Ch 11
Viewers 2k

အခန်း ( ၁၁ ) – စစ်သူကြီးရဲ့ အစားအသောက်ကို မြှင့်တင်ပေးမယ်


တခြားသူတွေက သူတို့ခွေးတွေကို လမ်းလျှောက်ခေါ်သွားရုံပဲ၊ ဒါပေမဲ့ သူမကတော့ ခွေးက ဆွဲခေါ်တာကို ခံနေရတယ်။


ခွေးဝါလေးက အိမ်ပြန်လမ်းကို ကောင်းကောင်းသိပုံရသည်။ သူလေးက လျင်မြန်စွာ ပြေးနေပြီး ဖုန့်ချင်းယီမှာ သူ့နောက်ကို လိုက်ပြီး ပြေးနေရတော့သည်။


မနက်က ခေါက်ဆွဲဆိုင်ကနေ အခုထိ အားကုန်ပြေးလာရတော့ ဖုန့်ချင်းယီ တော်တော်လေး ပင်ပန်းသွားသည်။ အထက်တန်းကျောင်းမှာ မီတာ ( ၈၀၀ ) ပြေးရတာထက် အများကြီး ပိုပင်ပန်းတယ်။


အဘွားအိုက ခွေးဝါလေးကို မြင်တော့ ဆိုင်ထဲက အလျင်အမြန် ထွက်လာသည်။


"သမီးလေး၊ ကျေးဇူးအများကြီးတင်ပါတယ်။ သမီးလေးကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ ဟွမ်လေး ဘယ်မှာ ဒုက္ခရောက်နေမလဲ မသိဘူး။"


ဖုန့်ချင်းယီက အလျင်အမြန် ပြောလိုက်သည်။ "ဒါက အကူအညီ သေးသေးလေးပါ။ အဘွား စိတ်ထဲ မထားပါနဲ့။ ခွေးကို တွေ့ပြီဆိုတော့ ကျွန်မ အိမ်ပြန်တော့မယ်။"


"တကယ်ကို စိတ်ထားကောင်းလိုက်တဲ့ ကလေးမလေး။"


ဖုန့်ချင်းယီက ဖုန်းကို ထုတ်ကြည့်လိုက်တော့ အမှတ် ( ၂၀ ) ရောက်လာတာကို တွေ့လိုက်သည်။ 


ရုတ်တရက် သူမ ဘာမှ မပင်ပန်းတော့ဘဲ အေးဆေး ဆက်လျှောက်နိုင်သွားသည်။


ဒါပေမဲ့ အရင်က မီတာ ( ၈၀၀ ) ပြေးရင် သူမရဲ့ အသက်တစ်ဝက်လောက် ကုန်လုနီးပါး ဖြစ်ခဲ့ပေမဲ့ ဒီနေ့ ပြေးတာက မီတာ ( ၈၀၀ ) ထက် အများကြီး ပိုတယ်။ ဒါက ခန္ဓာကိုယ်ကို အားကောင်းစေတဲ့ ဆေးလုံးတွေရဲ့ အာနိသင် ဖြစ်ပုံရတယ်။


အိမ်ပြန်ရောက်ပြီးနောက် ဖုန့်ချင်းယီ သူမရဲ့ အခန်းထဲတွင်သာ နေခဲ့သည်။ သူမ အမှတ် ( ၂၀ ) ရထားပြီ၊ သူမရဲ့ လက်ကျန်က အခု အမှတ် ( ၉၀ ) ရှိတယ်။


ချင်ယွီချွမ်ဆီ စာပို့သင့်လား ဆိုပြီး ဖုန့်ချင်းယီ စိတ်ရှုပ်နေသည်။


တစ်ဖက်မှာ သူမ ပစ္စည်းတွေဝယ်တဲ့ အမှတ်တွေရောက်ဖို့ သူ့ဆီက အမှတ်တွေ ရချင်ပေမဲ့ နောက်တစ်ဖက်မှာ သူမ သူ့ကို ကောင်းကောင်းကြီး အသုံးချနေတာမို့ နည်းနည်း စိတ်မသက်မသာ ဖြစ်နေရသည်။


နောက်ဆုံးမှာ ဖုန့်ချင်းယီ စာမပို့ပေမဲ့ ချင်ယွီချွမ်ဆီမှ စာတစ်စောင် ရောက်လာတော့သည်။


[ချင်ယွီချွမ် : မင်းမနက်စာ စားပြီးပြီလား။]


[ဖုန့်ချင်းယီ : ဟုတ်ကဲ့ စားပြီးပါပြီ။ ရှင်ရော...။]


[ချင်ယွီချွမ် : ကျွန်တော် စားပြီးပါပြီ။]


[ဖုန့်ချင်းယီ : ရှင်တို့တွေ ဘာစားကြလဲ။]


ရှေးခေတ်မှာ အရသာရှိတဲ့ အစားအစာတွေ အများကြီး ရှိပုံရပေမဲ့ စစ်တပ်စခန်းမှာတော့ စားစရာ ကောင်းကောင်း ဘာမှ မရှိနိုင်ပေ။


[ချင်ယွီချွမ် : ယာဂု။]


[ဖုန့်ချင်းယီ : အဲဒါပဲလား။]


[ချင်ယွီချွမ် : ပြီးတော့ ချဉ်ဖတ်။]


ဖုန့်ချင်းယီ စစ်တပ်စခန်းရဲ့ အနေအထားက မကောင်းဘူးဆိုတာ သိပေမယ့် ယာဂုနဲ့ ချဉ်ဖတ်ပဲ စားရတဲ့အထိ ဆိုးရွားမယ်လို့ မထင်ထားဘူး။ ခဏလောက် ဘာပြန်ပြောရမလဲ မသိတော့ဘူး။


[ချင်ယွီချွမ် : ရှိသေးလား။]


[ဖုန့်ချင်းယီ : ဟုတ်ကဲ့၊ ရှင်တို့ရဲ့ ခက်ခဲပင်ပန်းမှုတွေကို နည်းနည်း စိတ်မကောင်းဖြစ်မိလို့ပါ။]


[ချင်ယွီချွမ် : ဘာခက်ခဲပင်ပန်းမှုလဲ။]


[ဖုန့်ချင်းယီ : ရှင် အခု အလုပ်မရှိဘူးလား။]


[ချင်ယွီချွမ် : အခုတော့ အရေးကြီးတဲ့ ကိစ္စ မရှိပါဘူး။]


[ချင်ယွီချွမ် : ငါက အနှောင့်အယှက်ပေးမိသလို ဖြစ်လို့လား။]


[ဖုန့်ချင်းယီ : မဟုတ်ပါဘူး၊ ကျွန်မ အိမ်စာတွေ ပြီးသွားပြီဆိုတော့ အားနေပြီ။]


[ချင်ယွီချွမ် : မင်း ငါ့ကို ပို့ပေးတဲ့ စစ်မှုရေးရာစာအုပ်က ကောင်းတယ်၊ ကျေးဇူးတင်ပါတယ်။]


[ဖုန့်ချင်းယီ : ရပါတယ်။]


သူမက အဝေးကိုပစ္စည်းပို့တဲ့လုပ်ဆောင်ချက်ကို စမ်းကြည့်တာပဲဟာကို။


[ချင်ယွီချွမ် : မင်း ဘာလိုချင်တာရှိလဲ။]


[ဖုန့်ချင်းယီ : ကျွန်မ ဘာမှ မလိုဘူး၊ လိုချင်တာ မရှိဘူး။]


ချင်ယွီချွမ် ဒီစာကြောင်းကို ခဏ စိုက်ကြည့်နေမိသည်။ သူမကို ကျေးဇူးပြန်မဆပ်ရဘူးလား။


[ချင်ယွီချွမ် : ယဉ်ကျေးမှုဆိုတာ အပြန်အလှန် ရှိရတယ်။ မင်း ငါ့ကို စစ်မှုရေးရာစာအုပ် ပို့ပေးခဲ့တယ်ဆိုတော့ ငါမင်းကို လက်ဆောင်တစ်ခု ပြန်ပေးမယ်။ မင်းဘာကြိုက်တတ်လဲ။]


မမျှော်လင့်ဘဲ ရှေးခေတ်လူတွေက ဒီလောက် ယဉ်ကျေးမှုကို ဂရုစိုက်ကြတာပဲ။ ဒါပေမဲ့ သူ့ဖုန်းနဲ့ သူမကို ဘာပို့နိုင်မလဲဆိုတာ မေးခွန်းထုတ်စရာပဲ။


[ဖုန့်ချင်းယီ : ကျွန်မအတွက် စစ်မှုရေးရာစာအုပ်က တန်ဖိုးရှိတဲ့ ပစ္စည်း မဟုတ်ပါဘူး။ စိတ်ထဲ မထားပါနဲ့။ ရှင့်ဖုန်းက ကျွန်မကို ဘာပို့နိုင်မလဲဆိုတာ မသိရဘူးလေ]


ဖုန့်ချင်းယီရဲ့ ခန့်မှန်းချက် မှန်သွားသည်။ ချင်ယွီချွမ်က ကျေးဇူးဆပ်ချင်ပေမဲ့ သူ့ဖုန်းမှာ အဲဒီလုပ်ဆောင်ချက် မရှိသေးဘူး။


[ချင်ယွီချွမ် : ပို့လို့ရတဲ့နည်းတော့ မတွေ့သေးဘူး၊ ဒါပေမဲ့ ငါ မှတ်ထားလိုက်မယ်။]


[ဖုန့်ချင်းယီ : ရပါတယ်၊ ဒါက စာအုပ် တစ်အုပ်ပါပဲ။ ရှင့်စိတ်ထဲ ထားဖို့ မလိုပါဘူး။]


ပြီးတော့ ဒါ သူမရဲ့ ပစ္စည်းတောင် မဟုတ်ဘူး။


သူတို့ ခဏလောက် ပေါ့ပေါ့ပါးပါး စကားပြောပြီးနောက် ဖုန့်ချင်းယီ ဖုန်းချလိုက်သည်။


သူမ အခန်းထဲက ထွက်ပြီး မီးဖိုချောင်ကို သွားတော့ ဖုန့်ချင်းစီက ဟင်းချက်ဖို့ ပြင်ဆင်နေတာကို တွေ့သည်နှင့် ကူညီဖို့ သွားလိုက်သည်။


"နင် စာမကျက်ဘူးလား။" ဖုန့်ချင်းစီက ဟင်းသီးဟင်းရွက်တွေ လှီးနေရင်း မေးသည်။


ဖုန့်ချင်းယီက သူ့ဘေးမှာ ဟင်းသီးဟင်းရွက်တွေ ဆေးနေရင်း "ငါ အချိန်တိုင်း စာမကျက်နိုင်ဘူးလေ။ နားဦးမှပေါ့။"


ဖုန့်ချင်းစီက လှီးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ပန်းကန်ထဲ ထည့်ပြီး "နင် ဒီရက်ပိုင်း တစ်ခုခု လွဲနေပဲ။ အရင်က ငါ့ကို ဟင်းသီးဟင်းရွက် ဆေးဖို့ ဘယ်တုန်းကမှ ကိုယ့်ဆန္ဒနဲ့ကိုယ် လာမကူဖူးဘူး။"


"ငါ နင့်ကို ကိုယ့်ဆန္ဒနဲ့ကိုယ် လာကူညီတာတောင် နင်က မကျေနပ်နိုင်ဘူး။ နေတော့၊ ဒါဆို ငါ သွားတော့မယ်။"


ဖုန့်ချင်းစီက ချက်ချင်းပဲ လှမ်းတားသည်။ "မသွားနဲ့၊ မသွားနဲ့။ မီးဖိုချောင်က နင့်ကို လိုအပ်နေတယ်။ အဲဒီ ခရမ်းချဉ်သီးကို လှီးပေးမလား။ ငါ စချက်တော့မယ်။"


နှစ်များစွာ ဟင်းချက်လာတဲ့ ဖုန့်ချင်းစီရဲ့ အချက်အပြုတ် အရည်အချင်းက တအားကောင်းလာတာပဲ။


မီးဖိုခန်းက အနံ့တွေကို ရလိုက်တော့ ဖုန့်ချင်းယီ ရုတ်တရက် ချင်ယွီချွမ်ကို သတိရသွားသည်။


သူက စစ်စခန်းမှာ နေ့တိုင်း ယာဂုနဲ့ ချဉ်ဖတ်ပဲ စားကြတယ်လို့ ပြောတယ်။ သူမကတော့ သူ့ကို အသုံးချပြီး အမှတ်တွေ အများကြီး ရခဲ့တာ၊ အများစုက သူ့ဆန္ဒနဲ့သူလုပ်ပေးခဲ့တာတွေတောင် ရှိတယ်။ ဒါပေမဲ့ သူမကတော့ အကျိုးခံစားခွင့်ရသူ ဖြစ်နေခဲ့တာ။


သူ့ကို တစ်နည်းနည်းနဲ့ အစားထိုးပေးရမယ်။ သူ့ရဲ့ အစားအသောက်တွေကို ပိုကောင်းအောင် လုပ်ပေးတာနဲ့ စရမယ်။


ဖုန့်ချင်းစီ ချက်ပြုတ်ပြီးတော့ "ဒီဟင်းတွေကို ထမင်းစားစားပွဲဆီ ယူသွားပေး။ ငါ အခန်းထဲ ခဏ သွားလိုက်ဦးမယ်။"


ဖုန့်ချင်းစီ ထွက်သွားတာကို မြင်သည့်အခါ ဖုန့်ချင်းယီက မြန်မြန်ဆန်ဆန်ပဲ ပန်းကန် တစ်ခု ရှာပြီး ထမင်းအိုးထဲက ထမင်းတစ်ဝက်လောက် ခပ်ထည့်လိုက်သည်။


ပြီးနောက် တူ ယူပြီး ဖုန့်ချင်းစီ ချက်ပြုတ်ထားတဲ့ ဟင်းတွေထဲက နည်းနည်းလေး ခပ်ထည့်လိုက်သည်။ 


ပြီးတော့ အနားမှာရှိတဲ့ ဖုန်းကို ကောက်ယူပြီး စကင်န်ဖတ်ကာ ပန်းကန်နဲ့ တူကို ချင်ယွီချွမ်ဆီ ပို့လိုက်သည်။


ထျန်းချီစခန်းရဲ့ ရွက်ဖျင်တဲထဲမှာ ချင်ယွီချွမ်ကို ယန်ချီက နေ့လယ်စာ တည်ခင်းပေးနေသည်။ ဘန်းမုန့် နှစ်လုံးနဲ့ ယာဂု တစ်ခွက် ဖြစ်၏။


ထိုအချိန် ချင်ယွီချွမ်ရဲ့ အင်္ကျီလက်ထဲက ဖုန်း တုန်ခါသွားသည်။


ချင်ယွီချွမ် ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ စာတစ်စောင် တွေ့ရသည်။


ဖုန့်ချင်းယီက မင်းကို ပစ္စည်းတစ်ခု ပို့လိုက်ပါပြီ၊ လက်ခံယူပေးပါ။


ချင်ယွီချွမ်က စခရင်ကို နှိပ်လိုက်သောအခါ သူ့ရှေ့တွင် ပူပူနွေးနွေး အစားအသောက်ပန်းကန်တစ်လုံးနဲ့ အနက်ရောင်တူတစ်စုံ ပေါ်လာသည်။


[ဖုန့်ချင်းယီ : နေ့လယ်စာစားချိန်ဆိုတော့ ရှင့်အတွက် တစ်ပန်းကန် ပို့ပေးလိုက်တယ်။]


ချင်ယွီချွမ် ခဏလောက် တွေဝေသွားပေမဲ့ နောက်ဆုံးမှာ တူကို ကောက်ယူပြီး စတင်စားသောက်ခဲ့သည်။


အရွက်တွေက အရသာရှိပြီး ထမင်းက နူးညံ့ပြီး မွှေးနေတာပဲ။ ချင်ယွီချွမ် ဒါဟာ သူ နှစ်ပေါင်းများစွာ  စားဖူးသမျှထဲမှာ အရသာအရှိဆုံး အစားအစာ ဖြစ်မယ်လို့ ခံစားလိုက်ရတယ်။


သူ အရင်ဆုံး အဆိပ်ရှိမရှိ စမ်းသပ်သင့်တယ်ဆိုတာ သိပေမဲ့ ဖုန့်ချင်းယီရဲ့ မျက်လုံးတွေကို ပြန်မြင်ယောင်ကြည့်သည့်အခါ အဲဒီလို ဖြူစင်တဲ့ အကြည့်နဲ့ မိန်းမတစ်ယောက်က သူ့ကို ဒုက္ခမပေးဘူးလို့ ခံစားလိုက်ရတယ်။


ဒါက အလိုလိုသိစိတ်ပဲ၊ သူက သူ့ရဲ့ အသိစိတ်ကို ယုံကြည်တယ်။


ဖုန့်မိသားစု ထမင်းစားခန်းမှာ ဖုန့်ချင်းယီနဲ့ ဖုန့်ချင်းစီ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။


ဖုန့်ချင်းစီသည် စားပွဲပေါ်မှ ဟင်းတွေကို ကြည့်ပြီး တစ်ခုခု မှားနေတယ်လို့ ခံစားလိုက်ရသည်။


သူ့အကြည့်က ငရုတ်ကောင်းနဲ့ အမဲသားကြော်ပန်းကန်ပေါ် ရောက်သွားသည်။


"ဖုန့်ချင်းယီ၊ ငါ မသိတုန်း နင် ခိုးစားလိုက်တာမလား။"


ဖုန့်ချင်းယီက ဖုန့်ချင်းစီကို မျက်စောင်းထိုးပြီး "အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ငါ တူတောင် မကိုင်ရသေးဘူး။ ကိုယ့်ဟာကိုယ် ပြန်စစ်ကြည့်။"


ဖုန့်ချင်းစီ စိတ်ရှုပ်သွားသည်။ အမဲသားကြော်ထဲမှာ အမဲသား နည်းသွားတာ သေချာပေမဲ့ သူ သုံးလေးငါးမိနစ်ပဲ ထွက်သွားခဲ့တာကို။


သူမ တစ်ယောက်တည်း ဟင်းတစ်ဝက်လောက်ကြီးကို စားလိုက်တာ မဖြစ်နိုင်ဘူး။ သူမ တူကလည်း တကယ်ပဲ သန့်ရှင်းနေပြီး သူမရဲ့ ပန်းကန်ထဲမှာလည်း ဘာအစအနမှ မရှိပေ။ ဒါဆို အစားအသောက်တွေ ဘယ်ရောက်သွားတာလဲ။


"ဒီမှာ ခရမ်းချဉ်သီးနဲ့ အရွက်တွေလည်း နည်းသွားသလိုပဲ၊ နင် ခိုးစားလိုက်တာ မဟုတ်ဘူးလား။"


ဖုန့်ချင်းယီက "ဘယ်မျက်လုံးနဲ့ ငါ ခိုးစားနေတာကို မြင်လဲ။ ဘယ်လိုလုပ်ပြီး အဲဒီလောက် မြန်မြန် ငါစားနိုင်မှာလဲ။"


"ခရမ်းချဉ်သီးနဲ့ အရွက်တွေ ကြော်ပြီးရင် ဒီတိုင်း နည်းသွားတာပဲ။ နင် ချက်နေတာကြာပြီကို ဘယ်လိုလုပ်ပြီး ဒါလေးကိုတောင် မသိရတာလဲ။"


ဖုန့်ချင်းယီရဲ့ စကားကို ကြားတော့ ဖုန့်ချင်းစီက အများကြီး မစဉ်းစားတော့ဘဲ သူ စိတ်ထင်မှားတာပဲလို့ ထင်လိုက်သည်။


ဒါပေမဲ့ သူ ပန်းကန်ထဲက ထမင်းကုန်သွားပြီး ထပ်ထည့်ဖို့ သွားတော့ ဖုန့်ချင်းစီ တစ်ခုခု မှားနေတယ်လို့ ထပ်ခံစားလိုက်သည်။

***