင့် သူမက မူလခန္ဓာကိုယ်ပိုင်ရှင်ကို နားချပြီး နှစ်ယောက်သားက နှုတ်ခမ်းဆိုးဆေးတစ်ချောင်းကို အတူတူဝယ်ခဲ့ကြခြင်းပင်။ ထိုအချိန်က ရွှီရှောင်ကျောင်းသည် နှုတ်ခမ်းဆိုးဆေးတစ်ဝက်ကိုသာ ရခဲ့လေသည်။ သူမတွက် နှုတ်ခမ်းဆိုးဆေး ထည့်သည့် အတောင့်လေးကို မရသေးချေ။ နှုတ်ခမ်းဆိုးဆေးကို သံဘူးငယ်လေးထဲတွင် လုံးဝ မထိဘဲ ထားထားလေသည်။
သည်နေ့တော့ အသုံးဝင်လာခဲ့သည်။
သူမ၏ဆံပင်များသည် ကျစ်ဆံမြီးနှစ်ခုနှင့် ရင်ဘတ်ပေါ်တွင် ချမထားတော့ချေ။ အရောင်တောက်တောက် ခေါင်းစည်းကြိုးဖြင့် သူမ၏ဆံပင်ကို ပိုနီတေးလ် စည်းထားသည်။ အနီရောင်ဂါဝန်ကို ဝတ်လိုက်ပြီး ရွှီရှောင်ကျောင်းသည် ကိုယ့်ဟာကိုယ် မှန်မကြည့်ဘဲနဲ့ပင် လှနေသည်ဟု ခံစားမိလေသည်။
သူမက မှန်ငယ်လေးရှေ့တွင် ဆံပင်ကို ပြင်ဆင်နေစဥ် တံခါးခေါက်သံကြားလိုက်ရ၏။ ထို့နောက် ရွှီရှောင်ကန်း၏အသံက ထွက်လာလေသည်။
“မမ အစ်ကိုဝေဖျင် ရောက်ပြီ”
ရွှီရှောင်ကျောင်းက မှန်ကို ချထားလိုက်ပြီး လှည့်ကာ အခန်းထဲက ထွက်လာခဲ့လေသည်။ သူမ၏ကြည်လင်နေသည့် စိတ်ကို ဖုံးကွယ်မထားနိုင်ပေ။
“စုန့်ဝေဖျင် နင် ရောက်နေပြီပဲ”
စုန့်ဝေဖျင်က တံခါးအပြင်ဘက်တွင် ရပ်ကာ သူမကို မော့ကြည့်လိုက်၏။ သူသည် အခိုက်တန့် မှင်တက်အံ့ဩသွားတော့သည်။ ထို့နောက် သူက နောက်သို့ တစ်လှမ်းပြန်ဆုတ်လိုက်ပြီး
“အင်း မင်း အဆင်သင့်ဖြစ်ပြီလား၊ သွားကြမယ်လေ”
ရွှီရှောင်ကျောင်းက အိမ်ထောင်စုစာရင်းစာအုပ်ကို လှမ်းယူလိုက်ပြီး ထွက်လာရင်း ရွှီရှောင်ကန်းကို တံခါး သေသေချာချာပိတ်ဖို့ မှာလိုက်ကာ သူ့နောက်က လိုက်သွားလိုက်တော့သည်။
“နင် ငါ့ကိုပေးတဲ့ ဂါဝန်ကို အရမ်းကြိုက်တယ်”
သူမက တံတောင်ဖြင့် စုန့်ဝေဖျင်ကို ထိလိုက်ပြီး ချီးကျူးသံကို ကြားချင်နေမိသည်။
“ဟဲ့ စုန့်ဝေဖျင် ဒီနေ့ ငါ လှတယ်လို့ ထင်လားလို့”
စုန့်ဝေဖျင်က သူ့ခေါင်းကိုလှည့်ကာ သူမကို ကြည့်လိုက်လေသည်။ မနက်ခင်းနေရောင်ခြည်ထဲတွင် နေက သူမအပေါ်တွင် ရွှေရောင်အလွှာများ လွှမ်းခြုံထားသယောင်။ အနီရောင်ဂါဝန်လေးက သူမနှင့် အမှန်ပင် လိုက်ဖက်နေကာ သူမသည် ပြောင်လက်တောက်ပနေ လေတော့သည်။ သူမသည် စိတ်ကောင်းဝင်နေဟန်တူသည်။ သူမ၏မျက်လုံးထဲတွင် တလက်လက်ဖြစ်နေပြီး အလွန်မှ တောက်ပနေလေသည်။
“လှတယ်”
စုန့်ဝေဖျင်က ဗလုံးဗထွေးဖြင့် ပြောလိုက်၏။
ရွှီရှောင်ကျောင်းက သိပ်မကျေနပ်လေရာ
“ဝေး နင် ငါ့ကို ချီးကျူးတဲ့ စကားနည်းနည်းပါးပါးတောင် မပြောဘူးနော်၊ တစ်ယောက်ယောက် နင့်ကို ဘူးသီးခြောက်လို့ ပြောထားလို့လား”
အစက သူမသည် စုန့်ဝေဖျင်၏ နားများက နီနေသည်ကို သတိမထားမိပေ။ သူမက အိမ်ထောင်စုစာရင်းစာအုပ်ကို သူ့ကို သယ်ခိုင်းဖို့ သည်အတိုင်း လှမ်းပေးလိုက်လေသေည်။ သူမသည် သူ့ဘေးတွင် ပျော်ရွှင်စွာဖြင့် ခုန်ဆွ ခုန်ဆွ လိုက်လာခဲ့သည်။ ဟုတ်ပါသည်။ စျေးဝယ်ထွက်ခြင်းက မိန်းကလေးများကို ပျော်ရွှင်မှုများ ယူလာပေးနိုင်၏။
ရွှီရှောင်ကျောင်းက လိပ်ပြာလေးတစ်ကောင်လို စုန့်ဝေဖျင်ကို ဝိုင်းပတ်နေလေသည်။ သူမက တစ်ခုခုကို ပြောမည်ပြင်လိုက်ပြီးမှ ရုတ်တရက် အော်ရီလေတော့သည်။
“စုန့်ဝေဖျင် နင့်နားတွေက နီနေတာပဲ၊ ဟား ဟား ဟား နင် ရှက်နေတာလား၊ စုန့်ဝေဖျင်ရယ် နင်ဟာလေ သိပ်ချစ်စရာကောင်းတာပဲ”
သူမ၏ရယ်သံက ငွေခေါင်းလေးတစ်ခုနှယ်။ ကြည်လင်ချိုမြလေသည်။ စုန့်ဝေဖျင်၏မျက်နှာပင် နီမြန်းသွားတော့သည်။ သူသည် ကူကယ်ရာမဲ့သလို ရွှီရှောင်ကျောင်းကို ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် သူမကို ဆူလိုက်တော့သည်။
“ရွှတ်နောက်နောက်တွေ မလုပ်နဲ့”
ရွှီရှောင်ကျောင်းက သူ့ကို အနီးကပ်ကြည့်လိုက်ပြီး မတ်တပ်ပြန်ရပ်လိုက်ကာ ပြုံးလိုက်ပြီး
“ဘယ်သူက လုပ်နေလို့လဲ”
“ရှောင်ကျောင်း လား”
အံ့ဩသည့်အသံတစ်ခုက လမ်းဆုံနားမှ ထွက်လာလေသည်။
ရွှီရှောင်ကျောင်းက လှည့်ကြည့်လိုက်တော့ ဝမ်ကွေးယွဲ့ကို တွေ့လိုက်ရပြီး သူမကို နှုတ်ဆက်လိုက်တော့သည်။
“မင်္ဂလာနံနက်ခင်းပါ”
ဝမ်ကွေးယွဲ့သည် သူမကို မျက်လုံးများကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး
“ဘာလို့လဲ၊ ဘာလို့လဲ၊ နင်ဘာလို့ အဲလောက်တောင် လှနေတာလေ”
လှတယ်ဟု ချီးကျူးခံရခြင်းက လူတစ်ယောက်၏စိတ်အခြေအနေကို ဆိုးရွားသွားအောင် မလုပ်နိုင်ပေ။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို အသိအမှတ်ပြုပေးဖို့ မမေ့လျော့ချေ။
“ကိုကိုဝေဖျင် ငါ့ကို ဝယ်ပေးထားတာလေ၊ မလှဘူးလား”
ဝမ်ကွေးယွဲ့သည် မျက်နှာသေနှင့် စုန့်ဝေဖျင်ကို ကြည့်လိုက်၏။ စုန့်ဝေဖျင်က တခြားသူများကို လက်ဆောင်တစ်ခုခု ပေးလိမ့်မည်ဟု အမှန်ပင် မစဥ်းစားတတ်တော့ပေ။ သူမသည် ရှေ့ဆက်မပြောရဲတော့ဘဲ စကားတစ်ခွန်း၊ နှစ်ခွန်းကို ခြောက်ခြောက်ကပ်ကပ် ပြောလိုက်တော့သည်။
“နင့်ဂါဝန်လေးက အရမ်းလှတာပဲ”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နားသို့ ကပ်သွားပြီး သူမကို လက်ယမ်းပြလိုက်ကာ
“ငါတို့တွေ ဒီနေ့ လုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ်နော်၊ ငါ ဒီနှစ်ရက်အတွင်းမှာ အရမ်းအလုပ်များနေတာ ဒါကြောင့် နင်တို့ကို လာမရှာနိုင်ဘူး၊ နောက်မှ နင်တို့ကို လာရှာမယ်နော်၊ တာ့တာ”
ဝမ်ကွေးယွဲ့သည် ငေးကြောင်ကြောင် ရပ်နေကာ ခြေသံများကို ကြားလိုက်ချိန်မှ သတိ ပြန်ဝင်လာတော့သည်။ ဟန်ကွမ်းဟွေဖြစ်နေသည်ကို မြင်လိုက်သည်တွင် သူမက အဝေးကို မရောက်သေးသည့် ရွှီရှောင်ကျောင်းကို လက်ညှိုးထိုးပြလိုက်ပြီး သူ့ကို လေသံတိုးတိုးဖြင့် မေးလိုက်တော့သည်။
“ကြည့်လိုက် သူဘယ်သူလဲ”
ဟန်ကွမ်းဟွေက သူမ၏လက်နောက် လိုက်ကြည့်လိုက်ပြီး ကျေးရွာလမ်းကို ကျောခိုင်းထားသည့် မျက်စိကျိန်းလောက်သည့် အနီရောင်ကောက်ကြောင်းလေးတစ်ခုကို တွေ့လိုက်ရလေသည်။ သိမ်မွေ့စွာ ယိမ်းနွဲ့နေသည့် ဂါဝန်က လူတို့၏နှလုံးသားကို ဆွဲလှုပ်နေသယောင်။
သူ့ပထမဆုံးအမြင်မှာ သူမသည် လှနိုင်လွန်းသည်ဟူ၍။ ဒါက ခေတ်သစ်ရဲ့မိန်းမပျိုပဲ။ သို့သော် သူက ထပ်ကြည့်လိုက်ချိန်တွင် ရှင်းမပြတတ်သည့် ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရလေသည်။
“အဲဒါ ရှောင်ကျောင်းလေ” ဝမ်ကွေးယွဲ့က သူ့ကို လှမ်းကြည့်လိုက်၏။
“မဖြစ်နိုင်တာ”
ကျောက်ရှောင်ကျောင်းက ဘယ်တော့မှ အဲလိုမဝတ်စားဘူး။ လူတွေက သူ့ကို စာရိတ္တပျက်ပြားတယ်လို့ ပြောမှာ ကြောက်တာပဲ။ ဒါကြောင့် သူက အဲလိုဟာမျိုးကို ဘယ်တော့မှ မဝတ်ရဲခဲ့ဘူးလေ။
“ဟမ်း ဘာမဖြစ်နိုင်ရမှာလဲ၊ ဟန်ကွမ်းဟွေ ကျောက်ယန်ယန်က ဘာတွေအရမ်းကောင်းနေလဲတော့ ငါ တကယ်မသိဘူး၊ သူက နေ့တိုင်း ငိုဖို့လောက်ပဲ သိတာ၊ အခု ရှောင်ကျောင်းနဲ့ စုန့်ဝေဖျင်က တွဲသွားကြပြီ၊ နင် နောက်ဆိုရင် နောင်တရလိမ့်မယ်၊ နင့်ထိုက်နဲ့ နင့်ကံပဲ”
ဝမ်ကွေးယွဲ့သည် အခုမှ နာမည်ပြောင်းထားသည့် ကျောက်ယန်ယန်နှင့် တစ်ခန်းတည်း အတူတူနေသည်မှာ နှစ်ရက် သုံးရက်သာ ရှိသေးပြီး သူမကို လုံးဝ သည်းမခံနိုင်တော့ချေ။ သူမက သူ့ကိုယ်သူ ညီမလေးလင်း (ခန်းဆောင်နီအိပ်မက်ထဲက လင်းသိုက်ယွိ) လို့ထင်နေပြီး တစ်ခုခု အဆင်မပြေတိုင်း ငိုယိုနေတာလေ။ မသင့်တော်လိုက်တာ။ သူက လေတိုက်ရင် ထောက်ထားပေးဖို့လိုတဲ့ ပျော့အိပျော့တွဲ မိုးမခပင်လို ဟန်ဆောင်ထားပေမဲ့ တကယ်တော့ သူ့စိတ်ထဲမှာတော့ ရက်စက်တယ်လေ။
“အရင်က ငါ သတိမထားမိခဲ့ဘူး၊ ဒါပေမဲ့ အခု နင်နဲ့ နင့်ရဲ့ကျောက်ယန်ယန်က တကယ့်ကို ပြီးပြည့်စုံတဲ့အတွဲဆိုတာ တွေ့လိုက်ရပြီ”
ဟန်ကွမ်းဟွေ၏ စိတ်ပျက်သွားသည့် တုံ့ပြန်မှုကို တွေ့လိုက်ရသည်တွင် ဝမ်ကွေးယွဲ့က ဆိုးညစ်နေသည့်စိတ်ထားတစ်ခုကို ထုတ်ပစ်လိုက်ရသလို ခံစားလိုက်ရတော့သည်။
ဟန်ကွမ်းဟွေက မယုံကြည်နိုင်အောင် ဖြစ်နေဆဲ။ ကြောက်ရွံ့ပြီး ဘယ်တော့မှ ခေါင်းမော့ရဲတဲ့ အဲကောင်မလေးက အနီရောင်ဂါဝန်လေးကို ဝတ်ကြီး ဒီလို ဝင့်ကြွားပြီး လှပတဲ့မိန်းကလေး ဖြစ်နိုင်လို့လား။ သို့သော် သူသည် အဝေးသို့ ရောက်မသွားသေးသည့် သူတို့နှစ်ယောက်ကို ငေးကြည့်နေမိလေသည်။ အဲဒီမျက်နှာတခြမ်းက ကျောက်ရှောင်ကျောင်းဆိုတာ ရှင်းလင်းနေတာပဲ။
“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
...