Ch 14
Viewers 13k

အခန်း (၁၄) – ငါက အရမ်းမိုက်မဲတာပဲ

 

အကြီးဆုံးမရီးရှန်း၏ မျက်ဝန်းများသည် တဖြည်းဖြည်း ပြူးကျယ်လာပြီး သူမ၏ မျက်ဝန်းများတွင် မယုံနိုင်ဘူးဆိုသည့် အရိပ်အယောင်များ လင်းလက်နေသည်။

 

“နင်…”

 

“အကြီးဆုံးမရီး၊ ဒါက စမ်းကြည့်တာ မမှားယွင်းဘူး။ အစ်မ စမ်းကြည့်လိုက်ပါလား။”

 

အကြီးဆုံးမရီးရှန်းသည် အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင် သူမအား ရှုပ်ထွေးသောအကြည့်ကိုပေးကာ ပြင်ဆင်ထားသည့် တောကြက်တစ်ကောင်နှင့်အတူ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

 

ကျီကျောက်သည် သက်ပြင်းမောကို ရှိုက်ထုတ်ရင်း နောက်သို့ လှည့်ကြည့်လိုက်သည်နှင့် ရှန်းယောင်၏ နက်မှောင်ပြီး ငြိမ်သက်နေသော မျက်လုံးများကို တွေ့လိုက်ရသည်။

 

ကျီကျောက်သည် ထိတ်လန့်သွားပြီး နောက်ပြန်လဲကျတော့မလိုဖြစ်သွားသည့်အခါတွင် ရှန်းယောင်၏ အင်္ကျီလက်ကို မသိစိတ်ကနေ လှမ်းဆွဲလိုက်မိသည်။

 

တုံ့ပြန်ရန်အချိန်မရှိသော ရှန်းယောင်သည် အဆွဲခံလိုက်ရသည့် အရှိန်ကြောင့် တစ်ပတ်လည် လဲကျသွားပြီး သူမကိုပါ မြေပြင်ပေါ်သို့ ဆွဲခေါ်ချမိကာ သူ့နှုတ်ခမ်းတွေက သူမ၏ ပါးပြင်ကို မတော်တဆ ပွတ်တိုက်မိသွားခဲ့သည်။

 

သူ့အပေါ် ဖိထားတဲ့ ကျီကျောက်ရဲ့ ဦးနှောက်က ဒီအချိန်မှာ ဗလာသက်သက် ဖြစ်သွားခဲ့သည်။

 

“နင်တို့တွေ… အဲ့တာ ဘာဖြစ်နေကြတာလဲ” အိမ်ထဲမှ ထွက်လာသော ကျောက်လန်ဟွာသည် ဤမြင်ကွင်းကို မြင်လိုက်ရသည်။

 

ကျီကျောက်က ရှန်းယောင်၏ ရင်ဘတ်ကို ထိတ်လန့်တကြား တွန်းထုတ်ပြီး အမြန်ထလိုက်သည်။

 

“အမေ၊ ဒါက နားလည်မှုလွဲနေတာပါ။ ကျွန်မ… ကျွန်မ…”

 

“မင်း ကိုယ့်ဘာသာ ကောင်းကောင်းမွန်မွန် မရပ်နိုင်တာနဲ့ ဘာဖြစ်လို့ ငါ့ကိုပါ ဆွဲချရတာလဲ” ရှန်းယောင်က ရုတ်တရက် မေးလိုက်သည်။

 

ကျီကျောက်သည် မှားယွင်းစွပ်စွဲတယ်လို့ခံစားခဲ့ရသည်။

 

ရှန်းယောင်သည် သူမ နောက်ကနေ ရုတ်တရက် ပေါ်လာသောကြောင့် သူမ မတော်တဆ လဲကျသွားခဲ့တာ ရှင်းနေတာပဲ မဟုတ်လား။

 

ထို့အပြင် အခု ရှန်းယောင်သည် သူမမျက်နှာကို နမ်းလိုက်မိပုံရသည်။

 

ဘာပဲဖြစ်ဖြစ် သူမက နစ်နာသူ ဖြစ်သည်။

 

ဒါပေမယ့် ရှန်းယောင်က သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ သူမကို အရင်မေးခွန်းထုတ်ခဲ့တာလား။

 

“ကျွန်မ… ကျွန်မ အဲ့လိုဖြစ်ဖို့ မရည်ရွယ်ဘူး” ကျီကျောက်သည် ခေါင်းငုံ့ပြီး ဖျော့တော့စွာ ပြောလိုက်သည်၊ “ကျွန်မက အရမ်းမိုက်မဲတာပဲ။ ကျွန်မ မြဲမြံအောင် မရပ်နိုင်ဘူး။ ကျွန်မ တောင်းပန်ပါတယ်။”

 

ဒါပေမယ့် သူမခေါင်းကို မော့လိုက်သည့်အချိန်တွင် ရှန်းယောင်က ထွက်သွားနှင့်ပြီးဖြစ်သည်။

 

ကျောက်လန်ဟွာသည် အကြည့်လွှဲပြီး ခပ်ဖျော့ဖျော့ပြုံးကာ စကားဆိုသည်၊ “အားလုံး ထုပ်ပိုးပြီးပြီ။ သွားကြရအောင်”

 

ဟုတ်ကဲ့”

 

ရှန်းမိသားစု၏ ခြံသည် ရှန်းဟယ်ကျေးရွာ ရွာဝင်ပေါက်နှင့် နှစ်မိုင်ခန့်သာ ကွာဝေးသည်။

 

ရွာအဝင်ဝတွင် ထင်ရှားသော အမှတ်အသားမှာ ရာစုနှစ် နှစ်ခုရှိ အချင်းချင်း သွယ်ယှက်ထားသည့် ကျိုင်းပင်များ ဖြစ်သည်။

 

နွေဦးရာသီဖြစ်သောကြောင့် ကျိုင်းပင်များသည် အလွန်ထူထပ်ပြီး စိမ်းစိုနေသောကြောင့် မျက်စိပသာဒဖြစ်စေသည်။

 

ကျိုင်းပင်များအောက်တွင် အထည်ကြမ်းကို ဝတ်ဆင်ထားပြီး အရောင်အမျိုးမျိုးရှိတဲ့ ချည်စတွေ ထည့်ထားသည့် ခြင်းတောင်းတွေကိုင်ပြီး ချည်ရှင်းနေကြသည်။ ရံဖန်ရံခါမှာတော့ အချင်းချင်း စကားစမြည် ပြောဆိုနေကြသည်။

 

“အန်တီချွင်းဟွာ ကြားပြီးပြီလား။ ရှန်းမိသားစုရဲ့ တတိယချွေးမက မနေ့က သူ့ကိုယ်သူ ဟာသလုပ်ခဲ့တယ်လေ။”

 

“ဘာလဲ၊ ကောင်မလေးက ဘယ်လိုမျိုးလဲ” လူအုပ်အလယ်တွင် ထိုင်နေသော အဘွားအိုသည် သူမ၏ ဘော်ငွေရောင် ဆံပင်များကို သေသေသပ်သပ် ဖြီးသင်ထားသည်။ ရာသီဥတုဒဏ်ခံရသော သူမ၏ မျက်နှာပေါ်တွင် ထက်မြက်သော မျက်ဝန်းတစ်စုံရှိသော်လည်း သူမ၏ နားကတော့ သိပ်မကောင်းတော့ပေ။ ထို့ကြောင့် သူ့ဘေးနားက အမျိုးသမီးပြောတာကို ရှင်းရှင်းလင်းလင်း မကြားနိုင်တော့ဘူး။

 

“ကျွတ်စ်… ရှင့်ရဲ့ အကောင်းစားမြေး ရှန်းယောင်ကို သိတယ်မလား။ သူ လက်ထပ်သွားပြီ။”

 

“အိုး… နင်ပြောတာ တတိယလေးကိုလား။”

 

“ဟုတ်တယ်။”

 

“လက်ထပ်သွားတာ ကောင်းတာပေါ့။ တတိယလေးက အရွယ်ရောက်ပြီဆိုတော့ လက်ထပ်သင့်ပြီလေ။” အဘွားအိုက ပျော်ရွှင်စွာ ပြောလိုက်သည်။

 

“ဒါပေမယ့် သူ့ဇနီးက လူကောင်း မဟုတ်ဘူး။ သူမက အိမ်က ပိုက်ဆံခိုးပြီး နောက်တစ်ယောက်နဲ့ ထွက်ပြေးဖို့လုပ်ခဲ့တယ်။”

 

“ကျုပ်အမြင်အရတော့ ညီမလန်ဟွာက အရမ်းစိတ်ထားကောင်းလွန်းတယ်။ တခြားသူသာဆိုရင် အဲ့လို စိတ်မငြိမ်တဲ့ချွေးမမျိုးကို ရေကန်ထဲ ပို့လိုက်တာ ကြာပေါ့။”

 

“အဲ့တာက သူမရဲ့ အမြင်က မြင့်လွန်းတာကြောင့်ပဲမလား။ သူမက သူ့ကိုယ်သူ ဆွဲဆောင်မှုရှိရှိ မွေးဖွားလာတယ်လို့ ထင်တာကြောင့် သူ့ချွေးမတွေကို အခြားသူတွေထက် ပိုချောတဲ့သူတွေကိုပဲ ရွေးချယ်တာမလား။ သူမမှာ အမြင်ကောင်းကောင်း မရှိတဲ့ပုံပဲ။”

 

ကျောက်လန်ဟွာနောက်မှ လိုက်ပါလာသော ကျီကျောက်သည် ရွာဝင်ပေါက်သို့ ရောက်သွားသောအခါတွင် ရွာသူတွေစုပြီး ရှန်းမိသားစုအကြောင်း အတင်းပြောနေတာကို ကြားလိုက်ရသည်။

 

စိတ်ဓာတ်ကျနေသော ကျီကျောက်သည် ငြင်းခုံရန် ခြေလှမ်းပြင်လာသောအခါ ကျောက်လန်ဟွာက သူမကို ခေါင်းခါပြလိုက်သည်။

 

“ဒီမှာ ခဏနေဦး” ကျောက်လန်ဟွာက အကြီးဆုံးမရီးရှန်းကို တစ်ချက်ကြည့်ပြီး “ငါ့နောက်ကို လိုက်ခဲ့” ဟု ပြောလိုက်သည်။

 

ကျောက်လန်ဟွာသည် လူအုပ်အလယ်သို့ လျှောက်သွားခဲ့သည်။ သူမအိတ်ကပ်ထဲမှ သကြားလုံး နှစ်လုံးကို ထုတ်ယူပြီး နားမကောင်းသော အဘွားအိုထံ ပေးလိုက်သည်၊ “ပဥ္စမအဖွား၊ ရှင် ကျွန်မတတိယသားရဲ့ မင်္ဂလာသကြားလုံးကို မနေ့ကပဲ စားခဲ့တာ၊ မေ့သွားပြီလား။”