Ch 21
Viewers 13k

အခန်း (၂၁) - စောင်အောက်မှာ အိပ်ရတဲ့ ခံစားချက်က အရမ်းမိုက်တယ်

 

ရှန်းယောင်က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားသည်။ အဆုံး၌ သူက ကျီကျောက်ကို လိုက်ခေါ်ဖို့ အပြင်မထွက်ဘဲ မနေနိုင်ဘူး။

 

ကျောက်လန်ဟွာက စိုးရိမ်တကြီး ခြေဆောင့်နင်းမိသည်။ သူမသည် သူမ၏ ပါးပြင်တွေကို ပွတ်သပ်က ဒေါသတကြီး ပြောမိသည်။ “အာ့ထောင်ရဲ့ ဦးခေါင်းဒဏ်ရာကတောင် မသက်သာသေးဘူး။ ပြီးတော့ သူမ ဘာမှလည်း မစားရသေးဘူး။”

 

တစ်ဖက်တွင်မူ။

 

ကျီကျောက်သည် မြေကမ္ဘာဘုရားကျောင်းသို့ လေးလံသော ခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။

 

ကျီကျောက်သည် မြေကမ္ဘာဘုရားကျောင်း၏ ထောင့်နားရှိ ကျူဖျာပေါ်တွင် ခက်ခဲပင်ပန်းစွာ လဲလျောင်းပြီး သူမ၏ ဒူးနှစ်ဖက်ကို ပွေ့ဖက်ထားခဲ့သည်။ သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်ဗျာပါဒနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။

 

အဆိပ်ပြင်းမြွေ အကိုက်ခံသည့် အခိုက်အတန့်တွင် ကျီကျောက်သည် သူမ၏ မူလကမ္ဘာသို့ ပြန်ရောက်သွားနိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။

 

အဆုံး၌ ဒါတွေအားလုံးက သူမ ဖြစ်ချင်တဲ့ ဆန္ဒသက်သက်တွေပါပဲ။

 

ကျီကျောက်သည် တစ်ယောက်တည်း ဟိုဟိုဒီဒီ အတွေးတွေ လွင့်မျောနေရင်း နောက်ဆုံးတွင် ဆာလောင်မှုကြောင့် သူမ၏ အတွေးများမှ ပြန်လည်နိုးထလာခဲ့သည်။

 

မြေကမ္ဘာဘုရားအတွက် ရည်စူးထားတဲ့ နတ်ကွန်းပေါ်မှာ ချယ်ရီသီး တစ်ပန်းကန် ပူဇော်ထားတာ ရှိလေ၏။

 

ကျီကျောက်သည် မြေကမ္ဘာဘုရားရှေ့ ရိုသေစွာ ဒူးတုပ်ကာ မလုံမလဲစိတ်ဖြင့် တင်လျှောက်ခဲ့သည်၊ “မြေကမ္ဘာဘုရား၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်မ ဒီနေ့ မြွေကိုက်ခံရလို့ အစာရှာဖို့ အပြင်ထွက်ဖို့ အားမရှိတော့လို့ပါ။ မနက်ဖြန်မိုးလင်းတဲ့အခါကျရင်တော့ စားစရာထွက်ရှာပါ့မယ်။”

 

ကျီကျောက်သည် နတ်ကွန်းပေါ်မှ ချယ်ရီသီးများကို ယူခါနီးတွင် ခြေသံပြင်းပြင်းကို ကြားလိုက်ရသည်။

 

ခြင်းတောင်းကို ကျောပေါ် သယ်ပိုးလာသည့် ရှန်းယောင်သည် ခါးကိုင်းပြီး မြေကမ္ဘာဘုရားကျောင်းထဲ ဝင်လာခဲ့သည်။

 

“ရှင် ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ” ကျီကျောက်က မျက်မှောင်ကြုတ်ပြီး စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။

 

ရှန်းယောင်က သူမကို ပြန်မဖြေဘူး။ အဲဒီအစား ရှန်းယောင်က သူ့နောက်ကျောက ခြင်းတောင်းကို အောက်ချကာ စောင်ပါးတစ်ထည်ကို ထုတ်ယူလိုက်သည်။ သူက ထိုစောင်ကို ကျူဖျာပေါ် နေရာချကာ နောက်ထပ် အိပ်ယာခင်းထူထူကိုပါ နေရာချပေးလိုက်သည်။

 

ထိုသို့ပြုလုပ်ပြီးနောက် သူ့ခါးမှာ ချည်ထားတဲ့ ရေစိုခံအိတ်ကို ဖြည်ကာ ထိုအထဲမှ ဆီစိမ်စက္ကူအိတ် တစ်အိတ်ကို ထုတ်ယူလိုက်သည်။

 

“ငါ့အမေက ဒီည နှမ်းအစာသွပ်မုန့်လုပ်တယ်” ရှန်းယောင်က ကျူဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူက ကျီကျောက်ကို လှမ်းကြည့်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်၊ “တကယ်လို့ မင်းသာ ကိုယ့်အမေကို မကယ်တင်ခဲ့ဘူးဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မတွေးရဲဘူး။ ကိုယ် မင်းကို ကိုယ်ရောစိတ်ပါ ကျေးဇူးတင်ပါတယ်။”

 

“အမေက ကျွန်မအပေါ် အရမ်းကောင်းတယ်။ အမေက ကျွန်မရဲ့ အရင်က အမှားတွေကို ဗွေမယူဘဲ ကျွန်မကို ဆေးကုသပေးဖို့ ခရိုင်မြို့ကိုတောင် ခေါ်သွားခဲ့ပေးတယ်။ ကျွန်မ သူ့အပေါ် ကောင်းတာက လုပ်သင့်လုပ်ထိုက်တာပါပဲ” ကျီကျောက်က ရိုးရိုးသားသား ပြန်ပြောခဲ့သည်။

 

“အင်း” ရှန်းယောင်က ပြန်အသံပြုသည်။

 

နှစ်ယောက်သား ဆန့်ကျင်ဘက် အသီးသီးတွင် ငြိမ်သက်စွာ ထိုင်နေကြသည်။

 

ကျီကျောက်သည် လေထုက အနည်းငယ် ကိုးရိုးကားရားနိုင်နေတယ်လို့ ခံစားနေချိန်တွင် သူမ၏ အစာအိမ်က ကျယ်လောင်စွာ မြည်တမ်းလာခဲ့သည်။

 

“မင်း နှမ်းအစာသွပ်မုန့်ကို ပူနေတုန်း စားသင့်တယ်။ သူက အေးသွားရင် စားမကောင်းဘူး” ရှန်းယောင်က ရုတ်တရက် သတိပေးလိုက်သည်။

 

“အိုး… ကောင်းပြီ”

 

ကျီကျောက်သည် မသိစိတ်အရ ခေါင်းညိတ်တုံ့ပြန်မိသည်။ သူမသည် ဆီစိမ်စက္ကူအိတ်ကိုဖွင့်ကာ ပူနွေးနေဆဲ နှမ်းအစာသွပ်မုန့်ကို ထုတ်ယူပြီး ညင်သာစွာ တစ်ကိုက် ကိုက်စားလိုက်သည်။

 

နှမ်းအစာသွပ်မုန့်က ငန်တန်တန်၊ ကြွပ်ရွပြီး အရသာရှိလှသည်။

 

ရှန်းယောင်က ခဏလောက် စဉ်းစားပြီးတော့ ထပ်ပြောခဲ့ပြန်သည်၊ “ကိုယ်တို့က ကွာရှင်းပြီးပြီ။ တကယ်လို့ ကိုယ်တို့ အတူပြန်နေမယ်ဆိုရင် ဒါက မင်းရဲ့ အနာဂတ်အပေါ် အများကြီး သက်ရောက်ရှိလာလိမ့်မယ်။”

 

“အင်း”

 

“မင်း…” ရှန်းယောင်က အနေခက်စွာ အကြည့်လွဲပြီး “မင်းက အပျိုစင်ဖြစ်နေတုန်းပဲ။ မင်း ရှန်းမိသားစုပေါ် တင်နေတဲ့ အကြွေးတွေကို ပြန်ဆပ်ပြီးတဲ့အခါကျရင် မင်း ချစ်ရတဲ့သူနဲ့ နောက်အိမ်ထောင်ပြုနိုင်တယ်။ တကယ်လို့ မင်း ကိုယ်နဲ့ အတူပြန်နေမယ်ဆိုရင် မင်းရဲ့ နာမည်ဂုဏ်သတင်း သေချာပေါက် ထိခိုက်ပျက်စီးလိမ့်မယ်။ ဒါ့ကြောင့် ကိုယ် မင်းကို ရှန်းမိသားစုဆီ ပြန်လာခွင့်မပြုရတဲ့ အကြောင်းရင်းပဲ။”

 

ကျီကျောက်က အလွန်အံ့အားသင့်သွားခဲ့သည်။

 

ရှန်းယောင်က သူမအတွက် ဒီလောက် ဂရုစိုက်ပေးလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။

 

“အိုး” ကျီကျောက်က တိတ်တိတ်လေး ပြန်ဖြေပြီး ခေါင်းငုံ့ကာ အစာသွပ်မုန့်ကို ဆက်စားနေခဲ့သည်။

 

ရှန်းယောင်က သူ့နှာခေါင်းကို စိတ်မသက်မသာဖြင့် ပွတ်လိုက်မိသည်၊ “အချိန်လည်း လင့်နေပြီ။ မင်း စောစောအနားယူသင့်တယ်။”

 

သို့သော် သူသည် မြေကမ္ဘာဘုရားကျောင်းက မည်မျှသေးငယ်သည်ကို မေ့လျော့သွားပုံရသည်၊ ထို့ကြောင့် သူ ရုတ်တရက် ထရပ်လိုက်သောအခါတွင် သူ့ခေါင်းသည် တံစက်မြိတ်ကို မလွှဲမရှောင်သာ ဝင်တိုက်မိသွားခဲ့သည်။

 

“ရှင် အဆင်ပြေရဲ့လား” ကျီကျောက်က လျင်မြန်စွာ မေးလိုက်မိသည်။

 

“ကိုယ်… ကိုယ် အဆင်ပြေပါတယ်” ရှန်းယောင်က သူ့ခေါင်းကို ဖုံးအုပ်ပြီး မြေကမ္ဘာဘုရားကျောင်းမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

 

ကျီကျောက်သည် သူ့ရဲ့ ကတိုက်ကရိုက်ဆန်စွာ ထွက်ခွာသွားသော နောက်ကျောကိုကြည့်ရင်း အတွေးနက်နေခဲ့သည်။

 

အနည်းငယ် ရူးကြောင်ကြောင်ဖြစ်နေပုံရသော ရှန်းယောင်သည် နောင်အနာဂတ်တွင် အမှန်တကယ် ဩဇာအာဏာကြီးမားသော ဝန်ကြီးချုပ်ဖြစ်လာမည်လား။

 

သူမ၏ အစာအိမ်ကို ဖြည့်တင်းပြီးနောက် ကျီကျောက်သည် လဲလျောင်းပြီး အနားယူလိုက်သည်။

 

စောင်အောက်မှာ အိပ်စက်အနားယူရတာ အရမ်းကောင်းတာပဲ။