⌨️ Chapter 15
"ချင်းဖုန်းရဲ့ လျှို့ဝှက်ခန်းထဲမှာ အာဟာရဖြစ်စေမယ့် ယဇ်ပူဇော်ပစ္စည်းတွေ အများကြီးရှိတယ်၊ သူက ဆက်ခံမယ့်သူအတွက် ထားခဲ့တာ၊ ဒါပေမဲ့ အခုအခြေအနေက ထူးခြားနေလို့ ငါပဲ အကုန် အရင်စားနှင့်လိုက်ပြီ”
ယဇ်ပစ္စည်းတွေကို ခိုးစားတာလား ?
"ရပါတယ်၊ ယုတ်မာတဲ့ မိန်းမလက်ထဲရောက်မယ့်အစား နင် စားလိုက်တာက ပိုကောင်းပါတယ်၊ အခု ဒီလူတွေကို ငါ ရှင်းနိုင်အောင် ကြိုးစားကြည့်မယ်၊ အဆင်မပြေရင်တော့ ငါတို့ ထွက်ပြေးကြမယ်”
ပျယ်ယွီ မြွေကြီးကို ညွှန်ကြားလိုက်သည်။
ရောက်ရှိနေသူများထဲတွင် မြွေစကားကို နားလည်သော တစ်ဦးတည်းသောသူ ရှီမုန့်ချင်းမှာ မသိစိတ်က နှုတ်ခမ်းလှုပ်သွားသည်။ မြွေကြီးမှာ ပျယ်ယွီကိုကယ်တင်ကာ ကာကွယ်ပေးနေခြင်းက ကျင့်ကြံသူများကို သူမသည် မိစ္ဆာဖြစ်ကြောင်း ယုံကြည်သွားစေရုံ သာ ရှိသော်လည်း၊ ပျယ်ယွီ မြွေစကားဖြင့် အေးအေးဆေးဆေးပြန်ပြောနေခြင်းမှာမူ သူတို့၏မုန်းတီးမှုကို တကယ်ကြီးလှုံ့ဆော် ပေးလိုက်သယောင် ဖြစ်သွားသည်။
"မိစ္ဆာမ! နင့်ကို ဒီနေရာကနေ ထွက်သွားပြီး လူသားတွေကို ဒုက္ခပေးဖို့ ငါတို့ လုံးဝခွင့်မပြုနိုင်ဘူး!"
အကြီးအကဲတစ်ဦးက သားမြီးယပ်ကိုကိုင်ကာ ဖြောင့်မတ်ဟန်ဖြင့် ကြေညာလိုက်သည်။ အခြားအကြီးအကဲများကလည်း ထပ်ဆင့်ပြောဆိုကြသည်။
"နင့်ကို လင်းယွင်ဂိုဏ်းထဲမှာ ဒီလောက်နှစ်ပေါင်းများစွာ ပုန်းအောင်းခွင့်ပေးခဲ့တာ ငါတို့ အမှားပဲ ဒီနေ့ လင်းယွင်ဂိုဏ်းက ကျင့်ကြံသူတွေက နင့်ကို ကောင်းကင်ဘုံအတွက် သွေးနဲ့ ယဇ်ပူဇော်မယ်!"
လီယွဲ့တောင်ထိပ်မှ အကြီးအကဲချင်သည် ဖီဖာကို တီးခတ်လိုက်ရာ၊ ထိုဂီတသံမှာ လင်းယွင်ဂိုဏ်းဝင်များ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားသည်။ သူတို့သည် ဝိညာဉ်လက်နက်များကို ထုတ်ယူကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ပျယ်ယွီမှာ အားကိုးရာမဲ့နေသော်လည်း ထိုတပည့်များကို အပြစ်မတင်ပါပေ။ သူမသာ သာမန်တပည့်တစ်ယောက်ဆိုလျှင်လည်း ပျယ်ယွီကိုမိစ္ဆာဟု ထင်မှာ အသေအချာပင်။ သက်သေတွေက အခိုင်အမာရှိနေသည် မဟုတ်ပါလား။
ပျယ်ယွီသည် အကြီးအကဲအရေအတွက်ကို ရေတွက်လိုက်ပြီး မြွေကြီးကို မေးလိုက်သည်။
"နင် အဆင့်တက်ပြီးသွားတဲ့နောက်မှာ အဲ့ဒီအဖိုးကြီးတွေကို နိုင်ပါ့မလား?"
မြွေကြီးက အမှန်အတိုင်းဖြေလာသည်။
"မနိုင်ဘူး၊ သူတို့အားလုံးရဲ့ စုပေါင်းကျင့်ကြံမှုက ငါ့ထက် ပိုမြင့်တယ်၊ ငါတို့ အရင် ထွက်ပြေးရအောင်”
ပျယ်ယွီ ထွက်ပြေးမည့် အစီအစဉ်ကို ငြင်းပယ်လိုက်သည်။ သူမသည် ဇာတ်လမ်းအရ အသတ်ခံရမည့် အခြေအနေကို ဖြည့်ဆည်းရန် လင်းယွင်ဂိုဏ်းမှာ ဆက်နေရဦးမည်ဖြစ်သည်။ သူမ၏ အဓိပ္ပာယ်မရှိသော စကားပြောစွမ်းရည်က အချိန်အနည်းငယ် ဆွဲပေးနိုင်လိမ့်မည်ဟု သူမ မျှော်လင့်ထားသည်။
သူမ၏ ဆရာသခင်အမြန်ရောက်လာပြီး သက်သေပြပေးနိုင်ပါ့မလား?
မြွေကြီး၏ ဦးခေါင်းပေါ်တွင်ရပ်လျက် ပျယ်ယွီက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"ကျွန်မရဲ့... (ချောင်းဟန့်လိုက်သည်) ရှင်းပြချက်ကို အရင်နားထောင်ကြပါဦး”
"ကျွန်မ မိစ္ဆာမဟုတ်ပါဘူး၊ ဒါက ကျွန်မရဲ့ ကတိကဝတ်ပြုထားတဲ့ ဝိညာဉ်သားရဲပါ”
ပျယ်ယွီမှာ မြွေကြီးသည် လူစကား နားမလည်သည်ကို အခွင့်ကောင်းယူကာ လုပ်ကြံပြောဆိုလိုက်သည်။
"ကျွန်မက မြောက်ပိုင်းနယ်မြေက ပျယ်မိသားစုရဲ့ သမီးပါ၊ အကယ်လို့ ကျွန်မသာ လင်းယွင်ဂိုဏ်းထဲ ပုန်းအောင်းနေတဲ့ မိစ္ဆာဖြစ်ခဲ့ရင် မိုးကြိုးပစ်ခံရပြီး ထာဝရငရဲကျပါစေ”
"ပျယ်မိသားစုရဲ့ သမီး ဟုတ်လား?" ဟု အကြီးအကဲချန် လှောင်ပြုံးဖြင့် ဆိုသည်။
"ဒါနဲ့ ပတ်သက်လို့ ကျွန်တော် တစ်ခု သတိရလာတယ်၊ လင်းယွင်ဓားသခင် သေဆုံးပြီးကတည်းက မြောက်ပိုင်းက ပျယ်မိသားစုဟာ ဂိုဏ်းဝင်ဖြစ်ဖို့ နှစ်ပေါင်းတစ်ထောင်နီးပါးငြင်းဆန်လာခဲ့တာ၊ အခုမှ ပျယ်မိသားစုဝင် သမီးတစ်ယောက်က မိသားစုစည်းကမ်းကို ဖောက်ဖျက်ပြီး လင်းယွင်ဂိုဏ်းကိုဝင်လာတယ်ဆိုတော့..."
အကြီးအကဲချန်က စကားကို အဆုံးမသတ်သော်လည်း သူ့အရိပ်အမြွက်မှာ ရှင်းလင်းလှသည်။ ရောက်ရှိနေသော ကျင့်ကြံသူ တိုင်းမှာ ပျယ်မိသားစုနှင့် လင်းယွင်ဂိုဏ်းကြားကရန်ငြိုးကို သိကြသည်။ ထိုသို့ကြည့်မည်ဆိုလျှင် ပျယ်ယွီသည် ပျယ်မိသားစု၏ သရုပ်ကိုသုံးပြီး ဂိုဏ်းထဲသို့ ထိုးဖောက်ဝင်ရောက်နေသော မိစ္ဆာတစ်ကောင်နှင့်ပိုတူနေလေသည်။
ပျယ်ယွီသည် ထိုစကားများကို ကြားရသည့်အခါ ဒေါသကြောင့် ရယ်ပင်ရယ်ချင်သွားသည်။ ချန်ဖု ဦးလေးဖြစ်ရသည်မှာ မဆန်းပေ၊ ၎င်းတို့နှစ်ယောက်မှာ အတူတူနှင့်အနူနူပင်။ သို့ရာတွင် အကြီးအကဲချန်၏စကားက ပျယ်ယွီကိုလည်း ဝေခွဲမရ ဖြစ်သွားစေသည်။
ဘာကြောင့် မူလကိုယ်ထည်ပိုင်ရှင် ပျယ်ယွီဟာ ပျယ်မိသားစုရဲ့ အကာအကွယ်ကို စွန့်ပြီး လင်းယွင်ဂိုဏ်းကို လာခဲ့ရတာလဲ? သူမဟာ ပျယ်မိသားစုရဲ့ သမီးဖြစ်သော်လည်း ဝိညာဉ်လက်နက် မသွန်းလုပ်မီအထိ ထိုင်အန်းမှာ သာမန်တပည့်လေးတစ် ယောက်ပဲ မဟုတ်လား ? ပျယ်ယွီနဲ့ ပျယ်မိသားစုကြား ဆက်ဆံရေးက အဆိုးရွားဆုံးဖြစ်နေလို့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ထွက်ပြေးလာတာလား?
ပျယ်ယွီ အတွေးထဲမှ ရုန်းထွက်လိုက်ပြီး "အကယ်လို့ ကျွန်မက မိစ္ဆာဖြစ်ပြီး လင်းယွင်ဂိုဏ်းထဲ ပုန်းချင်တယ်ဆိုရင် သာမန်လူတစ် ယောက်ရဲ့ နာမည်နဲ့ ဝင်လာတာက ပိုမလွယ်ဘူးလား ? ဘာလို့ အငြင်းပွားစရာတွေ အများကြီးရှိတဲ့ ဒီနာမည်ကို သုံးပြီး ပြဿနာရှာနေရမှာလဲ?"
ပျယ်ယွီ စကားမှာ အကျိုးအကြောင်း ခိုင်လုံလှသည်။ အကြီးအကဲချန်သည်လည်း သူ့ ခန့်မှန်းချက်မှာ ဝေးလံနေသည်ကို သိရှိသွားသဖြင့် အရှက်ပြေရန် အသည်းအသန်ကြိုးစားပြုံးလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် အခြားအကြီးအကဲ တစ်ဦးက ဝင်ပြောလိုက်သည်။
"နင်က တခြားမိသားစုရဲ့ အမှတ်အသားကို သုံးပြီး တိုက်ရိုက်တပည့် ချက်ချင်းဖြစ်ဖို့ ကြံစည်တာဖြစ်ရမယ်၊ ဒါပေမဲ့ ငါတို့ လင်းယွင်ဂိုဏ်းက မျိုးရိုးကိုမကြည့်ဘဲ ပါရမီကိုပဲကြည့်တယ်ဆိုတာကိုတော့ နင် ထည့်မတွက်ခဲ့ဘူးပေါ့၊ မိစ္ဆာမ!"
အကြီးအကဲချင်က ဖြောင့်မတ်ဟန်ဖြင့် ဆိုသည်။
ပျယ်ယွီမှာ အံ့ဩသွားရသည်။ သူမသည် အကြီးအကဲချင်ကို လှမ်းကြည့်လိုက်သည် ဒီအဖိုးကြီးက သူ ဘယ်လောက်အထိ ဟန်ဆောင်ကောင်းလဲဆိုတာကို သူမကို ပြချင်နေတာလား? မျိုးရိုးမကြည့်ဘဲ ပါရမီပဲ ကြည့်တယ် ဟုတ်လား? အဲ့ဒါဆိုရင် ချန်ဖုက ဘာလို့ အကြီးအကဲချန်ရဲ့အရှိန်အဝါကို သုံးပြီး ထိုင်အန်းမှာ အနိုင်ကျင့်နေရတာလဲ?
ပျယ်ယွီ မသိစိတ်က ကီးဘုတ်ပေါ်ရှိ Ctrl+Z ကိုနှိပ်လိုက်သည်။
"ရှင် ပြောတာကို ကျွန်မ မကြိုက်ဘူး၊ ပြန်ရုပ်သိမ်းလိုက်ပါ”
[စီမံခန့်ခွဲသူ ပျယ်ယွီ] က အဖွဲ့ဝင် [အကြီးအကဲချင်] ၏စကားကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထို့နောက်တွင် ဖော်ပြရန် ခက်ခဲသော အခြေအနေတစ်ခု တကယ်ပင် ဖြစ်ပျက်သွားလေသည်။ ပျယ်ယွီသည် အကြီးအကဲချင် အစောပိုင်းပြောလိုက်သော စကားလုံးများကို ပြန်လည် ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ သူမ အသိစိတ်ထဲ၌ စွဲထင်နေသော အရာတစ်ခု၏ထွက်ပေါ်လာမှု ဖြစ်ပြီး၊ သူမကိုယ်တိုင်ပင် မည်သို့ဖြစ်သွားသည်ကိုမသိသော်လည်း အကြီးအကဲချင်၏စကားကို ရုပ်သိမ်းလိုက်သည်ကိုတော့ သူမ သိနေသည်။
အကြီးအကဲချင်သည် သူ့ ပါးစပ်ကို သံသယဖြင့် ပြန်ကိုင်လိုက်သည်။ ထူးဆန်းလိုက်တာ သူ ဘာမှမပြောရသေးဘူးလား? သူ့ မသိစိတ်ကတော့ ပျယ်ယွီသည် မိစ္ဆာဖြစ်ကြောင်းသက်သေပြရန် တစ်ခုခု ပြောလိုက်သယောင် ခံစားနေရသော်လည်း၊ သူ့ ဦးနှောက်ကတော့ ဘာမှမပြောရသေးဘူးဟု ဆိုနေသည်။
ပျယ်ယွီသည် Ctrl နှင့် Z ခလုတ်များကို အတွေးနက်စွာစိုက်ကြည့်နေသည်။ တကယ်ကြီးလား ? ဒီလိုမျိုး လုပ်လို့ရတယ်လား ?
သူမသည် အကြီးအကဲချင်ကို ကြည့်ကာ မျက်နှာပြောင်ပြလိုက်ပြီး "ရှင်လို အရှက်မရှိတဲ့ အဖိုးကြီး၊ ရှင်ကတော့ အခုချိန်ဆို အသက်မရှိသင့်တော့ဘူး” ဟု ဆဲဆိုလိုက်သည်။
ပျယ်ယွီ စကားအဆုံးတွင် လင်းယွင်ဂိုဏ်းမှ တပည့်ငယ်များစွာမှာ ပါးစပ်ကိုအုပ်ကာ တခစ်ခစ် ရယ်မိကြပြီး၊ အကြီးအကဲချင်က စူးစိုက်ကြည့်လိုက်သည့် အခါမှသာ အပြုံးကို အတင်းပြန်ထိန်းလိုက်ကြရသည်။ ဘေးပတ်ဝန်းကျင်ရှိ အကြီးအကဲများပင် ရယ်ချင်စိတ်ကို အောင့်ထားရပုံရသည်။ အကြီးအကဲချင် မျက်နှာမှာ မည်းမှောင်သွားသည်၊ သူသည် ပျယ်ယွီ ပြောလိုသော အဓိပ္ပာယ်ကို နားလည်လိုက်ပြီဖြစ်သည်။ ဤကောင်မလေးက သူ အသက်ကြီးနေပြီဖြစ်လို့ သေသင့်နေပြီဟု ပြောနေခြင်းပင်။
အကြီးအကဲချင် ဝိညာဉ်စွမ်းအားများမှာ ပြင်းထန်လာပြီး သူ့ဝိညာဉ်လက်နက်မှာလည်း အလွန်ပင် ဖိအားပေးလှသော အလင်းတန်းများ ထွက်ပေါ်လာသည်။
"နင့်လို မိစ္ဆာမလေးကတော့ တကယ် လျှာရှည်တာပဲ၊ ငါ့ တူနဲ့ ရိုက်နှက်တာကို နင် ဘယ်လောက်အထိ ခံနိုင်မလဲ ကြည့်ရသေး တာပေါ့”
ပျယ်ယွီသည် Ctrl+Z ကို နှိပ်ကာ သူမ စကားကို ပြန်ရုပ်သိမ်းလိုက်သည်။
"ရှင် ဘာတွေ ပြောနေတာလဲ? ကျွန်မ ဘာမှမသိဘူး”
အကြီးအကဲချင်သည် သူ မြှောက်ထားသော တူကြီးကို ထူးဆန်းစွာ ကြည့်လိုက်ပြီး၊ သူ့ကို အပြစ်ကင်းစင်ဟန်ဖြင့် စိုက်ကြည့်နေ သော ပျယ်ယွီကို သံသယဖြင့်ကြည့်လိုက်သည်။ ပျယ်ယွီအပေါ် သူ့ မုန်းတီးမှုမှာ လျော့ကျမသွားသော်လည်း၊ သူမက ဘာမှမလုပ်ရသေးသဖြင့် သူ အမျက်ထွက်နေစရာ အကြောင်းမရှိပါချေ။ တစ်ခုခုတော့ မှားနေပြီ။
"ဒီမိစ္ဆာမက ခုနက ငါ့ကို ဆဲလိုက်တာ မဟုတ်လား?"
အကြီးအကဲချင်က ဘေးရှိ အမျိုးသမီးအကြီးအကဲကို မေးလိုက်သည်။ အမျိုးသမီးအကြီးအကဲက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး "သူ ဘာမှမပြောပါဘူး”
အောက်ဘက်မှ စကားသံများကို ကြားရသည့်အခါ ပျယ်ယွီမျက်နှာပေါ်တွင် နက်နဲသော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
"ငါတော့ အခု Invincible (မရှုံးနိုင်တော့ဘူး) ပဲ” ဟု ပျယ်ယွီက စိတ်ထဲမှတွေးလိုက်သည်။
"နောက်ဆိုရင် ငါ့ကို မိစ္ဆာလို့ အတင်းဖြန့်နေတဲ့သူတိုင်းကို ငါ အပြစ်ပေးမယ်”
အကြီးအကဲချင်မှာတွေဝေသွားပြီးမှ သူ့ တူကြီးများကို ပြန်ချလိုက်ကာ ပျယ်ယွီကို ကိုယ်ကျင့်တရားဆိုင်ရာအရ ဆက်လက်ပြစ် တင်လေသည်။
"လင်းယွင်ဂိုဏ်းဆိုတာ နင် ထင်ထားသလိုမျိုး မျိုးရိုးကိုကြည့်ပြီး နေရာပေးတဲ့ ဂိုဏ်းမျိုးမဟုတ်ဘူး”
ပျယ်ယွီ ချန်ဖုနှင့် အကြီးအကဲချင်ကို စောင်းကြည့်လိုက်ပြီး "အဲ့ဒီစကားကို အကြီးအကဲချင်နဲ့ သူ့ရဲ့ ဝက်လို တူဖြစ်သူရှေ့မှာ သွားပြောတာက ပိုကောင်းမယ်ထင်တယ်နော်”
"တကယ်တော့ တကယ့်ပျယ်မိသားစုဝင်က နင့်ရဲ့ အသတ်ခံလိုက်ရတာဖြစ်မှာပါ၊ နင် သူမကို မသတ်ခင်အထိ သူမဟာ ပျယ်မိသားစုရဲ့ သမီးမှန်း မသိခဲ့လို့၊ အခု ဒီသရုပ်မှန်ကို အတင်းယူထားရတာဖြစ်မှာပေါ့”
အကြီးအကဲချင်က သူ့ ဇာတ်လမ်းကို ဆက်ပြောလေသည်။
ဤကောလာဟလမှာ အနည်းငယ်ဝေးလွန်းလှသည်။ ပျယ်ယွီသည် Ctrl+Z ကို နှိပ်ကာ အကြီးအကဲချင်စကားကို ပြန်ရုပ်သိမ်းလိုက်သည်။
"ရှင် ပြောတာမှားနေတယ်လို့ ကျွန်မ ထင်တယ်၊ ပြန်စဉ်းစားကြည့်ဦးမလား?"
ပျယ်ယွီ အလွန်ပင် စစ်မှန်သော အမူအရာဖြင့် မော့ကြည့်ကာ မေးလိုက်သည်။
အကြီးအကဲချင်မှာ ကြောင်သွားပြန်သည်။ ထိုခံစားချက်ကြီး ပြန်လာပြန်ပြီ။ သူ့ ဦးနှောက်က သူ ဘာမှမပြောရသေးကြောင်း တစိုက်မတ်မတ် သတိပေးနေသည်။ သို့သော် သူ သေချာပေါက်ပြောလိုက်သည်မှာ ခုနက သူ ဘာပြောလိုက်တာလဲ?
သူသည် စိတ်ထဲမှ ထူးဆန်းသော ခံစားချက်ကို ခါထုတ်လိုက်ပြီး၊ ပျယ်ယွီကို ပြစ်တင်ရန် ခေါင်းပြန်မော့လိုက်သည်။
"မိစ္ဆာမ! နင့်ရဲ့ သရုပ်မှန်က ပေါ်သွားပြီ၊ နင့် လှည့်စားတဲ့ စကားလုံးတွေက နင့် အပြစ်ကိုမဆေးကြောနိုင်ပါဘူး”
ပျယ်ယွီ မျက်ခုံးပင့်လိုက်ပြီး Ctrl+Z ကို နှိပ်လိုက်သည်။
"ရှင် ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ဆရာသခင် မရောက်မချင်း ကျွန်မ ဘာမှ ထပ်မပြောတော့ဘူး”
ကျင့်ကြံခြင်းလောက၏ကောင်းကွက်မှာ ကိုယ်ကျင့်တရား အလွန်မြင့်မားကြသော ကျင့်ကြံသူများသည် သူတို့၏ ကောက်ချက် များကို ပျယ်ယွီထံမှ အတည်ပြုချက်ရယူလိုကြခြင်း ဖြစ်သည်။ ထို့ကြောင့် ပျယ်ယွီသည် တစ်ဖက်လူစကားကို ပြန်ရုပ်သိမ်းသော နည်းလမ်းကိုသုံးပြီး ဟာကွက်တစ်ခုဖန်တီးကာ ၎င်းတို့ကို အဆက်မပြတ်ပြစ်တင်နေစေရန် ပြုလုပ်နိုင်လေသည်။
နိုင်ပြီဟေ့!