Ch 41
Viewers 13k

အခန်း (၄၁) - ဒါက အမှန်တရားပဲ

 

မန်နေဂျာချင် ထွက်သွားပြီးနောက် ရှန်းတာ့လန်သည် သူတို့နှစ်ဦးကို ဆိုင်ထဲသို့ ဝင်လာဖို့ အမြန်ကြိုဆိုခဲ့သည်။

 

သူက အရင်ဆုံး သကြားရေတစ်ခွက်ကို ပြင်ဆင်ပေးကာ ကျောက်လန်ဟွာကို ကမ်းပေးလိုက်သည်။ ထို့နောက် သူသည် ကျီကျောက်ကို ဝေခွဲမရဖြစ်နေသော အကြည့်တွေဖြင့် ကြည့်လိုက်သည်။

 

“တတိယခယ်မလေး၊ မင်းက အရမ်း…” ရှန်းတာ့လန်တစ်ယောက် မျက်မှောင်ကြုတ်နေမိသည်။ “မင်းက အရမ်းစိတ်မြန်လွန်းတယ်။”

 

“အစ်ကိုကြီး၊ ကျွန်မ ဆိုင်က မတ်ပဲကိတ်ကို စမ်းစားကြည့်လို့ရမလား” ကျီကျောက်က ချိုသာသောအပြုံးဖြင့် မေးသည်။

 

“တတိယခယ်မ၊ နင်…”

 

“တာ့လန်” ကျောက်လန်ဟွာက ရုတ်တရက် ပြောသည်။ “အာ့ထောင်က အထွေထွေမန်နေဂျာချင်နဲ့ လောင်းကြေးထပ်ခဲ့ပြီးပြီ။ ဒီကိစ္စကို ထပ်ပြောနေဖို့ မလိုတော့ဘူး။ ဒါပေမယ့် ချင်မိသားစုရဲ့ သခင်မအိုကြီးက ဘယ်လိုမုန့်မျိုးကို ကြိုက်လဲ။”

 

ရှန်းတာ့လန်သည် သူ့နှလုံးသားထဲက ခံစားချက်တွေကို မျိုသိပ်ထားဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပေ။ သူက မျက်မှောင်ကြုတ်ပြီး ပြောလာခဲ့သည်။ “အဲဒီ့သခင်မအိုကြီးရဲ့ အကြိုက်ဆုံး အစားအစာက မတ်ပဲကိတ်ပဲ။ ဒါပေမယ့် သူ့ကို သမားတော်က အချိုတွေ အများကြီး မစားသင့်ဘူးလို့ ပြောထားတယ်။ အထွေထွေမန်နေဂျာချင် အစာသွပ်မုန့်တွေ လာဝယ်တိုင်း သကြားနည်းနည်းပဲ ထည့်ပေးဖို့ အထူးတောင်းဆိုခဲ့တယ်။”

 

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်မအိုကြီးဟာ မတ်ပဲကိတ်ကို ရုတ်တရက် စားချင်တာကြောင့် ကျွန်တော်တို့ဆီ နည်းနည်း လာမှာခဲ့တယ်။ ကျွန်တော်တို့က အထူးတလည် မတ်ပဲကိတ်ထဲမှာ ပါဝင်ရမယ့် သကြားကို ထက်ဝက်အထိ လျှော့ချပေးခဲ့ပါတယ်။ ရလဒ်အနေနဲ့ အထွေထွေမန်နေဂျာချင်က အစာသွပ်မုန့်ကို အရမ်းချိုလွန်းတယ်လို့ ညည်းညူနေတုန်းပါပဲ။”

 

“အစ်ကိုကြီး အထွေထွေမန်နေဂျာချင် မြည်းစမ်းခဲ့တဲ့ မတ်ပဲကိတ်ကို ညီမ အခု စမ်းကြည့်ဖို့ ခွင့်ပြုပေးပါလား” ကျီကျောက်သည် ထိုအကြောင်းကို ဂရုတစိုက်တွေးကြည့်ပြီးတော့ သူမ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနှင့်နေပြီ ဖြစ်သည်။

 

ရှန်းတာ့လန်သည် အသာခေါင်းညိတ်ပြပြီး မတ်ပဲကိတ်ပန်းကန်ပြားကို သူမရှေ့သို့ ယူလာခဲ့သည်။

 

ကျီကျောက်သည် ကိတ်မုန့်တစ်ဖဲ့ကို အမြန်ကောက်ယူပြီး သေသေချာချာ မြည်းစမ်းကြည့်လိုက်သည်။

 

“အနံ့မွှေးတယ်၊ စေကပ်ကပ်လေးနဲ့ အရသာရှိတယ်။ စားလိုက်တာနဲ့ အာခံတွင်းထဲမှာ မွှေးပျံ့သွားပြီး အချိုပေါ့တယ်” ကျီကျောက်သည် အနည်းငယ်ပြုံးပြီး ရိုးရိုးသားသား လေသံနဲ့ ပြောလိုက်သည်။ “တကယ်လို့ အစ်ကိုကြီး သကြားပမာဏကို ထပ်လျော့လိုက်မယ်ဆိုရင် အရသာမရှိတော့မှာကို ကျွန်မ စိုးရိမ်မိတယ်။”

 

“အဲ့တာ အမှန်ပဲ” ရှန်းတာ့လန်က ဆန်စေ့ကောက်စားနေတဲ့ ကြက်ကလေးကဲ့သို့ ခေါင်းကို တဆတ်ဆတ်ညိတ်သည်။ “တကယ်လို့ သကြားပမာဏကို ထပ်လျှော့ချလိုက်မယ်ဆိုရင် အရသာ ဆိုးသွားလိမ့်မယ်။”

 

“အစ်ကိုကြီး ညီမကို မီးဖိုချောင်လေး ခဏငှားပေးပါလား။ ညီမ အစာသွပ်မုန့်တစ်ခု လုပ်ချင်လို့ပါ။” ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

 

“… ကောင်းပြီ။”

 

ကျီကျောက်သည် ရှန်းမိသားစုမုန့်ဆိုင်၏ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။ မီးဖိုချောင်က မကြီးသော်လည်း အထဲတွင် ပစ္စည်းပစ္စယများ စုံစုံလင်လင် ရှိသည်။

 

ကျီကျောက်သည် သူမ၏ လက်တွေကို သုတ်ပြီးနောက် မနေ့ညက ရေစိမ်ထားတဲ့ မတ်ပဲတချို့ကို တွေ့ခဲ့ပါသည်။

 

“အာ့ထောင်၊ နင် ဘာအစာသွပ်မုန့် လုပ်ချင်လဲ။ အမေရော ကူညီပေးရမလား” ကျောက်လန်ဟွာက သူမရဲ့ ယုံကြည်မှုရှိတဲ့ အမူအရာကိုကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

 

“အမေ၊ တကယ်တော့ ကျွန်မ အမေ့ရဲ့ အကူအညီတစ်ခုတော့ လိုအပ်နေတယ်။”

 

“ငါ့ကို‌ ပြောလေ”

 

“အမေ ဒီနားမှာထိုင်ပြီး ကောင်းကောင်း အနားယူနိုင်မလားဟင်” ကျီကျောက်က သူမကို အနီးနားရှိ ခွေးခြေပုလေးပေါ်တွင် ထိုင်စေပြီ ရွှင်မြူးစွာ ပြောလိုက်သည်။

 

ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျီကျောက်သည် စတင်အလုပ်လုပ်ပါတော့သည်။

 

သူမသည် ရေစိမ်ထားသည့် မတ်ပဲတွေကို အရင်ပြုတ်ပြီးမှ ကောက်ညှင်းမှုန့် အနည်းငယ်ကို ထည့်လိုက်သည်။

 

ဒီမှာ နို့ဆီမရှိတာ နာတာပဲ။ မဟုတ်ရင် သူမ ပြုလုပ်တဲ့ အစာသွပ်မုန့်တွေက အရသာ ပိုရှိလိမ့်မည်။

 

ဒါပေမယ့် သူမ တစ်ခုကို တွေးလိုက်မိသည်။ သူမသည် ကြက်ဥသုံးလုံးကို ဖောက်ပြီး အကာနှင့် အနှစ်ကို ခွဲလိုက်သည်။

 

လိုရမယ်ရ သူမသည် အစာသွပ်မုန့်ကို နှစ်မျိုးနှစ်စား ပြုလုပ်ဖို့ စီစဉ်ထားပါသည်။

 

ပြုတ်ထားတဲ့ မတ်ပဲစေ့များကို ကြိတ်ချေပြီးနောက် သူမသည် သကြားဇွန်းတစ်ဝက်စာသာ ထည့်လိုက်သည်။

 

“တတိယခယ်မ မင်း ဒီလောက် သကြားပမာဏပဲ ထည့်မယ်ဆိုရင် အရသာပျက်သွားနိုင်မလား။”

 

တစ်ချိန်လုံး နှုတ်ဆိတ်နေသော ရှန်းတာ့လန်သည် နောက်ဆုံးတွင် မထိန်းနိုင်ဘဲ သူ့နှလုံးသားထဲမှ မေးခွန်းများကို ထုတ်မေးလာခဲ့သည်။

 

“အစ်ကိုကြီး စိတ်မပူပါနဲ့။ အဲ့တာက အရသာ ကင်းမဲ့နေမှာ မဟုတ်ပါဘူး” ကျီကျောက်သည် ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်ပေမယ့် သူမ၏ လက်တွေရဲ့ လှုပ်ရှားမှုကတော့ ရပ်တန့်မသွားပါဘူး။

 

သူမသည် ကြက်ဥအကာတွေကို ဆက်မွှေကာ နို့ဖြူရောင်သန်းသွားသည့်အထိ အမြှုပ်ရိုက်နေခဲ့သည်။

 

ကျီကျောက်သည် နောက်ဆုံးတွင် သူမ လုပ်လိုသော အစာသွပ်မုန့်များကို ပြုလုပ်ခဲ့လေသည်။

 

“အမေ တစ်ခုလောက် မြည်းစမ်းကြည့်ပါလား။”