Ch 12
Viewers 2k

အခန်း ( ၁၂ ) – မမျှော်လင့်ထားသော အောင်ပွဲ


ဖုန့်ချင်းယီက ပုံမှန်အားဖြင့် ထမင်း တစ်ပန်းကန်ပဲ စားပေမဲ့ ဒီတစ်ခါ နှစ်ပန်းကန် စားတာများလား။ ပြဿနာက ထမင်းအိုးထဲမှာ ထမင်း မကျန်တော့ဘူး၊ သူက ပုံမှန်အတိုင်း ထမင်းထည့်ချက်ခဲ့တာတောင် ဘာလို့ မကျန်တာလဲ။ သူ နားမလည်နိုင်တော့ဘူး။


"ချင်းယီ၊ ဒီနေ့ ဘာလို့ ထမင်း မလောက်တာလဲ။" လို့ ဖုန့်ချင်းစီက မေးသည်။


ဖုန့်ချင်းယီ စိတ်ထဲမှာ အပြစ်ရှိသလို ခံစားလိုက်ရပေမဲ့ အပြင်ပန်းမှာတော့ တည်ငြိမ်နေသည်။


"ငါ အများကြီး စားတယ်လို့ ဘာလို့ပြောရတာလဲ။ ငါ တစ်ပန်းကန်ပဲ စားတာ။ နင် ထမင်းချက်တုန်းက မလောက်လို့ နေမှာပေါ့။ နင် ငါ့ကို အပြစ်ရှာနေတာလား။"


ဖုန့်ချင်းစီက "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ ပုံမှန်အတိုင်း ထမင်းထည့်ချက်တာပဲကို အရင်က အမြဲလောက်တယ်၊ ဒီနေ့ ဘာလို့ မလောက်တာလဲ။"


"နောက်ရက်ကစပြီး ငါပဲ ချက်တော့မယ်။ နင့်မှတ်ဉာဏ်နဲ့ဆို ငါ နောက်ပိုင်း ထမင်းစားဖို့ ရှိတော့မှာကို မဟုတ်ဘူး။"


ဖုန့်ချင်းယီက ချက်ပြုတ်တာကို တာဝန်ယူမယ်ပြောလိုက်ပြီး ဖုန့်ချင်းစီအတွက် ခေါက်ဆွဲတစ်ပန်းကန် လုပ်ပေးခဲ့သည်။


ဘာပဲဖြစ်ဖြစ် သူမကြောင့် သူဗိုက်မပြည့်ခဲ့ရတာကြောင့် သူ့ကို နည်းနည်း ပြန်လုပ်ပေးသင့်တယ်လို့ ထင်တယ်။


ထျန်းချီအင်ပါယာ စစ်တပ်စခန်းမှာ ယန်ချီက ချင်ယွီချွမ်ရဲ့ စားပွဲပေါ်မှာ ပန်းကန်နဲ့ တူအပိုတစ်စုံကို သတိထားမိကာ စိတ်ရှုပ်ထွေးသွားသည်။


"စစ်သူကြီး၊ ဒီမှာ ပန်းကန်နဲ့ တူအပိုတစ်စုံက ဘာလို့ ရှိနေရတာလဲ။ ဒါတွေ စခန်းကဟာတွေမှ မဟုတ်တာ။"


ချင်ယွီချွမ်က ဘာမှ မပြောပေ။ "ဒါတွေကို ယူသွားလိုက်။ မလိုအပ်တာတွေကို မမေးနဲ့။"


ယန်ချီက စိတ်ဝင်စားပေမဲ့ ချင်ယွီချွမ်က ပြောပြီးပြီဆိုတော့ သူ ဘာမှ ထပ်မပြောရဲတော့ဘူး။


ဒါပေမဲ့ ချင်ယွီချွမ်ကို မမေးရဲရင်တောင် နာမူချီနဲ့ ယန်ယန်ကို မေးလို့ ရသည်။


နာမူချီက ထူးခြားတဲ့ အခြေအနေတွေကို ချက်ချင်း သတင်းပို့ဖို့ ပြောခဲ့တယ်။ ဒီလို ထူးဆန်းပြီး လှပတဲ့ ပန်းကန်နဲ့ တူတစ်စုံက ထူးခြားတဲ့ အခြေအနေတစ်ခုအဖြစ်ပဲမလား။


စစ်ရေးအကြံပေးအနေနဲ့ နာမူချီက စခန်းမှာ အများ၏ ချစ်ခင်လေးစားမှုကို ခံရသည်။ ယန်ချီက သူ့ကို တွေ့သည့်အခါ သူသည် စစ်သားလေးတွေနှင့် စကားပြောနေသည်။


"ယန်ချီ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။" ဟု နာမူချီက မေးသည်။


ယန်ချီက နာမူချီကို ဘေးကို ဆွဲခေါ်သွားပြီး တီးတိုးပြောသည်၊ "ငါနဲ့ လိုက်ခဲ့စမ်းပါ၊ တစ်ခုခု ပြစရာရှိလို့။"


"မင်း ရတနာ တစ်ခုခု ရလာလို့ ငါ့ကို ကြေးဖြတ်ခိုင်းမလို့လား။"ဟု နာမူချီက မေးသည်။


ယန်ချီက ခေါင်းခါလိုက်ပြီး "မင်း စားဖိုဆောင်ကိုရောက်ရင် နားလည်သွားလိမ့်မယ်။"


"ဘာလို့ ဒီလောက် လျှိုနေရတာလဲ။" နာမူချီ နားမလည်ချေ။


ယန်ချီက ရှင်းပြတယ် "စောစောတုန်းက စစ်သူကြီးရဲ့ ပန်းကန်နဲ့ တူတွေကို သွားသိမ်းထတော့ သူ့စားပွဲပေါ်မှာ အပိုတစ်စုံထပ်တွေ့တယ်။ အဲဒီပန်းကန်က တော်တော် လှတယ်။"


"တော်ဝင်မျိုးနွယ် သုံးတဲ့ ပန်းကန်တွေထက်တောင် ပိုပြီး လှသေးတာ၊ ထူးဆန်းတဲ့ ပုံတွေလည်း ပါသေးတယ်။ တူတွေကလည်း ငါတို့ သုံးနေတဲ့ အဝိုင်း မဟုတ်ဘဲ အနက်ရောင်နဲ့ လေးထောင့်ပုံ ဖြစ်နေတာ။"


"ငါတို့စခန်းမှာ အဲဒီလို ပန်းကန်နဲ့ တူတွေ တစ်ခုမှ မရှိဘူးလေ၊ ပြီးတော့ စစ်သူကြီးလည်း သူ့တဲက ထွက်သွားတာ မတွေ့ဘူး။ ဒါတွေ ဘယ်ကရောက်လာမှန်း ငါဖြင့် မသိတော့ဘူး။"


ယန်ချီရဲ့ စကားကို ကြားပြီးနောက် နာမူချီက "ထူးထူးဆန်းဆန်းပါလား။ မင်း ပြောတဲ့ ပန်းကန်နဲ့ တူတွေကို ငါ သွားကြည့်လိုက်ဦးမယ်။"


သူတို့နှစ်ယောက်သား စားဖိုဆောင်ကို သွားခဲ့ကြသည်။ နေ့လယ်စာစားပြီးတဲ့ ပန်းကန်နဲ့ တူတွေကို ဆေးကြောလို့ပြီးပြီ။ ထပ်ထားတဲ့ ပန်းကန်တွေထဲမှာ အပေါ်ဆုံးက အဖြူရောင်ပုံပါတဲ့ ပန်းကန်က သိသိသာသာ ပေါ်လွင်နေတယ်။


နာမူချီက ပန်းကန်ကို ကောက်ယူပြီး သေချာ စစ်ကြည့်သည်။ "ကြွေထည်နဲ့ ဒီပုံတွေကို ကြည့်ရင် ဒီပန်းကန်က ငါတို့ စခန်းကတော့ လုံးဝ မဟုတ်ဘူး။ ရှန်ကျင်းမှာတောင် ဒီလို ပန်းကန်မျိုး ထုတ်လုပ်နိုင်တဲ့ မီးဖိုတွေ မရှိဘူး။ မင်း စစ်သူကြီးကို ဒါ ဘယ်ကရလဲလို့ မေးခဲ့သေးလား။"


ယန်ချီက ခေါင်းခါလိုက်သည်။ "ငါ မေးခဲ့တယ်၊ ဒါပေမဲ့ သူ ဘာမှ မပြောဘူး။"


နာမူချီက တူတွေကို ကောက်ယူပြီး သေချာ ကိုင်ကြည့်သည်။ "ဒီတူတွေက သစ်သားအစစ်နဲ့ လုပ်ထားပုံ မပေါ်ဘူး။ ငါ ဒီလိုဟာမျိုး အရင်က ဘယ်တုန်းကမှ မမြင်ဖူးဘူး။"


"စစ်သူကြီးက သူ့တဲထဲမှာပဲ တစ်ချိန်လုံးရှိပြီး အပြင်မထွက်ဘူးဆိုတာ မင်း သေချာလား။"


ယန်ချီက သေချာကို ခေါင်းညိတ်ပြသည်။ "ငါ လုံးဝ သေချာတယ်။ ငါ တဲအပြင်မှာ စောင့်နေတာ။"


"နောက်ရက်တွေ သေချာ စောင့်ကြည့်ပြီး တခြား ဘာထူးခြားသေးလဲဆိုတာ ငါ့ကို ပြော။ ငါတို့ အရေးကြီးတဲ့ အချိန်ကာလမှာ စစ်သူကြီး အန္တရာယ်ကင်းဖို့ လိုတယ်။ မင်းတို့အားလုံး သတိဝီရိယ ရှိရမယ်" ဟု နာမူချီက စိုးရိမ်တကြီး ပြောသည်။


"စိတ်မပူပါနဲ့ နာမူ။ ကျွန်တော်သတိထားပါ့မယ်" ဟု ယန်ချီက ပြန်ပြောသည်။


နေ့လယ်စာ စားပြီးနောက် ဖုန့်ချင်းယီ သူမရဲ့ အခန်းကို ပြန်လာပြီး ချင်ယွီချွမ်ကို စားပြီးပြီလား ဆိုတာ သိရဖို့ လုပ်ထားတယ်။


သူ့ရဲ့ ဘာမှ မတင်ထားတဲ့ ပရိုဖိုင်ပုံနဲ့ နာမည်ကို မြင်တော့ ဖုန့်ချင်းယီက သူ့ရဲ့ နာမည်ကို ပိုပြီး ဆွဲဆောင်မှုရှိတဲ့ နာမည်တစ်ခု ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။


[ချင်းယီ : ရှင် ထမင်းစားပြီးပြီလား။]


[ယွီချွမ်: ဟုတ်ကဲ့၊ အစားအသောက်တွေ ပို့ပေးလို့ ကျေးဇူးတင်ပါတယ်။]


[ချင်းယီ : ကျေးဇူးတင်စရာ မလိုပါဘူး။ ရှင်တို့ ယာဂုနဲ့ ချဉ်ဖတ်ပဲ စားရတယ်လို့ ကြားတော့ ရှင် နည်းနည်းလောက် ပိုစားကောင်းအောင် လုပ်ပေးမလို့ စဉ်းစားမိလိုက်တာလေ။]


[ချင်းယီ : အစားအသောက်တွေ စားလို့ကောင်းတယ်ဆိုရင် ရှင် စခန်းမှာ ရှိနေတုန်း ထမင်းစားချိန်တိုင်း ရှင့်အတွက် နည်းနည်းပါးပါး ပြင်ပေးလို့ရတယ်။]


[ယွီချွမ်: မင်း အဲဒီလို လုပ်စရာ မလိုပါဘူး။ မင်းအတွက် အလုပ်ပိုမှာ စိုးတယ်။]


[ချင်းယီ : ဘာပဲဖြစ်ဖြစ် ကျွန်မက ချက်ပြုတ်စားသောက်နေတာပဲဆိုတော့ ဘာမှ အလုပ်မရှုပ်ဘူး။ စိတ်မပူနဲ့။]


သူမက သူ့ဆီက အမှတ်တွေ ရတာအတွက် ဒီလိုနဲ့ ပြန်အစားပေးတာပဲ။


[ယွီချွမ်: ဒါဆို မင်းကို ကျေးဇူးတင်ပါတယ်။]


[ချင်းယီ : ထားလိုက်ပါ၊ ကျွန်မ နောက်ထပ် အနှောင့်အယှက် မပေးတော့ဘူး။ နောက်မှ ထပ်စကားပြောကြတာပေါ့။]


[ယွီချွမ်: ကောင်းပါပြီ၊]


ချင်ယွီချွမ်ကို ကောင်းကောင်း စားရအောင် လုပ်ပေးရန် ဆုံးဖြတ်ပြီးနောက် ဖုန့်ချင်းယီက ချက်ပြုတ်သည့် တာဝန်ကို ယူလိုက်သည်။ ဘာလို့လဲဆိုတော့ ဖုန့်ချင်းစီက အလွယ်တကူ လှည့်စားလို့ မရလို့လေ။


သူက ဘဏ္ဍာရေးမေဂျာမှာ ထူးချွန်ကျောင်းသားလေ။ သူမ သူ့ကို တစ်ကြိမ် နှစ်ကြိမ် လှည့်စားနိုင်ပေမဲ့ အကြိမ် အများကြီး ဖြစ်လာရင် သူ သေချာပေါက် သိသွားလိမ့်မယ်။


ချင်ယွီချွမ်၏ စစ်တပ်စခန်းတွင် မနက်စာကို မနက် ( ၅ ) နာရီလောက်မှာ စားကြသည်။


အဲဒီအချိန်ဆို ဖုန့်ချင်းယီက အိပ်ပျော်နေတုန်းဆိုတော့ မနက်စာ မပြင်ပေးဘဲ နေ့လယ်စာနဲ့ ညစာပဲ ပို့ပေးခဲ့သည်။


ညရောက်သောအခါ ထျန်းချီအင်ပါယာ စစ်စခန်းတွင် ချွင်ယွီချွမ်က အမိန့်ပေးနေသည်။


ဒါက နောက်ဆုံးတိုက်ပွဲ ဖြစ်လိမ့်မယ်။ ချန်ရှုတောင်ကြားက ရန်သူ့တပ်တွေက အားအင်ကုန်ခမ်းပြီး ရိက္ခာပြတ်နေတာကြောင့် ဒီအချိန်က သူတို့ တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။


ချင်ယွီချွမ်က လက်ရှိအခြေအနေကို ကြိုတင်ခန့်မှန်းထားပြီး ဒီလို အကောင်းဆုံး အခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပေ။


ညအမှောင်ကို အကာအကွယ်ပြုပြီး ထျန်းချီအင်ပါယာ စစ်သားတွေ ချန်ရှုးတောင်ကြားကို ဝင်တိုက်ကြသည်။ သိပ်မကြာခင်မှာပဲ မီးတွေ လောင်ကျွမ်းပြီး ညကောင်းကင်တစ်ခုလုံးကို လင်းထိန်စေကာ နောက်ဆုံးတော့ အောင်ပွဲကို လျင်လျင်မြန်မြန်ပဲ ရရှိခဲ့သည်။


ထျန်းချီအင်ပါယာ စစ်သားတွေက မြောက်ပိုင်းချီ၏ ခံစစ်အဖြစ် ချန်ရှုးတောင်ကြားကို အားစိုက်ထုတ်စရာ မလိုဘဲ လုံးဝ ထိန်းချုပ်နိုင်ခဲ့သည်။


ချင်ယွီချွမ်သည် ယန်ချီနောက်မှ လိုက်ပြီး တောင်ကြားထဲကို ဝင်သည်။ မီးတောက်တွေရဲ့ အလင်းနဲ့ နေရာတိုင်းမှာ သွေးစိမ်းရှင်ရှင် စီးကျနေတာတွေနဲ့ ထောင့်တွေမှာ ပုန်းအောင်းနေတဲ့ ပိန်လှီတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။


ရွေးချယ်ခွင့်ပေးရင် အာဏာကိုတပ်မက်နေသူတွေကလွဲလို့ ဘယ်သူမှ စစ်ကို ဆန္ဒအလျောက် မတိုက်လိုကြပေ။ မည်သူမှ စစ်ကို နှစ်သက်လိုသူ မရှိပေ။


သူက စစ်မှုထမ်းမိသားစုမှာ မွေးဖွားပြီး စခန်းမှာ ကြီးပြင်းခဲ့တယ်။ သူ့အဖေရဲ့ အနစ်နာခံမှုနဲ့ သူ့အမေရဲ့ မျှော်လင့်ချက်တွေသာ မရှိခဲ့ရင် သူက လမ်းတကာ လျှောက်ပတ်နေတဲ့ သိုင်းသမားတစ်ယောက် ဖြစ်ချင်ဖြစ်နေလိမ့်မယ်။


ဒါပေမဲ့ ဒီလို သူ မလုပ်နိုင်ခဲ့ဘူး။ သူက ထျန်းချီအင်ပါယာ၏ စစ်သူကြီး၊ ထျန်းချီအင်ပါယာ၏ စစ်နတ်ဘုရား။ သူ့အဖေ သေဆုံးတဲ့အချိန်ကစပြီး သူ့အသက်ဟာ ဒီနိုင်ငံအတွက်ပဲ ဖြစ်လာခဲ့တယ်။


ဧကရာဇ်က သူ့ကို ဘယ်လောက် ကြောက်လန့်နေပါစေ၊ အရာရှိတွေက သူ့ကို ဘယ်လောက် အပုပ်ချနေပါစေ၊ သူ ခံနိုင်ရည်ရှိရုံပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ စိတ်ရှိတိုင်း လုပ်ပိုင်ခွင့် မရှိဘူး။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။


"စစ်သူကြီး၊ ညနက်နေပြီ၊ လက်ထောက်စစ်သူကြီးလင်က လိုအပ်တာတွေ အကုန် လုပ်ပြီးပြီ။ ခင်ဗျား တဲကို ပြန်ပြီး အနားယူသင့်တယ်" ဟု ယန်ချီက စိုးရိမ်တကြီး ပြောသည်။


ချင်ယွီချွမ် အတွေးထဲ နစ်မြောနေပုံရသည်။ "မင်းတို့ မလိုက်လာနဲ့တော့၊ ငါတစ်ယောက်တည်း လမ်းလျှောက်ချင်လို့။"


"ဒါပေမဲ့..." ယန်ချီက ချင်ယွီချွမ်ရဲ့ ပြိုင်စံမရှိတဲ့ သိုင်းပညာကို သိပေမဲ့ စိတ်မချ ဖြစ်နေတုန်းပင်။


ချင်ယွီချွမ်က ပြောလိုက်သည်။ "ဒါပေမဲ့ လုပ်မနေနဲ့၊ သွားနှင့်တော့။"


ယန်ချီ ထွက်သွားပြီးနောက် ချင်ယွီချွမ်သည် ချန်ရှုးတောင်ကြားထဲတွင် လရောင်ပေါ်ထွက်လာသည်အထိ တစ်ယောက်တည်း အချိန်အကြာကြီး လမ်းလျှောက်နေပြီး လရောင်ကို အလင်းပြုပြီး ပြန်ခဲ့လေတော့သည်။

***