Ch 16
Viewers 874

⌨️ Chapter 16


အကြီးအကဲချင် စကားများကို ပျယ်ယွီက (၂၇) ကြိမ်မြောက်အဖြစ် ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက်တွင် သူသည် လုံးဝ ဆွံ့အသွားတော့သည်။


သူ ပြောခဲ့သော စကားလုံးများကို တစ်လုံးမကျန် ပြန်လည်ပြောဆိုနိုင်ခြင်း မရှိတော့ပါချေ။ သူ့ ဦးနှောက်က ထိုစကားလုံးများကို ဖျက်ပစ်လိုက်သကဲ့သို့ပင်။ သူသည် ထိုအရာများကို ပြန်လည်သတိရရန် သို့မဟုတ် ထပ်မံပြောဆိုရန် မစွမ်းသာတော့ပါပေ။ 


သို့မဟုတ်လျှင်လည်း သူ့ ဦးနှောက်က ထိုစကားလုံးများသည် ပြန်လည်ရုပ်သိမ်းခံရမည်ကို မှတ်မိနေသဖြင့် ရုပ်သိမ်းခံရပြီးသား စကားလုံးများကိုသာ အလိုအလျောက်စီစစ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။


၎င်းမှာ သူသည် ပျယ်ယွီအား မိစ္ဆာတစ်ကောင်ဟု သံသယရှိနေသော်လည်း၊ သူမကို သံသယဝင်ရန် မည်သည့်အကြောင်းပြချက် သို့မဟုတ် စကားလုံးကိုမျှရှာမတွေ့နိုင်တော့ခြင်းပင်။ သူသည် ပျယ်ယွီ၏မိစ္ဆာသရုပ်အား သံသယဝင်ရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ မဖော်ပြနိုင်တော့ပါချေ။


အကြီးအကဲချင်သည် သူ့ကို အထက်မှ ငုံ့ကြည့်နေသော ပျယ်ယွီကို စူးစိုက်ကြည့်လျက်၊ ပျယ်ယွီမှာ မိစ္ဆာဖြစ်ကြောင်း ကောလာဟလဖြန့်ရန် တစ်ခုခုကို အသည်းအသန်ရှာဖွေနေမိသည်။ လက်တွေ့တွင်မူ သူ ဘာကိုမျှ စဉ်းစား၍မရတော့ချေ။ 


အကြီးအကဲချင် စကားများကို ပျယ်ယွီက (၇) ကြိမ်မြောက်အဖြစ် ပြန်လည်ရုပ်သိမ်းလိုက်ကတည်းက၊ သူ့ ပြောဆိုချက်များမှာ ပျယ်ယွီအပေါ် အကျိုးအကြောင်းမခိုင်လုံသော လုပ်ကြံဖန်တီးမှုများသာဖြစ်နေတော့သည်။


ပျယ်ယွီသည် အကြီးအကဲချင်၏အိုမင်းနေသော မျက်နှာကိုကြည့်ကာ စိတ်ထဲမှလှောင်ပြုံးပြုံးလိုက်သည်။ အပြင်ပန်းတွင်မူ သူမသည် ဖြောင့်မတ်တည်ကြည်သော အမူအရာကိုဆက်လက်ထိန်းသိမ်းထားဆဲပင်။


"ရှင် ကျွန်မကိုစွပ်စွဲနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပြီးတဲ့အခါ ရှင် ပြောသမျှစကားလုံးတိုင်းက ရှင့်ကို ပြန်လည်ဒုက္ခပေးမယ့် သက်သေတွေဖြစ်လာလိမ့်မယ်!"


ပျယ်ယွီသည် တကယ်ရယ်ချင်သွားမိသည်။ ပထမဆုံးအနေဖြင့် မျက်မြင်သက်သေသုံးဦးက သူမကို မိစ္ဆာဟု သတ်မှတ်ကြသည်၊ ထို့နောက် မိစ္ဆာနယ်မြေ၏အစောင့်အရှောက်က သူမကို ကာကွယ်ပေးသည်။ 


ဤအချက်အားလုံးက ပျယ်ယွီသည် မိစ္ဆာတစ်ကောင် ဖြစ်ကြောင်း ရောက်ရှိနေသူတိုင်းကို ခြွင်းချက်မရှိ ပြောပြနေသကဲ့သို့ပင်။


သို့သော် သူမမှာ မိစ္ဆာမဟုတ်ချေ။


အကြီးအကဲချင်သည် မျက်မှောင်ကြုတ်လျက် ပျယ်ယွီကို စိုက်ကြည့်နေပြီး သူ့ ဦးနှောက်မှာ လုံးဝ ဗလာဖြစ်နေသည်။ သူသည် သူမနှင့်ပတ်သက်သော ကောလာဟလများကို ဆက်လက်ဖြန့်ဝေရန် ပါးစပ်ဟလိုက်သော်လည်း အသံတစ်ခုက သူ့ကို ကြားဖြတ်တားဆီးလိုက်သည်။ ထိုအသံမှာ အလွန်ရင်းနှီးနေသည်။ ၎င်းမှာ ထိုမိစ္ဆာမလေး၏ အသံ မဟုတ်ပါလား?


ထိုအသံက ဆိုသည်မှာ  'ရှင် ပြောတော့မယ့်ဟာက မှားနေသလိုပဲနော် ပြန်စဉ်းစားကြည့်ဦးမလား?'


အကြီးအကဲချင်မှာ အသက်ရှူပင်မှားသွားတော့သည်။ ပြင်းထန်လှသော ထိတ်လန့်တုန်လှုပ်မှုတစ်ခု သူ့ စိတ်အတွင်း၌ ပေါ်ပေါက်လာပြီး ဝိညာဉ်စွမ်းအားများကို ကမောက်ကမဖြစ်သွားစေကာ သူ့ဝိညာဉ်လက်နက်ပင် ပုံသဏ္ဌာန်မထိန်းနိုင်တော့ချေ။


"အကြီးအကဲချင်... ဘာဖြစ်လို့လဲ?"


ဘေးရှိ အကြီးအကဲတစ်ဦးက သူ့ကို လှမ်းတွဲပေးလိုက်သည့်အခါမှသာ အကြီးအကဲချင်သည် သူ ယိုင်လဲလုနီးပါး ဖြစ်သွားသည်ကို သတိပြုမိတော့သည်။ သူသည် ထိုစိတ်လှုပ်ရှားမှုများကို အသည်းအသန် ထိန်းချုပ်ကာ ဝိညာဉ်စွမ်းအားများကို လှည့်ပတ်လျက် ဝိညာဉ်လက်နက်ကို ထပ်မံဖော်ထုတ်လိုက်သည်။


"ကျွန်တော် ဘာမှမဖြစ်ပါဘူး” အကြီးအကဲချင် ခေါင်းခါပြလိုက်သည်။


သူ မည်မျှအထိ ကြောက်လန့်နေသည်ကို အကြီးအကဲချင် ကိုယ်တိုင်သာသိရှိသည်။ သူ့ စိတ်ထဲ၌ အခြားအသံတစ်ခု ပေါ်ထွက်လာ နိုင်သည့် အခြေအနေမှာ တစ်ခုသာရှိသည်  ၎င်းမှာ အတွင်းစိတ်မိစ္ဆာပေါ်ပေါက်လာခြင်းပင်။


သူ့မှာ အတွင်းစိတ်မိစ္ဆာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ? ၎င်းမှာ မဖြစ်နိုင်ပါပေ။ သူသည် တစ်သက်လုံး ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သူဖြစ်ပြီး၊ ကြီးကျယ်သော ရည်မှန်းချက်၊ လောဘ သို့မဟုတ် စွဲလမ်းမှုများမရှိပါချေ။


သူသည် လင်းယွင်ဂိုဏ်း၌ အကြီးအကဲရာထူးကို အသုံးချကာ အေးအေးဆေးဆေး နေထိုင်လိုသူမျှသာ။ သူသည် အတွင်းစိတ်မိစ္ဆာရှိရမည့် အခြေအနေ များနှင့် လုံးဝ မကိုက်ညီပါချေ!


အကြီးအကဲချင်မှာ ခဏတာတွေဝေသွားပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။


 "ပျယ်ကျီယွဲ့ မိစ္ဆာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်”


သူ့ကို တွဲထားသော အကြီးအကဲမှာ အံ့ဩတကြား ဖြစ်သွားရသည်။ သူရုံတင်မကဘဲ လင်းယွင်ဂိုဏ်းမှ အခြားတပည့်များနှင့် အကြီးအကဲများမှာလည်း အနည်းငယ် အံဩသွားကြသည်။ ထိုအံ့ဩမှုမှာ ထူးဆန်းစွာ ရောက်ရှိလာခြင်း ဖြစ်သည်။


သူတို့၏ မသိစိတ်က အကြီးအကဲချင်သည် ပျယ်ယွီကို မိစ္ဆာဟု သတ်မှတ်ခဲ့ကြောင်း၊ ထပ်ခါတလဲလဲ သတ်မှတ်ခဲ့ကြောင်း ယုံကြည်နေ သကဲ့သို့ပင်။ လက်တွေ့အခြေအနေက သူတို့ မသိစိတ်နှင့် လွဲချော်သွားသဖြင့် အကြီးအကဲချင်၏မမျှော်လင့်သော အဖြေကြောင့် သူတို့မှာ မှင်သက်သွားကြရခြင်း ဖြစ်သည်။


ထူးဆန်းလိုက်တာ၊ ဘာလို့ သူတို့က အကြီးအကဲချင်က ပျယ်ယွီကို မိစ္ဆာလို့ သတ်မှတ်ခဲ့တယ်လို့ ဒီလောက်အထိ တထိုက်တချ ယုံကြည်နေကြတာလဲ? ဒါမျိုး တစ်ခါမှမဖြစ်ခဲ့ပါဘူး။


ရောက်ရှိနေသူများအနက် သုံးဦးမှာမူ အံ့ဩဟန် မရှိပါပေ။ ရှီမုန့်ချင်း အမူအရာမှာ အလွန်ဆိုးရွားနေသည်။ ဒီအဖိုးကြီး ဘာတွေ တွေးနေတာလဲ? သက်သေတွေက ဒီလောက်အထိ ရှေ့မှာ ရှိနေတာကို၊ ဘာလို့ ပျယ်ယွီက မိစ္ဆာမဟုတ်ဘူးလို့ လိမ်ပြောနေရ တာလဲ?


ပျယ်ကျီယွဲ့ ပြောသလိုပဲ၊ ဒီအဖိုးကြီးဟာ ဝိညာဉ်ကျောက်တုံးတွေနဲ့အတူ အစောကြီးကတည်းက ပေါက်ကွဲသွားသင့်တာ.. အင်း? ပျယ်ကျီယွဲ့က အဲ့ဒါကို ဘယ်တုန်းက ပြောလိုက်တာလဲ?


ချန်ဖုက အကြီးအကဲချန်ကို အသနားခံသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ အကြီးအကဲချန်မှာလည်း ဆွံ့အနေရသည်။ သူသည် ပျယ်ယွီကို ဖယ်ရှားလိုသော်လည်း ကိုယ်တိုင်မလုပ်လိုသဖြင့် အခြားအကြီးအကဲများကို ပျယ်ယွီအား သံသယဝင်ရန် လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။


သို့သော် အူကြောင်ကြောင် ချန်ဖုမှလွဲ၍အခြားမြေခွေးအိုကြီးများမှာ ဤရှုပ်ထွေးသော ကိစ္စထဲသို့ ကိုယ်တိုင် ဝင်ပါရန်ရည်ရွယ်ချက် မရှိကြသည်မှာ ထင်ရှားလှပေသည်။


"အခု သက်သေအားလုံးက ပျယ်ကျီယွဲ့ဟာ မိစ္ဆာဖြစ်ကြောင်း သက်သေပြနေတာပဲ၊ အကြီးအကဲချင်... ခင်ဗျားက မိစ္ဆာမျိုးနွယ်ကို ကာကွယ်ပေးတော့မှာလား?" 


အကြီးအကဲချန် အေးစက်စွာ ဆိုကာ အကြီးအကဲချင်ကို ဆက်လက် ဖိအားပေးလိုက်သည်။


"ပျယ်ကျီယွဲ့ကို သံသယဝင်ရတဲ့ အကြောင်းရင်းတွေက မလုံလောက်ဘူး၊ သူမ အနေနဲ့ ဒီလောက် ပြဿနာများတဲ့ သရုပ်ကို သုံးပြီး လင်းယွင်ဂိုဏ်းထဲ ပုန်းအောင်းရမယ့် အကြောင်းပြချက်မရှိပါဘူး” 


အကြီးအကဲချင်က အေးစက်စွာ ပြန်လည်တုံ့ပြန်လေသည်။


ပျယ်ယွီသည် မြွေကြီး ဦးခေါင်းပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်လျက် ပွဲကြည့်နေလေသည်။


ပျယ်ယွီ သူ့ စိတ်ထဲ၌ စိတ်ဝင်တစား မှတ်ချက်ပေးလိုက်သည်။


"အဆက်မပြတ် ပြန်လည်ရုပ်သိမ်းလိုက်ခြင်းအားဖြင့် တစ်ဖက်လူရဲ့ စိတ်ဓာတ်ကို အားနည်းသွားစေပြီး ဦးနှောက်ဆေးတဲ့ အကျိုးကျေးဇူးကိုရရှိစေတယ်၊ အချိန်ကိုက်သာ ဆိုရင် အခုလိုမျိုး တိုက်ပွဲရဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင် တယ်လေ”


စနစ် : "Host... ကျွန်တော် Host ကို ပြောရရင် လူဆိုးတွေပဲ ဒီလိုမျိုးလုပ်တတ်ကြတာပါ၊ သိရဲ့လား?"


ပျယ်ယွီ ဘာမှပြန်မပြောပါပေ။ သူမ အကြည့်မှာ အကြီးအကဲချန်ထံသို့ကျရောက်သွားသည်။ သူမသည် နောက်ထပ် သားကောင်ကို ရွေးချယ်ပြီးသွားပြီမှာ ထင်ရှားလှသည်။


"မိစ္ဆာမျိုးနွယ်ကလွဲလို့ ဘယ်သူမှ လျှို့ဝှက်နယ်မြေကိုမဖွင့်နိုင်ဘူး၊ ပျယ်ကျီယွဲ့က သူမရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ဒီနယ်မြေကို အတင်းအဓမ္မ ဖွင့်နိုင်လိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား?" 


အကြီးအကဲချန်က မေးလိုက်သည်။


ပျယ်ယွီ အကြီးအကဲချန်ကို ကြည့်လိုက်ပြီး Ctrl+Z ကို နှိပ်ကာ အကြီးအကဲချန်စကားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။


"သူ့ ခြေထောက်အောက်က မြွေကြီးကိုမြင်လား? ဒါက လျှို့ဝှက်နယ်မြေထဲက မိစ္ဆာဆိုတာ ရှင်းနေတာပဲ၊ ဝိညာဉ်သားရဲ မဟုတ်ပါဘူး”


ပျယ်ယွီ အကြီးအကဲချန်စကားကို ထပ်မံ ရုပ်သိမ်းလိုက်ပြန်သည်။


ဤကဲ့သို့ အပြန်အလှန် ပြုလုပ်နေသည်မှာ အကြိမ်ပေါင်း တစ်ဆယ်ကျော်မျှရှိသွားလေပြီ။ အကြီးအကဲချန်က ပျယ်ယွီအပေါ် စွပ်စွဲသမျှကို သူမက ပြန်လည်ရုပ်သိမ်းလိုက်ပြီး၊ အကြီးအကဲချင်မှာမူ ပိုမိုပြတ်သားလာတော့သည်။ အစပိုင်းတွင် အကြီးအကဲချင်သည် စိတ်ပျက်အားငယ်မှုကြောင့် ပျယ်ယွီကို စွပ်စွဲရန်လက်လျှော့ခဲ့ခြင်းဖြစ် သော်လည်း၊ ပျယ်ယွီသည် မိစ္ဆာမဟုတ်ကြောင်း သူက စတင် ငြင်းချက်ထုတ်သည့်အချိန်မှစ၍ သူ့ စိတ်ထဲ၌ အခြားအသံများ ထွက်ပေါ်မလာတော့ပါချေ။ 


၎င်းမှာ အကြီးအကဲချင်ကို ယုံကြည်မှုတိုးပွားစေပြီး သူ့ ကိုယ်ပိုင်စကားများကိုပင် သူကိုယ်တိုင်ပြန်လည်ယုံကြည်သွား တော့သည်။ သူသည် ပျယ်ယွီမှာ မိစ္ဆာမဟုတ်ကြောင်းနှင့် ၎င်းမှာ အမှန်တရားဖြစ်ကြောင်း အခိုင်အမာယုံကြည် သွားလေတော့သည်။


အခြားအကြီးအကဲ နှစ်ဦးသုံးဦးမှာလည်း ထိုအငြင်းပွားမှုထဲသို့ ဝင်ပါလာကြသော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အပြောအပလောက်သာ ရှိသဖြင့် ပျယ်ယွီက ၎င်းတို့ စွပ်စွဲချက်များကို ရုပ်သိမ်းရန်ပင် အားမထုတ်တော့ပေ။ 


အကြီးအကဲချင် ဘက်ပြောင်းသွားပြီးနောက်တွင် သူ့တိုက်ခိုက်နိုင်စွမ်းမှာ အဆမတန် တိုးပွားလာပြီး၊ သူ တစ်ဦးတည်းနှင့်ပင် အကြီးအကဲ အားလုံးကိုပြန်လည် ရင်ဆိုင်နိုင်စွမ်းရှိနေလေသည်။


ပျယ်ယွီက သူ့ မေးစေ့ကို ပွတ်လိုက်သည်။ ဒါက အမှောင်ဘက်ကို ပြောင်းလဲသွားပြီးမှ ဆယ်ဆလောက် ပိုအားကောင်းလာတဲ့ အခြေအနေမျိုးလား? နေဦး... သူက သူ့ကိုယ် သူ Villain အဖြစ် သတ်မှတ်လိုက်တာလား?


အကြီးအကဲချန်၏ပျယ်ယွီအပေါ် စွပ်စွဲချက် အားလုံးမှာ ပြန်လည်ရုပ်သိမ်းခြင်း ခံလိုက်ရသည်။ သူသည် ပျယ်ယွီမှာ မိစ္ဆာမဟုတ် ကြောင်း မသိစိတ်က သိနေသော်လည်း သူမကို မိစ္ဆာဟုသာ ဆက်လက်စွပ်စွဲနေရသည်။ 


အကြီးအကဲချန်မှာ ရင်ဘတ်ထဲ၌ တင်းကျပ်လာသလို ခံစားရသည်။ တစ်စိတ်တစ်ပိုင်းမှာ ပျယ်ယွီအပေါ် စွပ်စွဲချက်များကို စွန့်လွှတ်ရန် ဖိအားပေးခံရခြင်းဖြစ်ပြီး၊ အခြားတစ်စိတ်တစ်ပိုင်းမှာမူ သူသာ လက်လျှော့လိုက်လျှင် သူ့ ဘဝမှာ အဆုံးသတ်သွားလိမ့်မည်ဟူသော သတိပေးချက်ပင်။ သို့သော် သူသည် ပျယ်ယွီကို စွပ်စွဲရန် အကြောင်းပြချက်များကိုပင် မစဉ်းစားနိုင်တော့ပါချေ၊ ၎င်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။


တစ်ခုခုကို သတိပြုမိသွားသဖြင့် အကြီးအကဲချန်သည် ပျယ်ယွီကို ရုတ်တရက် မော့ကြည့်လိုက်သည်။


"နင် ငါ့ကို ဘာလုပ်လိုက်တာလဲ မိစ္ဆာမ?"


ပျယ်ယွီ သူ့ကို လျစ်လျူရှုထားလျက် အကြီးအကဲချန်၏ စကားကို ထပ်မံ ရုပ်သိမ်းလိုက်ပြန်သည်။ ဤ 'မစတင်ရသေးသော' အငြင်းပွားမှုမှာ အကြာကြီးဆက်လက်ဖြစ်ပွားနေသဖြင့်၊ ဘေးမှ ကြည့်နေသော အကြီးအကဲများမှာလည်း တစ်ဦးပြီးတစ်ဦး ဝင်ပါလာကြတော့သည်။ 


ပျယ်ယွီသည် ပြန်လည်ရုပ်သိမ်းခြင်း နည်းလမ်းကို အသုံးပြုကာ အကြီးအကဲအချို့၏ မဟာမိတ်ဖွဲ့မှုကို အောင်မြင်စွာ ပြောင်းလဲပစ်နိုင်ခဲ့သည်။ အစပိုင်းတွင် သူတို့သည် ခန့်ညားတည်ကြည်သော အမူအရာကို ထိန်းသိမ်းထားကြ သော်လည်း၊ အကြီးအကဲတစ်ဦးက ဆဲဆိုလိုက်သည့်အချိန်မှစ၍ အခြေအနေမှာ လုံးဝပရမ်းပတာ ဖြစ်သွားတော့သည်။


အကြီးအကဲတစ်အုပ်မှာ ပျယ်ယွီသည် မိစ္ဆာ ဟုတ်၊ မဟုတ်အပေါ် မဆမတန် အငြင်းပွားနေကြပြီး သူတို့၏ ဒေါသတကြီး အော်ဟစ်သံများမှာ လျှို့ဝှက်ခန်းမဆောင်ကြီး တစ်ခုလုံးကို ဟိန်းထွက်နေတော့သည်။ ထို့နောက်တွင် အကြီးအကဲတစ်ဦးမှာ အငြင်းပွားမှု၌ မနိုင်သည့်အခါ အခြားတစ်ဦးကို တွန်းလိုက်လေသည်။


"ခင်ဗျား တကယ်ကြီး ကျွန်တော့်ကို တွန်းလိုက်တာလား?!"  အတွန်းခံရသော အကြီးအကဲက မယုံနိုင်စရာ ဖြစ်နေသည်။


"တွန်းတော့ ဘာဖြစ်လဲ?" 


တွန်းလိုက်သော အကြီးအကဲမှာလည်း စိတ်မရှည်တော့ဘဲ အခြားတစ်ဦးကို ထပ်မံ တွန်းလိုက်ပြန်သည်။


အတ္တကြီးလှသော အကြီးအကဲများမှာ တစ်ဦးကိုတစ်ဦး လည်ပင်းကနေ ဆွဲကိုင်ကြ၊ တွန်းထိုးကြလျက် အခြေခံအကျဆုံး နည်းလမ်းများကို သုံး၍တိုက်ခိုက်နေကြတော့သည်။ ၎င်းတို့၏ ခန့်ညားလှသော ကျင့်ကြံသူဟူသော သရုပ်များကိုမူ လုံးဝ မေ့လျော့နေကြလေပြီ။


လင်းယွင်ဂိုဏ်းမှ တပည့်များသည် သူတို့၏ ဝိညာဉ်လက်နက်များကို ကိုင်ထားလျက် တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်နေကြသည်။ သူတို့ရှေ့မှာ အကြီးအကဲတွေ တစ်ယောက်နဲ့တစ်ယောက် ရိုက်နှက်နေကြတာလား? နေဦး... သူတို့က မိစ္ဆာမ ပျယ်ကျီယွဲ့ကို အပြစ်ပေးဖို့ရောက်နေကြတာ မဟုတ်ဘူးလား? ဘယ်လိုဖြစ်ပြီး အကြီးအကဲတွေ ရိုက်ပွဲဖြစ်သွားရတာလဲ?


သူတို့၏ အကြီးအကဲများ၊ သူတို့၏ ဆရာသခင်များသည် ကျင့်ကြံသူများနှင့် လုံးဝ မလိုက်ဖက်သော နည်းလမ်းများဖြင့် တစ်ဦးကိုတစ်ဦး ပါးရိုက်နေကြသည်။ 


တပည့်အချို့မှာမူ ဆံပင်ဖရိုဖရဲဖြစ်နေသော သူတို့၏ ဆရာသခင်က အခြားအကြီးအကဲ တစ်ဦးကို လက်သီးနှင့် ထိုးနေသည်ကို မြင်ရသည့်အခါ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကို အုပ်ထားလိုက်ကြသည်။ ၎င်းမှာ တကယ့်ကို ကြည့်မကောင်းလှပါပေ။


အခြားတပည့်အချို့မှာမူ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်၊ သူတို့မှာ သူတို့ဆရာသခင်များကို အလွန်အမင်း စွဲလမ်းနေသူများ ဖြစ်ပုံရသည်။ သူတို့၏ဆရာသခင်မှာ လက်ရှိတွင် ကြည့်မကောင်းသော်လည်း၊ သူတို့ကတော့ သူတို့ဆရာသခင်ကို မြင့်မြတ်သော အင်မော်တယ်ကြီးတစ်ဦးအဖြစ် ချီးကျူးနေကြဆဲပင်။


"ဆရာသခင်က တစ်ဖက်လူရဲ့ ခံစားချက်ကို ငဲ့ညှာလို့သာ ဝိညာဉ်လက်နက်ကို မသုံးတာပါ” ဟု နောက်လိုက်တစ်ဦးက ဆိုသည်။


ပျယ်ယွီကတော့ တိတ်တဆိတ် ကီးဘုတ်ရိုက်လိုက်သည် 


[ဒီအဖိုးကြီးတွေမှာ အရှက်ရော ရှိကြသေးရဲ့လား?]


"ခုနက ဘယ်သူပြောလိုက်တာလဲ ? ဘယ်လိုလုပ် အကြီးအကဲတွေကို စော်ကားရဲရတာလဲ?!"


လူသားဘုံမှ လာသော တပည့်အချို့မှာမူ လက်ရှိအကြီးအကဲများ၏ပုံစံမှာ ဈေးထဲက ဆူညံနေသော အဖိုးကြီးများနှင့် ဘာမှမခြားနားကြောင်း မှတ်ချက်ပေးကြသည်။


"ဒီအကြီးအကဲတွေ ကြည့်ရတာ ဈေးထဲမှာ ဆဲနေတဲ့ အဖိုးကြီးတွေနဲ့ ဘာမှမထူးဘူးပဲ”


[ရွံစရာကြီး]


"နင် ဘာပြောလိုက်တာလဲ?" ဟု တပည့်တစ်ဦးက တွန်းလိုက်သူကို စူးစိုက်ကြည့်လိုက်သည်။ တွန်းလိုက်သူမှာလည်း ဝေခွဲမရ ဖြစ်နေသည်၊ သူ ဘာမှမပြောရသေးသော်လည်း တပည့်များဆီမှ စော်ကားသော အသံများကို ကြားနေရသည်။ ထို့ကြောင့် သူကလည်း ဒေါသတကြီး ပြန်ကြည့်လိုက်သည်။


 "နင် အကြီးအကဲတွေကို စော်ကားနေတာလား?! ငါ နင့်ကို ရိုက်လိမ့်မယ်နော်!"


[ကောင်းပြီလေ၊ ချကြတာပေါ့! ဘယ်သူက ဘယ်သူ့ကို ကြောက်နေလို့လဲ?]


တွန်းထိုးရာမှတစ်ဆင့် အငြင်းပွားမှုမှာ တကယ့် ရိုက်ပွဲအဆင့်သို့ ရောက်ရှိသွားတော့သည်။ တပည့်များသည်လည်း မအောင့်နိုင် တော့ဘဲ တစ်ဦးကိုတစ်ဦး ဝိညာဉ်လက်နက်များဖြင့် တိုက်ခိုက်ကြတော့သည်။ ခဏချင်းမှာပင် ကောင်းကင်ယံ၌ အရောင်အသွေးစုံလင်သော ဝိညာဉ်စွမ်းအားများ ဟိုဟိုဒီဒီ ပျံသန်းနေတော့သည်။


ပထမဆုံး ပြဿနာစတင်ခဲ့သူ ပျယ်ယွီ : ပျော်စရာကြီး!