Ch 14
Viewers 882

⌨️ Chapter 14


ရှီမုန့်ချင်း သမင်လေးတစ်ကောင်ကဲ့သို့ ထိတ်လန့်သွားဟန် ပြုမူလိုက်သည်။


"စီနီယာအစ်မ... ဘယ်လိုလုပ် အဲ့လိုတွေးနိုင်ရတာလဲ? ကျွန်မ အစ်မကို တစ်ခါမှမမုန်းခဲ့ပါဘူး၊ အစ်မက ကျွန်မထက် ပိုတော်တယ်လေ၊ အစ်မကပဲ တိုက်ရိုက်တပည့်ဖြစ်သင့်တာပေါ့”


ရောက်ရှိနေသော ရန်ကျန်းတောင်ထိပ်မှ တပည့်များက ရှီမုန့်ချင်းမှာ အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း တညီတညွတ်တည်း ထောက်ခံကြသည်၊ သူမသည် ပျယ်ယွီကို တစ်ခါမှ မကောင်းမပြောခဲ့သလို မုန်းတီးဟန်လည်း မပြခဲ့ပါပေ။ ၎င်းမှာ သဘာဝကျလှ သည်။ ရှီမုန့်ချင်းမှာ များသောအားဖြင့် တခြားသူများကို နယ်ရုပ်များအဖြစ်အသုံးချရန် သာမန်တပည့်များ၏ စိတ်ခံစားမှုကို လှုံ့ဆော်ပေးတတ်သူ မဟုတ်ပါလား။


"နင် အမြဲတမ်း အဓိပ္ပာယ်မရှိတာတွေ ပြောနေပေမဲ့၊ အခုတော့ နင် ပြောတာမှန်တယ်”

ပျယ်ယွီက ခေါင်းညိတ် ထောက်ခံလိုက်သည်  "ငါက တကယ်တော်တာလေ”


ပျယ်ယွီ၏အရှက်မရှိသော စကားကို ကြားရသည့်အခါ ရှီမုန့်ချင်းမှာ အသက်ရှူပင် ရပ်သွားတော့မည့်အလား ဖြစ်နေသည်။ သူမသည် သူ့အတွင်းမှ လှုပ်ရှားလာသော မိစ္ဆာစွမ်းအားများကိုမပေါ်ထွက်လာစေရန် အသည်းအသန်ထိန်းချုပ်နေရသည်။


"ဒါကြောင့်ပဲ အစ်မက ကျွန်မကို မိစ္ဆာနယ်မြေထဲအထိ ရောက်အောင်ခေါ်လာတာလား? စီနီယာအစ်မ ကျွန်မကို မုန်းနိုင်တယ်၊ သတ်နိုင်တယ်၊ ဒါပေမဲ့ ညီမလေးကျန်းလန်ကိုတော့ ဒီကိစ္စထဲ ဆွဲမသွင်းသင့်ဘူးလေ၊ သူက အစ်မရဲ့ သူငယ်ချင်း မဟုတ်လား”


"ဘယ်လိုလုပ် အစ်မက သူ့ကို ဒီလောက်ရက်ရက်စက်စက် သတ်ပစ်နိုင်ရတာလဲ?"


ပျယ်ယွီ တခြားတစ်ယောက်ကိုလည်း ဒုက္ခပေးခဲ့သည်ဟု ကြားလိုက်ရသည့်အခါ အတွေ့အကြုံနည်းသော တပည့်များမှာ ထပ်မံ ထိတ်လန့်သွားကြပြန်သည်။ အကြီးအကဲများကမူ မျက်မှောင်ကြုတ်လိုက်ကြသည်။


ပျယ်ယွီ ခဏတာ တိတ်ဆိတ်သွားပြီးမှ မနေနိုင်တော့ဘဲ မေးလိုက်သည်  "နင့်မှာ တောင်ပေါ်လက်ဖက်စိုက်တဲ့ အဖိုးတစ်ယောက် ရှိလား?" 


ဘာလို့ ရှီမုန့်ချင်းက ဒီလောက်အထိ ကောက်ကျစ်နေရတာလဲ? (နာမည်ကြီး လက်ဖက်စိမ်း meme ကို ရည်ညွှန်းခြင်း)


"ညီမလေးကျန်းလန်ကော? နင်... နင် မိစ္ဆာမ၊ သူ့ကို စားပစ်လိုက်ပြီလား?" ဟု ရှီမုန့်ချင်းက မောဟိုက်စွာ မေးလိုက်သည်။


"ဟား! ထောင်ချောက်ထဲ ဆင်းပြီ!" ပျယ်ယွီက ပြန်လည်မေးခွန်းထုတ်လိုက်သည်။


  "ငါက ဘာလို့ နင်ကို အရင်မစားဘဲ၊ နင့်အသက်ကို ချန်ထားပြီး လင်းယွင်ဂိုဏ်းတစ်ခုလုံးကြားအောင် 'အားနည်းတဲ့' အသံကြီးနဲ့ ငါ့ကို မိစ္ဆာလို့အော်ခိုင်းနေရမှာလဲ?"


ရှီမုန့်ချင်း ခဏမျှ ဆွံ့အသွားပြီးမှ လုပ်ကြံဖန်တီးလိုက်သည်။


"ဘာလို့လဲဆိုတော့ ညီမလေးကျန်းလန်က လမ်းပိတ်ထားလို့လေ၊ အဲ့ဒါကြောင့် ကျွန်မ အရင်ဆုံးစစ်ကူသွားခေါ်ခဲ့ရတာ”


"နင့်ရဲ့ Logic က အဓိပ္ပာယ်မရှိတဲ့စာသားတွေ ထုတ်ပေးတဲ့ Generator တစ်ခုလောက်တောင် အသုံးမကျဘူး” ဟု ပျယ်ယွီ မှတ်ချက်ပေးလိုက်သည်။


နှင်းဘုရင်တောင်ထိပ်မှ တောင်ထိပ်သခင်သည် သူ့ မုတ်ဆိတ်ကို ပွတ်သပ်လျက်  "ဒီတပည့်နှစ်ယောက်လုံးကို ခဏ ထိန်းသိမ်းထားရင် ဘယ်လိုလဲ? အခုချိန်မှာ အရေးကြီးဆုံးက ဒီလျှို့ဝှက်နယ်မြေပဲ၊ အားလုံးကော ဘယ်လိုမြင်လဲ?"


အကြီးအကဲများက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သဘောတူ ခေါင်းညိတ်လိုက်ကြသည်။ ရှီမုန့်ချင်းနှင့် ပျယ်ယွီကြားက ဘယ်သူမိစ္ဆာလဲဆိုသည်ကို ဆုံးဖြတ်နေမည့်အစား သူတို့တောင်ထိပ်များအတွက် မိစ္ဆာရတနာများကို လုယူရန်သာ စိတ်အားထက်သန်နေကြသည်။ ကြည့်ရှုနေသူများမှာလည်း သူတို့သည် ရတနာများကိုလုယူရန် ရောက်နေခြင်းဖြစ်ကြောင်း၊ တပည့်နှစ်ဦး၏ သူလျှိုကစားပွဲကိုကြည့်ရန် မဟုတ်ကြောင်း နောက်ဆုံး၌ သတိဝင်လာကြသည်။


ပျယ်ယွီ ပခုံးတွန့်လိုက်သည်။ သူ့တွင် ကန့်ကွက်စရာမရှိပေ။ ဆရာသခင်ကျီယွမ်သည် သူမ မိစ္ဆာမဟုတ်ကြောင်းသိသည်။ သူ ရောက်လာပြီး သူမ၏ သရုပ်မှန်ကို သက်သေပြလိုက်လျှင် ရှီမုန့်ချင်းသာ ဒုက္ခရောက်ပေလိမ့်မည်။ အကယ်၍ ရှီမုန့်ချင်းက ဒီတစ်ခါ သူမကို သတ်ချင်သည်ဆိုလျှင် ပျယ်ယွီသည် မိစ္ဆာဖြစ်ကြောင်းကိုသာ အသေအလဲတွန်းအားပေးရပေလိမ့်မည်။


သို့ရာတွင် အခြေအနေများမှာ ပျယ်ယွီ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါပေ။


"စီနီယာအစ်မရှီပြောတာ အမှန်ပဲဆိုတာ ကျွန်တော် သက်သေပြနိုင်တယ်၊ ပျယ်ယွီက မြွေမိစ္ဆာပဲ!" ဟု ချန်ဖု အသံမှာ အခြားတစ်ဖက်မှ ထွက်ပေါ်လာလေသည်။


အားလုံး၏အကြည့်များမှာ ထိုအသံရှိရာသို့ ရောက်သွားကြသည်။ ချန်ဖုသည် အရိုးစုပုံများကို ဘေးသို့ဖယ်ကာ အကြီးအကဲချန်နှင့်အတူ လမ်းငယ်လေးတစ်ခုမှ ထွက်ပေါ်လာလေသည်။ ချန်ဖုအမူအရာမှာ လေးနက်လှသည်။


"ကျွန်တော် ရန်ကျန်းတောင်ပေါ်မှာ ညီမလေးကျန်းလန်ရဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေကိုမြင်ခဲ့ရလို့ နောက်ယောင်ခံ လိုက်လာခဲ့တာ”


"အစကတော့ ညီမလေးကျန်းလန်ကို မြွေမိစ္ဆာလို့ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းကျမှ သူမက ပျယ်ယွီကို နောက်ယောင်ခံ လိုက်နေတာမှန်း သိလိုက်ရတယ်၊ ပျယ်ယွီက စီနီယာအစ်မရှီကို သတ်တော့မယ့်အချိန်မှာ ညီမလေးကျန်းလန်က ကြားဖြတ်တားဆီးခဲ့တာ”


"ကျွန်တော်လည်း အဲ့ဒီအခွင့်အရေးကိုသုံးပြီး စစ်ကူသွားခေါ်ခဲ့တာပါ”


ချန်ဖု ဝမ်းနည်းဟန်ဖြင့် ဆိုသည်။


"ညီမလေးကျန်းလန်က အဲ့ဒီမိစ္ဆာမရဲ့ အသတ်ခံလိုက်ရလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး”


ချန်ဖု အကြီးအကဲချန်ကို ကြည့်လိုက်သည်။


 "ကျွန်တော့်ဦးလေးက ပျယ်ယွီ သံသယရှိစရာကောင်းနေတာကို သိပြီးသားပါ၊ မယုံရင် သူ့ကို မေးကြည့်ကြပါ”


"အကြီးအကဲချန်... အဲ့ဒါ အမှန်ပဲလား ?" 


တောင်ထိပ်သခင် နှင်းဘုရင်က နဖူးကို ပွတ်သပ်လျက် ချန်ဖုနှင့်အတူ ရောက်လာသော 'စစ်ကူ' များကို ကြည့်ကာ မေးလိုက်သည်။ ယခုအခါ ရောက်ရှိနေသော အကြီးအကဲအားလုံးမှာ ချန်မိသားစုဝင် နှစ်ဦးအပေါ် သဘောမကျကြချေ။ သူတို့က ထိုနှစ်ဦးကို စူးစိုက်ကြည့်လိုက်ကြရာ အကြီးအကဲချန်အပေါ်သို့ မမြင်နိုင်သော ဖိအားတစ်ခုသက်ရောက်သွားလေသည်။


ဤနှစ်ဦးမှာ သူတို့၏လျှို့ဝှက်နယ်မြေ စူးစမ်းရေးအချိန်ကို သိသိသာသာ နှောင့်နှေးစေနေသည် မဟုတ်ပါလား? အကယ်၍ ဒီအချိန်အတွင်းမှာ တခြားတပည့်တစ်ယောက်က မိစ္ဆာဘုရင်ရဲ့ ရတနာကို ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ? ထိုသို့ဆိုသော်လည်း ပတ်ဝန်းကျင်၌ တပည့်များမှာ ပိုမိုစုဝေးလာကြသည်။ အပြန်အလှန်အားဖြင့် သာမန်တပည့်များမှာမူ ၎င်းတို့ကျင့်ကြံမှုအဆင့်ဖြင့် ရတနာများကို မရနိုင်မှန်းသိကြသဖြင့် ကံကိုသာပုံအပ်လျက် အတင်းအဖျင်းများကိုသာ ဇိမ်ခံနားထောင်နေကြသည်။


အကြီးအကဲချန်သည် ချန်ဖုကို စိတ်ထဲမှ အကြိမ်တစ်ထောင်မကဆဲဆိုနေသော်လည်း၊ အပြင်ပန်းတွင်မူ ဖြောင့်မတ်ဟန် ပြုမူနေဆဲပင်။


"မှန်ပါတယ်၊ ချန်ဖု ပြောသလိုပါပဲ”


အကြီးအကဲချန် တစ်ခုခုကိုခန့်မှန်းမိပုံရသည်။ သူသည် ချန်ဖုကို ကောင်းကောင်းသိသည်။ ချန်ဖုမှာ မကောင်းသော စိတ်ထားများ ဖြင့် ပြည့်နှက်နေသူဖြစ်ရာ၊ ပျယ်ယွီသည် သူ့ကိုအရှက်ရစေခဲ့ပြီး ပိုက်ဆံပေးခဲ့ရသဖြင့် လက်စားချေရန်အတွက် ပျယ်ယွီမှာ မိစ္ဆာဖြစ်ကြောင်း လုပ်ကြံဖန်တီးနေခြင်းဖြစ်သည်။ ချန်ဖုသည် နောက်ဖေးလမ်းကြောင်းမှတစ်ဆင့် လျှို့ဝှက်နယ်မြေသို့ လွယ်လွယ်ကူကူ ရောက်ရှိလာခြင်းမှာလည်း ဤနေရာကို သူ ရောက်ဖူးနေသည်မှာ ထင်ရှားလှသည်။ သူသည် ပျယ်ယွီကို ထောင်ချောက်ဆင်ရန် မိစ္ဆာမျိုးနွယ်များနှင့် သဘောတူညီမှု တစ်ခုခုလုပ်ထားပုံရသည်။


၎င်းကို တွေးမိသည့်အခါ အကြီးအကဲချန်မှာ အကြီးအကျယ်ခေါင်းကိုက်သွားရသည်။ လင်းယွင်ဂိုဏ်းသည် မည်သည့်တပည့်ကိုမျှ မိစ္ဆာမျိုးနွယ်များနှင့် ပူးပေါင်းကာ ဂိုဏ်းကိုသစ္စာဖောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ပေ။ အကယ်၍ ဤကိစ္စ ပေါ်ပေါက်သွားလျှင် ချန်ဖုသည် သူ့ အင်မော်တယ်အရိုးများကို ဖယ်ရှားခံရကာ သာမန်လူတစ်ဦးဖြစ်သွားပေလိမ့်မည်။ အကြီးအကဲချန် ကိုယ်တိုင်လည်း လင်းယွင်ဂိုဏ်းမှ နှင်ထုတ်ခံရလိမ့်မည်။


သို့ရာတွင် ချန်ဖု၏ အစောပိုင်းစကားများနှင့် သူ့ကို ဖြတ်လမ်းမှတစ်ဆင့် ခေါ်ဆောင်လာခဲ့သည့် လုပ်ရပ်က သူအား ချန်ဖု၏ ဘက်တော်သားအဖြစ် သတ်မှတ်သွားစေခဲ့ပြီ ဖြစ်သည်။ အကြီးအကဲချန်သည် ပျယ်ယွီကို ခံစားချက်မပါသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏ ရာထူးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ပျယ်ယွီသည် ဒီနေ့မှာ သေချာပေါက် မိစ္ဆာတစ်ကောင် ဖြစ်ရပေတော့မည်။


"ကျွန်တော်တို့ ဒီမိစ္ဆာမကို အခုချက်ချင်း ဖမ်းရမယ်၊ အကယ်လို့ သူမကို လင်းယွင်ဂိုဏ်းဆီ ပြန်လွှတ်လိုက်ရင် နောက်ထပ် ဘာပြဿနာတွေ ဖြစ်လာဦးမလဲ ဘယ်သူသိမှာလဲ ?" ဟု ချန်ဖုက ဖြောင့်မတ်ဟန်ဖြင့် ဆိုသည်။


အစောပိုင်းက သဘောကောင်းလှသော အမျိုးသမီးအကြီးအကဲမှာလည်း လေးနက်သွားတော့သည်။ အကြီးအကဲတစ်ဦးက ချန်ဖု အဓိပ္ပာယ်မရှိသော စကားများကို ထောက်ခံလိမ့်မည်ဟု သူမ မယုံကြည်ပါပေ။ 


သို့သော်လည်း အခြားဂိုဏ်းဝင် တပည့်တစ်ဦးကို မိစ္ဆာဟု စွပ်စွဲခြင်းမှာ လင်းယွင်ဓားသခင်ပျယ်လုံ၏ ကျေးဇူးတရားများကို သစ္စာဖောက်ရာရောက်နေပေလိမ့်မည်။


အမျိုးသမီးအကြီးအကဲသည် ပျယ်ယွီကို ကြည့်လိုက်သည်။ သူမသည် သူမ၏ ခါးရှိ ကြာပန်းနှစ်ပွင့်ကို တစ်ဖက်ဖြင့် ကိုင်ထားလျက် ပျယ်ယွီကိုအနည်းငယ် တင်းမာသော အမူအရာဖြင့် စိုက်ကြည့်နေသည်။


ကျောက်တံခါးအတွင်းမှ ထွက်ပေါ်လာသော တဂျွတ်ဂျွတ် အသံများက အားလုံး၏မေးခွန်းများကို ကြားဖြတ်တားဆီးလိုက်လေသည်။


 မြေပြင်ပေါ်၌ လေးလံသော အရာဝတ္ထုကြီးများပွတ်တိုက်သွားသံမှာ ကျင့်ကြံသူတိုင်း၏စိတ်နှလုံးထဲ၌ သတိပေးခေါင်းလောင်း ထိုးလိုက်သည့်အလား ဖြစ်နေသည်။ ထိုအသံမှာ ပိုမိုကျယ်လောင်လာပြီး အကွာအဝေးမှာလည်း နီးကပ်လာနေသည်။


၎င်းမှာ ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်ပင်။


နက်မှောင်လှသော၊ ကြီးမားလှသောအရိပ်ကြီးမှာ မြူထူများအတွင်းမှ ထွက်ပေါ်လာသည်။ မြူများကြားမှပင် ၎င်း၏ နီရဲသော မျက်လုံးများကို ရှင်းလင်းစွာ မြင်နေရပြီး၊ ပြင်းထန်ပြီး စင်ကြယ်လှသော မိစ္ဆာအရှိန်အဝါများမှာလည်း ထွက်ပေါ်နေလေသည်။


၎င်းမှာ မိစ္ဆာဘုရင်နယ်မြေ၏အစောင့်အရှောက်ကြီးပင်ဖြစ်တော့သည်။


ထိုပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များနှင့် မကောင်းသော အငွေ့အသက်များကို ရင်ဆိုင်ရသည့်အခါ ကျင့်ကြံမှုအဆင့် နိမ့်ပါးသော တပည့်များမှာ ခါးပင်မဆန့်နိုင်တော့ဘဲ မသိစိတ်ကတုန်ယင်နေကြတော့သည်။ 


အကြီးအကဲများမှာမူ လေးနက်သော အမူအရာဖြင့် ၎င်းတို့၏ ဝိညာဉ်လက်နက်များကို ထုတ်ယူကာ၊ ဝိညာဉ်စွမ်းအားများကိုလွှတ်ထုတ်လျက် သူတို့တပည့်များကို ကာကွယ်ပေးကာ အမည်မသိရန်သူကို တိုက်ခိုက်ရန်အဆင်သင့်ပြင်လိုက်ကြတော့သည်။


ရင်းနှီးနေသော ထိုမိစ္ဆာအငွေ့အသက်များကို ခံစားမိသည်နှင့် ပျယ်ယွီသည် မကောင်းသော နိမိတ်တစ်ခုကို ကြိုတင်သိမြင်လိုက်သည်။


...မဖြစ်နိုင်လိုက်တာ


ပျယ်ယွီ အထင်ကိုအတည်ပြုပေးသည့်အလား၊ နက်မှောင်သောအကြေးခွံများ ဖုံးလွှမ်းနေသည့် မြွေအမြီးကြီးတစ်ခုသည် ထူထပ်သော မြူများထဲမှ ထွက်ပေါ်လာပြီး ပျယ်ယွီ ခါးကိုရစ်ပတ်ကာ လူအုပ်အလယ်မှနေ၍ အလွယ်တကူပင် ဆွဲထုတ်သွားတော့လေသည်။


မြွေကြီးသည် ပျယ်ယွီကို ၎င်း ဦးခေါင်းပေါ်သို့ တင်ပေးကာ ခေါင်းကိုမြှင့်လိုက်သည်။ ဤလုပ်ရပ်ကြောင့် ပျယ်ယွီမှာ ပြုတ်မကျစေရန် မြွေ ဦးချိုကို မသိစိတ်ကလှမ်းဆွဲထားလိုက်ရသည်။ ၎င်း၏နီရဲသော မျက်လုံးများသည် အောက်ဘက်ရှိ ကျင့်ကြံသူများကို ရွံရှာမုန်းတီးစွာစိုက်ကြည့်နေပြီး၊ လျှာကို ထုတ်လိုက်သွင်းလိုက်ဖြင့် ခြိမ်းခြောက်နေလေသည်။


မြွေကြီး၏လုပ်ရပ်မှာ ပျယ်ယွီသည် ၎င်း၏အကာအကွယ်အောက်တွင် ရှိနေကြောင်း လူတိုင်းကို သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ မြွေကြီးသည် စောစောက ပျယ်ယွီကိုတိုက်ခိုက်စဉ်ကထက် နှစ်ဆခန့်ပိုမိုကြီးမားနေသည်။ ၎င်း၏ အကြေးခွံများသည် လည်း အရင်ကထက် ပိုချောမွေ့နေပြီး၊ ၃၀ ရာခိုင်နှုန်းခန့် ပွင့်လင်းမြင်သာမှုရှိသော နက်မှောင်တောက်ပသည့် အရောင်များ ထွက်ပေါ်နေလေသည်။


အမြင့်တွင် ထိုင်နေရသဖြင့် ပျယ်ယွီသည် ပိုမိုကောင်းမွန်သော မြင်ကွင်းကိုရရှိသည်။ ရောက်ရှိနေသော ကျင့်ကြံသူများ၏ အမူအရာနှင့် လှုပ်ရှားမှုများကို သူမ အလွယ်တကူမြင်နေရသည်။


ချန်ဖု၏အားရကျေနပ်နေသော မျက်နှာ၊ ရှီမုန့်ချင်း၏အောင်နိုင်သူအပြုံးနှင့် တွေဝေနေသော အကြီးအကဲတို့၏ရန်လိုသော အကြည့်များကို သူမ မြင်နေရသည်။ မြွေကြီး၏အကူအညီမှာ သူမသည် မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း အတည်ပြုပေးလိုက်သလို ပင်။ အကယ်၍ သူမရှေ့တွင် UI သာရှိနေလျှင် ထိုကျင့်ကြံသူများမှာ သူမ ရန်သူများ (Enemies) အဖြစ် ပြောင်းလဲသွားမည်မှာ သံသယဖြစ်ဖွယ်မရှိပါချေ။


သတင်းကောင်းမှာ သူမ အတူတူဆော့ဖို့ အဖွဲ့ (Group) တစ်ခု ရလိုက်ခြင်းဖြစ်သည်။


သတင်းဆိုးမှာ သူမသည် လူတိုင်း ဝိုင်းရိုက်မည့် Boss ဖြစ်သွားခြင်းဖြစ်သည်။


ပျယ်ယွီသည် နာကျင်စွာ ညည်းတွားလိုက်သည်။ သူ တကယ်ကို အူကြောင်ကြောင်နိုင်လှသည်။ မြွေကြီးက အသိဉာဏ် မမြင့်မားသဖြင့် စကားအနည်းငယ်ဖြင့် သိမ်းသွင်းနိုင်မည်ဟုသာ သူမ သိခဲ့သည်၊ သို့သော် ၎င်းက ပျယ်ယွီ၏ဘက်တော်သား အဖြစ် ဤမျှအထိ သစ္စာရှိရှိပြောင်းလဲပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါပေ။


ထားလိုက်ပါတော့၊ မိစ္ဆာဖြစ်ရတာလည်း မဆိုးပါဘူး။ D&D ကစားတဲ့သူတွေထဲမှာ ဘယ်သူက လူသားကို ရွေးလို့လဲ?


ရှီမုန့်ချင်းသည် သူမ၏ မိစ္ဆာအစစ်အမှန်ကို ထုတ်မပြနိုင်မှန်း သိထားသဖြင့်၊ ပျယ်ယွီအနေဖြင့် မျက်မြင်သက်သေ အားလုံးကိုသာ သတ်ပစ်လိုက်ပြီး (Perfect Kill) ထွက်ပြေးလိုက်ရုံသာ ရှိတော့သည်။


"Host... ကျွန်တော်ကတော့ Host ကို အကြံပေးရပါလိမ့်မယ်” 


စနစ်၏ အသံမှာ တိုးတိုးလေး ထွက်ပေါ်လာသည်  "Host အနေနဲ့ ဇာတ်လမ်းအရ သေဆုံးမယ့် အခြေအနေကို ပြည့်မီဖို့အတွက် လင်းယွင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်နေဖို့ လိုအပ်တာကြောင့်၊ အခုလို လုပ်ဖို့ ကျွန်တော် အကြံမပြုပါဘူးခင်ဗျာ”


ပျယ်ယွီ နှမြောတသစွာ သက်ပြင်းချလိုက်သည်။ ဘဝက ခက်ခဲလှပါတကား ? 


"ငါ ကံကောင်းစေမယ့် အဆောင် (Lucky charm) တစ်ခု လျှောက်ထားလိုက်မယ်”


"အဲ့ဒါမျိုး ဘယ်မှာ ရှိမှာလဲ!!" ဟု စနစ်က ပေါက်ကွဲသွားသည်။


ပျယ်ယွီသည် ခေါင်းပေါ်၌တိတ်ဆိတ်နေသည်မှာ အစောပိုင်းက ရွှင်ရွှင်ပျပျ ရှိနေပုံနှင့် မတူတော့သဖြင့်၊ မြွေကြီးက သူမသည် ကျင့်ကြံသူ အများအပြားကိုမြင်ပြီး ကြောက်လန့်နေသည်ဟု ထင်နေသည်။ မြွေကြီးက မနေနိုင်တော့ဘဲ  


"စိတ်မပူပါနဲ့၊ လူသားတွေက မိစ္ဆာတွေကို ဒုက္ခပေးခဲ့တာ များလှပြီ၊ ငါ နင်ကို ကာကွယ်ပေးမယ်”


ပျယ်ယွီက တိတ်တဆိတ် သက်ပြင်းချရင်း မြွေအကြေးခွံများကို ပုတ်လိုက်သည်။


"ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ထိ ကြီးသွားတာလဲ?"