သေချာပါ၏။ လုယွမ်ယဲ့ ထွက်သွားပြီး မကြာမီ ငွေရောင်
Volvo တစ်စီး ဗီလာရှေ့သို့ လာရပ်၏။
ကားမောင်းသူမှာ အသားညိုညိုနှင့် ဘီတာတစ်ယောက် ဖြစ်၏။
သူက အရပ် သိပ်မရှည်သော်ငြား မျက်လုံးဝိုင်းဝိုင်းနှင့် စမတ်ကျပုံရသည်။ သူသည် ရှီယိအား
မြင်သည့်အခါ နှုတ်ဆက်လိုက်၏။
“ သခင်လေးရှီ၊ ကျွန်တော့်ကို ဥက္ကဋ္ဌလု လွှတ်လိုက်တာပါ။
ကျန်းချိန်လို့ ခေါ်လို့ရပါတယ် ”
ရှီယိသည် လိုင်စင်ပြားအား ကြည့်ပြီးနောက် သက်သာရာရစွာ
သက်ပြင်းချမိ၏။ ထိုသည်မှာ ရိုးရိုးလိုင်စင်ပြားဖြစ်ကာ စစ်တပ်သုံး မဟုတ်ပေ။
မဟုတ်ပါက၊ ရုံးခန်းသို့ ဤကား ရပ်လိုက်သည်နှင့် မနက်ဖြန်မနက်
သတင်းခေါင်းကြီးပိုင်းထိပ်တန်း၌ သူရှိနေလောက်ပြီ။
သူ့တွင် လက်ဆွဲအိတ် များများစားစားမရှိပေ။ အ၀တ်အစား
အနည်းငယ်နှင့် ဆေးအချို့သာ ရှိသည်မို့ တိုလီမိုလီများကို အိတ်ကြီးတစ်လုံးထဲသို့ မြန်မြန်ပဲ
ထုတ်ပိုးလိုက်၏။
ကျန်းချိန်က စကားတစ်လုံးမှ မပြောဘဲ သူ့ပစ္စည်းများကို
ကောက်မသွားသည်။ ပေါကြောင်ကြောင်အပြုံးလေးဖြင့် မြန်မြန်သွားနေသည်မှာ လုံးကစ်ကစ် ခွေးပေါက်လေးလိုပင်။
ရှီယိ မြန်မြန် မသိမ်းပါက အလုပ်ချိန် နောက်ကျလိမ့်မည်ပင်။
ကားလမ်းပိတ်နေချိန်တွင် ရှီယိထံ ဖုန်း၀င်လာခဲ့သည်။
“ ရှောင်ယိကော၊ စတူဒီယိုမှာ ကိစ္စတစ်ခု ဖြစ်နေတယ်
”
ရှချန်းသည် ငိုယိုပြီးပြောပြခဲ့သည်။
“ ကျွန်တော်တို့ရဲ့ လူတွေ အများကြီး အရိုက်ခံရလို့…”
ယနေ့သည် ရှချန်းနှင့် အခြားသူများ ဖက်ရှင်ရှိုးပွဲတစ်ခုအတွက်
အစမ်းလေ့ကျင့်ရန် ရှိနေခြင်းပင်။ နောက်ကွယ်မှ ချခွဲသံများနှင့် ၀န်ထမ်းများ၏ အော်သံများအား
ရှင်းရှင်းလင်းလင်း ကြားနိုင်နေ၏။
“ ဘာတွေဖြစ်နေတာလဲ ”
ရှီယိဟာ စိတ်ငြိမ်ငြိမ်ထားလိုက်ကာ အတတ်နိုင်ဆုံး
အေးအေးဆေးဆေး ပြောလိုက်သည်။ တစ်ချိန်တည်းမှာတင်၊ ကျန်းချိန်ကို highwayလမ်းမှ ကွေ့ကာ
စတူဒီယိုသို့ ဦးတည်ခိုင်းလိုက်သည်။
ထိုသို့ရောက်ပြီးမှ ရှီယိက ဖြစ်စဉ် တစ်ခုလုံးကို
နားလည်တော့၏။
ဖက်ရှင်ရှိုးတွင် ပါ၀င်မည့် ဘရန်းပေါင်းစုံရှိပြီး
ကုမ္ပဏီအများစုသည် သားမွှေးများ အသုံးပြုကြသည်။ ရလဒ်အနေဖြင့်၊ တိရစ္ဆာန်ကာကွယ်ရေး
အဖွဲ့အစည်းမှ လူများသည် သတင်းရကာ ပြေး၀င်လာကြပြီး ပွဲအား ဖျက်ဆီးကြတော့၏။
သားမွှေးလုပ်ငန်းမှာ ယနေ့ခေတ်၌ မီးခိုးရောင် နယ်ပယ်တစ်ခုပင်။
အကျိုးအမြတ်များသော်ငြား ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းမှာ အထပ်ထပ် စေ့စပ်စွာ စစ်ဆေးခံရ၏။
လက်မှတ်ရှိပါက အဆင်ပြေသည့်တိုင်၊ တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့အစည်းမှ အရေးတယူ ဆောင်ရွက်လာပါက
ထိုစာချုပ်အတုများကို အလွယ်တကူပဲ ရှာဖွေခံရနိုင်သည်။
စီစဉ်သူက ရှင်းလင်းစွာ မရှင်းပြနိုင်သဖြင့် ပွဲသို့လာသည့်
အနုပညာရှင်များဟာ တစ်နေရာတည်းတွင် ထိန်းသိမ်းခံလိုက်ရ၏။ ရှီယိ ရောက်လာချိန်၌ ရှချန်းသည်
ထောင့်တစ်နေရာတွင် ခြေကျင်း၀တ်ပေါ် လက်တင်ရင်း အခြား အိုမီဂါများနှင့်အတူ ရှိနေခဲ့ပြီး
မျက်၀န်းများမှာ ကြောက်ရွံ့မှုကြောင့် နီရဲနေသည်။
ရှီယိသည် ရှေ့သို့ မြန်မြန် တိုးလိုက်သည်။
“ ဘယ်လိုလဲ ”
“ ရှောင်ယိကော၊ နောက်ဆုံးတော့ ရောက်လာပြီပဲ ”
ရှချန်းက ရှီယိ၏ လက်မောင်းကြားထဲ ပစ်၀င်လိုက်၏။
“ ခြေကျင်း၀တ်က နာနေတယ် ”
“ တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့အစည်းက လူတွေက ပွဲစီစဉ်သူနဲ့
ပြဿနာတက်နေကြတယ်၊ ရှချန်းက ကူညီဖို့ လုပ်လိုက်ပေမယ့် အတွန်းခံလိုက်ရတယ်”
အခြားအိုမီဂါလေးက အားပျော့စွာ ပြောလာ၏။
ရှီယိ ရှချန်းအား ချုံကြည့်လိုက်သည်။ ခြေကျင်း၀တ်မှာ
ရောင်ကိုင်းနေရာ ဆေးရုံသို့ သွားရမည်ပင်။
“ အဆင်ပြေပါတယ်၊ ရှောင်ယိကော “
သူ၏ လေးနက်နေသော မျက်နှာကြောင့် ရှချန်း ကြောက်လွန်းနေသော်လည်း
တုန်တုန်ယင်ယင်ပြောလိုက်မိသည်။
“ ကျွန်တော် ရုပ်ရှင်ရိုက်ဖို့ ကျန်နေ….”
“ အဆစ်ပဲ လွဲသွားတာနေမှာပါ ”
ရှီယိ သူအား နှစ်သိမ့်လိုက်သည်။
“ ငါ မင်းကို ခေါ်ထုတ်သွားဖို့ တစ်ယောက်ယောက် ရှာပေးမယ်
”
သို့သော်ငြား၊ ထွက်ပေါက်သို့ သူတို့ ရောက်ရန် ဝေးနေသေးသည်။
စာပွဲများ၊ ထိုင်ခုံများ၊ ခုံတန်းရှည်များအပြင် ကျိုးပဲ့နေသော ပစ္စည်းများကြောင့် အထဲ၀င်ရသည်မှာ
မလွယ်လှပေ။ ဒဏ်ရာရနေသူအား အပြင်သို့ ခေါ်ထုတ်သွားရန်မှာ ပိုမို မလွယ်ကူလှပေ။
————
“ ဥက္ကဋ္ဌလု၊ ရှင်းချန်က စတူဒီယိုမှာ ကိစ္စတစ်ခု
ဖြစ်သွားပါတယ် ”
ထန်ယိသည် တံခါးခေါက်လိုက်ကာ အထဲမှ ၀င်ခဲ့ရန် ခွင့်ပြုချက်ရမှ
၀င်သွားလိုက်၏။
သူမက ထက်မြက်သော
ပုံရိပ်၊ စွဲမက်ဖွယ် အသွင်ပြင်နှင့် သပ်ရပ်စွာ လိပ်ထားသည့် ဆံနွယ်များနှင့် အမျိုးသမီးအယ်လ်ဖာ
ဖြစ်သည်။ လုယွမ်ယဲ့နှင့် နှစ်များစွာ အလုပ်လုပ်ခဲ့ဖူးသဖြင့် သူမ၏ ၀တ်စုံရင်ဘတ်၌ ပထမဆင့်
အတွင်းရေးမှူးဟူ၍ နာမည်ကပ်ပြား ရှိနေခဲ့သည်။
လုယွမ်ယဲ့ဟာ အခြားဌာနမှ ပြဿနာကို ဖြေရှင်းနေဆဲဖြစ်သဖြင့်
ထန်ယိသည် တည်ငြိမ်စွာဖြင့်သာ စတူဒီယိုမှ အဖြစ်ပျက်တစ်လုံးကို အကျဉ်းချုပ် ပြောပြနေခဲ့၏။
“ လျှောက်ရမယ့် မော်ဒယ်ငါးယောက်လုံးက ကျွန်မတို့
ကုမ္ပဏီနဲ့ လက်မှတ်ထိုးထားတာပါ၊ အကုန်လုံးက အိုမီဂါတွေပါပဲ ”
ထန်ယိ ပြောလိုက်သည်။
“ ကားက အောက်မှာ အဆင်သင့်စောင့်နေတာမို့ သွားဖို့
အဆင်သင့်ပါပဲ ”
“ ဒဏ်ရာ ရသွားတဲ့ သူကော ရှိသေးလား ”
လုယွမ်ယဲ့ မျောက်မှောင်ကြုတ်မိသည်။
အနုပညာရှင်များအတွက် ထိုသို့သော မမျှော်လင့်သော ကိစ္စများအား
ကြုံတွေ့ရသည်မှာ သာမန်ဖြစ်သည်။ ကုမ္ပဏီမှာလည်း ထိုသို့သော အခြေအနေများကို ဖြေရှင်းပေးရ၏။
စာချုပ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါက စာချုပ်ဖျက်လိုက်ရန် ကုမ္ပဏီမှ ရှေ့ထွက်ပေးရသည်။
“ ရှချန်းကတော့ ခြေမျက်စိ အဆစ်လွဲသွားပုံ ရပါတယ်
”
ထန်ယိသည် စီစဉ်သူ ရိုက်ကူးထားသည့် ထိုအချိန်မှ တကယ့်အဖြစ်အပျက်
ဗီဒီယိုပြနေသည့် တက်ဘလပ်အား ကမ်းပေး၏။
နောက်ဆုံး၌ လုယွမ်ယဲ့က တက်ဘလပ်ကို ကြည့်လိုက်သည်။
မြင်ကွင်းသည် အလွန်ပရမ်းပတာဖြစ်နေခဲ့သည်။ ယွမ်ယဲ့ကုမ္ပဏီမှ အနုပညာရှင်များသည် ထောင့်တစ်နေရာတွင်
ပူးကပ်နေကြပြီး အရပ်ရှည်ရှည်နှင့် အိုမီဂါတစ်ဦးမှာ ရှေ့၌ ရပ်နေခဲ့၏။
ရှီယိ။
စိတ်ခံစားလွယ်နေသည့် လူအုပ်ရှေ့တွင် ရှီယိမှာ စိတ်ခိုင်ခိုင်ထားကာ
တစ်စုံတစ်ခုအား ရှင်းပြနေပုံရသည်။ သူ့အမူအရာမှာ ပုံမှန်တိုင်း ရှိနေသော်ငြား ရှင်းမပြနိုင်စွာ
လေးနက်နေပုံရကာ နောက်ရှိ အိုမီဂါများကို ဦးဆောင်နေခဲ့သည်။
“ ကောင်းရိန်ကို ဆက်သွယ်လိုက်၊ ငါ တစ်ချက်လောက် သွားကြည့်လိုက်မယ်
”
လုယွမ်ယဲ့ တက်ဘလပ်ကို ပြန်ပေးရင်း ထရပ်လိုက်သည်။
“ ဥက္ကဋ္ဌလု၊ ရှင်…”
ထန်ယိ ရှုပ်ထွေးသွားရ၏။ အခုလိုကိစ္စများမှာ မကြာခဏ
အဖြစ်များသည်ကို အဘယ့်ကြောင့် လုယွမ်ယဲ့ကိုယ်တိုင် သွားဖြေရှင်းရန် လိုမည်နည်း။
တစ်ခုခု ဖြစ်တိုင်း လုယွမ်ယဲ့ကိုယ်တိုင် သွားရပါက
ကုမ္ပဏီ၏ အရေးပေါ် တုန့်ပြန်ရေးဌာနကို အလုပ်ဖြုတ်ရတော့မလိုပင်။
“ ကောင်းရိန်ကို သွားရှာချည် ”
လုယွမ်ယဲ့ ထပ်ပြော၏။
“ နားလည်ပါပြီ ”
ထန်ယိမှာ လိုက်နာရုံသာ တတ်နိုင်သည်။
“ ဒီမနက် အစည်းအဝေးတွေအကုန်လုံးကို နောက်ဆုတ်ထားလိုက်ပါ့မယ်
”
လုယွမ်ယဲ့၏ မူမမှန်သောရောင်ဝါလက္ခဏာကို ခံစားမိသည့်
ကောင်းရိန်မှာ လမ်းတစ်လျှောက်လုံး မြန်မြန်မောင်းလာခဲ့ကာ ကုမ္ပဏီကားကို နောက်တွင် ချန်ထားခဲ့သည်။
စတူဒီယို၏ အ၀င်၀သို့ ရောက်သော် သိုက်ရှင်းမှာလည်း
အလျင်လိုနေပုံရကြောင်း တွေ့လိုက်ရ၏။ သူသည် နှုတ်တောင်မဆက်အားဘဲ အော်လိုက်သည်။
“ ရှချန်းက အထဲမှာ ရှိနေတုန်းပဲ ”
သိုက်ရှင်း တန်ပြန်မေးခွန်းမထုတ်ခင် ခဏအချိန်ယူလိုက်ရ၏။
“ နေပါဦး၊ လုယွမ်ယဲ့၊ မင်း ဒီမှာဘာလုပ်နေတာလဲ ”
လုယွမ်ယဲ့က သူ့အား လျစ်လျူရှုကာ ခြေတံရှည်များဖြင့်
အထဲသို့ လျှောက်၀င်သွား၏။ ကုမ္ပဏီမှ သက်တော်စောင့်များသည် ကားထဲမှ ထွက်လာပြီး သူ့အား
အမှီလိုက်ကာ ကာကွယ်ရန် ၀န်းရံလိုက်ကြသည်။
“ ဖေးယိက တိရစ္ဆာန်သားမွှေးတွေကို ဘယ်တုန်းကမှ မသုံးခဲ့ဖူးဘူး
”
ရှီယိသည် တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့အစည်းမှ အယ်လ်ဖာနှင့်
ဘီတာများပါသည့် လူသုံး၊ လေး၊ ငါးယောက်ရှေ့တွင် ရပ်နေ၏။ သူတို့အားလုံးသည် အရပ်ရှည်သဖြင့်
ရှီယိအား မမြင်ရလုနီးပါးပင်။
“ ငါတို့တွေ လူထုကို အတိအလင်း ကြေညာထားတဲ့ နှစ်ချုပ်စာရင်းတွေကို မင်းတို့ သွားရှာကြည့်လိုက်ပါ”
ရှီယိသည် နောက်ရှိမော်ဒယ်များကို ဦးဆောင်နေခဲ့သည်။
“ သူတို့က ငါတို့ဖေးယိရဲ့ မော်ဒယ်တွေ၊ ယွမ်ယဲ့မီဒီယာနဲ့လည်း
လက်မှတ်ထိုးထားကြတာမို့ ကုမ္ပဏီက မင်းတို့လိုချင်တဲ့ သက်သေကို ပေးပါလိမ့်မယ် ”
မြင်ကွင်းသည် အလွန်ဆူညံနေသဖြင့် တစ်ယောက်ကိုတစ်ယောက်
ကြားရစေရန် အော်ပြောနေရ၏။ ရှီယိမှာ အာခြောက်လာသည်။ သူ ဘယ်လောက်ပဲ ရှင်းပြနေပါစေ တစ်ဖက်ရှိလူများမှာ
နားမထောင်ကြပေ။
“ ရှချန်း၊ မင်း အဆင်ပြေရဲ့လား ”
သိုက်ရှင်းက လူအုပ်ကြီးအား ဘေးတွန်းလိုက်ပြီး ပြေး၀င်ကာ
ရှချန်းကို ဖက်လိုက်သည်။
သန်မာအားကောင်းသည့် အယ်လ်ဖာဖြစ်သဖြင့် သူ့အား မည်သူမျှ
ရှေ့ထွက်ကာ မတားရဲပေ။
“ မင်း၊ မင်းက ဘယ်သူလဲ ”
ရှချန်းသည် ကြောက်လန့်စွာ အော်လိုက်မိသည်။ ကြောက်လွန်း၍
ရှီယိ၏ အင်္ကျီစအား ဆုတ်ဖြဲလုနီးပါးပင်။
“ ရှောင်ယိကော ”
သို့သော်ငြား ရှီယိသည် ထိုအသံအား သတိထားမိ၏။ သူ မတော်တဆ
ဖြစ်သည့်နေ့တွင် ထိုအယ်လ်ဖာနှင့် လုယွမ်ယဲ့သည် ရုတ်ခြည်း ပေါ်လာကာ သူ့ကို ကယ်ဆယ်ခဲ့သည်။
စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ထိုအယ်လ်ဖာသည်
ရှချန်းလက်အား ဆွဲကာ ခေါ်ထုတ်သွားသည်။ သူသည် ပြေးနေရင်း နှစ်သိမ့်နေသေး၏။
“ ငါက မင်းရဲ့ဖန်ပါ၊ မင်းကို ခုချက်ချင်းပဲ ဆေးရုံခေါ်သွားပေးမယ်
”
လုယွမ်ယဲ့နှင့် သက်တော်စောင့်များမှာ နောက်မှရောက်လာခဲ့သည်။
အနက်ရောင်၀တ်ထားသော အယ်လ်ဖာ အနည်းငယ် ၀င်လာသည့်အခါ သန်မာလှသော ဖိနှိပ်အားမှာ အခန်းတစ်ခုလုံးကို
ခဏကြာအောင် တိတ်ဆိတ်သွားစေ၏။
လုယွမ်ယဲ့ ဘာမှ မပြောရသေးခင် ရှီယိဟာ သူ့အား အရင်ဆုံး
မြင်သွားခဲ့သည်။ သူ ဘေးသို့ ဖယ်ပေးလိုက်ကာ နောက်ရှိ အိုမီဂါများကို ပြောလိုက်၏။
“ မြန်မြန်လုပ်၊ အဲဒီကို အရင် သွားကြ ”
သူ့နောက်ရှိ အိုမီဂါများသည် တန်းစီကာ သူတို့သူဌေးရှိရာ
ပြေးသွားကြသည်။
လုယွမ်ယဲ့သည် သိပ်မပေါ်လွင်ခဲ့သော်ငြား သူ၏ ဂုဏ်သတင်းနှင့်
မျက်နှာမှာ ဤအသိုင်းအဝိုင်း၌ ကျော်ကြားလှသည်။ လူအများစုမှာ သူ့အား သတိပြုမိသွားပြီး
လူထုမီဒီယာများကလည်း သူ့ဆီဝိုင်းအုံလာပြီး ယခုအဖြစ်ပျက်နှင့် ပတ်သတ်၍ မေးမြန်းလာကြသည်။
လုယွမ်ယဲ့ ပြန်မဖြေဘဲ သိုက်ရှင်း ထွက်သွားရာသို့
လှမ်းကြည့်လိုက်၏။ သူသည် ထိုသူကဲ့သို့ လျှောက်သွားကာ ရှီယိအား သူ့ဘေးသို့ ခေါ်ထားချင်ခဲ့သည်။
သူ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ချိန်တွင် မိုက်ခရိုဖုန်းတစ်လုံး
သူ့ဆီသို့ ကမ်းပေးလာသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူရှိီယိအတွက် ခေါ်ပေးခဲ့သည့်
ကားမောင်းသမားဘီတာသည် ရှီယိထံ ပြေးသွားကာ ကူညီခေါ်ထုတ်သွားကြောင်း မျက်လုံးထောင့်မှ
မြင်လိုက်ရ၏။
ကျန်းချိန်သည် တစ်ခုခုမှားနေကြောင်း သိသိချင်း ကုမ္ပဏီသို့
ချက်ချင်း ဆက်သွယ်ခဲ့သော်ငြား အပြင်ဘက်မှာ ပိတ်ဆို့မှုတစ်စုံတရာဖြစ်ကာ လုယွမ်ယဲ့ မလာခင်အထိ
အထဲသို့ မလိုက်သွားနိုင်ခဲ့ချေ။
ကျန်းချိန်သည် ရှီယိကို နောက်မှ ကာထားရာ ဖက်ထားလုနီးပါး
ဖြစ်နေခဲ့သည်။ ကြမ်းပြင်၌ အကျိုးအပဲ့များ ပြည့်နေသဖြင့် ရှီယိသည် သူ့လက်ကိုသာ အမှီပြုပြီး
တစ်လှမ်းစီ ဂရုတစိုက်လှမ်းကာ ထွက်သွားရ၏။
လုယွမ်ယဲ့၏ မျက်နှာမှာ လုံး၀မည်းမှောင်သွားသည်။
ဘီတာသတင်းထောက်မှာ မိုက်ခရိုဖုန်းကိုင်ထားရင်း တောင့်ခဲသွား၏။
အယ်လ်ဖာဖယ်ရိုမုန်းများဖြင့် ဖိနှိပ်မခံရသော်ငြား အဘယ်ကြောင့် ရှင်းပြမရနိုင်သော ခြိမ်းခြောက်မှုအား
ခံစားလိုက်ရသနည်း။
သူ ယခင်အခြေအနေသို့ ပြန်မရောက်လာသေးခင် လုယွမ်ယဲ့မှာ
ခြေလှမ်းကျဲများဖြင့် ထွက်သွားနှင့်လေပြီ။
သူဌေး လာနေသည်အား မြင်သော ကျန်းချိန်မှာ အဖြစ်အပျက်တွေကို
ဖျတ်လတ်စွာ အကြောင်းကြားလိုက်သည်။
“ သူဌေး၊ ကျွန်တော်တို့ ကုမ္ပဏီက ရှချန်းပဲ ခြေကျင်း၀တ်လည်သွားတာပါ။
အားလုံးက အဆင်ပြေပါတယ် ”
“ ကုမ္ပဏီကို ဖုန်းလည်းခေါ်ပြီးတော့ ကျွန်တော် အထဲ၀င်မရဘဲ
အပြင်မှာ ပိတ်မိနေတာ… ”
လုယွမ်ယဲ့သည် အသက်မပါသောမျက်နှာဖြင့် ခေါင်းနည်းနည်းငြိမ့်လိုက်သည်။
ကျန်းချိန်က အနည်းငယ် အေးစိမ့်သွားရကာ သခင်လေးရှီဘေးမှ
ဖယ်လိုက်သည်။
လုယွမ်ယဲ့သည် ရှီယိထံ လက်လှမ်းလိုက်သည်။ ကျန်းချိန်ဟာ
ရှီယိလက်ကို ကိုင်ကာ ကူညီပေးသကဲ့သို့ သူ့ကိုလည်းအားကိုးရန်လှမ်းလိုက်သော်ငြား ရှီယိသည်
ရှေ့သို့တိုး၍ စိုးရိမ်စွာ ပြောလာ၏။
“ ရှချန်း ဘယ်လိုနေသေးလဲ သွားကြည့်ရအောင် ”
“ သူက အဆင်ပြေပါတယ် ”
လုယွမ်ယဲ့သည် မလှုပ်မရှားသေးဘဲလက်ဟန်ခြေဟန်ဖြင့်
လက်လှမ်းလျက်သာ ရှိနေသေးသည်။
“ ရှချန်းကို ခေါ်သွားတဲ့ အယ်လ်ဖာကို ခင်ဗျား သိတယ်မလား
”
ရှီယိက လမ်းလျှာက်ရင်း ပြောလိုက်သည်။ ခြေလှမ်းအနည်းငယ်
လျှောက်ပြီးမှ လုယွမ်ယဲ့ လိုက်မလာကြောင်း သတိပြုမိသွားကာ မေးလာခဲ့သည်။
“ လုယွမ်ယဲ့၊ ခင်ဗျား ဘာလုပ်နေတာလဲ? ”
လုယွမ်ယဲ့၊ ခင်ဗျား ဘာလုပ်နေတာလဲ?
ရှီယိ သူ့နာမည်ကို နှုတ်မှလွှတ်ခနဲ တွယ်မိတွယ်ရာထွက်သွားမိပေမဲ့ လုယွမ်ယဲ့မှာတော့ ပျော်ရွှင်ကျေနပ်ပုံ မပေါ်ချေ။
နောက်မှလိုက်လာသော အိုမီဂါအနုပညာရှင်များသည် အခြေအနေကို
ဂဃနဏ မသိဘဲ ထိုအဖြစ်ပျက်ကို တွေဝေနေသောမျက်နှာများနဲ့ကြည့်နေမိရင်း သူတို့သူဌေးအတွက်
တိတ်တိတ်လေး စိတ်ပူနေကြ၏။
“ သူက ကိုယ့်သူငယ်ချင်းပဲ၊ ရှချန်းကို သူ ဆေးရုံလိုက်ပို့ပေးပြီးပြီ
”
လုယွမ်ယဲ့ သူ့လက်အား ပြန်ရုတ်သိမ်းလိုက်သည်။
ရှီယိ: “ အို့၊ ကောင်းတာပေါ့ .”
“…”
နောက်ဆုံး၌ အိုမီဂါ တစ်ယောက်သည် အနေရခက်သော တိတ်ဆိတ်နေခြင်းကို
ဖြိုခွဲလိုက်ပြီး ရှီယိအား ပြောလိုက်သည်။
“ မစ္စတာရှီ၊ ကျေးဇူးအရမ်း တင်ပါတယ်၊ ခင်ဗျားသာ မရှိရင်
ကျွန်တော်တို့ ဘာလုပ်ရမှန်း သိမှာ မဟုတ်ဘူး ”
“ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်ဆို သေလောက်အောင် ကြောက်သွားတာ ”
“ ဝူးးးးး၊ မစ္စတာရှီ ပြေးလာတုန်းက အရမ်းချောတာပဲ
”
ကုမ္ပဏီမှကား လာမကြိုသေးခင် အိုမီဂါများသည် သူ့အား
စတင်ချီးကျူးကာ ကျေးဇူးတင်လာကြသည်။
ရှီယိ သက်ပြင်းချလိုက်မိသည်။ သူ ကျန်းချန်နှင့်အတူ
ကားထဲသို့ဝင်ရန်လုပ်နေစဥ် တစ်ခုစဥ်းစားမိသွားခဲ့သည်။
“ အာ၊ လုယွမ်…မစ္စတာလု၊ ဒီကို ဘယ်လို ရောက်လာတာလဲ
”
သတင်းက ပြန့်တာ မြန်လှချည်လား။ လုယွမ်ယဲ့က ဒီလိုချိန်ဆို
အလုပ်များနေရမှာလေ။
လုယွမ်ယဲ့ ကပြောလိုက်သည်။
“ ဒီလမ်းအတိုင်း
ဖြတ်သွားရတာပဲကို ”
ရှီယိ:?