Ch 16
Viewers 10k

​Chapter 16

 

"မင်းက အရင်ဆုံး တက်နင်းလိုက်တာ ထင်ရှားနေတာကို ဘာလို့ မတောင်းပန်တာလဲ"

 

အိုမီဂါသည် သူ့ချစ်သူ၏လက်မောင်းကို ဆုပ်ကိုင်ပြီး မကျေမနပ် ပြောဆိုလိုက်၏။

 

​"ငါ သူ့ကို လုံးဝ မထိခဲ့ဘူး..."

 

အယ်လ်ဖာမှ တိုးတိုးလေး ညည်းတွားလိုက်လေသည်။

 

​"မင်း စိတ်လျှော့လိုက်ပါ၊ မဟုတ်ရင် ငါတို့ လက်မှတ်ရမှာ မဟုတ်ဘူး"

 

အိုမီဂါမှာ ခန်းမထဲမှ ပြေးထွက်သွားလေ၏။

 

​အယ်လ်ဖာမှာ စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီးနောက် သူ၏  အိုမီဂါနောက် လိုက်သွားသည်။

 

​ခဏတာအတွင်း လူတိုင်း၏ အာရုံစိုက်မှုများသည် ရှီယိနှင့်လုယွမ်ယဲ့ ထံသို့ ရောက်ရှိလာလေ၏။

 

​ရှီယိသည် ခြေချောင်းထိပ်လေးများကို လှုပ်ရှားလိုက်ပြီး ကိုယ့်ကိုယ်ကို တည့်မတ်အောင် ရပ်စေခဲ့၏။

 

 "ကျွန်တော် အများကြီး ပိုကောင်းနေပါပြီ၊ ခင်ဗျား ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး..."

 

လုယွမ်ယဲ့က ဖြတ်ပြောလိုက်၏။

 

​"တောင်းပန်ပါတယ်"

 

​ရှီယိ : ဟင်…

 

လုယွမ်ယဲ့သည် ထပ်မံ ပြောလိုက်၏။

 

​"နောက်သုံးနှစ်အတွက် မင်းရဲ့ လုံခြုံမှုကို ဂရုစိုက်ပေးရမယ့် တာဝန် ကိုယ့်မှာ ရှိတယ်လို့ သဘောတူညီချက်မှာ ရေးထားတယ်၊ ဒီလိုကိစ္စမျိုး နောက်ထပ် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"

 

"ခင်ဗျား ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး"

 

ရှီယီမှ ပြုံးပြီး ပြန်ဖြေလိုက်သည်။

 

 "လက်ထပ်ပြီဆိုကတည်းက နှစ်ယောက်လုံးက အတူတူပါပဲ၊ ခင်ဗျား ကျွန်တော့်ကို လိုက်လျောနေဖို့ မလိုအပ်ပါဘူး"

 

​"ကိုယ်က အယ်လ်ဖာတစ်ယောက်အနေနဲ့ ကိုယ့် တာဝန်တွေကို လုပ်နေတာပါ"

 

လုယွမ်ယဲ့မှ သူ့ကို  မတ်မတ်ရပ်စေလိုက်သည်။

 

"ဒီ အကြောင်းကိုလည်း ကိုယ် ဖြည်းဖြည်းချင်း သင်ယူနေပါတယ်"

 

​ရှီယီ : " ... ငါတော့ ဒီ လူပုံစံစက်ရုပ်ကို စကား ဆက်မပြောနိုင်တော့ဘူး"

 

​ခန်းမရှိ အစီအစဉ်များသည် သေးငယ်သော ဤဖြစ်ရပ်ဖြစ်ပြီးနောက် လျင်မြန်စွာ တည်ငြိမ်သွားပြီး တန်းစီစောင့်ဆိုင်းရသည့် အရှိန်မှာလည်း များစွာ  ပိုမြန်လာခဲ့၏။

 

​"မစ္စတာလု ၊မစ္စတာရှီ ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ မျက်နှာဖုံးတွေကို ချွတ်ပြီး ကင်မရာကို ကြည့်ပေးပါ"

 

 ဓာတ်ပုံဆရာသည် သူ့လက်ကို ကင်မရာနောက်ကွယ်မှ ဝှေ့ယမ်းပြလိုက်၏။

 

 "ခင်ဗျားတို့ နှစ်ယောက်က အရမ်း၀ေးနေတာ မကောင်းဘူး ပိုပြီး နီးနီးကပ်ကပ်‌နေပေးပါ"

 

​"လာပါ၊ ပြုံးလိုက်ပါအုံး"

 

​"...ထားလိုက်ပါတော့၊ ဒီလိုဆိုလည်း အဆင်ပြေပါတယ်... ခင်ဗျားတို့ နှစ်ယောက်လုံး မပြုံးရင်တောင် ကြည့်ကောင်းနေပါတယ် ..."

 

ကင်မရာသည် ကလစ်နှိပ်သံ အနည်းငယ်ဖြင့် သူတို့နှစ်ဦးကို သေးငယ်သော လေးထောင့်ဘောင်ထဲတွင် ရိုက်ကူးလိုက်သည်။ တောက်ပသော အနီရောင် နောက်ခံနှင့်အတူ သူတို့၏ အနက်ရောင်နှင့် အဖြူရောင် ရှပ်အင်္ကျီများသည် အမှတ်မထင် တစ်ခုနှင့်တစ်ခု လိုက်ဖက်နေခဲ့၏။

 

​"ဒီမှာ ခင်ဗျားတို့ရဲ့ စာရွက်စာတမ်းတွေပါ"

 

​သန့်ရှင်းပြီး လန်းဆန်းသည့် ဓာတ်ပုံများမှာ လုယွမ်ယဲ့၏ အရာရာကို အစွဲအလမ်းကြီးပြီး စည်းကမ်းတကျဖြစ်လိုသော အကျင့်များနှင့် ကိုက်ညီနေလေ၏။ သူသည် သက်သေခံကတ်ပြားများကို ကျေနပ်စွာ ဘေးချထားလိုက်ပြီး တစ်ခုကို ရှီယိ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

 

"မဆိုးပါဘူး"

 

​ရှီယိမှာ ပါးလွှာသော အနီရောင်စာအုပ်လေးကို ကြည့်လိုက်ရင်း သူသည် ကိုယ့်ကိုယ်ကို ငှားရမ်းထားသည့် စာချုပ်တွင် ယခုပင် လက်မှတ်ထိုးလိုက်သကဲ့သို့  ခံစားလိုက်ရ၏။

 

သို့သော်လည်း အဆင်ပြေပါသည်။

 

သုံးနှစ်ဆိုသည့် အချိန်သည် ဖေးယိကို အမြင့်ဆုံး အခြေအနေသစ်ထံသို့ ဦးဆောင်ရန်အတွက် လုံလောက်သော အချိန်ဖြစ်၏။

 

သူသည် ရှီမိသားစု၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် ရှု၀ိန်ကို ခေါ်ထုတ်ပြီး သူ့ဖေဖေကြိုက်သည့် နေရာတွင် သူတို့ နေထိုင်ကြမည်။

 

"သွားရအောင်"

 

လုယွမ်ယဲ့မှ မတ်တပ်ရပ်လိုက်သည်။

 

 "ကိုယ့် နေရာမှာ အရင်နေလိုက်ပါ၊ မင်းရဲ့ ပစ္စည်းတွေကို ကောင်းရိန်ကို မနက်ဖြန်မှ သွားယူခိုင်းလိုက်မယ်"

 

​သူ ကိုယ့်ကိုယ်ကို ရောင်းချလိုက် ပြီးသည့်နောက်တွင် ရှီယိမှာ ခေါင်းညိတ်ရန်သာ တတ်နိုင်၏။

 

သူသည် သက်သေခံကတ်ပြားကို ထည့်ပြီး လုယွမ်ယဲ့ အနောက်ကို လိုက်ရန် မတ်တပ်ရပ်လိုက်သော်လည်း အကြာကြီး ထိုင်နေခဲ့ရသဖြင့် ဒဏ်ရာရနေသော ခြေထောက်မှာ ထုံကျင်နေပြီး ယိုင်လဲကျလုနီးနီး ဖြစ်သွားလေသည်။

 

​ကောင်တာရှိ ဝန်ထမ်းတွေသည် ထိတ်လန့်စွာ အော်ဟစ်လိုက်မိကြ၏။ ထို့နောက် အရပ်ရှည်သော အယ်လ်ဖာမှ သူ့ လက်တွဲဖော်၏ခါးကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲပြီး သူ့ဘက်သို့ ဆွဲယူလိုက်သည်ကို မြင်လိုက်ရ၏။

 

လုယွမ်ယဲ့သည် မျက်မှောင်ကြုတ်လိုက်မိ၏။

 

"မင်းပြောတော့ ပိုကောင်းလာပြီဆို"

 

ရှီယိမှ ရှက်ရွံ့စွာ ပြန်ဖြေမိလိုက်သည်။

 

​"ဒါက အကြာကြီး ထိုင်နေခဲ့လို့ နည်းနည်းထုံသွားတာပါ"

 

​နောက်ဆုံးတွင်တော့ လုယွမ်ယဲ့၏ ဗီလာထံသို့ ပြန်ရောက်လာသည်။ ဦးလေးဝမ်မှ ညစာကို အဆင်သင့် စီစဉ်ထားပြီး ဖြစ်၏။ သာမန်လူကောင်းတစ်ယောက်နှင့် မကွာခြားဘူးဆိုသည်ကို  ပြသရန်  ရှီယိသည် သူ့ခြေထောက်၏ မအီမသာဖြစ်မှုကို သည်းခံကာ လုယွမ်ယဲ့နှင့်အတူ ညစာ စားခဲ့လေ၏။

 

​သူသာ နာကျင်မှုကို ဖော်ပြလိုက်လျှင် လုယွမ်ယဲ့ သည် ဆရာ၀န်တစ်ယောက်ကို သေချာပေါက် ခေါ်လိမ့်မည် ဆိုသည်ကို သူသိ၏။ ဤသည်မှာ စက်ရုပ်ကဲ့သို့သောလူသားကို သူသက်သာကြောင်း လှည့်စားခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်သည်။

 

နှစ်များ ကြာလာသည်နှင့်အမျှ ရှီယိသည် သူ့ဘဝကို

သူကိုယ်တိုင် ဂရုစိုက်ရန် အကျင့်ဖြစ်နေခဲ့၏။

သူ့၏ အသက် ဆယ့်ငါးနှစ်ပြည့်ပြီးနောက် သူသည် သူ့ ဖေဖေရှီ၀ိန်ကို ဂရုစိုက်ရင်းဖြင့် ရှီမိသားစုနှင့် ရင်ဆိုင်ခဲ့ရ၏။

 

​သေးငယ်သည့် မကျန်းမာမှုများနှင့်  နာကျင်မှုများသည် အချိန်တန်လျှင် ပျောက်သွားလိမ့်မည်။ ဤသို့ သေးငယ်သော ကိစ္စလေးများအတွက် တခြားသူကို အနှောင့်အယှက်ပေးရန် မလိုအပ်ပါပေ။

 

​"မင်း ပင်ပန်းနေရင် စောစော သွားနားလိုက်ပါ"

 

လုယွမ်ယဲ့သည် သူ၏နှုတ်ခမ်းကို တစ်ရှုးဖြင့် သုတ်လျှက် ပြောလိုက်သည်။

 

 "ငါ ဝသွားပြီ။"

 

​ရှီယိသည် သူ့ပန်းကန်တွင် ကျန်နေသော ဘဲအသည်းကင်နှင့် ပဲများကို ကြည့်ပြီး ပြောလိုက်သည်။

 

"ကောင်းပါပြီ"

 

​"မလိုအပ်တဲ့ ကိစ္စတွေ ရှောင်ရှားနိုင်ဖို့ ကိုယ်တို့ လက်ထပ်ပြီးရင်တောင်မှ အခန်းခွဲပြီးပဲ အိပ်ကြမယ်"

 

 လုယွမ်ယဲ့သည် ဆက်ပြော၏။

 

"ဦးလေးဝမ်က အရင်တုန်းက လာခဲ့တဲ့ ဧည့်သည်အခန်းကို သန့်ရှင်းပြီး စီစဉ်ပေးပြီးသား"

 

​"အင်း"

 

ရှီယိ ခေါင်းညိတ်လိုက်၏။

 

 "တခြား ဘာမှ မရှိရင် ကျွန်တော် အပေါ်ထပ်ကို သွားတော့မယ်"

 

​"ဗီရိုထဲမှာ သွေးလည်ပတ်မှုကို အားကောင်းစေပြီး သွေးခဲတာကို ဖယ်ရှားပေးနိုင်တဲ့ ဆေးအဆီနဲ့ လိမ်းဆေး ရှိတယ်"

 

​ရှီယိ ခေတ္တမျှ တောင့်ခဲသွားပြီး ဖြည်းဖြည်းချင်း လှေကားပေါ် တက်သွားခဲ့သည်။

မေးရိုးကို တင်းတင်းကြိတ်မိလျှက် ကုတင်အစွန်းတွင် ထိုင်လိုက်၏။

 

​သူက ခြေအိတ်များကို သတိထားပြီး ချွတ်လိုက်သည်။ ဒဏ်ရာသည်ကား တကယ့်ကိုပင် ဖူးယောင်နေပြီး ခရမ်းရောင် ဖြစ်နေခဲ့၏။

 

​ရှီယိသည် ခုတင်ဘေးမှ စားပွဲငယ်ကို ဖွင့်လိုက်၏။ ဆေးအဆီနှင့် အညိုအမဲလိမ်းဆေးကို တွေ့လိုက်ရသည်။

 

သူ နောက်ဆုံးတစ်ခေါက် လာခဲ့ချိန်တွင် ဤဆေးဘူး မရှိခဲ့ပေ။ ထိုကြောင့် လုယွမ်ယဲ့မှ တစ်ယောက်ယောက်အား ထားခိုင်းခဲ့ခြင်း ဖြစ်လိမ့်မည်။

 

သူသည် ဆေးအဆီကို ပွတ်လိမ်းနေတုန်းတွင် တံခါးခေါက်သံတစ်ခု ကြားလိုက်ရ၏။

 

 ရှီယိမှ သူ့၏ ချွတ်ထားသော ဖိနပ်ပါးပေါ် နင်း၍ သွားရန်သာ ရွေးချယ်စရာ ရှိသည်။

တံခါးကို ဖွင့်လိုက်သည့်အခါ အပြင်တွင် ရပ်နေသော လုယွမ်ယဲ့ကို တွေ့လိုက်ရ၏။

 

​ရှီယိ မေးလိုက်သည်

 

 "တစ်ခုခု ဖြစ်လို့လား"

 

လုယွမ်ယဲ့သည် သူ့၏ ခြေ‌ဗလာကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

 

"ဘာမှ မဖြစ်ပါဘူး"

 

 ရှီယိမှ ပြောလိုက်သည်။

 

"အိုး... ဒါဆိုလည်း ကောင်းသောညပါ"

 

​"အအေးမမိပါစေနဲ့"

 

လုယွမ်ယဲ့သည် ပြောကာ အောက်သို့ ထပ်မံ၍ တစ်ချက်ငုံ့ကြည့်လိုက်ပြီး သူ့၏ စာကြည့်ခန်းထံသို့ လျှောက်သွား၏။

 

"​အအေးမိမယ်"

 

ရှီယိသည် တွေ၀ေစွာ နံရံတွင် ချိတ်ထားသော သာမိုမီတာကို ကြည့်လိုက်၏။ အပူချိန်မှာ သုံးဆယ် ဒီဂရီနီးပါး ရှိနေသည်ပင်။