Ch 17
Viewers 10k

​Chapter 17

 

"ကလင်!"

 

အသံတစ်ခုနှင့်အတူ ဖန်ခွက်မှာ စားပွဲဖြင့် ရိုက်မိပြီး ကျွတ်ဆက်သော အသံတစ်ခု ထွက်ပေါ်လာ၏။

 

လက်ဖက်စိမ်း လက်ဖက်ရည်ထဲတွင် အရွယ်အစား မတူညီသော ရေခဲတုံးများသည်  လေပူဖောင်း‌သေးသေးလေးများနှင့်အတူ ပေါ်နေ၏။

 

​"သူ ဘာဖြစ်နေတာလဲ"

 

လုယွမ်ယဲ့သည် မပြီးပြတ်သေးသော စာရွက်စာတမ်းများကို စိုက်ကြည့်နေ၏။ ကွန်ပျူတာဖွင့်ပြီး ဆယ်မိနစ်ခန့် ကြာသွားခဲ့ပြီ ဖြစ်သော်လည်း  စာတစ်မျက်နှာကိုပင် ဖတ်၍ မပြီးသေးပေ။

 

​သူ့အတွေးထဲသို့ သတိမထားမိစွာ ရောက်လာသော မြင်ကွင်းသည်  ရှီယိ၏ ခြေဗလာလေးမှာ ဖိနပ်အပါး‌လေး စီးထားပြီး ဖြူဖွေး‌နေသော ခြေသလုံးတွင် အပြာ‌ဖျော့ရောင် သွေးကြောလေးများ ယှက်ဖြာနေ၏။

ပွန်းပဲ့ရာများတွင် ဆေးအဆီများ လိမ်းထားပြီး  အကြည့်တစ်ချက်နှင့်ပင် နူးညံ့ပျက်ဆီးလွယ် ပုံရသည်။

 

​သူသည် ထိုခြေကျင်းဝတ်များကို ယခင်က ဆုပ်ကိုင်ခဲ့ဖူး၏။ သူ့လက်တစ်ဖက်တည်းဖြင့်ပင် ၎င်းတို့ကို အလွယ်တကူ ဆုပ်ကိုင်ထားနိုင်၏။

ရှီယိသည် အလွန် မသက်မသာ ခံစားခဲ့ရသော်လည်း သူ့ခွန်အားကို မခုခံနိုင်၍ ခေါင်းအုံးကို ကိုက်ကာ တိတ်တဆိတ် ငိုခဲ့ရသည်။

 

​ထို့အပြင် သူ၏ ထမင်းစားခန်းတွင် ထိုင်ပြီး သတိထား စားသောက်ပုံ၊ စောင့်ဆိုင်းခန်းမတွင် မတော်တဆ အိပ်ပျော်သွားပုံ၊ သူ့လက်မောင်းကို ဆုပ်ကိုင်ထားပုံများ အားလုံးမှာ သူ့အမြင်ထဲတွင် ပေါ်လာ၏။

 

​အနည်းငယ် စိတ်အနှောင့်အယှက်‌ဖြစ်ပြီး လုယွမ်ယဲ့မှာ အေးစက်နေပြီ ဖြစ်သော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်၏။ အေးစက်မှုသည် သူ့လည်ချောင်းထဲသို့ စီး၀င်သွားသော်လည်း ဆန့်ကျင်ဘက်အားဖြင့် သူ့ရင်ထဲရှိ ပြင်းပြသော စိတ်ခံစားမှုများကို ပိုမိုလှုံ့ဆော်ပေး‌နေခဲ့၏။

 

​သူသည် စားပွဲမှ အံဆွဲကို ဖွင့်လိုက်ပြီး သစ်သားသေတ္တာငယ်တစ်လုံးကို ထုတ်လိုက်၏။

သေတ္တာကို ဖွင့်လိုက်သောအခါ အနီရောင် ကတ္တီပါအဝတ်စပေါ်တွင် တင်ထားသော ကျောက်စိမ်းလက်စွပ် သေးသေးလေးတစ်ကွင်းကို မြင်လိုက်ရ၏။

 

​ဤ ကျောက်စိမ်းလက်စွပ်မှာ အခြားသော လက်စွပ်များထက် အနည်းငယ် ပို၍သေးငယ်ပြီး ဆွဲသီးမှ ချွတ်ထားသည့်အလား ရိုးရှင်းသော ပုံသဏ္ဍန် ရှိသည်ပင်။

 

​ကျောက်စိမ်းလက်စွပ်ကို သူ့လက်ထဲတွင် ကိုင်ထားချိန်၌ အေးမြသော အထိအတွေ့မှာ သူ့စိတ်ကို ငြိမ်သက်သွားစေသည်။

 

လွန်ခဲ့သော ​ဆယ်နှစ်ကျော်....ချစ်စဖွယ်ကောင်းပြီး ချောမောသော အိုမီဂါလေးသည် သူ့၏ မှတ်ဥာဏ်ထဲတွင် ပြုံးလျှက် ပေါ်လာ၏။

 

ကျောက်မျက်ဆွဲသီးနှင့်အတူ ဆွဲထားသော ကျောက်စိမ်းလက်စွပ်ကို ချွတ်၍ လုယွမ်ယဲ့ထံသို့ ပေးလိုက်သည်။

 

"ဒါက ကျွန်တော့်ရဲ့ ကံကောင်းခြင်း အဆောင်လေးပဲ၊ ခင်ဗျား ယူထားလိုက်ပါ၊ ဒါလေးက ခင်ဗျားကို နေ့တိုင်း ပျော်ရွှင်စေလိမ့်မယ်"

 

​လုယွမ်ယဲ့သည် ကျောက်စိမ်းလက်စွပ်ကို နှာခေါင်းနားကပ်၍ ရှူရှိုက်ကြည့်လိုက်၏။

 

သူမှ ချိုမြိန်သော မက်မွန်ရနံ့လေးကို ရလိုက်သည်ဟု ထင်မိလိုက်၏။

ထို အိုမီဂါငယ်လေး၏ ဂလင်းမှာ ဖယ်ရိုမုန်းများကို ထုတ်လွှတ်နေသော်လည်း  သူမှ ရနံ့များကို မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို သိပုံမရပေ။

 

သူ၏ ရုပ်ရည်၊ ရနံ့နှင့် စရိုက်လက္ခဏာများသည် သူ့ကို နူးညံ့သော ငှက်သိုက်မုန့်သကြားလုံးလေးကို သတိရစေ၏။

 

​၎င်းမှာ မြင်မြင်ခြင်း အချစ်ကဲ့သို့ပင်။

 

သူသည် ထို အိုမီဂါငယ်လေးကို မည်မျှကြာကြာ ရှာဖွေနေခဲ့သည်ကို မသိသကဲ့သို့ နှလုံးသားမှ ဝမ်းမြောက်ခြင်းနှင့် တောင့်တခြင်း ခံစားချက်များမှာ နှစ်ပေါင်းများစွာ မခံစားခဲ့ရသော အရာများဖြစ်သည်ကို သူ မသိပေ။

 

​၎င်းမှာ  စိတ်ကူးယဥ်ဆန်သော အချစ်ကဲ့သို့ မဖြစ်ခဲ့သော်လည်း  အချစ်ထက်ပို၍ နက်ရှိုင်းပြီး တန်ဖိုးရှိ၏။

 

​သူမှ စိတ်မသက်မသာ ဖြစ်သည့်အချိန်တိုင်း ဤကျောက်စိမ်း လက်စွပ်လေးကို ထုတ်ယူတတ်သည်။ ၎င်းမှာ ကလေးတစ်ယောက်၏ စိတ်ကို အေးချမ်းစေသည့် ခေါင်းအုံးလေး သို့မဟုတ် ငယ်စဉ်က နှစ်သက်ခဲ့ရသော စူပါဟီးရိုးတစ်ဦးကဲ့သို့ပင် သူ့ကို နှစ်သိမ့်ပေး၏။

 

​ထို အိုမီဂါတွင် အိမ်ထောင်ဖက် ရှိနေခဲ့လျှင်ပင် လုယွမ်ယဲ့မှ သူ့ကိုတွေ့ဆုံပြီး ဤနှစ်များအတွင်း သူ မည်သို့နေကြောင်း မေးမြန်းလိုသေး၏။

 

​သူသည် ကျောက်စိမ်းလက်စွပ်ကို စားပွဲ၏ အတွင်းဘက်အကျဆုံး အံဆွဲထံသို့ သေချာစွာ ထားလိုက်ပြီး တွန်းထည့်လိုက်သည်။

 

ဤပစ္စည်းလေးမှာ သူ့ကို ကျောင်းတတ်နေစဉ်၊ စစ်တပ်ထဲရောက်နေစဉ်၊ မိသားစု အငြင်းပွားမှုများကို ပြတ်သားစွာ ဖြေရှင်းနေချိန်သာမက နောက်ဆုံးတွင် ရက်စက်သော အယ်လ်ဖာတစ်ဦး ဖြစ်လာသည့် အချိန်ထိတိုင်အောင် သူနှင့်အတူ ရှိနေခဲ့၏။

 

 ၎င်းသည် လုယွမ်ယဲ့၏ အစစ်မှန်ဆုံးသော မျက်နှာကို မြင်ခဲ့ရ၏။

 

​သူ့အတွေးများ ရှုပ်ထွေးနေသဖြင့် အရေးကြီးသော အလုပ်များနှင့် ပတ်သက်၍ လုပ်ကိုင်ခြင်းကို ရပ်တန့်လိုက်လေသည်။

 

အလုပ်များအစား ကွန်ပျူတာထဲရှိ မေးလ်ကို နှိပ်ကာ တနင်္ဂနွေပိတ်ရက် တွေ့ဆုံပွဲအတွက် ဖိတ်ကြားစာကို ကြည့်လိုက်၏။

 

ဤအချိန်မှသာ ရှောင်တင်း ပြောခဲ့သော စကားကို သူ သတိရသည်။ သူ၏ ရင်းနှီးသော သူများထံ ဖိတ်စာပို့ရန်ပင်။

 

​သူ့အမေမှ ဖိတ်စာကို ပန်းရောင် ပူဖောင်းများနှင့် ပြည့်နေအောင် ဒီဇိုင်းဆွဲပေးခဲ့သည်။ ဖိတ်စာလက်ခံရရှိသူမှ ထိုဖိတ်စာအား နှိပ်လိုက်သောအချိန်တွင် အတောင်ပံပါသော ဝက်ကလေး နှစ်ကောင် ပေါ်လာလေ၏။

လုယွမ်ယဲ့မှ  လူအနည်းငယ်ကို ရွေးချယ်ပြီး ပို့ရန် မနှိပ်ခင်တွင် ရှီယိကိုပါ ရွေးချယ်သည့်စာရင်းသို့ ထည့်လိုက်၏။

 

​ချက်ချင်းဆိုသလိုပင် သူ့ဖုန်းသည် နှုတ်ခွန်းဆက်စကားများနှင့် ဆူညံသွားသည်။

လုပ်ငန်းနယ်ပယ်နှင့်  ရင်းနှီးသော သူများထံမှ ဖြစ်၏။

 

လုမိသားစုသည် အဓိပ္ပာယ်မဲ့သော တွေ့ဆုံပွဲများကို မည်သည့်အခါတွင်မှ မပြုလုပ်ခဲ့သဖြင့်

ဤကဲ့သို့ သူငယ်ချင်းများကို ရုတ်တရက် ဖိတ်ခေါ်ခြင်းမှာ အဓိပ္ပာယ် တစ်ခုတည်းသာ ရှိ၏။

 

ယင်းမှာ လုယွမ်ယဲ့ ဤ သံမဏိသစ်ပင်ကြီးမှာ နောက်ဆုံးတွင် ပန်းပွင့်လာခဲ့လေပြီ။

ကျောင်း၏ နာမည်ကြီး ကျောင်းမြက်လေးတွင် ပိုင်ရှင် ရှိနေပြီဟူ၍ ဖြစ်သည်။

 

သိုက်ရှင်းမှ တိုက်ရိုက် ဖုန်းခေါ်ခဲ့သော်လည်း လုယွမ်ယဲ့သည် ဖုန်းချလိုက်၏။

ထို့ကြောင့် သူသည် စာတိုများပို့ကာ အသိပေးချက်များကို ရမ်းသမ်း၍ ဗုံးကြဲသကဲ့သို့ ပို့ခဲ့၏။

 

​[ခန့်ညားတဲ့ သိုက် : ? ? ? ]

 

[ခန့်ညားတဲ့ သိုက် : ဘာတွေဖြစ်နေတာလဲ၊ ကြေညာချက် ထုတ်တာလား]

 

[ခန့်ညားတဲ့ သိုက် : ရှီမိသားစုက ကလေးလား၊ အတူ အိပ်ပြီးတော့ မင်း တာဝန်ယူလိုက်ပြီလား]

 

[ခန့်ညားတဲ့ သိုက် : မင်းရဲ့ အကျင့်နဲ့ဆိုရင် အဲဒါပဲဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ ဗိုလ်ကြီးလုရဲ့ ပထမဆုံးအကြိမ်လေ]

 

လုယွမ်ယဲ့၏ မျက်ခွံများ လှုပ်သွားလေသည်။

သိုက်ရှင်းမှာ စိတ်မချရသည့်ပုံ ပေါ်သော်လည်း ပြဿနာများကို ခွဲခြမ်းစိတ်ဖြာရာတွင် သူ၏ စိတ်မှာ အမြဲတမ်း မှန်ကန်သော လမ်းကြောင်းပေါ်တွင်  ရှိနေခဲ့၏။

 

​သူတို့နှစ်ဦးမှာ ယခင်က စစ်သားများအဖြစ် လေ့ကျင့်နေစဉ်၊ လုပ်ငန်းစဉ် တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။

 

သို့သော်လည်း သိုက်ရှင်းသည် ပြိုင်ဘက်၏ စစ်ဌာနချုပ်ထံသို့ လက်နက်ကြီးများကို တိုက်ရိုက် ပစ်မှတ်ထား၍ ပစ်နိုင်ခဲ့၏။

 

​အထက်မှ မျှော်လင့်ထားသော သုံးရက်တာ လေ့ကျင့်ရေးသည် တစ်ညတည်းဖြင့် အဆုံးသတ် သွားခဲ့၏။ တစ်ဖက်ရှိ တပ်မှူးမှာ အလွန် ဒေါသထွက်ကာ မုတ်ဆိတ်မွှေးများကို မှုတ်လိုက်ပြီး စူးစူးဝါးဝါး စိုက်ကြည့်ခဲ့သည်။

 

[လုယွမ်ယဲ့ : အင်း]

 

​သူက စကားလုံး တစ်လုံးကိုသာ ပို့လိုက်သော်လည်း သိုက်ရှင်းသည် ပင်ကိုယ်အသိစိတ်ဖြင့် အခြေအနေတစ်ခုလုံးကို လျင်မြန်စွာ နားလည်သွားသည်။ သူက ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ပြီး မလျော့သော စိတ်အားထက်သန်မှုများဖြင့် မေးခွန်းများကို ဗုံးကြဲသကဲ့သို့ ဆက်တိုက် ပို့နေခဲ့၏။

 

​[ခန့်ညားတဲ့ သိုက် : ရှီမိသားစုက ကလေးက တော်တော် ချောတယ်၊ အရင်က ကောလဟာလတွေ အားလုံးက အဲဒီ့ မိုက်ရိုင်းတဲ့ ဖန်းမုချင်းကပဲ လွှင့်ခဲ့တာ၊ ငါ ဘယ်တော့မှ မယုံခဲ့ဘူး]

 

​[ခန့်ညားတဲ့ သိုက် : မင်း လက်ထပ်ပြီးရင် ငါ ဖေးယိမှာ လျှော့စျေး ရနိုင်မလား၊ ရှချန်းက အဲ့ဒီက အဝတ်တွေကို သဘောကျတယ်၊ ငါ ဝယ်ပေးချင်လို့]

 

လုယွမ်ယဲ့မှာ မျက်နှာသေဖြင့် နောက်ဆုံး မက်ဆေ့ခ်ျ နှစ်ခုကို လျစ်လျူရှုလိုက်၏။

သူသည် အက်ပ်မှ ထွက်ရန် ပြင်ဆင်နေစဉ် We Chat တွင် သူငယ်ချင်း တောင်းဆိုချက်တစ်ခု ပေါ်လာသည်။

 

​[ရှီယိက မင်းရဲ့ သူငယ်ချင်း ဖြစ်ဖို့ တောင်းဆိုပါတယ်။]

 

အောက်တွင် အတူပါလာသည့် ​မှတ်ချက်ကို နှိပ်လိုက်သောအခါ

 

 "မစ္စတာလု၊ ကျွန်တော်တို့ We Chat အပ် သင့်တယ်လို့ ကျွန်တော် ထင်တယ်"

 

ရှီယိ၏ ပရိုဖိုင်ပုံမှာ ရိုးရှင်းသော လိုင်းခြစ်များဖြင့် ဆွဲထားသည့် ချိုးငှက်ပုံပါသော ဖေးယိ၏ လိုဂို ဖြစ်သည်။

 

​လုယွမ်ယဲ့မှ မျက်ခုံးပင့်လိုက်၏။

 

သူ့မိုဘိုင်းဖုန်းနံပါတ်သည် သူ့ We Chat နံပါတ်ဖြစ်သောကြောင့် ရှီယိ ရှာတွေ့ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ သို့သော် တစ်ဖက်လူမှ ဦးဆောင်ပြီး အပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

 

​ရှီယိမှာ ဖိတ်စာကို ရရှိပြီးနောက် ၎င်းနှင့် ပတ်သက်၍ မေးခွန်းများ ရှိနေနိုင်သည်။

 

​သူ​သည် သူငယ်ချင်းများမှတစ်ဆင့် ရှီယိကို စုံစမ်းခဲ့ပြီး စောင့်ဆိုင်းနေခဲ့၏။

သူက လူအများရှေ့တွင် တိတ်ဆိတ်ပြီး စကားနည်းသော ပုံရိပ်ရှိသည့် ဤအိုမီဂါမှာ ကိုယ်ပိုင်ဘ၀တွင် အတော်လေး ပူးပေါင်း ဆောင်ရွက်မှုရှိမည်ဟု မမျှော်လင့်ခဲ့ပေ။

 

​သို့သော်လည်း ဆယ်မိနစ်ကြာပြီးနောက်တွင် ရှီယိမှာ မည်သည့်အရာမျှ မပို့ခဲ့ပေ။

 

​လုယွမ်ယဲ့မှ သူ၏ ဖန်ခွက်ကို မြှောက်လိုက်ပြီး လက်ဖက်ရည်ကို နောက်တစ်ငုံ သောက်လိုက်သည်။ ရေခဲတုံးများသည် အရည်ပျော်သွားပြီး ရေစက်များ၏ ပါးလွှာသော အလွှာတစ်ခုမှာ ဖန်ခွက်နံရံပေါ်တွင် ပေါ်နေ၏။

 

​လုယွမ်ယဲ့မှ We Chat ကို ဖွင့်ကာ

ကျန်ရှိနေသေးသော စာရွက်စာတမ်းများကို ဆက်လက်လုပ်ဆောင်ပြီး အတွင်းရေးမှူးထံ ပေးပို့လိုက်၏။ ခေတ္တအကြာတွင် မက်ဆေ့ခ်ျများ ပိုရောက်လာပြီး ရှီယိ၏ စကားပြောခန်းသည် အောက်ဆုံးသို့ ရောက်သွားလေ၏။

 

​သူသည် ရှီယိ၏ စကားပြောခန်းကိုသာ ဖွင့်ကြည့်လိုက်ရသည်။ ထို့နောက် ရှီယိ၏ သူငယ်ချင်းများစာရင်းကို ဝင်ရောက်ကြည့်ရှုလိုက်၏။

၎င်းတွင် စာကြောင်းတစ်ကြောင်းတည်းသာ ပေါ်နေလျက်။

 

"သူငယ်ချင်းများသာ နောက်ဆုံး လှုပ်ရှားမှုများကို မြင်နိုင်ပါသည်"

 

​လုယွမ်ယဲ့မှာ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေရာမှ ထွက်လာပြီး မက်ဆေ့ခ်ျ တစ်ခု ပို့လိုက်၏။

 

​[လုယွမ်ယဲ့ : ကိစ္စ တစ်ခုခု ရှိလို့လား]

 

​မိနစ်သုံးဆယ်ကြာပြီးနောက် လုယွမ်ယဲ့သည်

 "အေ အို လက်ထပ်ခြင်း စုစည်းမှု" ဆိုသည့်  စာအုပ်ကို စာမျက်နှာ နှစ်ဆယ်ခန့် ဖတ်ပြီးလေပြီ။

 

သို့သော် ရှီယိထံမှ ပြန်စာမလာသေးပေ။