Chapter 12
လုယွမ်ယဲ့၏ စောင့်ရှောက်ပေးမူကြောင့် ရှီယိသည် ၅ရက်လုံး အဆင်ပြေစွာ ဖြတ်ကျော်နိုင်ခဲ့လေသည်။
၆ ရက်မြောက်နေ့ သူနှိုးလာချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနေမှုသည် ပျောက်ကင်းသွားခဲ့၏။ ရှီယိမှ မျက်လုံးဖွင့်လိုက်သောအခါ သူသည် လုယွမ်ယဲ့နေရာတွင် အိပ်ပျော်နေသည်ကို သိလိုက်ရပြီး မစ္စတာလုမှာကား အိပ်ရာပေါ်တွင် မရှိတော့ချေ။
မျက်နှာပူစွာဖြင့် သူ ခဏ ထရပ်လိုက်၏။ ဤကဲ့သို့ ပုံစံမျိုး လွန်ခဲ့သော ရက်အနည်းငယ်ကလည်း ဖြစ်လေ့ရှိသည်။ မအိပ်ခင် သူတို့နှစ်ဦးကြား ၁မီတာအကွာအဝေးခြား၍ အိပ်ကြသော်လည်း နိုးလာသောအခါတွင်မူ သူသည် သူ့ကိုယ်ကို လုယွမ်ယဲ့နေရာတွင်သာ ရောက်လို့နေသည်ကို တွေ့လိုက်ရသည်။
ရှီယိမှာ အမြန်ဆေးကြောသန့်စင်ကာ အင်္ကျီဝတ်၍ အောက်ထပ်သို့ ဆင်းလာလေ၏။ မျှော်လင့်ထားသကဲ့သို့ပင် လုယွမ်ယဲ့သည် သူ့အား ဧည့်ခန်းထဲတွင် သတင်းစာဖတ်လျက် စောင့်နေ၏။
အတူနေသည်မှာ အချိန်အနည်းငယ် ရှိလာသည့်အလျောက် ရှီယိသည် စားပွဲတစ်ခုထဲ အတူတကွစားရသည်ကို နေသားကျနေလေပြီ။
နံနက်စာဖြစ်သော နွားနို့၊ အသားနှင့် ကြက်ဉပေါင်မုန့် တို့မှာ စားပွဲပေါ်တွင် အဆင်သင့်ဖြစ်နေပြီ။ ကြက်ဉမှာ အရည်လဲ့လဲတောက်ပနေသည့်အပြင် ဝက်ပေါင်ခြောက်သည်လည်း ဘေးချင်းကပ်လျက် ရှိနေသည်မှာ သူ့ကို သွားရည်ကျအောင် လုပ်နေ၏။
“မစ္စတာ လု၊ ကျွန်တော် အခုတစ်လော သက်သာလာပါပြီ”
ရှီယိမှာ သေချာစဉ်စားပြီးမှသာ ပြောလိုက်ခြင်း ဖြစ်သည်။
“ယာယီအမှတ်အသားက မမြင်ရတော့ဘူး၊ ပြီးတော့ ကျွန်တော် ကုမ္ပဏီမှာ လုပ်စရာတွေရှိသေးလို့ ဒီနေ့ သွားချင်တယ်”
ဓားနှင့် ခက်ရင်းကိုကိုင်ထားသော လက်မှာ ရပ်တန့်သွားလေသည်။ ထို့နောက် လုယွမ်ယဲ့မှ သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အိုမီဂါကို ကြည့်လိုက်၏။
ရှီယိသည် အသေအချာပင် နေပြန်ကောင်းလာပြီး သွေးအားလည်း ကောင်းလာပြီ ဖြစ်၏။ ယာယီအမှတ်အသားမှ ထင်းရှူးအနံ့ဖယ်ရိုမုန်းမှာ ပိုမိုဖျော့တော့လာပြီး သိပင် မသိသာတော့ပေ။
လုယွမ်ယဲ့သည် မျက်လွှာကို ချလိုက်ကာ အိုမီဂါ၏လျော့ရဲနေသော ညဝတ်အင်္ကျီအောက်ရှိ လည်ကုပ်ပေါ်မှ အနီရောင်အမှတ်ကို ကြည့်လိုက်ကာ လျော့ရဲသောလေသံဖြင့် ပြောလိုက်သည်။
“မင်း ကြိုက်သလိုသာလုပ်”
ရှီယိမှာ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်၏။ သူသည် လုယွမ်ယဲ့မှ သူ့အား နောက်ထပ်ရက်အနည်းငယ် ထပ်နားရန် အကြောင်းပြချက်များ ပေးလေမလားဟု စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြစ်လာပါက ချွီချွီလည်း သည်းခံနိုင်တော့မည် မဟုတ်ပေ။
နံနက်စာစားပြီးနောက် ရှီယိသည် သူ၏အထုပ်အပိုးများအား သိမ်းဆည်းကာ အောက်ထပ်သို့ ဆင်းလာ၏။ လုယွမ်ယဲ့မှာ သပ်သပ်ရပ်ရပ် ဝတ်စားထားကာ သူလည်း အလုပ်သွားတော့မည်ပင်။
“တူတူသွားကြမယ်၊ ကောင်းရိန်က မင်းကို လမ်းမှာချထားပေးခဲ့လို့ ရတယ်”
လုယွမ်ယဲ့ ပြောလိုက်သည်။
ယွမ်ယဲ့မီဒီယာနှင့် ဖေးယိတို့မှာ ခရိုင်အသစ်တွင် ရှိနေကြသည်။ ထို့ကြောင့် သိပ်မဝေးပေ။ ထို့ပြင် ယွမ်ယဲ့လက်အောက်ရှိ သရုပ်ဆောင်အများစုမှာ ဖေးယိထံတွင် အချိန်ပိုင်းမော်ဒယ် လုပ်နေကြလေသည်။ ထို့နောက် တိုတောင်းသော အချိန်ကာလအတွင်းတွင် အမျိုးမျိုးသော အလှလေးများကို မွေးထုတ်ပေးနေ၏။ နောက်ကွယ်တွင် ဝန်ထမ်းများပင် ဖေးယိမှာ ယွမ်ယဲ့၏ harem ဟူ၍ပင် နောက်ပြောင်ကြလေသည်။
“အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်”
ရှီယိသည် ဗီလာထဲဝင်သွား၏။ ထိုနေရာမှာ မြို့ထဲနှင့် သိပ်မဝေးပေ။ ထို့ကြောင့် သူသည် ဖေးယိအဆောက်အဦးထဲသို့ နာရီဝက်အတွင်းမှာပင် ရောက်သွားလေသည်။
“အစ်ကို ရှောင်ယိနောက်ဆုံးတော့ပြန်လာပြီပဲ”
ရှီယိသည် ဓာတ်လှေကားအပေါ် အတက်တွင် သူ၏ ဒီဇိုင်နာခေါင်းဆောင် ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူမှ ပြုံး၍သာ ပြောလိုက်၏။
“ငါ အဆင်ပြေပါတယ်”
ဖန်ဟွေ့ရိမှာ သူ၏ ကောလိပ်မှအတန်းဖော်နှင့် အခန်းဖော် ဖြစ်လေသည်။ ထို့နောက်သူတို့နှစ်ဉီးမှာ အလွန်တော်သော ဖက်ရှင်ဒီဇိုင်း အရည်အချင်းများ ရှိလေသည်။ ဘွဲ့ရပြီးနောက် ရှီယိသည် ဖေးယိကို ကျော်တက်သွားကာ ဖန်ဟွေ့ရိကို ဒီဇိုင်ရုံး၏ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သည်။
“လုယွမ်ယဲ့ကားပေါ်က ဆင်းလာတာလား”
ဖန်ဟွေ့ရိမှ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏။ ထို့နောက် သူအား ရုံးခန်းထဲသို့ ဆွဲခေါ်သွားကာ မေးလိုက်သည်။
“ပြောပါဦး အပြင်ကကောလာဟလတွေက မှန်နေတာလား”
“ဘာ ကောလာဟလတွေလဲ”
ရှီယိသည် ရပ်လိုက်၏။
လုယွမ်ယဲ့မှာ ကားထဲမှပင် မထွက်ပေ။ ထို့ပြင် ကားအထဲသို့ မမြင်စေရန် အမည်းရောင်စတေကာများ ကပ်ထားလျက်ပါလျက် မည်သည့်နည်းဖြင့် ဖန်ဟွေ့ရိ မြင်သွားပါသနည်း။
“ပြီးခဲ့တဲ့ညကလေ”
ဖန်ဟွေ့ရိမှ နားနားသို့ ကပ်၍ပြောလိုက်သည်။
“မင်းကို လုယွမ်ယဲ့က အမှတ်အသားပေးလိုက်တာဆို အဲ့လိုပြောနေကြတာ”
“ပြီးတော့ လုယွမ်ယဲ့က စစ်တပ်မိသားစုကနော်၊ သူ့ကားက လုမိသားစုက ထိန်းသိမ်းပေးတာ၊ စစ်တပ်နဲ့ဆိုင်တာတွေတောင် ပါတယ်တဲ့လေ၊ မင်းမသိဘူးမလား”
ရှီယိသည် အသက်ကိုဝဝရှူလိုက်လေ၏။ သူသည် ယွမ်ယဲ့မီဒီယာမှာ လျှို့ဝှက်ချက်များကို ကောင်းစွာ ထိန်းသိမ်းထားပြီး ဖန်းမုချင်း အနိုင်ကျင့်ခဲ့သော အိုမီဂါလေးမှာ မည်သူဆိုသည်အား တစ်ယောက်မှ မသိစေရန် ဖုန်းကွယ်ပေးထားသည်ဟူ၍သာ တွေးမိလေသည်။
“အဲဒါက မတော်တဆပါ”
ရှီယိမှာ အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
“အဲဒါ တကယ်ပဲ မင်းလား”
ဖန်ဟွေ့ရိသည် သူ၏ပါးစပ်ကို အုပ်ကာ ပြောလိုက်၏။
“ ဖန်းမုချင်း အဲ့နှာဘူးကောင်၊ တစ်မိသားစုလုံး ဒေဝါလီခံသွားရမဲ့ဟာတွေ”
“လုယွမ်ယဲ့က ငါ့ကို ယာယီအမှတ်အသားပေးခဲ့တာ၊ အဲ့တာကြောင့် သူ့အိမ်မှာ ငါ့ကို ရက်အနည်းငယ်လောက် နေခိုင်းထားတာ”
ရှီယိမှ ပြောလိုက်သည်။
“အဲ့ခွေးကောင် အယ်လ်ဖာက မင်းအပေါ်တော့ အမြတ်မထုတ်ပါဘူးနော်”
ဖန်ဟွေ့ရိသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“သူက.... တော်တော် ယဉ်ကျေးတယ်”
ရှီယိသည် လုယွမ်ယဲ့မှ စာအုပ်ကို လှန်ကာ စာလေ့လာနေပုံကို တွေးမိကာ ပြောလိုက်၏။
“အဲဒါဆို ကောင်းတာပေါ့”
ဖန်ဟွေ့ရိလည်း ယခုမှပင် စိတ်သက်သာရာ ရသွားတော့သည်။
“လုယွမ်ယဲ့က ထောင်ပေါင်းများစွာသော အိုမီဂါတွေအတွက် စိတ်ကူးယဉ်ချစ်သူလေ၊ မင်းသူနဲ့ မတော်တဆ လိင်ဆက်ဆံမိခဲ့ရင်တောင် ဘာမှ စိတ်မကောင်း မဖြစ်နဲ့”
ထို့နောက် ဖန်ဟွေ့ရိမှ သူ့အား AI စက်ရုပ်ဟု ပြောသည်ကပင် ပို၍ သင့်တော်သည် ဆိုသည်ကိုပါ ပြောသည့်အခါ ရှီယိမှာ လုယွမ်ယဲ့၏ မည်သည့်အမူအရာမှ မဖော်ပြသော မျက်နှာတည်ကြီးကို တွေးမိကာ တိုးတိုးရယ်မိလိုက်သည်။
“အကို ဘယ်လိုဖြစ်တာလဲ”
ဖန်ဟွေ့ရိက သူ့အရှေ့တွင် ပေါ်လာကာ မျက်လုံးပြူးပြူးဖြင့် ပြောလိုက်သည်။
“မဟုတ်မှလွဲ ချစ်မိသွားတာများလား....”
“မကောင်းတော့ဘူး၊ ချစ်မိနေပြီဟ”
“ဘာမဟုတ်တာတွေ ပြောနေတာလဲ”
ရှီယိမှ သူ့ခေါင်းအား ထုလိုက်သည်။
“ ဆောင်းဉီးနဲ့ ဆောင်းရာသီရဲ့ ဒီဇိုင်းအကြမ်းဖျင်းအတွက် ဒီနေ့လည်မှာ အစည်းအဝေးရှိတယ်မလား၊ မင်းအဲ့ဒီဇိုင်းတွေကို ဝေပြီးပြီလား”
“အား ခဏနေ အဆင်သင့်ဖြစ်တော့မှာ”
ဖန်ဟွေ့ရိသည် နောက်ဆုတ်သွား၏။
“ဒီနေ့လည်ကျ ပြီးမှာ”
ဖန်ဟွေ့ရိမှာ စနောက်နေလေ့ရှိသော်လည်း သူ၏ ဒီဇိုင်းစကေးမှာ အလွန်ကောင်းလှ၏။ သို့သော် သူသည် အများအားဖြင့် အချိန်ဆွဲလေ့ရှိကာ သတ်မှတ်ရက်မတိုင်ခင်မှသာ ပြီးလေ့ရှိလေသည်။ ထိုကိစ္စကြောင့်ပင် ရှီယိသည် ခေါင်းကိုက်ရခြင်း ဖြစ်သည်။
ရှီယိသည် ရုံးခန်းသို့ ပြန်သွားကာ လက်မှတ်ထိုးရန် လိုအပ်သော စာရွက်စာတမ်းများကို သေချာစွာ ဖတ်ရှုလေသည်။ နေ့လည်ရောက်သောအခါ စာရွက်စာတမ်း ၃ပုံ၁ပုံမျှ ပြီးသွားလေ၏။
ညောင်းကိုက်နေပြီဖြစ်သော သူ၏မျက်စိကို ပွတ်လိုက်ကာ နေ့လည်စာစားရန် လုပ်လိုက်သည်။ ထိုစဉ် သူ၏အိတ်ကပ်ထဲမှ ဖုန်းမှာ မြည်လာ၏။ ရှီသုထံမှ စာဖြစ်သည်။
(မင်းအဖေနေမကောင်းဘူး၊ ပြန်လာခဲ့တော့။)