Ch 13
Viewers 10k

Chapter 13

ရှီသုသည် ရှီယိ၏ ဒုတိယအကိုဖြစ်ပြီး ရှီယွမ်၏ မိခင်မှ မွေးဖွားသူလည်း ဖြစ်၏။ အယ်လ်ဖာတစ်ယောက်အနေဖြင့် သူသည် ရှီယွမ်ထက် ပို၍ နူးညံ့ဟန်ရှိသော်လည်း ရှီယိကတော့ ဤသည်မှာ အပေါ်ယံသာဖြစ်ကြောင်း သိ၏။ သူက ပို၍ပင် ကြောက်စရာကောင်းပြီး သိုးရေခြုံသော ဝံပုလွေမျိုး ဖြစ်သည်။

ရှီယိ မျက်မှောင်ကြုတ်ကာ ရှုဝိန်ကို ဦးစွာ ဖုန်းခေါ်သော်လည်း မည်သူမျှ မကိုင်ပေ။

ရှုဝိန်၏ ခန္ဓာကိုယ်မှာ အခြေခံအားဖြင့် ပျက်စီးနေသောကြောင့် ဖျားနာခြင်း သို့မဟုတ် အအေးမိခြင်းမှာ ပုံမှန်ဖြစ်၏။ သို့သော်လည်း ဤအခြေအနေမျိုးတွင် ရုတ်တရက် ဖျားနာခြင်းမှာ အလွန် ထူးဆန်းနေသည်။ သူမှ လုယွမ်ယဲ့၏ အိမ်မှ ထွက်လာခဲ့ပြီး ဖေးယိသို့ ရောက်သော နာရီဝက်အတွင်းမှာပင် ရှီသုမှ ဖုန်းခေါ်လာခဲ့၏။

ထိုအရာမှာ တစ်စုံတစ်ယောက်မှ သူ့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။

သူ့တွင် မကောင်းသော ခန့်မှန်းချက်ရှိသော်လည်း ရှီယိမှာ ရှုဝိန်အား ပစ်ထား၍ မဖြစ်ပေ။ သူသည် ကျန်ရှိနေသည့် အလုပ်များကို အလျင်စလို အဆုံးသတ်ပြီး သူကိုယ်တိုင်ပင် ကားမောင်း၍ ရှီမိသားစုအိမ်သို့ သွားခဲ့၏။

လုယွမ်ယဲ့၏ ဥယျာဉ်ခြံဝင်းပါ ဗီလာနှင့် နှိုင်းယှဉ်ပါက ရှီမိသားစုအိမ်မှာ ပို၍ အေးစက်နေသည်။ အနီးရှိ သစ်ပင်များမှာ မထိမကိုင်ဘဲ ထားခဲ့သည့်အတွက် နေရောင်ခြည်ကို တဖြည်းဖြည်း ပိတ်ဆို့နေ၏။ ရှီကျင်းပန်သည် နယ်မြေပိုင်ဆိုင်လိုစိတ် ပြင်းပြသောကြောင့် ယခင်က အလုပ်ခန့်ထားသည့် အိမ်အကူများမှာ မည်သူမျှ မနေနိုင်ခဲ့ကြပေ။ ရှုဝိန်သည် ပုံမှန်အားဖြင့် ဥယျာဉ်များကို ပြုစုစောင့်ရှောက်ပေးလေ့ ရှိသော်လည်း သူဖျားနာသွားပြီးနောက်တွင် ထိုနေရာသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာခဲ့၏။

ရှုဝိန်သည် ယခင်က အကြိမ်များစွာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အမြဲတ‌စေပင် ပြန်ဖမ်းလာခြင်း ခံခဲ့ရ၏။ ထိုအချိန်မှစ၍ သူတို့အိမ်၏ ခြံစည်းရိုးတွင် ဓာတ်အားလိုင်းတစ်ခု တပ်ဆင်ထားသောကြောင့် အပြင်ဘက်မှ ကြည့်လျှင် ပို၍ပင် ထူးဆန်းမှု ရှိနေခဲ့သည်။

ရှီယိမှ ကားကို ခြံဝင်းအပြင်ဘက်တွင် ရပ်ပြီး ဖြောင့်မတ်စွာ လျှောက်ဝင်သွားခဲ့သည်။ ရှီကျင်းပန်သည် ဧည့်ခန်းထဲတွင် မည်းမှောင်နေသော မျက်နှာဖြင့် ထိုင်နေကာ စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။

ရှီယွမ်သည် ဆူညံသံကိုကြား၍ အပေါ်ထပ်မှ ဆင်းလာသည့်အခါ သူ့ကို အော်ဟစ်ပြောဆိုခဲ့၏။ 

“မင်း ပြန်လာရဲအောင် မျက်နှာပြောင်လှချည်လား၊ ပြဿနာရှာတဲ့အတွက် အဖေ့ကို ဘာလို့ မြန်မြန် မတောင်းပန်‌သေးတာလည်း”

“ဖေဖေ ဘယ်မှာလဲ” 

ရှီယိ၏ လေသံမှာ အေးစက်နေသည်။

ရှီယွမ်သည် နောက်ဆုံးတွင် သူ့၏ အားနည်းချက်ကို ဖမ်းမိသွားသကဲ့သို့ ပြုံးပြလိုက်၏။ 

“သေပြီပေါ့”

ရှီယိသည် ရှီယွမ်ထံသို့ အမူအရာမဲ့စွာ လျှောက်သွားကာ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည်။

အိုမီဂါနှင့် အယ်လ်ဖာကြား အရွယ်အစား ကွာခြားမှု ကြီးမားသော်လည်း ရှီယွမ်သည် ထိုလက်သီးချက်ကြောင့် တုံ့ပြန်နိုင်ခြင်းမရှိဘဲ ခဏတာမျှ နောက်သို့ ယိုင်လဲသွားခဲ့၏။

“မင်းလို လူမိုက်လေးကများ ငါ့ကို ထိုးရဲတယ်ပေါ့” 

ရှီယွမ်သည် အော်ဟစ်လိုက်ပြီး သူ၏ အယ်လ်ဖာဖယ်ရိုမုန်းများမှာ ပြင်းထန်စွာ ထွက်ပေါ်လာ၏။

ရှီယိ မျက်မှောင်ကြုတ်ပြီး နောက်သို့ တစ်ဝက်ခန့် ဆုတ်လိုက်ကာ သူ့တွင် များစွာ အကျိုးသက်ရောက်မှု မရှိကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူ့လည်ကုပ်နောက်ရှိ ဂလင်းအကျိတ်(Gland) မှာ အနည်းငယ် ပူလာပြီး လုယွမ်ယဲ့၏ ထင်းရှူးအနံ့ ဖယ်ရိုမုန်းမှ သူ့ကို ညင်သာစွာ ဝန်းရံထားကာ အခြား အယ်လ်ဖာများ၏ ဖယ်ရိုမုန်းများကို ပိတ်ဆို့ထား၏။

ယာယီ အမှတ်အသားမှာ သက်တမ်းမကုန်သေးပေ။ S အဆင့် အယ်လ်ဖာတစ်ဦး၏ အမှတ်အသားသည် အချုပ်အခြာအာဏာ၏ ကတိသစ္စာကဲ့သို့ သူ့အား ဝန်းရံထားကာ ဤမျှကြာကြာခံလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ရှီယိ အတွင်းစိတ်မှ အံ့အားသင့်နေခဲ့သည်။

ရှီယွမ်၏ အံ့အားသင့်မှုကို အခွင့်ကောင်းယူ၍ ရှီယိသည် သူ၏ ခြေတံရှည်များကို မြှောက်ပြီး သူ့ကို ဘေးသို့ ကန်ထုတ်လိုက်၏။

“ရှီယိ၊ မင်း ရူးနေပြီ”

ရှီကျင်းပန်မှ ဆူပူကြိမ်းမောင်းလိုက်သည်။

“မင်း အကိုကို မြန်မြန်တောင်းပန်စမ်း”

“သူက ကျွန်တော့်ကို ဖန်းမုချင်းရဲ့ အခန်းထဲ ထည့်ပိတ်ထားတာကျတော့၊ ဘယ်သူက ကျွန်တော့်ကို တောင်းပန်မှာလဲ” 

ရှီယိ၏ အသံမှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ ဒေါသကို သူ၏ မှိန်နေသော မျက်လုံးနီများမှသာ မြင်နိုင်သည်ပင်။

“အကို၊ ရှောင်ယိ ခုမှ ပြန်လာတာ၊ အကိုက ဘာလို့ သူ့ကို စကားလုံးတွေနဲ့ တမင်တကာ ပြဿနာရှာနေရတာလဲ” 

ဤပြက်လုံး ပြီးတော့မည့် အခြေအနေကို မြင်သောအခါ ရှီမိသားစု၏ ဒုတိယအကိုသည် စာကြည့်ခန်းတံခါးကို ဖွင့်လိုက်ပြီး အေးအေးလူလူ လျှောက်ထွက်လာသည်။

ရှီသုမှာ ရှီယိဘေးသို့ လျှောက်လာပြီး သူ့ကို ဆွဲထုတ်လိုက်၏။ 

“လာ၊ ဖေဖေ့ကို အရင်သွားကြည့်ရအောင်”

ရှီယိမှ သူ့ကို အေးစက်သော အကြည့်ဖြင့် ကြည့်ပြီး ရှီသု၏ လက်ကို ခါချကာ အပေါ်ထပ်သို့ တက်သွားသည်။

ရှုဝိန်၏ အခန်းတံခါးသည် တင်းတင်းကျပ်ကျပ် ပိတ်ထားသောကြောင့် အလင်းရောင် မဝင်နိုင်ပေ။ အထဲသို့ ဝင်ရောက်ပြီးနောက်တွင်တော့ လိုက်ကာများပင် ဖွင့်ထားခြင်း မရှိသည်ကို တွေ့ရှိရ၏။

နေရောင်ခြည်သည် သူ့ကို ထိခိုက်စေမည်အား စိုးသောကြောင့် ရှီယိမှာ ညမီး၏ အလင်းရောင် အပျော့စားကိုသာ ဖွင့်လိုက်ရ၏။ ရှုဝိန်၏ မျက်နှာမှာ အလွန်ဖြူဖျော့နေပြီး ထင်ရှားနေသော အသားအရေပေါ်တွင် အစိမ်းနှင့် အနီရောင် အမှတ်အသားများ ဖုံးလွှမ်းနေသည်။

“ဖေဖေ၊ ရှီကျင်းပန်… ထပ်ပြီး…” 

ရှီယိသည် လက်သီးများကို ဆုပ်ထားပြီး အောက်ထပ်ရှိ အယ်လ်ဖာများကို အပိုင်းပိုင်းဖြတ်ပစ်ချင်စိတ် ဖြစ်ပေါ်နေ၏။

“ဖေဖေက heat ကာလဖြစ်နေလို့၊ ဖယ်ရိုမုန်းတွေကို မထိန်းချုပ်နိုင်ခဲ့လို့ပါ” 

ရှုဝိန်၏ နှုတ်ခမ်းများမှာ ညို့မှိုင်း၍ အက်ကွဲနေသည်။ 

“ရှောင်ယိ၊ ဒီရက်ပိုင်း မင်း ပင်ပန်းခဲ့ပြီ”

အကျဉ်းချခံရပြီးနောက် ရှုဝိန်သည် ပြင်ပကိစ္စများအကြောင်းကို အချိန်အတော်ကြာအောင် မေးမြန်းခြင်း မရှိတော့ပေ။မိဘတစ်ဦးအနေဖြင့် သူ့ကလေး အပြင်တွင် မတရားခံနေရသည်ကို သိပါလျက် မကူညီနိုင်ခြင်းသည် သူ့၏ အကြီးမားဆုံးသော ဝမ်းနည်းပူဆွေးမှုပင် ဖြစ်၏။

“ကျွန်တော်… ကျွန်တော် အဆင်ပြေပါတယ်” 

ရှီယိက မျက်တောင်ခတ်လိုက်သည်။ 

“အရမ်းအသုံးဝင်တဲ့ အာဟာရဖြည့်စွက်စာ တစ်ခုကို ကျွန်တော် စမ်းကြည့်ခဲ့တယ်၊ အဲဒါ ချိုတယ်၊ နောက်မှ ဖေဖေ မြည်းစမ်းဖို့ ဝယ်ခဲ့ပါ့မယ်”

သူသည် စားပွဲပေါ်ရှိ ဂွမ်းတံကို ကောက်ယူကာ ရေစွတ်ပြီး ရှုဝိန်၏ နှုတ်ခမ်းများကို အစိုဓာတ်ပေးလိုက်ကာ သူ၏ မျက်ဝန်းထောင့်မှ စိုစွတ်မှုများ တဖြည်းဖြည်း ပျံ့နှံ့လာ၏။

“အင်း” 

ရှုဝိန်မှ ရှီယိ၏ ပါးကို ထိလိုက်သည်။ 

“ရှီကျင်းပန်က သူ၏ ထိခိုက်လွယ်တဲ့ ကာလတွေကို ဖြတ်ကျော်နိုင်ဖို့ ဖေဖေရဲ့ အကူအညီကို လိုအပ်နေသေးတယ်၊ အခုချိန်ထိတော့ ဖေဖေ့ကို ဘာမှ လုပ်မှာ မဟုတ်သေးပါဘူး၊ သားလုပ်ချင်တာကို လုပ်ပါ၊ ဖေဖေကို စိတ်မပူပါနဲ့”

သူသည် အသက် တစ်ဆယ့်ရှစ်နှစ်တွင် သူ၏ ဂလင်းအကျိတ် များ ရင့်ကျက်ခါစ၌ ရှီယိကို မွေးဖွားခဲ့ပြီး ရှီကျင်းပန်နှင့် အနှစ် ၂၀ ကျော်ကြာ ရောထွေးနေခဲ့သည်၊ သူ မည်သို့ပင် ခံစားရပါစေ၊ သူ၏ ခန္ဓာကိုယ်သည် အခြားသူနှင့် အကျွမ်းတဝင်ရှိနေသည်မှာ ကြာခဲ့ပြီဖြစ်၏။

ကွဲပြားမှုအဆင့် မြင့်လေလေ၊ ထိခိုက်လွယ်သောကာလ အတွင်း အယ်လ်ဖာ၏ တုံ့ပြန်မှု ပိုပြင်းထန်လေလေ ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ထိခိုက်လွယ်သောကာလ ဆိုသည်မှာ အယ်လ်ဖာများသည် သူတို့၏ လက်တွဲဖော်များထံမှ လုံလောက်သော အာရုံစိုက်မှု မရရှိသည့်အခါ ဖြစ်ပေါ်လာသော စိတ်ဖိစီးမှု တုံ့ပြန်မှုတစ်ခု ဖြစ်သည်။

သဟဇာတဖြစ်သော ဆက်ဆံရေးရှိသည့် စုံတွဲများမှာ အခြေခံအားဖြင့် ဤပြဿနာနှင့် ရင်ဆိုင်ရမည်မဟုတ်ပေ။

“ကျွန်တော် နားလည်ပါတယ် ဖေဖေ” 

ရှီယိသည် သူ၏ လက်ကို ကိုင်လိုက်၏။ 

“ကျွန်တော့်ကို အချိန် နည်းနည်းလေး ပိုပေးပါဦး”

“ဖေဖေ့ဆီက အမှတ်အသားတွေကို ကျွန်တော် ဆေးကြောဖို့ ခေါ်သွားမယ်၊ ရှီကျင်းပန်ရဲ့ နှောင့်ယှက်မှု မရှိဘဲ နေထိုင်ဖို့ နေရာတစ်ခု ရှာကြမယ်”

ရှီယိ အောက်ထပ်သို့ ပြန်ဆင်းသွားသောအခါ အေးဆေးတည်ငြိမ်သွားပြီ ဖြစ်သည်။ သူ၏ မျက်လုံးများရှိ နီမြန်းမှုမှာ လုံးဝ ပျောက်ကွယ်သွားပြီး အေးစက်သော အသွင်အပြင်သို့ ပြန်ရောက်လာခဲ့သည်။

ရှီယွမ်သည် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် လဲလျောင်းကာ ရေခဲအိတ် ကပ်နေ၏။ သူလာသည်ကို မြင်သောအခါ သူ၏ လည်ကုပ်နောက်ရှိ အမှတ်အသားကို ကြောက်ရွံ့သကဲ့သို့ ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။

“ရှောင်ယိ၊ မင်းရဲ့ အကိုက စကားပြော မတတ်ဘူး၊ သူနဲ့ လိုက်ပြီး အဆင့်မလျှော့ပါနဲ့” 

ရှီသုမှ ပြုံးပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။

“လာ၊ အရင် သောက်လိုက်ဦး”

“မလိုဘူး” 

ရှီယိက လှည့်ထွက်သွားသည်။ 

“ဖေဖေ့ကို နောက်မှ ထပ်လာတွေ့မယ်”

“ရှောင်ယိ၊ မင်းခန္ဓာကိုယ်ပေါ်က အမှတ်အသားကို လုယွမ်ယဲ့ ပေးထားတာလား” 

ရှီသုမှ သူ့ကို တားလိုက်သည်။ 

“ဒီလို ကိစ္စကြီးကို မိသားစုကို မပြောဘူးလား”

“လု နာမည်ခံ မိသားစု ဓလေ့က အရမ်းကို ရှေးရိုးစွဲတယ်၊ မင်း ဒါကို ကိစ္စကြီးတစ်ခု လုပ်ပြီး လုမိသားစုထဲကို လက်ထပ်ဝင်ရောက်လိုက်ရင် ငါတို့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်”

ရှီကျင်းပန်မှာ လေသံတိုးတိုးဖြင့်သာ စကားပြောသော်လည်း ဖိနှိပ်မှုများ ပါဝင်နေသည်။

ဖန်းမိသားစု ရုတ်တရက် ကျဆုံးမှုမှာ သူ့ကို လူထုထင်မြင်ချက်၏ စွမ်းအားကို မြင်စေခဲ့သည်။ လုမိသားစုသည် အမြဲတမ်း ဖြောင့်မတ်ပြီး တင်းကြပ်၏။ သူတို့သည် လုယွမ်ယဲ့မှ အိုမီဂါတစ်ဦးကို အမှတ်အသားပြုခြင်းကိစ္စကို ပျံ့နှံ့ပြီး မိသားစုဂုဏ်ကို ဖျက်ဆီးမည်ကို အမှန်ပင် မလိုချင်ကြပေ။

“မင်းအတွက် ခက်ခဲနေတယ်ဆိုရင် မင်းရဲ့ ဒုတိယအကိုကို အကူအညီတောင်းလို့ရတယ်” 

ရှီကျင်းပန်မှ ဆက်ပြော၏။

“ဟုတ်တယ် ရှောင်ယိ၊ လုမိသားစုက လှည့်ကွက်တွေကို ရှာမတွေ့နိုင်အောင် လုံခြုံမှုရှိတဲ့ နည်းလမ်းနဲ့ လုပ်ပေးမယ်လို့ ငါတို့ ကတိပေးပါတယ်” 

ရှီသုသည် နှစ်ချက် ရယ်မောလိုက်သော်လည်း သူ၏ မျက်မှန်အောက်ရှိ မျက်လုံးများတွင် မည်သည့် ခံစားချက်မျှ မရှိပေ။

ရှီသုနှင့် ရှီယွမ်တို့သည် အိမ်တစ်အိမ်တည်းတွင် နေထိုင်ကြသော်လည်း ၎င်းတို့၏ ရှယ်ယာများကို လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက ခွဲထုတ်ထားပြီး ၎င်းတို့၏ အမည်များအောက်ရှိ ပိုင်ဆိုင်မှုများမှာ တူညီသည်။ ရှီယွမ်၏ လုပ်ရပ်မှာ ရှီယိ၏ ဖန်းမုချင်းနှင့် လက်ထပ်မှုကို လုံးဝ ဖျက်ဆီးခဲ့ပြီး သူ့ဖခင်၏ ယုံကြည်မှုကိုလည်း ဆုံးရှုံးစေခဲ့၏။ သူသာ ရှီယိကို လုမိသားစုထဲသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ပါက ထိုအခွင့်အရေးယူ၍ အကျိုးကျေးဇူး အချို့ကို ရရှိနိုင်ပေမည်။

“အဖေက ကျွန်တော့်ကို အခြားအချိန်တွေမှာ အိမ်ထောင်ရေး စီစဉ်ပေးခဲ့တုန်းက ကျွန်တော့် ခံစားချက်တွေကို ထည့်စဉ်းစားခဲ့ဖူးလား” 

ရှီယိသည် တောင့်တောင့်ကြီး ရပ်နေပြီး သူ၏ အယ်လ်ဖာဖခင်ကို ရင်ဆိုင်လိုက်သည်။

“အိုမီဂါတစ်ယောက်အနေနဲ့ မင်းရဲ့ ခံစားချက်တွေက ဘာဖြစ်လဲ”

ရှီကျင်းပန်သည် ကြီးမားသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်လိုက်၏။ 

“အိုမီဂါတွေက အယ်လ်ဖာတွေရဲ့ လက်အောက်ခံတွေပဲ၊ မင်း ဘယ်လောက်ပဲ ချမ်းသာမှုရှိပါစေ၊ လက်ထပ်ပြီးရင် အဲဒါတွေ အားလုံး မင်းခင်ပွန်းရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်သွားမှာပဲ”

“မင်းရဲ့ အတွေးတွေက အရေးကြီးလို့လား”

“ကျွန်တော် လုပ်ပေးမှာ မဟုတ်ဘူး၊ အဖေတို့ဘာသာ စဉ်းစားကြပါ” 

ရှီယိမှ အေးစက်စွာ ပြောပြီး နောက်သို့မကြည့်ဘဲ ထွက်ခွာသွားသည်။

ရှီကျင်းပန်၏ အော်ဟစ် ပြောဆိုသံသည် နောက်ကွယ်မှ ထွက်လာ၏။

“အသုံးမကျတဲ့ အိုမီဂါ၊ ရှီမိသားစုက မင်းကို ဘာလို့ ဒီလောက်နှစ်တွေကြာအောင် မွေးထားတယ်လို့ မင်းထင်သလဲ”

“မင်းရဲ့ ခြေထောက်တွေကို ချိုးပစ်ရမယ် ဆိုရင်တောင် ငါ မင်းကို လုမိသားစုဆီ ပို့မယ်”