Ch 17
Viewers 883

⌨️  Chapter 17


စာတန်းများမှတစ်ဆင့် ပေးစွမ်းသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများက တပည့်များကြားမှ ပဋိပက္ခကို အလွယ်တကူပင် ပိုမိုပြင်းထန်စေခဲ့သည်။ ပျယ်ယွီသည် ကျင့်ကြံသူများ၏တိုက်ပွဲမစမီ အကျိုးအကြောင်းပြောဆိုတတ်သော အလေ့အထကို အခွင့်ကောင်းယူလိုက်ခြင်း ဖြစ်သည်။ 


ဤတင်းကျပ်လှသော ကျင့်ကြံသူများသည် မကောင်းမှုကို မနှိမ်ကွပ်မီ သူတို့၏ မှန်ကန်မှုကို ဖြောင့်မတ်ဟန်ဖြင့် အမြဲ သက်သေပြလေ့ရှိသည်။


"အခွင့်အရေးကို အသုံးမချတဲ့သူကမှ အရူးပဲ”


မြွေကြီးမှာ သူ့ ရှေ့၌ ဖြစ်ပျက်နေသော မြင်ကွင်းကို အံ့ဩတကြား စိုက်ကြည့်နေပြီး ကျေနပ်မှုတစ်ခုခံစားလိုက်ရ သည်။ သူ၏ မျိုးဆက်ပီပီ၊ ပျယ်ယွီသည် လက်တစ်ဖက်မှ မလှုပ်ရှားဘဲ ဤဟန်ဆောင်ကောင်းလှသော ကျင့်ကြံသူများကို စကားလုံးအနည်း ငယ်ဖြင့်ပင် နှိမ်ကွပ်လိုက်သည် မဟုတ်ပါလား။


စနစ်ပင်လျှင် ယခုအခါ အားကိုး၍မရသော သူ့ Host အပေါ် အနည်းငယ် အထင်ကြီးသွားမိသည်။ ပျယ်ယွီသည် သူ၏ လက်ချောင်းလေးများနှင့် စကားလုံးအနည်းငယ်ဖြင့်ပင် လင်းယွင်ဂိုဏ်းဝင်များကို ပရမ်းပတာဖြစ်သွားစေခဲ့သည်။


စနစ် : "Host... ကျွန်တော် Host ကို ပြောရရင် ဒါက Host ရဲ့ အစီအစဉ်ပေါ့လေ၊ သူတို့ရဲ့ စိတ်ခံစားမှုတွေကို လှုံ့ဆော်ပြီး အချိန်ပိုရအောင် လုပ်တာပေါ့”


စနစ်က သူ့ Host ကို အရင်ကထက် ပိုလေသံမြှင့်ပြောမိသွားကြောင်း ဝန်ခံလိုက်ရသည်။


၎င်းကို ကြားရသည့်အခါ ပျယ်ယွီ အမူအရာမှာတစ်မျိုးဖြစ်သွားသည်။ သူမက မေးလိုက်သည်။


"နင်က တစ်နေ့လုံး ဘာတွေ တွေးနေတာလဲ? ငါ ဒါကို လုပ်တာကတော့ သေချာပေါက်"


ပျယ်ယွီ မျက်နှာပေါ်၌ လူဆိုးများတွင်သာရှိတတ်သော အမူအရာတစ်ခု ပေါ်ထွက်လာသည်။


"ငါ သွေးချောင်းစီးနေတာကို မြင်ချင်လို့လေ!!!"


ကံဆိုးစွာပဲ ပျယ်ယွီ မျှော်လင့်ထားသလို သွေးချောင်းစီးတာမျိုးတော့ သူ မမြင်လိုက်ရပါဘူး။ တစ်ယောက်ကိုတစ်ယောက် လည်ပင်းညှစ်တာ၊ ဆံပင်ဆွဲတာလောက်နဲ့တော့ သေမှာမဟုတ်တာ ရှင်းနေတာပဲလေ။


လျှို့ဝှက်နယ်မြေထဲက အထင်မှားစေတဲ့ ထောင်ချောက်တွေကို ဖောက်ထွက်လာပြီးတဲ့နောက် အကြီးအကဲဖေးယွင်နဲ့ အကြီးအကဲချန်ယီတို့ရဲ့ အာရုံခံစားမှုတွေဟာ ပိတ်ဆို့မခံရတော့ပါဘူး။ ဝဲဂယက်ကို ဖြတ်ကျော်လာပြီးတဲ့နောက် သူတို့နှစ်ယောက်ဟာ နယ်မြေတစ်ခုတည်းမှာ ပြန်ဆုံခဲ့ကြသည်။


ဒါပေမဲ့ ဒီလျှို့ဝှက်နယ်မြေရဲ့ အရှင်သခင်ဟာ ကျူးကျော်သူတွေကို ကိုင်တွယ်ဖို့ နည်းလမ်းစုံ ရှိနေတာ ရှင်းပါတယ်၊ ရေကန်ပေါ်က ဝဲဂယက်တွေဟာ ကျူးကျော်သူတွေကို နယ်မြေအနှံ့ ကျပန်း ပို့ဆောင်ပေးနေတာပါ။ ရတနာတွေ ဘယ်မှာဝှက်ထားလဲဆိုတာ ဘယ်သူမှမသိသလို အန္တရာယ်ကလည်း နေရာတိုင်းမှာရှိနေပါတယ်။ ကံကောင်းတာက သူတို့ဟာ အထင်မှားစေတဲ့ ထောင်ချောက် တွေနဲ့ပဲ ထိပ်တိုက်တွေ့ခဲ့တာပါ။


ခဏချင်းမှာပဲ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုတွေဟာ သူတို့ရဲ့ အာရုံထဲ စီးဝင်လာပါတယ်။ အဲ့ဒီထဲမှာ လင်းယွင် ဂိုဏ်းရဲ့ တောင်ထိပ် (၁၆) ခုက အကြီးအကဲတွေနဲ့ တပည့်တွေရဲ့ အလွန်ရင်းနှီးတဲ့ ဝိညာဉ်စွမ်းအားတွေ ပါဝင်နေသလို မိစ္ဆာအငွေ့အသက်တွေလည်း ပါနေပြန်တယ်။


အကြီးအကဲဖေးယွင်နဲ့ အကြီးအကဲချန်ယီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့ အမူအရာတွေဟာ လေးနက်သွား ကြသည်။ အဲ့ဒီအကြီးအကဲတွေနဲ့တပည့်တွေဟာ လျှို့ဝှက်နယ်မြေရဲ့ အစောင့်အရှောက်တွေနဲ့ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်နေကြပြီ  ထင်တယ်၊ အခုချက်ချင်းသွားပြီး ကူညီပေးဖို့လိုအပ်နေပြီ။


သူတို့ဟာ ရေကန်ကို ဖြတ်ကျော်ခုန်ပျံသွားပြီး တခြားသူတွေရဲ့ ဝိညာဉ်စွမ်းအားကို ပိတ်ဆို့ထားတဲ့ တံခါးကြီးကို တွန်းဖွင့်လိုက်သည်။ သူတို့ရှေ့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ သူတို့ စိတ်ကူးထားတာနဲ့ လုံးဝမသက်ဆိုင်ချေ။ တကယ်ကို တခြားစီပင်။


ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာအရှိန်အဝါတွေ ထွက်ပေါ်နေတဲ့ မြွေကြီးတစ်ကောင်ဟာ ရှေ့ခန်းမဆောင်ရဲ့ အစွန်းမှာ ခွေနေသည်။


ဒါဆို လင်းယွင်ဂိုဏ်းက အကြီးအကဲတွေနဲ့ တပည့်တွေက ဘာလုပ်နေကြတာလဲ? သူတို့ ရိုက်နေကြတာပါ။ ဟုတ်ပါတယ်၊ ရိုက်ပွဲဖြစ်နေကြတာ။ ထိပ်တန်းဂိုဏ်းကြီးတစ်ခုရဲ့ အကြီးအကဲတွေဆီက မျှော်လင့်ရမယ့် တည်ကြည်ခန့်ညားမှုမျိုး လုံးဝမရှိတော့ပါဘူး။


ဆံပင်တွေ ဖရိုဖရဲနဲ့၊ အဝတ်အစားတွေကလည်း မသပ်မရပ်၊ တစ်ယောက်ကိုတစ်ယောက် တွန်းထိုးပြီး အသံအကျယ်ဆုံးသူက မှန်တယ်ဆိုတဲ့ အတိုင်းအတာမျိုးနဲ့ အငြင်းပွားနေကြတာက အထိအထိအမိအမိ ဆဲဆိုနေကြသလိုပါပဲ။


အောက်ဘက်မှာလည်း လင်းယွင်ဂိုဏ်းတပည့်တွေဟာ အကြီးအကဲတွေရဲ့ အကျင့်ကို အပြည့်အဝ အမွေဆက်ခံထားပြီး တခြားတောင်ထိပ်က တပည့်တွေကို အားရပါးရ လက်သီးနဲ့ထိုးနေကြပါတယ်။ 


အကယ်လို့ လျှို့ဝှက်နယ်မြေရဲ့ အစောင့်အရှောက် မြွေကြီးသာ လင်းယွင်ဂိုဏ်းရဲ့ ဒီပွဲကြီးကို ဇာတ်လမ်းကြည့်သလိုထိုင်ကြည့်မနေဘူးဆိုရင် အကြီးအကဲဖေးယွင်ကတော့ သူတို့တွေ လျှို့ဝှက်ရတနာအတွက် လုနေကြတယ်လို့တောင် ထင်မိမှာပါ။


ဒါက ဘယ်လိုအဆင့်အတန်းမျိုးလဲ? အပြင်လူရှေ့မှာ ဒီလောက် ဗြောင်ကျကျ အငြင်းပွားပြီး အရှက်ခွဲနေကြတာလား?


အကြီးအကဲဖေးယွင်ဟာ ကောင်းကင်ပေါ် ပျံတက်လိုက်ပြီး သူမ အသံထဲမှာ ဝိညာဉ်စွမ်းအားတွေကို ထည့်ကာ ပြင်းထန်တဲ့ အာဏာစက်နဲ့ ဟစ်အော်လိုက်သည်။


 "တော်ကြစမ်း! မင်းတို့တွေ အရှက်ကွဲရတာ မဝသေးဘူးလား?!"


ပြင်းပြင်းထန်ထန် ချနေကြတဲ့ အုပ်စုဟာ တုန်လှုပ်သွားပြီး နောက်ဆုံးမှာတော့ တစ်ယောက်ရဲ့ ကော်လံကို တစ်ယောက် လွှတ်လိုက်ကြပါတယ်။ သူတို့ရဲ့ မျက်နှာတွေမှာ အနေရခက်ပြီး အရှက်ရနေတဲ့ အမူအရာတွေပေါ်လာကြသည်။ အတန်းထဲမှာ ရန်ဖြစ်နေတဲ့ ကျောင်းသားတွေက မိဘတွေရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရသလိုမျိုးပါပဲ။


အကြီးအကဲတစ်ဦးက စောင်းနေတဲ့ သူ့ဦးထုပ်ကို ပြန်တည့်လိုက်ပြီး သတိနဲ့ လှမ်းခေါ်လိုက်တယ်  "အကြီးအကဲ... အကြီးအကဲဖေးယွင်?"


သူမ၏ ငယ်ရွယ်သော ရုပ်သွင်ကိုကြည့်ပြီး အထင်မသေးပါနှင့်။ အကြီးအကဲဖေးယွင်မှာ လင်းယွင်ဂိုဏ်းတွင် အလွန်လေးစားခံရ သော စီနီယာကြီးတစ်ဦးဖြစ်သည်။ သူမ အသက်မှာ နက္ခတ်တာရာအရှင်သခင်ပျန့်ယင်းပြီးလျှင် အကြီးဆုံးဖြစ်ပေလိမ့်မည်။


ဖေးယွင်က မြွေကြီးရဲ့ ခေါင်းပေါ်မှာ ထိုင်နေတဲ့ ပျယ်ယွီကို တစ်ချက်ကြည့်လိုက်၊ မျက်လုံးကို မှေးလိုက်ပြီးမှ အောက်က အကြီးအကဲတွေကို ငုံ့ကြည့်လိုက်ပါတယ်  "ဘာတွေ ဖြစ်နေတာလဲ?"


အကြီးအကဲတွေက သူတို့ သိသမျှကို ပြန်ပြောပြကြတယ်၊ အဲ့ဒီထဲမှာ ပျယ်ယွီက မိစ္ဆာ ဟုတ်၊ မဟုတ် ဆိုတာနဲ့ ပတ်သက်ပြီး အုပ်စုနှစ်စုရဲ့ ပြင်းထန်တဲ့ အငြင်းပွားမှုတွေလည်း ပါဝင်နေတာပေါ့။ အကြီးအကဲဖေးယွင်ကတော့ ပျယ်ယွီရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို မခံရသေးတာကြောင့် သူမရဲ့ စိတ်အခြေအနေက တည်ငြိမ်နေပါသေးသည်။


ဇာတ်လမ်းတစ်ခုလုံးကို ကြားပြီးတဲ့နောက် အကြီးအကဲဖေးယွင် ခဏတာ စဉ်းစားပြီး ရှီမုန့်ချင်းကို ကြည့်လိုက်သည်။ ရှီမုန့်ချင်းရဲ့ မျက်လုံးတွေက နီရဲနေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ဖိနှိပ်ခံထားရတဲ့ ဒုက္ခသည်တစ်ယောက်ရဲ့ ပုံစံအတိုင်းပင်။ 


သူမက ဒဏ်ရာရထားတဲ့ ဝမ်းဗိုက်ကိုဖိထားကာ သူမရဲ့ သရုပ်မှန်ကို သက်သေပြပေးမယ့်သူ တစ်ယောက်ယောက်လာဖို့ မျှော်လင့်ထား ပေမဲ့၊ ဒီလောက်အထိ အကြာကြီးပစ်ထားခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။


အကြီးအကဲချန်ယီက သူမရဲ့ အိတ်ထဲကနေ သွေးတိတ်ဆေးနဲ့ စိတ်တည်ငြိမ်ဆေးတစ်လုံးကို အမြန်ထုတ်ပြီး ရှီမုန့်ချင်းကို တိုက်လိုက်ပါတယ်။ ပျယ်ယွီကို ကြည့်လိုက်တဲ့အခါမှာတော့ သူမက ဘာအမူအရာမှမရှိဘဲ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေတာကို တွေ့ရသည်။


 ဒါက ဖေးယွင်ကို အံ့ဩစေသလို ရယ်လည်းရယ်ချင်သွားစေသည်။ ပျယ်ယွီရဲ့ တည်ငြိမ်မှုက ဒီအခြေအနေတွေကို သူမ လုံးဝ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေလို့ပါ။


"ကောင်မလေးတို့... ရှင်းပြကြဦး”


ရှီမုန့်ချင်း ဖေးယွင်ကို သနားစဖွယ် လေသံနှင့် သူမ လုပ်ကြံထားတဲ့ ဇာတ်လမ်းကိုထပ်ပြောပြပြန်သည်။ သူမရဲ့ တုန်ယင်နေတဲ့ အသံနဲ့ ပြတ်တောင်းပြတ်တောင်း စကားလုံးတွေက ရင်နာစရာကောင်းလှသည်။ ပြောပြီးသည်နှင့် ရှီမုန့်ချင်း မျက်နှာကိုအုပ်ပြီး ငိုပါတော့သည်။


 "ဘယ်သူမှ ကျွန်မကို မယုံကြဘူး၊ ကျွန်မ သေလိုက်တာကမှ ပိုကောင်းဦးမယ်”


ဖေးယွင်ကမူ စိတ်ပျော့သွားပြီး ရှီမုန့်ချင်းရဲ့ ပခုံးကို အသာအယာပုတ်ကာ  "တကယ်လို့ နင် အပြစ်မရှိဘူးဆိုရင် ငါ နင့်အတွက် တရားမျှတမှုကို သေချာပေါက်ရှာပေးမှာပါ”


ဖေးယွင် ပျယ်ယွီကို ပြန်ကြည့်လိုက်သည်။ သူမ ပျယ်ယွီကို ကြည့်လိုက်တဲ့အချိန်မှာ ရှီမုန့်ချင်းရဲ့ မျက်လုံးတွေက ရုတ်တရက် မှောင်မည်းသွားတာကိုတော့ သူမ သတိမထားမိလိုက်ပါဘူး။ ရှီမုန့်ချင်း အလိုရှိတာက ပျယ်ယွီရဲ့ ရှင်းပြချက်မဟုတ်ဘူး။ ဒါကြောင့်ပဲ သူမ ဒီလို ဖြောင့်မတ်တဲ့သူတွေကို မုန်းတာပါ၊ သက်သေတွေ အကုန်လုံးက ပျယ်ယွီဆီ ညွှန်ပြနေတာတောင် သူတို့က သူမကို ရှင်းပြဖို့ အခွင့်အရေးပေးချင်နေကြတုန်းပဲ။


တိတ်ဆိတ်နေတဲ့ ဂူထဲမှာ တမင်လျှော့ပြောထားတဲ့ စကားသံတွေက ဆူညံသံအဖြစ် ကြားနေရဆဲပါပဲ။ ဖေးယွင်က အကြီးအကဲ ချန်ယီကို လှမ်းကြည့်လိုက်ရာ ချန်ယီ ခေါင်းကို အနည်းငယ် ခါပြလိုက်သည်။


"ပျယ်လေး... နင်ကော ဘာပြောမလဲ? နင့်ရဲ့ သရုပ်မှန်ကို ဘယ်လို သက်သေပြမှာလဲ?" 


ဖေးယွင်က သူမကို ငုံ့ကြည့်နေတဲ့ ပျယ်ယွီကို မော့ကြည့်ကာ မေးလိုက်သည်။ သူမရဲ့ ရုပ်ကလေးက ကလေးမျက်နှာနဲ့ တင်းမာနေပြီး သူမရဲ့ အသံကမူ လေးနက်လှသည်ပင်။


ပျယ်ယွီ သူ့လက်ထဲက ကီးဘုတ်နဲ့ ဆော့နေရင်း ခေါင်းခါကာ 


"ကျွန်မကတော့ ကျွန်မရဲ့ သရုပ်မှန်ကို သက်သေမပြနိုင်ဘူး၊ ဒါပေမဲ့ ရှီမုန့်ချင်း မိစ္ဆာဖြစ်ကြောင်းကိုတော့ သက်သေပြနိုင်တယ်”


"အာ ?" ဖေးယွင် မျက်မှောင်ကြုတ်လိုက်သည်။


"အရမ်းရိုးရှင်းတယ်”


ပျယ်ယွီ ရှီမုန့်ချင်းရဲ့ ဒဏ်ရာရထားတဲ့ ဝမ်းဗိုက်ကိုညွှန်ပြကာ "အခြေခံအဆင့် ကျင့်ကြံသူတစ်ယောက်ဟာ ဒီလောက်အထိ ကုသမှုမခံရဘဲနေရင် အစောကြီးကတည်းက လဲကျသွားသင့်တာ၊ ဘာလို့ သူ အခုထိ မသေသေးတာလဲ?" 


 ပျယ်ယွီ အေးအေးဆေးဆေး ပြောလိုက်သည်။


စောစောက ဆူညံနေတဲ့ လူအုပ်ကြီးဟာ ချက်ချင်းငြိမ်ကျသွားသည်။ ဖေးယွင် ရှီမုန့်ချင်းကို အံ့ဩတကြား ကြည့်လိုက်ပါတယ်။ ပျယ်ယွီ ပြောသလိုပဲ၊ ရှီမုန့်ချင်းဆီက ထွက်ပေါ်နေတဲ့ ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုတွေအရ သူမဟာ အခြေခံအဆင့် ကျင့်ကြံသူသာ ဖြစ်ပြီး အခြေခံအဆင့်ကျင့်ကြံသူတွေဟာ ဒီလောက်ကြီးမားတဲ့ ဒဏ်ရာမျိုးကို ကိုယ့်ဘာသာ ကိုယ် မကုသနိုင်ပေ။ သူတို့ အငြင်းပွားနေကြတာက ဒီလောက်ကြာနေပြီဆိုရင် ရှီမုန့်ချင်းဟာ ဒီမှာ မတ်တပ်ရပ်ပြီး စကားပြောနေဖို့ အင်အားရှိနေမှာ မဟုတ်တော့ပါဘူး။ အမှန်တကယ်တော့ သူမရဲ့ မျက်နှာ ဖြူဖျော့နေတာနဲ့ ဝမ်းဗိုက်ဒဏ်ရာကလွဲရင် ရှီမုန့်ချင်းဟာ ကျန်းကျန်းမာမာ ရှိနေတဲ့ ပုံစံမျိုးသာ။


ရှီမုန့်ချင်း ခေါင်းငုံ့ထားသဖြင့် သူမရဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ ဆံပင်တွေက သူမရဲ့ မျက်နှာကို ဖုံးကွယ်ထားလို့ သူမရဲ့ မျက်လုံးတွေ ဒါမှမဟုတ် အမူအရာကို မြင်လို့မရပါဘူး။ ဖေးယွင် နိမိတ်မကောင်းသလိုခံစားလိုက်ရပြီး ရှီမုန့်ချင်းအခြေအနေကို သွားစစ်ဆေးဖို့ ပြင်နေတဲ့ အကြီးအကဲချန်ယီကို လှမ်းတားလိုက်သည်။


"ပျယ်ကျီယွဲ့ ပြောတာ မှန်တယ်ဆိုတာကို ငါ သက်သေခံနိုင်တယ်”


ပြတ်သားပြီးအေးစက်တဲ့ အသံနဲ့အတူ၊ ဝဲဂယက်ကြောင့် လျှို့ဝှက်နယ်မြေရဲ့ တခြားတစ်ဖက်ကို ရောက်သွားခဲ့တဲ့ ဓားအင်မော် တယ်သခင်ကျီယွမ် နောက်ကျမှရောက်ရှိလာခြင်းပင်။ ကျီယွမ်ရဲ့ အကြည့်က မြွေကြီးပေါ်က ပျယ်ယွီဆီ ရောက်သွားတဲ့အခါ သူမကို စိုက်ကြည့်လိုက်ပါတယ်။


ပျယ်ယွီ မျက်ခုံးပင့်ပြီး ကျီယွမ်ကိုပြန်ကြည့်လိုက်တယ်၊ ဘာလို့ သူမကို စိုက်ကြည့်ရလဲဆိုတာ မသိချင်ယောင် ဆောင်နေတာပါ။ သူမက နှာခေါင်းရှုံ့လိုက်ပြီး မျက်ရည်တွေ ချက်ချင်းဝဲလာကာ ငိုတော့မယ့် မျက်နှာပေးမျိုးလုပ်လိုက်ပါတော့သည်။ အကြီးအကဲ တွေနဲ့ တပည့်တွေကို တစ်ယောက်နဲ့တစ်ယောက် ရိုက်အောင်လုပ်ခဲ့တဲ့ တရားခံဟာ သူမ မဟုတ်သလိုပင်။


"ဆရာသခင်... စီနီယာအစ်ကိုကြီး... ဒုတိယစီနီယာအစ်ကို...” 


ပျယ်ယွီက အက်ကွဲတဲ့ အသံနှင့် လှမ်းခေါ်လိုက်သည်။


ကျီယွမ် ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။ သူ့ မျက်နှာက အေးစက်နေပြီး သူ့မှောင်မည်းတဲ့ မျက်လုံးတွေက လင်းယွင်ဂိုဏ်းဝင်တွေကို အေးစက်စက်နဲ့ ဝေ့ကြည့်လိုက်ကာ ပိုင်ချီနဲ့ ချန်းလင်းယောင်တို့ရဲ့ အမူအရာတွေကလည်း မကောင်းလှချေ၊ သူတို့ရဲ့ ညီမလေး အနိုင်ကျင့်ခံရတာကိုကြားရရင် ဘယ်သူက ပျော်မှာတဲ့လဲ?


လင်းယွင်ဂိုဏ်းဝင်တွေက စုရပ်နေကြပြီး ပျယ်ယွီကတော့ တခြားတစ်ဖက်မှာ တစ်ယောက်တည်းဖြစ်နေတာကိုး၊ ဒါ ရန်ကျန်း တောင်က တစ်ယောက်တည်းရှိတဲ့ ပျယ်ယွီကို ဗြောင်ကျကျအနိုင်ကျင့်နေတာ မဟုတ်ဘူးလား? မြွေကြီးနဲ့အတူ ရပ်နေတာကိုတော့ လောလောဆယ် ခဏမေ့ထားလိုက်ကြတာပေါ့…


"ပျယ်ကျီယွဲ့က၏ လူသားစစ်စစ် ဖြစ်ကြောင်း ငါ သက်သေပြနိုင်တယ်” 


ကျီယွမ်ရဲ့ အသံက ဖိအားတွေနဲ့ ပြည့်နေသည်။ ရန်ကျန်းတောင်ရဲ့မှတ်တမ်းတွေအရ လူသားမျိုးနွယ်ကလွဲရင် တခြားသွေးကို လက်မခံပါဘူး။ ပျယ်ယွီကို မှတ်တမ်းတွေက အသိအမှတ်ပြုထားတာက သူမရဲ့ သရုပ်မှန်ကို သက်သေပြဖို့ လုံလောက်နေပြီ မဟုတ်ပါလား?


"ဒါမှမဟုတ် ငါ မရှိတုန်း ငါ့ရဲ့ တပည့်ကို အနိုင်ကျင့်ဖို့ ကြံနေကြတာလား?"


တပည့်ကို ကာကွယ်တတ်တဲ့ ကျီယွမ်ဟာ သူ့ရဲ့ ထက်မြက်ပြီး ဓားသွားလို ပြင်းထန်တဲ့ ဝိညာဉ်စွမ်းအားတွေကို အားမနာတမ်း ထုတ်လွှတ်ပြီး တခြားသူတွေကို ဖိနှိပ်လိုက်တော့သည်။ ရောက်ရှိနေတဲ့ အကြီးအကဲတွေထဲမှာ အကြီးအကဲဖေးယွင်တစ်ယောက်ပဲ ကျီယွမ်ထက် ကျင့်ကြံမှုအဆင့်ပိုမြင့်ခြင်းသာ။


ကျင့်ကြံမှုအဆင့် သိပ်မမြင့်တဲ့ အကြီးအကဲတစ်ဦးက နဖူးက ချွေးတွေကို သုတ်လိုက်ပြီး ဖော်ဖော်ရွေရွေ ပြုံးပြကာ  

"ဓားအင်မော်တယ် ကျီယွမ်ကိုယ်တိုင် အာမခံတယ်ဆိုရင်တော့ ပျယ်ကျီယွဲ့ မိစ္ဆာမဟုတ်ဘူးဆိုတာ သေချာပေါက် သက်သေပြနိုင် တာပေါ့”


ထိုအချိန်မှာပင် တပည့်တစ်ဦးဟာ အော်ဟစ်လိုက်ပြီး ကျောက်နံရံကိုတိုက်မိကာ သတိလစ်သွားသည်။


သူတို့ရဲ့ နောက်ကွယ်ကနေ အေးစက်ပြီး ဖိနှိပ်တဲ့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပါတယ်။ သတ်ဖြတ်လိုစိတ်တွေ ပြည့်နေတဲ့ ပြင်းထန်တဲ့ မိစ္ဆာအငွေ့အသက်တွေက ရှေ့ခန်းမဆောင်ထဲကို ပျံ့နှံ့လာပြီး လူတိုင်းကို လှုပ်မရအောင် ချုပ်နှောင်ထားလိုက်ပါတယ်။


အဲ့ဒါက ရှီမုန့်ချင်းပါ။


ရှီမုန့်ချင်းဟာ သူမရဲ့ ကျင့်ကြံမှုအဆင့်ကို မဖုံးကွယ်တော့ပါဘူး။ မိစ္ဆာအမြုတေကို ဝါးမြိုပြီးနောက်မှာ သူမရဲ့ အဆင့်ဟာ မူလသန္ဓေဝိညာဉ်အဆင့် နောက်ဆုံးပိုင်းကိုရောက်နေပါပြီ။ သူ့အရေပြားပေါ်မှာ အပြာရောင် အကြေးခွံတွေ ပေါ်လာပြီး မျက်လုံးတွေကလည်း မိစ္ဆာမျိုးနွယ်ရဲ့ အမှတ်အသားတွေအဖြစ်ပြောင်းလဲသွားသည်။


"ငါ့ရဲ့ သရုပ်မှန်အစစ်ကို သိသွားကြပြီဆိုတော့လည်း ဟန်ဆောင်နေတာကို ရပ်လိုက်တော့မယ်” 


ရှီမုန့်ချင်းရဲ့ အသံဟာ အက်ကွဲပြီး နားမခံသာစရာဖြစ်လာသည်။


သူမဟာ မူလက လင်းယွင်ဂိုဏ်းက ပျယ်ယွီကိုအပြစ်ပေးပြီး သတ်ပစ်အောင်၊ သူမ ဆက်ပြီး သူလျှိုလုပ်နေနိုင်အောင် ကြံစည်ခဲ့ခြင်းသာ၊ သို့သော် ကျီယွမ် ရောက်လာခြင်းက သူမကို ရွေးချယ်စရာတစ်ခု ပေးလိုက်ပါတော့သည်။


"ဟုတ်တယ်၊ ငါက မိစ္ဆာပဲ”  


"ငါ ရန်ကျန်းတောင်ကို လာခဲ့တာက မိစ္ဆာမျိုးနွယ်ရဲ့ လျှို့ဝှက်နယ်မြေကို ရှာဖို့ပဲ၊ အခု ငါ မူလသန္ဓေဝိညာဉ်အဆင့်ကို ရောက်နေပြီ”


"ဒီနေ့ နင်တို့အားလုံး ဒီမှာ သေကြရမယ်” 


ရှီမုန့်ချင်းဟာ အမြင့်ကို ပျံတက်သွားပြီး သူမရဲ့ မူလသန္ဓေဝိညာဉ်အဆင့် စွမ်းအားတွေကို အားမနာတမ်း ထုတ်လွှတ်လိုက်တော့သည်။


အကြီးအကဲဖေးယွင်နဲ့ ကျီယွမ်တို့ဟာ ရှေ့ကို တက်လာပြီး ဝိညာဉ်လက်နက်တွေကို ထုတ်ယူကာ ရှီမုန့်ချင်း၏မိစ္ဆာစွမ်းအင်တွေကို ခုခံဖို့ သူတို့ရဲ့ မူလသန္ဓေဝိညာဉ်အဆင့် အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်ကြသည်။


ဖေးယွင်နှင့်ကျီယွမ်တို့ရဲ့ ကာကွယ်မှုအောက်မှာ အသက်ရှူရ ခက်ခဲနေတဲ့ လင်းယွင်ဂိုဏ်း ကျင့်ကြံသူတွေဟာ သက်ပြင်းချနိုင်သွား ပြီး သူတို့နှစ်ယောက်ရဲ့ နောက်မှာအမြန်သွားရပ်လိုက်ကြသည်။ အကြီးအကဲတွေဟာ အရင်က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး ရှီမုန့်ချင်းကို အလေးအနက် ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်ကြတော့သည်။


ကျင့်ကြံမှုအဆင့်ဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကျော်လွန်သွားပြီဆိုရင် အဆင့်တစ်ခု တက်ဖို့ လိုအပ်တဲ့ ဝိညာဉ်စွမ်း အားဟာ အဆမတန် များပြားလာတာကြောင့် အဆင့်တစ်ခုချင်းစီရဲ့ ကွာခြားချက်က ကျော်ဖြတ်ဖို့ မလွယ်ကူပါဘူး။ 


မူလသ န္ဓေဝိညာဉ်အဆင့်ရဲ့ အစပိုင်းနဲ့ နောက်ဆုံးပိုင်း ကွာခြားချက်ကလည်း အလွန်ကြီးမားလှသည်ပင်။ ဒါဟာ ဂိမ်းထဲမှာ Level မြင့်လေ Level တက်ဖို့ Experience ပိုလိုလေ ဖြစ်နေတာနဲ့တူတူပါပဲ။


အကြီးအကဲဖေးယွင်ဟာ မူလသန္ဓေဝိညာဉ် အလယ်အလတ်အဆင့်မှာ ရှိနေပြီး ကျီယွမ်ကတော့ အစောပိုင်းအဆင့်မှာ ရှိနေတာ ကြောင့်၊ နောက်ဆုံးပိုင်းအဆင့်ကိုရောက်နေတဲ့ ရှီမုန့်ချင်းနဲ့ တိုက်ရမှာက တကယ့်ကို ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်လာမှာပါ။ 


မူလသန္ဓေဝိညာဉ်အဆင့်မရှိတဲ့ ကျင့်ကြံသူတွေကတော့ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ပဲ ဆုတောင်းနေကြရသည်။


"မိစ္ဆာမ! ငါတို့ နင်ကို တရားစီရင်မယ်!" 


အကြီးအကဲတစ်ဦးကမူ ဖြောင့်မတ်ဟန်နှင့် ကြေညာလိုက်သည်။


ရှီမုန့်ချင်းရဲ့ အကြည့်က အဲ့ဒီအကြီးအကဲဆီ ရောက်သွားတဲ့အခါ သူဟာ ကြောက်ပြီး ကျီယွမ်ရဲ့ နောက်ကို ဝင်ပုန်းလိုက်ကာ 


"ကျီယွမ်... သူမကို ရှင်းလိုက်စမ်း!"


ကျီယွမ် : "..."