Chapter 17
"ကလင်!"
အသံတစ်ခုနှင့်အတူ ဖန်ခွက်မှာ စားပွဲဖြင့် ရိုက်မိပြီး
ကျွတ်ဆက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
လက်ဖက်စိမ်း လက်ဖက်ရည်ထဲတွင် အရွယ်အစား မတူညီသော
ရေခဲတုံးများသည် လေပူဖောင်းသေးသေးလေးများနှင့်အတူ
ပေါ်နေ၏။
"သူ ဘာဖြစ်နေတာလဲ"
လုယွမ်ယဲ့သည် မပြီးပြတ်သေးသော စာရွက်စာတမ်းများကို
စိုက်ကြည့်နေ၏။ ကွန်ပျူတာဖွင့်ပြီး ဆယ်မိနစ်ခန့် ကြာသွားခဲ့ပြီ ဖြစ်သော်လည်း စာတစ်မျက်နှာကိုပင် ဖတ်၍ မပြီးသေးပေ။
သူ့အတွေးထဲသို့ သတိမထားမိစွာ ရောက်လာသော မြင်ကွင်းသည် ရှီယိ၏ ခြေဗလာလေးမှာ ဖိနပ်အပါးလေး စီးထားပြီး ဖြူဖွေးနေသော
ခြေသလုံးတွင် အပြာဖျော့ရောင် သွေးကြောလေးများ ယှက်ဖြာနေ၏။
ပွန်းပဲ့ရာများတွင် ဆေးအဆီများ လိမ်းထားပြီး အကြည့်တစ်ချက်နှင့်ပင် နူးညံ့ပျက်ဆီးလွယ် ပုံရသည်။
သူသည် ထိုခြေကျင်းဝတ်များကို ယခင်က ဆုပ်ကိုင်ခဲ့ဖူး၏။
သူ့လက်တစ်ဖက်တည်းဖြင့်ပင် ၎င်းတို့ကို အလွယ်တကူ ဆုပ်ကိုင်ထားနိုင်၏။
ရှီယိသည် အလွန် မသက်မသာ ခံစားခဲ့ရသော်လည်း သူ့ခွန်အားကို
မခုခံနိုင်၍ ခေါင်းအုံးကို ကိုက်ကာ တိတ်တဆိတ် ငိုခဲ့ရသည်။
ထို့အပြင် သူ၏ ထမင်းစားခန်းတွင် ထိုင်ပြီး သတိထား
စားသောက်ပုံ၊ စောင့်ဆိုင်းခန်းမတွင် မတော်တဆ အိပ်ပျော်သွားပုံ၊ သူ့လက်မောင်းကို ဆုပ်ကိုင်ထားပုံများ
အားလုံးမှာ သူ့အမြင်ထဲတွင် ပေါ်လာ၏။
အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ပြီး လုယွမ်ယဲ့မှာ
အေးစက်နေပြီ ဖြစ်သော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်၏။ အေးစက်မှုသည် သူ့လည်ချောင်းထဲသို့
စီး၀င်သွားသော်လည်း ဆန့်ကျင်ဘက်အားဖြင့် သူ့ရင်ထဲရှိ ပြင်းပြသော စိတ်ခံစားမှုများကို
ပိုမိုလှုံ့ဆော်ပေးနေခဲ့၏။
သူသည် စားပွဲမှ အံဆွဲကို ဖွင့်လိုက်ပြီး သစ်သားသေတ္တာငယ်တစ်လုံးကို
ထုတ်လိုက်၏။
သေတ္တာကို ဖွင့်လိုက်သောအခါ အနီရောင် ကတ္တီပါအဝတ်စပေါ်တွင်
တင်ထားသော ကျောက်စိမ်းလက်စွပ် သေးသေးလေးတစ်ကွင်းကို မြင်လိုက်ရ၏။
ဤ ကျောက်စိမ်းလက်စွပ်မှာ အခြားသော လက်စွပ်များထက်
အနည်းငယ် ပို၍သေးငယ်ပြီး ဆွဲသီးမှ ချွတ်ထားသည့်အလား ရိုးရှင်းသော ပုံသဏ္ဍန် ရှိသည်ပင်။
ကျောက်စိမ်းလက်စွပ်ကို သူ့လက်ထဲတွင် ကိုင်ထားချိန်၌
အေးမြသော အထိအတွေ့မှာ သူ့စိတ်ကို ငြိမ်သက်သွားစေသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်....ချစ်စဖွယ်ကောင်းပြီး
ချောမောသော အိုမီဂါလေးသည် သူ့၏ မှတ်ဥာဏ်ထဲတွင် ပြုံးလျှက် ပေါ်လာ၏။
ကျောက်မျက်ဆွဲသီးနှင့်အတူ ဆွဲထားသော ကျောက်စိမ်းလက်စွပ်ကို
ချွတ်၍ လုယွမ်ယဲ့ထံသို့ ပေးလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ ကံကောင်းခြင်း အဆောင်လေးပဲ၊
ခင်ဗျား ယူထားလိုက်ပါ၊ ဒါလေးက ခင်ဗျားကို နေ့တိုင်း ပျော်ရွှင်စေလိမ့်မယ်"
လုယွမ်ယဲ့သည် ကျောက်စိမ်းလက်စွပ်ကို နှာခေါင်းနားကပ်၍
ရှူရှိုက်ကြည့်လိုက်၏။
သူမှ ချိုမြိန်သော မက်မွန်ရနံ့လေးကို ရလိုက်သည်ဟု
ထင်မိလိုက်၏။
ထို အိုမီဂါငယ်လေး၏ ဂလင်းမှာ ဖယ်ရိုမုန်းများကို
ထုတ်လွှတ်နေသော်လည်း သူမှ ရနံ့များကို မည်ကဲ့သို့
ထိန်းချုပ်ရမည်ကို သိပုံမရပေ။
သူ၏ ရုပ်ရည်၊ ရနံ့နှင့် စရိုက်လက္ခဏာများသည် သူ့ကို
နူးညံ့သော ငှက်သိုက်မုန့်သကြားလုံးလေးကို သတိရစေ၏။
၎င်းမှာ မြင်မြင်ခြင်း အချစ်ကဲ့သို့ပင်။
သူသည် ထို အိုမီဂါငယ်လေးကို မည်မျှကြာကြာ ရှာဖွေနေခဲ့သည်ကို
မသိသကဲ့သို့ နှလုံးသားမှ ဝမ်းမြောက်ခြင်းနှင့် တောင့်တခြင်း ခံစားချက်များမှာ နှစ်ပေါင်းများစွာ
မခံစားခဲ့ရသော အရာများဖြစ်သည်ကို သူ မသိပေ။
၎င်းမှာ
စိတ်ကူးယဥ်ဆန်သော အချစ်ကဲ့သို့ မဖြစ်ခဲ့သော်လည်း အချစ်ထက်ပို၍ နက်ရှိုင်းပြီး တန်ဖိုးရှိ၏။
သူမှ စိတ်မသက်မသာ ဖြစ်သည့်အချိန်တိုင်း ဤကျောက်စိမ်း
လက်စွပ်လေးကို ထုတ်ယူတတ်သည်။ ၎င်းမှာ ကလေးတစ်ယောက်၏ စိတ်ကို အေးချမ်းစေသည့် ခေါင်းအုံးလေး
သို့မဟုတ် ငယ်စဉ်က နှစ်သက်ခဲ့ရသော စူပါဟီးရိုးတစ်ဦးကဲ့သို့ပင် သူ့ကို နှစ်သိမ့်ပေး၏။
ထို အိုမီဂါတွင် အိမ်ထောင်ဖက် ရှိနေခဲ့လျှင်ပင်
လုယွမ်ယဲ့မှ သူ့ကိုတွေ့ဆုံပြီး ဤနှစ်များအတွင်း သူ မည်သို့နေကြောင်း မေးမြန်းလိုသေး၏။
သူသည် ကျောက်စိမ်းလက်စွပ်ကို စားပွဲ၏ အတွင်းဘက်အကျဆုံး
အံဆွဲထံသို့ သေချာစွာ ထားလိုက်ပြီး တွန်းထည့်လိုက်သည်။
ဤပစ္စည်းလေးမှာ သူ့ကို ကျောင်းတတ်နေစဉ်၊ စစ်တပ်ထဲရောက်နေစဉ်၊
မိသားစု အငြင်းပွားမှုများကို ပြတ်သားစွာ ဖြေရှင်းနေချိန်သာမက နောက်ဆုံးတွင် ရက်စက်သော
အယ်လ်ဖာတစ်ဦး ဖြစ်လာသည့် အချိန်ထိတိုင်အောင် သူနှင့်အတူ ရှိနေခဲ့၏။
၎င်းသည်
လုယွမ်ယဲ့၏ အစစ်မှန်ဆုံးသော မျက်နှာကို မြင်ခဲ့ရ၏။
သူ့အတွေးများ ရှုပ်ထွေးနေသဖြင့် အရေးကြီးသော အလုပ်များနှင့်
ပတ်သက်၍ လုပ်ကိုင်ခြင်းကို ရပ်တန့်လိုက်လေသည်။
အလုပ်များအစား ကွန်ပျူတာထဲရှိ မေးလ်ကို နှိပ်ကာ တနင်္ဂနွေပိတ်ရက်
တွေ့ဆုံပွဲအတွက် ဖိတ်ကြားစာကို ကြည့်လိုက်၏။
ဤအချိန်မှသာ ရှောင်တင်း ပြောခဲ့သော စကားကို သူ သတိရသည်။
သူ၏ ရင်းနှီးသော သူများထံ ဖိတ်စာပို့ရန်ပင်။
သူ့အမေမှ ဖိတ်စာကို ပန်းရောင် ပူဖောင်းများနှင့်
ပြည့်နေအောင် ဒီဇိုင်းဆွဲပေးခဲ့သည်။ ဖိတ်စာလက်ခံရရှိသူမှ ထိုဖိတ်စာအား နှိပ်လိုက်သောအချိန်တွင်
အတောင်ပံပါသော ဝက်ကလေး နှစ်ကောင် ပေါ်လာလေ၏။
လုယွမ်ယဲ့မှ
လူအနည်းငယ်ကို ရွေးချယ်ပြီး ပို့ရန် မနှိပ်ခင်တွင် ရှီယိကိုပါ ရွေးချယ်သည့်စာရင်းသို့
ထည့်လိုက်၏။
ချက်ချင်းဆိုသလိုပင် သူ့ဖုန်းသည် နှုတ်ခွန်းဆက်စကားများနှင့်
ဆူညံသွားသည်။
လုပ်ငန်းနယ်ပယ်နှင့် ရင်းနှီးသော သူများထံမှ ဖြစ်၏။
လုမိသားစုသည် အဓိပ္ပာယ်မဲ့သော တွေ့ဆုံပွဲများကို
မည်သည့်အခါတွင်မှ မပြုလုပ်ခဲ့သဖြင့်
ဤကဲ့သို့ သူငယ်ချင်းများကို ရုတ်တရက် ဖိတ်ခေါ်ခြင်းမှာ
အဓိပ္ပာယ် တစ်ခုတည်းသာ ရှိ၏။
ယင်းမှာ လုယွမ်ယဲ့ ဤ သံမဏိသစ်ပင်ကြီးမှာ နောက်ဆုံးတွင်
ပန်းပွင့်လာခဲ့လေပြီ။
ကျောင်း၏ နာမည်ကြီး ကျောင်းမြက်လေးတွင် ပိုင်ရှင်
ရှိနေပြီဟူ၍ ဖြစ်သည်။
သိုက်ရှင်းမှ တိုက်ရိုက် ဖုန်းခေါ်ခဲ့သော်လည်း လုယွမ်ယဲ့သည်
ဖုန်းချလိုက်၏။
ထို့ကြောင့် သူသည် စာတိုများပို့ကာ အသိပေးချက်များကို
ရမ်းသမ်း၍ ဗုံးကြဲသကဲ့သို့ ပို့ခဲ့၏။
[ခန့်ညားတဲ့ သိုက် : ? ? ? ]
[ခန့်ညားတဲ့ သိုက် : ဘာတွေဖြစ်နေတာလဲ၊ ကြေညာချက်
ထုတ်တာလား]
[ခန့်ညားတဲ့ သိုက် : ရှီမိသားစုက ကလေးလား၊ အတူ အိပ်ပြီးတော့
မင်း တာဝန်ယူလိုက်ပြီလား]
[ခန့်ညားတဲ့ သိုက် : မင်းရဲ့ အကျင့်နဲ့ဆိုရင် အဲဒါပဲဖြစ်ရမယ်၊
ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ ဗိုလ်ကြီးလုရဲ့ ပထမဆုံးအကြိမ်လေ]
လုယွမ်ယဲ့၏ မျက်ခွံများ လှုပ်သွားလေသည်။
သိုက်ရှင်းမှာ စိတ်မချရသည့်ပုံ ပေါ်သော်လည်း ပြဿနာများကို
ခွဲခြမ်းစိတ်ဖြာရာတွင် သူ၏ စိတ်မှာ အမြဲတမ်း မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေခဲ့၏။
သူတို့နှစ်ဦးမှာ ယခင်က စစ်သားများအဖြစ် လေ့ကျင့်နေစဉ်၊
လုပ်ငန်းစဉ် တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။
သို့သော်လည်း သိုက်ရှင်းသည် ပြိုင်ဘက်၏ စစ်ဌာနချုပ်ထံသို့
လက်နက်ကြီးများကို တိုက်ရိုက် ပစ်မှတ်ထား၍ ပစ်နိုင်ခဲ့၏။
အထက်မှ မျှော်လင့်ထားသော သုံးရက်တာ လေ့ကျင့်ရေးသည်
တစ်ညတည်းဖြင့် အဆုံးသတ် သွားခဲ့၏။ တစ်ဖက်ရှိ တပ်မှူးမှာ အလွန် ဒေါသထွက်ကာ မုတ်ဆိတ်မွှေးများကို
မှုတ်လိုက်ပြီး စူးစူးဝါးဝါး စိုက်ကြည့်ခဲ့သည်။
[လုယွမ်ယဲ့ : အင်း]
သူက စကားလုံး တစ်လုံးကိုသာ ပို့လိုက်သော်လည်း သိုက်ရှင်းသည်
ပင်ကိုယ်အသိစိတ်ဖြင့် အခြေအနေတစ်ခုလုံးကို လျင်မြန်စွာ နားလည်သွားသည်။ သူက ပစ်မှတ်ကို
အောင်မြင်စွာ ထိမှန်ခဲ့ပြီး မလျော့သော စိတ်အားထက်သန်မှုများဖြင့် မေးခွန်းများကို ဗုံးကြဲသကဲ့သို့
ဆက်တိုက် ပို့နေခဲ့၏။
[ခန့်ညားတဲ့ သိုက် : ရှီမိသားစုက ကလေးက တော်တော်
ချောတယ်၊ အရင်က ကောလဟာလတွေ အားလုံးက အဲဒီ့ မိုက်ရိုင်းတဲ့ ဖန်းမုချင်းကပဲ လွှင့်ခဲ့တာ၊
ငါ ဘယ်တော့မှ မယုံခဲ့ဘူး]
[ခန့်ညားတဲ့ သိုက် : မင်း လက်ထပ်ပြီးရင် ငါ ဖေးယိမှာ
လျှော့စျေး ရနိုင်မလား၊ ရှချန်းက အဲ့ဒီက အဝတ်တွေကို သဘောကျတယ်၊ ငါ ဝယ်ပေးချင်လို့]
လုယွမ်ယဲ့မှာ မျက်နှာသေဖြင့် နောက်ဆုံး မက်ဆေ့ခ်ျ
နှစ်ခုကို လျစ်လျူရှုလိုက်၏။
သူသည် အက်ပ်မှ ထွက်ရန် ပြင်ဆင်နေစဉ် We Chat တွင်
သူငယ်ချင်း တောင်းဆိုချက်တစ်ခု ပေါ်လာသည်။
[ရှီယိက မင်းရဲ့ သူငယ်ချင်း ဖြစ်ဖို့ တောင်းဆိုပါတယ်။]
အောက်တွင် အတူပါလာသည့် မှတ်ချက်ကို နှိပ်လိုက်သောအခါ
"မစ္စတာလု၊
ကျွန်တော်တို့ We Chat အပ် သင့်တယ်လို့ ကျွန်တော် ထင်တယ်"
ရှီယိ၏ ပရိုဖိုင်ပုံမှာ ရိုးရှင်းသော လိုင်းခြစ်များဖြင့်
ဆွဲထားသည့် ချိုးငှက်ပုံပါသော ဖေးယိ၏ လိုဂို ဖြစ်သည်။
လုယွမ်ယဲ့မှ မျက်ခုံးပင့်လိုက်၏။
သူ့မိုဘိုင်းဖုန်းနံပါတ်သည် သူ့ We Chat နံပါတ်ဖြစ်သောကြောင့်
ရှီယိ ရှာတွေ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ သို့သော် တစ်ဖက်လူမှ ဦးဆောင်ပြီး အပ်လိမ့်မည်ဟု
သူ မမျှော်လင့်ခဲ့ပေ။
ရှီယိမှာ ဖိတ်စာကို ရရှိပြီးနောက် ၎င်းနှင့် ပတ်သက်၍
မေးခွန်းများ ရှိနေနိုင်သည်။
သူသည် သူငယ်ချင်းများမှတစ်ဆင့် ရှီယိကို စုံစမ်းခဲ့ပြီး
စောင့်ဆိုင်းနေခဲ့၏။
သူက လူအများရှေ့တွင် တိတ်ဆိတ်ပြီး စကားနည်းသော ပုံရိပ်ရှိသည့်
ဤအိုမီဂါမှာ ကိုယ်ပိုင်ဘ၀တွင် အတော်လေး ပူးပေါင်း ဆောင်ရွက်မှုရှိမည်ဟု မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း ဆယ်မိနစ်ကြာပြီးနောက်တွင် ရှီယိမှာ
မည်သည့်အရာမျှ မပို့ခဲ့ပေ။
လုယွမ်ယဲ့မှ သူ၏ ဖန်ခွက်ကို မြှောက်လိုက်ပြီး လက်ဖက်ရည်ကို
နောက်တစ်ငုံ သောက်လိုက်သည်။ ရေခဲတုံးများသည် အရည်ပျော်သွားပြီး ရေစက်များ၏ ပါးလွှာသော
အလွှာတစ်ခုမှာ ဖန်ခွက်နံရံပေါ်တွင် ပေါ်နေ၏။
လုယွမ်ယဲ့မှ We Chat ကို ဖွင့်ကာ
ကျန်ရှိနေသေးသော စာရွက်စာတမ်းများကို ဆက်လက်လုပ်ဆောင်ပြီး
အတွင်းရေးမှူးထံ ပေးပို့လိုက်၏။ ခေတ္တအကြာတွင် မက်ဆေ့ခ်ျများ ပိုရောက်လာပြီး ရှီယိ၏
စကားပြောခန်းသည် အောက်ဆုံးသို့ ရောက်သွားလေ၏။
သူသည် ရှီယိ၏ စကားပြောခန်းကိုသာ ဖွင့်ကြည့်လိုက်ရသည်။
ထို့နောက် ရှီယိ၏ သူငယ်ချင်းများစာရင်းကို ဝင်ရောက်ကြည့်ရှုလိုက်၏။
၎င်းတွင် စာကြောင်းတစ်ကြောင်းတည်းသာ ပေါ်နေလျက်။
"သူငယ်ချင်းများသာ နောက်ဆုံး လှုပ်ရှားမှုများကို
မြင်နိုင်ပါသည်"
လုယွမ်ယဲ့မှာ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေရာမှ
ထွက်လာပြီး မက်ဆေ့ခ်ျ တစ်ခု ပို့လိုက်၏။
[လုယွမ်ယဲ့ : ကိစ္စ တစ်ခုခု ရှိလို့လား]
မိနစ်သုံးဆယ်ကြာပြီးနောက် လုယွမ်ယဲ့သည်
"အေ
အို လက်ထပ်ခြင်း စုစည်းမှု" ဆိုသည့် စာအုပ်ကို
စာမျက်နှာ နှစ်ဆယ်ခန့် ဖတ်ပြီးလေပြီ။
သို့သော် ရှီယိထံမှ ပြန်စာမလာသေးပေ။