Ch 8
Viewers 880

⌨️ Chapter 8




ပျယ်ယွီ ကျောက်ဂူဆီသို့ လှည့်ထွက်သွားသည့်အခါ၊ စနစ်က နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။


"Host... ကျွန်တော်ကတော့ Host  သူတို့ကို သင်ခန်းစာပေးတော့မယ်လို့ ထင်နေတာ” 


စနစ်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပျယ်ယွီ၏တိုက်ခိုက်လိုစိတ်ပြင်းပြမှုကို အပြည့်အဝနားလည်ထားပြီးဖြစ်ရာ၊ သူမက ဘာမှပြန်မလုပ်ဘဲ လွှတ်ပေးလိုက်ခြင်းမှာ မျှော်လင့်မထားသောကိစ္စဖြစ်သည်။


"ဘာလို့ ငါ့ကို အဲ့လို ထင်ရတာလဲ? ငါ့လို ယဉ်ကျေးသိမ်မွေ့ပြီး အေးအေးဆေးဆေးနေတတ်တဲ့သူက ဒီလိုမျိုးတွေ လုပ်ပါ့မလား?" ဟု ပျယ်ယွီ အံ့ဩသယောင်လေသံဖြင့် ပြောလိုက်သည်။


"...ယဉ်ကျေးသိမ်မွေ့ပြီး အေးအေးဆေးဆေး? တကယ်ကြီးလား ?" စနစ်ကတော့ သိပ်ပြီး မယုံကြည်ပေ။


"ဟားဟား၊ ငါက ရန်ငြိုးထားတတ်တဲ့သူ မဟုတ်ဘူး” ပျယ်ယွီ ခဏရပ်လိုက်ပြီးမှ 


 "ငါ့မှာ သူတို့အတွက် တခြားအစီအစဉ်တွေ ရှိတယ်လေ”


သူမက အေးစက်စက်လေသံဖြင့် ဆက်ပြောလိုက်သည်။


"သူတို့တွေ တခြားသူတွေကို ဒုက္ခပေးဖို့ အချိန်ပိုတွေ ရှိနေတယ်ဆိုကတည်းက၊ ဒါဟာ သူတို့မှာ အလုပ်လုပ်ရမယ့်အချိန် မလုံလောက်သေးဘူးဆိုတာ သက်သေပြနေတာပဲ၊ ငါစီမံခန့်ခွဲသူတစ်ယောက်ရဲ့ အာဏာကိုသုံးပြီးတော့ သူတို့ရဲ့ တန်ဖိုးတွေကို အကုန်အစင်ထုတ်ယူပြီး အရည်ခွံပါဆုတ်ပစ်မယ်”


နောက်တာပါ၊ ငါက ဘယ်လိုလုပ်ရန်ငြိုးမထားဘဲ နေမှာလဲ?


"...Host ပြောနေတာတွေက လျှပ်စစ်ဓာတ်တိုင်မှာ ဇောက်ထိုးဆွဲထားခံရမယ့် အရင်းရှင်ကြီးတစ်ယောက်ရဲ့စကားတွေနဲ့ တူနေတယ်ဆိုတာ သိရဲ့လား?"


ပျယ်ယွီ စနစ် မေးခွန်းကိုပြန်မဖြေပါပေ။ သူ မျက်လုံးကိုပင့်ကြည့်လိုက်ရာ၊ သူမ အမူအရာမှာ ပုံမှန်အတိုင်းအေးစက်စက် ဖြစ်သွားပြီး ဓားကျင့်ကြံသူတစ်ဦး၏ ပုံစံအတိုင်းဖြစ်သွားတော့သည်။


ပျယ်ယွီ ကျောက်ဂူအပြင်ဘက်တွင် ဝပ်နေကြသော ချန်ဖုနှင့် သူ့နောက်လိုက်များသည် တောအုပ်ထဲမှထွက်လာသော ပျယ်ယွီကို ချက်ချင်းသတိပြုမိသွားကြသည်။


ချန်ဖုသည် ပျယ်ယွီဆီသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာပြီး၊ နာကျင်မှုကို အောင့်ထားရသော အသံဖြင့် သူမ အမည်ကို လှမ်းခေါ်လိုက်သည်။


"ပျယ်ကျီယွဲ့!"


ချန်ဖု အနားသို့ ရောက်လာသည့်အခါမှသာ ပျယ်ယွီသည် သူ့လက်ရှိအခြေအနေကို သေချာမြင်လိုက်ရသည်။ သူသည် အတော်လေး ပိန်သွားပြီး၊ အရင်ကအတော်ဖြစ်သော အဝတ်အစားများမှာလည်းပွယောင်းနေတော့သည်။ သူ လမ်းလျှောက်နေပုံအရဆိုလျှင် သူ့ တင်ပါးမှာ သစ်သားတုတ်နှင့် အကြိမ်ကြိမ် အနီးကပ်ထိတွေ့ခဲ့ရပုံရသည်။


လျိုထျန်းလဲ့သည် ပျယ်ယွီကို မျက်နှာသာပေးသောကြောင့်၊ ချန်ဖုအား စည်းကမ်းထိန်းသိမ်းရေးဌာနတွင် ကောင်းကောင်းမွန်မွန် နေထိုင်ခွင့်မပေးခဲ့ပါပေ။ ချန်ဖုသည် ဒီနေ့မှသာ အကြီးအကဲချန်အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး၊ ပျယ်ယွီကို ပြဿနာရှာရန် မစောင့်နိုင်တော့ပေ။


သူသည် စည်းကမ်းထိန်းသိမ်းရေးဌာနမှာရှိနေစဉ် သူ၏နောက်လိုက်များပြောပြသော ဇာတ်လမ်းနောက်ပိုင်းကိုကြားခဲ့ရသဖြင့် ဒေါသကြောင့်မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်နေသည်။ ဝိညာဉ်ကျောက်တုံး ငါးထောင်ဟုတ်လား? သူက ဘယ်တုန်းက ပျယ်ယွီကို ဝိညာဉ်ကျောက်တုံး ငါးထောင်ပေးမယ်လို့ ကတိပေးခဲ့လို့လဲ?


စည်းကမ်းထိန်းသိမ်းရေးဌာနကတော့ ချန်ဖု ဘယ်လိုပဲ ငြင်းငြင်းဂရုမစိုက်ပါပေ၊ သူတို့က အနက်ပေါ်မှာ အဖြူရေးထားတဲ့ သက်သေကိုသာလက်ခံကြသည်။ ချန်ဖုသည် ကျင့်ကြံသူတစ်ဦးကိုအနိုင်ကျင့်ခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးဌာနတွင် ၁၅ ရက် အကျဉ်းကျခံရပြီး၊ တစ်ဖက်လူကို ဝိညာဉ်ကျောက်တုံး ငါးထောင်လျော်ကြေးပေးရမည်ဟု အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။


အမှန်စင်စစ် စည်းကမ်းထိန်းသိမ်းရေးဌာနက ကျင့်ကြံသူအများစုမှာ ချန်ဖုကိုအထင်သေးကြသည်။ သူတို့က ကျင့်ကြံသူများပီပီ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကို တန်ဖိုးထားကြသော်လည်း၊ ချန်ဖု၏နေ့စဉ် အော်ဟစ်ဆူညံနေမှုမှာ ကျင့်ကြံသူတစ်ဦးနှင့် လုံးဝ မတူပါပေ။


"မောင်လေးချန်... ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို လာပြန်ပေးတာလား?" ပျယ်ယွီက မေးလိုက်သည်။


"ဝိညာဉ်ကျောက်တုံး ပြန်ပေးရမယ်? ပျယ်ကျီယွဲ့... အဲ့ဒီလိုမျိုး ဘာမှမရှိဘူး! နင် လိမ်နေတာ! နင်က တကယ့် သရုပ်ဆောင်ကောင်းပဲ!" ချန်ဖုသည် ပျယ်ယွီ၏လှပသော မျက်နှာကိုကြည့်ကာ ယခုအခါတွင်မူ အလွန်ရွံရှာဖွယ်ကောင်းသည်ဟု ခံစားနေရသည်။


"နင် အခုချက်ချင်း စည်းကမ်းထိန်းသိမ်းရေးဌာနကိုလိုက်ခဲ့ပြီး အမှန်အတိုင်း သွားရှင်းပြရမယ်၊ မဟုတ်ရင်တော့ ငါ နင်ကို အလွတ်မပေးဘူး” ဟု ချန်ဖုက ပျယ်ယွီ ကော်လံကို ဆွဲတော့မည့်အလား ရှေ့သို့ တိုးလာရင်း ကြမ်းတမ်းစွာ ပြောလိုက်သည်။


ပျယ်ယွီ သွယ်လျသော လက်ချောင်းလေးများကကီးဘုတ်ကို ခပ်ဖွဖွလေး တောက်လိုက်ရာ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဤလုပ်ရပ်ကြောင့် ချန်ဖုမှာ လန့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်သွားကာ သူ့ ဦးနှောက်မှာလည်း အတော်လေး ကြည်လင်သွားတော့သည်။


"လျော်ကြေးပေးဖို့ ငြင်းဆန်ပြီး၊ စီနီယာအစ်မကို ခြိမ်းခြောက်နေတာပေါ့” ဟု ပျယ်ယွီက အသာအယာပြောလိုက်သည်။

"ဒါက ပိုပြီးကြီးလေးတဲ့ ပြစ်မှုပဲ။ စည်းကမ်းထိန်းသိမ်းရေးဌာနကတော့ ဒီကိစ္စကိုကိုင်တွယ်ရမှာကို အရမ်းဝမ်းသာနေကြမှာပဲ”


ချန်ဖုသည် ငိုချင်စိတ်ကို အောင့်ထားပြီး ပြောလိုက်သည်။


"ပျယ်ကျီယွဲ့... နင် ရန်ကျန်းတောင်ပေါ်မှာရှိနေလို့ ငါ နင်ကို ဘာမှမလုပ်နိုင်ဘူးလို့ မထင်နဲ့ နင် တကယ် စွမ်းတယ်ဆိုရင် သိုက်လီ တောင်ထိပ်ကို ဝိညာဉ်ကျောက်တုံးသွားမယူနဲ့တော့၊ မဟုတ်ရင်တော့ အကြီးအကဲချန် နင်ကို သေချာပေါက်သတ်လိမ့်မယ်!"


ပျယ်ယွီ နားလည်သလိုခေါင်းညိတ်ပြလိုက်ပြီး "အဲ့ဒီတော့ ငါက ဒိုက်လီတောင်ထိပ်ကို သွားပြီး အကြီးအကဲချန်ဆီက ဝိညာဉ် ကျောက်တုံးငါးထောင် သွားယူရမယ်ပေါ့?"


ချန်ဖု မျက်နှာမှာတင်းမာသွားသည်။ အကြီးအကဲချန်သည် သူက ပျယ်ယွီကို ရန်စခဲ့မှန်းသာ သိသော်လည်း၊ ပျယ်ယွီကို ဝိညာဉ် ကျောက်တုံး ငါးထောင်ပေးရမည်ဆိုသည်ကိုတော့ မသိပါပေ။ ပြီးတော့ သူက ပျယ်ယွီကို ဝိညာဉ်ကျောက်တုံး ငါးထောင် ပေးစရာလည်း မလိုပါပေ။


"ဒါမှမဟုတ် ငါဆရာသခင်ဆီ သွားသင့်သလား? အကြီးအကဲချန်အနေနဲ့ ဓားအင်မော်တယ်သခင်ကျီယွမ်နဲ့စကားပြောရတာကို ပိုပြီး သဘောကျမယ်ထင်တယ်နော်?"


"နင် ငါ့ကို ခြိမ်းခြောက်နေတာလား?!"


"ဟုတ်တယ်” ပျယ်ယွီ  ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။


"ငါ နင်ကို ခြိမ်းခြောက်နေတာ၊ နင် ဘာလုပ်နိုင်မှာလဲ?"


ချန်ဖုမှာ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မည့်အလားဖြစ်နေသည်။ ဤလူမှာ တကယ့်ကို အရှက်မရှိလှပါပေ။


ချန်ဖုမှာ ပျယ်ယွီကို တကယ်ဘာမှမလုပ်နိုင်ပါပေ။ ဓားအင်မော်တယ်သခင်ကျီယွမ်သည် လင်းယွင်ဂိုဏ်း၏တောင်ထိပ် (၁၆) ခုမှ တောင်ထိပ်သခင်တစ်ဦးဖြစ်သလို၊ မူလသန္ဓေဝိညာဉ်အဆင့်ရှိသော ဓားကျင့်ကြံသူဖြစ်ရာ၊ သူ့ ကျင့်ကြံမှုနှင့် အဆင့်အတန်းမှာ အထွေထွေကိစ္စများကိုစီမံရသော အကြီးအကဲချန်ထက် များစွာသာလွန်လှသည်။ အကယ်၍ ကျီယွမ်သာ အကြီးအကဲချန်ဆီ သွားပြီး ပြဿနာရှာမည်ဆိုလျှင်၊ ချန်ဖုသည် သူ့ဦးလေးဆီမှ အရိုက်ခံရမည်မှာအသေအချာပင်။


ချန်ဖုသည် သူ့ဝိညာဉ်ကျောက်တုံးအိတ်ကို ဖြုတ်ပြီး ပျယ်ယွီဆီသို့ ပစ်ပေါက်လိုက်သည်။ ပျယ်ယွီ အသာအယာရှောင်လိုက်ပြီး ထိုအိတ်ကို ဖမ်းယူလိုက်သည်။


"ဒီမှာ ဝိညာဉ်ကျောက်တုံးနှစ်ထောင်ရှိတယ်၊ ကျန်တဲ့ သုံးထောင်ကိုတော့ ဒီနေ့ညနေမှာ ငါ ရှာပေးမယ်” ဟု ချန်ဖု ခက်ထန်စွာ ပြောလိုက်သည်။


ထိုသို့ပြောပြီးနောက် ချန်ဖုသည် ထိုနေရာမှာတစ်စက္ကန့်လေးတောင် ထပ်မနေချင်သဖြင့် လှည့်ထွက်သွားတော့သည်။


"ခဏနေဦး”


ချန်ဖုက စိတ်မရှည်စွာဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။


"တိတိကျကျ ပြောရရင်တော့၊ နင်က ဝိညာဉ်ကျောက်တုံးတစ်သောင်းရှစ်ထောင် စုဆောင်းပေးရမှာ”


ချန်ဖုမှာ ဆတ်ဆတ်ခါတုန်သွားတော့သည်။


"ငါးထောင် မဟုတ်ဘူးလား?! ဘယ်လိုဖြစ်ပြီး တစ်သောင်းရှစ်ထောင် ဖြစ်သွားရတာလဲ?"


ငါးထောင်ဆိုသည်မှာပင် ချန်ဖုအတွက် အတော်များလှပါပြီ၊ အနည်းဆုံးနှစ်နှစ်လောက် သူ ကောင်းကောင်းမွန်မွန်နေနိုင်တော့မည် မဟုတ်ပါပေ။ တစ်သောင်းရှစ်ထောင်ဆိုလျှင်တော့ သူ့ကို သတ်လိုက်တာကမှ ပိုကောင်းပါလိမ့်မည်။


"နင့်ရဲ့ နောက်လိုက်သုံးယောက်က ငါ့ကို ဝိညာဉ်ကျောက်တုံးတစ်သောင်းငါးထောင်ပေးဖို့ ကျန်သေးတယ်လေ၊ သူတို့ရဲ့ ခေါင်းဆောင်အနေနဲ့ နင်ပဲ သူတို့အတွက်ပေးသင့်တာ မဟုတ်ဘူးလား?" 


နောက်လိုက် သုံးယောက်မှာတော့ မျှော်လင့်ချက်အပြည့်ဖြင့် ချန်ဖုကိုကြည့်နေကြသည်။ သူတို့သည် ချန်ဖုနောက်သို့ လိုက်နေခဲ့သည်မှာကြာလှပြီဖြစ်ပြီး၊ သူ့ကို အရိုက်မခံရအောင် အကြိမ်ကြိမ်ကာကွယ်ပေးခဲ့ဖူးသည်။


"စီနီယာအစ်ကိုချန်...”


"ထွက်သွားစမ်း” ချန်ဖုမှာ ဒေါသထွက်နေသည်။


"မင်းတို့အတွက် ငါ့ဆီကနေ တစ်ပြားမှမရစေရဘူး၊ ဒီနေ့ကစပြီး မင်းတို့ ကြိုက်တဲ့သူဆီမှာ အလုပ်လုပ်ကြတော့” ချန်ဖုသည် "ကိုယ့်ဝမ်းနာ ကိုယ်သာသိ" ဆိုသည့်အတိုင်းပင် ပြုမူခဲ့သည်။


နောက်လိုက် သုံးယောက်မျက်နှာများမှာ ပျက်သွားကြသည်။ ချန်ဖုက သူတို့ကို စွန့်ပစ်လိုက်ပြီဖြစ်ရာ၊ သူတို့သည် ဝိညာဉ်ကျောက် တုံး ငါးထောင်စီဒဏ်ကြေးကို သူတို့ဘာသာ ပေးဆောင်ရတော့မည်ဖြစ်သည်။ သူတို့က တစ်လမှ ဝိညာဉ်ကျောက်တုံးငါးတုံးသာ ရရှိသဖြင့်၊ ဒီကြွေးမြီကိုဆပ်နိုင်ဖို့ဆိုလျှင် နှစ်ပေါင်းတစ်ထောင်ကြာပေလိမ့်မည်။ မဟုတ်လျှင်တော့ စည်းကမ်းထိန်းသိမ်းရေးဌာနမှာ တစ်သက်လုံးပိတ်မိနေတော့မည်သာ။


"အဲ့ဒီ လျော်ကြေးတွေအတွက် ငါ့ဆီမှာ အလုပ်လုပ်ပြီးကြွေးဆပ်လို့ရတယ်နော်” ပျယ်ယွီ သူတို့ကို သိမ်းသွင်းရန် ကြိုးစားလိုက် သည်။


"ငါ လိုအပ်တဲ့အချိန်ကလွဲရင်၊ ကျန်တဲ့အချိန်တွေမှာ နင်တို့ဘာသာ နင်တို့ ကြိုက်တာလုပ်လို့ရတယ်”


ထိုသုံးယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဒါကတော့ သူတို့အတွက် လွတ်မြောက်ရာလမ်းကြောင်းတစ်ခု ဖြစ်နေသည်မှာ အမှန်ပင်။ အမှန်တကယ်တော့ သူတို့မှာ တခြားရွေးချယ်စရာမရှိပေ။


"အစ်မကြီး!" ဟု ထိုသုံးယောက်က တစ်ပြိုင်နက်အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။


သူတို့သည် ပျယ်ယွီကို ဝိညာဉ်ကျောက်တုံးပေးရမည်ဆိုသည်မှာ မူလက ပျယ်ယွီလုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်းကို မေ့သွားကြပြီဖြစ်သည်။ ပျယ်ယွီဆီမှာ အခမဲ့အလုပ်လုပ်ပေးရုံဖြင့် မရှိသောကြွေးမြီငါးထောင်ကိုဆပ်ပြီးသားဖြစ်မည်ဟုသာ သူတို့ သိကြတော့သည်။


ပျယ်ယွီ သူ့ မေးစေ့ကို ပွတ်လိုက်သည်။


"နင်တို့ရဲ့ ပထမဆုံးအလုပ်ကတော့ ချန်ဖုကို စောင့်ကြည့်ဖို့ပဲ၊ တကယ်လို့ သူ တခြားတပည့်တွေကို အနိုင်ကျင့်ရင် သင်ခန်းစာ ပေးလိုက်ကြ”


လူဆိုးတွေက သူတို့နဲ့ထိုက်တန်တဲ့ အကျိုးပေးကို ရသင့်တာပဲ မဟုတ်လား?


"တကယ်လို့ သူ ပြဿနာရှာချင်တယ်ဆိုရင်တော့ ဓားအသိအမှတ်ပြုတောင်ထိပ်က ဓားအင်မော်တယ်သခင်ကျီယွမ်ကို လာရှာဖို့ ပြောလိုက်” ပျယ်ယွီသည် ပြဿနာကို သူမ ဆရာသခင်ဆီသို့ အားမနာတမ်းလွှဲပြောင်းပေးလိုက်သည်။


ပထမအချက်မှာ ချန်ဖုအနေဖြင့် ကျီယွမ်ဆီသို့ တကယ်ကြီးသွားရဲမည်မဟုတ်ဟု သူမ ထင်သည်။ ဒုတိယအချက်မှာ သူမ၏ ဆရာသခင်မှာ တကယ့် "Homebody" ဖြစ်ပြီး ဂိုဏ်းချုပ်ကိုတောင် မျက်နှာသာပေးချင်မှ ပေးမည့်သူဖြစ်သည်။ ချန်ဖုက သူ့ကို တွေ့ချင်တယ် ဟုတ်လား? ဘာအကြောင်းနဲ့လဲ? သူက ဝက်ပေမဲ့ မအီလို့လား?


"ဟုတ်ကဲ့ပါ အစ်မကြီး”


ချန်ဖုရဲ့ကောင်းစားတဲ့နေ့တွေတော့ ကုန်ဆုံးသွားခဲ့ပြီ။


...


ချန်ဖုသည် အမြဲတမ်းလိုပင် သွားကြားထိုးတံတစ်ချောင်းကို ပါးစပ်မှာ ကိုင်ထားပြီး ထိုင်အန်းတောင်ပေါ်မှာ လမ်းလျှောက်နေသည်။ ဖြတ်သွားသမျှ တပည့်တိုင်းမှာ ခေါင်းငုံ့ပြီး သူ့ကိုအမြန်ကျော်သွားကြသည်။


သူက ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ပြီး အမျိုးသမီးတပည့်တစ်ဦး၏ လမ်းကိုပိတ်လိုက်သည်။ ထိုအမျိုးသမီးတပည့်လေးမှာ ထိတ်လန့်တကြား တောင်းပန်ပြီး တခြားတစ်ဖက်မှရှောင်ထွက်ရန် ကြိုးစားသည်။ ချန်ဖုက တမင်တကာ လမ်းပိတ်ပြီး သူမကို စနောက်ရန် ကြံစည်နေခြင်းဖြစ်သည်။


"ညီမလေး... ငါ့ရဲ့ကျောက်ဂူမှာ ခဏလောက်လာထိုင်ပါဦးလား?" ဟု ချန်ဖု ရမက်ဇောဖြင့် ပြုံးကာမေးလိုက်သည်။


ထိုအမျိုးသမီးတပည့်လေး ပြန်မဖြေမီမှာပင်၊ ချန်ဖုသည် နောက်မှကန်ထုတ်ခြင်း ခံလိုက်ရပြီး လွင့်ထွက်သွားတော့သည်။ ချန်ဖုက ဒေါသတကြီး ပြန်ထလာပြီး၊ ထိုအမျိုးသမီးတပည့်လေးမှာတော့ အမြန်ထွက်ပြေးသွားတော့သည်။


"ဘယ်သူက ငါ့ကို ကန်ရဲတာလဲ? အသက်မရှင်ချင်တော့ဘူးလား?"


"အဲ့ဒီတော့ မင်းက ချန်ဖုပေါ့၊ ဟုတ်လား?"


ချန်ဖု လှည့်ကြည့်လိုက်သည်နှင့် ပါးရိုက်ခြင်းကို ခံလိုက်ရသည်။ သူ့ရှေ့တွင်တော့ ကြွက်သားအမြောင်းမြောင်းနှင့် အစွမ်းထက်ပုံရသော အမျိုးသားသုံးဦးက တိုက်ခိုက်မည့်အနေအထားဖြင့် ရပ်နေကြသည်။


"ချန်ဖု! မင်းက တကယ်အသုံးမကျတဲ့ကောင်ပဲ! လူတွေကို အနိုင်ကျင့်ပြီး ကောင်းတာ ဘာမှမလုပ်ဘူး၊ ငါတို့ အစ်မကြီးက မင်း ထိုင်အန်းတောင်ပေါ်မှာ လူတွေကိုအနိုင်ကျင့်နေတာ ထပ်မမြင်ရစေနဲ့လို့မှာလိုက်တယ်၊ မြင်တဲ့အကြိမ်တိုင်း မင်းကို ရိုက်ပြီး မင်းဆံပင်တွေကို အမြစ်ကနေဆွဲနုတ်ပစ်မယ်!"


ချန်ဖုသည် သူ့ မျက်နှာကို အုပ်ကာ၊ မခံချင်စိတ်ကိုအောင့်ထားရသည်။


ပျယ်ယွီ!!!


...


ညနေခင်းတွင် ပျယ်ယွီနှင့် ကျီလဲ့တို့သည် လျန်ဖု (လက်နက်သွန်းလုပ်ရာတောင်ထိပ်)သို့ အတူတကွသွားခဲ့ကြသည်။ လျန်ဖုမှ တပည့်များသည် အဓိကအားဖြင့် ဝိညာဉ်လက်နက်များသွန်းလုပ်ခြင်း၊ ပြုပြင်ခြင်းနှင့် ဖန်တီးခြင်းများကို လုပ်ဆောင်ကြပြီး၊ များသောအားဖြင့် တောင်ထိပ် (၁၆) ခုမှ တခြားတပည့်များအတွက် ဝိညာဉ်လက်နက်များကို ပြုပြင်ပေးရလေ့ရှိသည်။


လျန်ဖုသို့ ရောက်ရှိသွားသည်နှင့် ပျယ်ယွီသည် ရှီမုန့်ချင်းကို မြင်လိုက်ရသည်။ ရှီမုန့်ချင်းသည် ပျယ်ယွီနှင့် ကျီလဲ့တို့ကို ကျောခိုင်းထားသည်။ သူ့ အမူအရာမှာ ပုံမှန်အတိုင်းဖြစ်သော်လည်း၊ တင်းတင်းစေ့ထားသော နှုတ်ခမ်းများနှင့် တင်းမာနေသော ပခုံးများက သူမ ခံစားချက်ကို ဖော်ပြနေသည်။ သူမသည် ဘေးပတ်ဝန်းကျင်ကိုသတိဖြင့် ဝေ့ကြည့်လိုက်ပြီး၊ ဘယ်သူမှ သတိမထားမိသည်ကို တွေ့သည့်အခါ တစ်ဖက်သို့ အလျင်အမြန်လျှောက်သွားတော့သည်။


ပျယ်ယွီနှင့် ကျီလဲ့တို့မှာ သစ်ပင်များကြားတွင်ရှိနေသဖြင့် ရှီမုန့်ချင်းက သူတို့ကိုသတိမပြုမိချေ။


"အဲ့ဒါ စီနီယာအစ်မရှီ မဟုတ်လား? သူ လျန်ဖုမှာ ဘာတွေ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ?" 


ကျီလဲ့က ဝေခွဲမရစွာ မေးလိုက်သည်။ ကျီလဲ့နှင့် ရှီမုန့်ချင်းတို့၏ဆက်ဆံရေးမှာ သိပ်မကောင်းလှပေ။ သူမသည် ပျယ်ယွီနှင့် ပိုပြီး ရင်းနှီးသောကြောင့်လည်းပါသည်။


"သူ လျန်ဖုရဲ့တားမြစ်နယ်မြေဆီကို ဦးတည်သွားနေတာပဲ! အဲ့ဒီနေရာက ဂိုဏ်းချုပ်နဲ့တောင်ထိပ်သခင်ကလွဲရင် ဘယ်သူမှ ဝင်ခွင့်မရှိတဲ့ နေရာလေ! သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?!"


ရှီမုန့်ချင်းနောက်သို့ လိုက်ရန် ပြင်နေသော ကျီလဲ့ကို ပျယ်ယွီလှမ်းဆွဲလိုက်သည်။


ပျယ်ယွီ : "ငါတို့ တောင်ထိပ်သခင်ကို သွားရှာရမယ်” 


ပျယ်ယွီ၏တည်ငြိမ်သော အသံမှာ ကျီလဲ့ကို သတိပြန်ဝင်လာစေသည်။ သူမသည် အမြဲတမ်းတည်ငြိမ်နေသော ပျယ်ယွီကို အားကျသောအကြည့်ဖြင့် ကြည့်လိုက်သည်။ အခြေအနေဆိုးများနှင့် ရင်ဆိုင်ရချိန်တွင် ပျယ်ယွီသည် အမြဲတမ်း တည်ငြိမ်နေတတ် သည်။ သူကတော့ တကယ့်စီနီယာအစ်မကြီးပဲ။


"အစ်မပြောတာ မှန်တယ် စီနီယာအစ်မ၊ ကျွန်မတို့ လျန်ဖုတောင်ထိပ်သခင်ကို အရင်သတင်းပို့ပြီး၊ တားမြစ်နယ်မြေကို ပိတ်ဆို့ခိုင်းရမယ်၊ အဲ့ဒါဆိုရင် ရှီမုန့်ချင်း ထွက်ပြေးလို့မရတော့ဘဲ သူ့ကို အိုးထဲက လိပ်လိုမျိုး အမိအရဖမ်းလို့ရမှာပဲ!"


ပျယ်ယွီက ကျီလဲ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ကျီလဲ့က သူ့ အတွေးများကို ပြန်ပြင်လိုက်သည်။


"မဟုတ်ဘူး... ကျွန်မတို့ထဲက တစ်ယောက်ယောက်က ရှီမုန့်ချင်း ထွက်ပြေးမသွားအောင် ဒီနားမှာ စောင့်ကြည့်နေရမယ်၊ ဟုတ်တယ်မလား စီနီယာအစ်မ?"


ပျယ်ယွီ ခေါင်းခါပြလိုက်သည်။


"မဟုတ်ဘူး၊ နင် မေ့နေပြီလား? ငါတို့ လျန်ဖုကို လာရတဲ့ အကြောင်းရင်းက တောင်ထိပ်သခင်ကို ငါ့ရဲ့ကီးဘုတ်အတွက် ဝိညာဉ်ကျောက်တုံးခလုတ်ခွံတွေ လုပ်ခိုင်းဖို့လေ”


ကျီလဲ့ : "?"


ပျယ်ယွီသည် ကျီလဲ့ကိုခန်းမဆောင်ကြီးဆီသို့ ဆွဲခေါ်သွားသော်လည်း၊ ကျီလဲ့မှာ ရှီမုန့်ချင်းထွက်သွားသော ဘက်သို့ ပြန်လှည့်ကြည့်နေမိသည်။


"...စီနီယာအစ်မ၊ ရှီမုန့်ချင်းကို ဒီအတိုင်း လွှတ်ထားလိုက်မှာလား?"


"ဘာလို့ သူ့ကို ငါတို့က ဂရုစိုက်နေရမှာလဲ? သူ ဘယ်လောက်ကြီးနေပြီလဲ? ကိုယ့်ဘာသာ ကိုယ် စည်းကမ်းမရှိဘူးလား?" 


ပျယ်ယွီက အေးအေးဆေးဆေး ပြောလိုက်သည်။


သူ့ စိတ်ထဲမှာတော့ ကျင့်ကြံခြင်းကမ္ဘာမှာ သူ့ စကားကို နားလည်နိုင်တဲ့ တစ်ဦးတည်းသောစနစ်ကို မကျေမနပ်ပြောနေမိသည်။ 


"ရှီမုန့်ချင်းက Trigger လုပ်မှပေါ်လာမယ့် Boss တစ်ယောက်လိုပဲ၊ တကယ်လို့ ငါ သူ့နောက်ကို မလိုက်ဘူးဆိုရင် ဘာမှဖြစ်လာ မှာ မဟုတ်ဘူး၊ အကယ်၍ ငါ လိုက်သွားရင်တော့ သူ ငါ့ကို သူ့ရဲ့ သွေးတန်းဘားကို သေချာပေါက်ပြလာလိမ့်မယ်။ ငါက ဘယ် အဆင့်လဲ? အဲ့ဒီ လျှို့ဝှက် Boss က ဘယ်အဆင့်လဲ? တကယ်လို့ ငါ သူ့ နောက်လိုက်သွားရင်တော့ ငါအသတ်ခံရမှာ သေချာပေါက်ပဲ”


"ပြီးတော့ ကျီလဲ့... သူက AI နဲ့ထိန်းချုပ်ထားတဲ့ NPC သူငယ်ချင်းပဲ၊ သူ အခု ရှီမုန့်ချင်းကို တိုက်ခိုက်ချင်နေတာတွေကို မယုံနဲ့ တကယ်လို့ ရှီမုန့်ချင်းကသာ သူ့သွေးတန်းကိုပြလိုက်ရင်၊ သူ့ တစ်စက္ကန့်တည်းနဲ့သုတ်သင်ပစ်လိမ့်မယ်၊ တကယ့် Damage ပေးရမယ့်သူက ကစားသမားပဲ ဖြစ်ရမှာလေ”


"ဒါပေမဲ့…" ကျီလဲ့ကမူ တွေဝေနေဆဲပင်။


ပျယ်ယွီက သူမ စကားကို တိုက်ရိုက်ဖြတ်ပြောလိုက်သည်။


"သူမက တစ်ချိန်က တိုက်ရိုက်တပည့်ဖြစ်ဖို့ လျာထားခြင်းခံရသူဖြစ်ခဲ့ဖူးတာကြောင့်၊ သူ့ အပေါ်ယုံကြည်မှုရှိရမယ်၊ အလွယ်တကူ သံသယမဝင်သင့်ဘူး”


ကြည့်ရတာတော့ တကယ်ဖြောင့်မတ်တဲ့စကားပဲ။


ကျီလဲ့ သံသယဖြင့် မေးလိုက်သည်။


"...တကယ်ပဲလား? အစ်မက အခုချက်ချင်း အစ်မရဲ့ ဝိညာဉ်လက်နက်ကို ဝိညာဉ်ကျောက်တုံးတွေနဲ့ အလှဆင်ချင်နေလို့ မဟုတ်ဘူးလား?"


"မဖြစ်နိုင်တာ၊ လုံးဝမဖြစ်နိုင်ဘူး” ပျယ်ယွီ ကျီလဲ့ကို ခန်းမဆောင်ဆီသို့ အတင်းဆွဲခေါ်သွားတော့သည်။


ခန်းမဆောင်ရှိတပည့်များကို အကြောင်းကြားပြီးနောက်၊ သူမသည် ခန်းမဘေးရှိ ဇရပ်လေးတွင်ထိုင်ကာ စောင့်နေလိုက်သည်။ ပျယ်ယွီတို့ကဲ့သို့ တိုက်ရိုက်တပည့်များသည် ဝိညာဉ်လက်နက်များသွန်းလုပ်ရန်အတွက် လျန်ဖုမှ တောင်ထိပ်သခင် သို့မဟုတ် အဆင့်မြင့် အကြီးအကဲများနှင့်ညှိနှိုင်းရလေ့ရှိသည်။ တိုက်ရိုက်တပည့်များသည် လင်းယွင်ဂိုဏ်း၏အနာဂတ်မဏ္ဍိုင်များဖြစ်သဖြင့်၊ သူတို့ဝိညာဉ်လက်နက်များမှာလည်း ဆရာကြီးအဆင့်လက်ရာများ ဖြစ်ရမည် မဟုတ်ပါလား။ ဒုတိယအချက်မှာ တိုက်ရိုက်တပည့် တိုင်း၏လက်နက်ကို မှတ်ပုံတင်ထားရန်ဖြစ်သည်။


ကျီလဲ့မှာ စဉ်းစားနေဆဲဖြစ်သည်ကို မြင်ရသဖြင့် ပျယ်ယွီ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး တစ်ခုခုပြောရန်ပြင်လိုက်သည်။


"မိတ်ဆွေ!"


အနည်းငယ်ရင်းနှီးသော အသံတစ်ခုထွက်ပေါ်လာသည်။