Chapter 10
အဘယ်ကြောင့်ဆိုသော် လုယွမ်ယဲ့သည် အများအားဖြင့် အိမ်တွင် အလုပ်လုပ်လေ့ရှိသည်။ စာကြည့်ခန်းမှာ ကျယ်၀န်းကာ သက်တောင့်သက်သာရှိလှပြီး ကြော့ရှင်းမွှေးပျံ့သော သစ်နက်စားပွဲအပြင် နံရံကပ်စာအုပ်စင်များဖြင့်ပါ အလှဆင် ယှဉ်တွဲထား၏။
ရှီယိသည် လုယွမ်ယဲ့၏ စာအုပ်စင်အား တစ်ချက်ငေးကြည့်လိုက်မိ၏။ စာအုပ်အများစုမှာ အနုပညာအသိုင်းအဝိုင်း၏ သမိုင်းမှအစ စီးပွားရေး သီအိုရီများအထိ စုံလင်လှသော ပညာရပ်ဆိုင်ရာစာအုပ်များ ဖြစ်ကြသည်။ စာအုပ်စင်၏ အောက်ဆုံးထပ်မှာမူ ကလေးရုပ်ပုံစာအုပ်များကဲ့သို့ အရောင်အသွေးစုံသောစာအုပ်အချို့ဖြစ်ပုံရ၏။ ရှီယိ ရှေ့သို့တိုးပြီး စာအုပ်တစ်အုပ်၏ ခေါင်းစဉ်အား ဖတ်လိုက်သည်။
“ အိုမီဂါestrus ပြုစုစောင့်ရှောက်ရေး လမ်းညွှန် (၃.၀) ”
ရှီယိသည် မထိန်းနိုင်ဘဲ ခြောက်ကပ်ကပ် ရယ်လိုက်မိသည်။
“ မစ္စတာလုက တော်တော်လေးကို ပြင်ဆင်ထားထားပဲ ”
“ ဘာပဲလုပ်လုပ်၊ လေးလေးနက်နက်နဲ့ ဂရုတစိုက် လုပ်သင့်တယ် ”
လုယွမ်ယဲ့က ပုံမှန်မျက်နှာထားဖြင့် ပြောလိုက်သည်။
သူ့အား စာကြည့်ခန်းသို့ လာခိုင်းသည်မှာ မထူးဆန်းတော့ပေ။ လုယွမ်ယဲ့သည် estrus၀င်နေသည့် အိုမီဂါတစ်ယောက်အား စောင့်ရှောက်ခြင်းကိုအလုပ်သဘောဟု သတ်မှတ်ထားကြောင်း ပေါ်ထွက်လာသည်ပင်။
လုယွမ်ယဲ့သည် စာအုပ်တစ်အုပ်အား တည်ငြိမ်စွာ ထုတ်ယူလိုက်ပြီး မှတ်ထားသည့် စာမျက်နှာသို့ လှန်လိုက်ကာ ရှီယိအား လက်ယပ်ခေါ်လိုက်သည်။
“ ဒီကို လာပါဦး “
ရှီယိ တောင့်တင်းစွာ လျှောက်လာချိန် သူ့ဘေးနားတွင် နောက်မှီထိုင်ခုံအား ညွှန်ပြနေသည့် လုယွမ်ယဲ့အား မြင်လိုက်ရ၏။
“ ဟိုမှာ သွားထိုင် “
“…”
မတတ်သာသည့်အဆုံးမှာတော့ ရှီယိဟာ ထိုထိုင်ခုံဆီသို့ ခက်ခက်ခဲခဲ သွားထိုင်လိုက်ရ၏။ သူ့ခန္ဓာကိုယ်သည် နောက်မှီထိုင်ခုံအတွင်း ချက်ချင်းပင် နစ်၀င်သွားပြီးမှ သူသည် လုယွမ်ယဲ့၏ နှာခေါင်းအား ငေးကြည့်နေမိကြောင်းကို သူ့ကိုယ်သူ သတိထားမိသွားသည်။
ရှီယိ ထိုင်လိုက်ပြီးသည်နှင့် လုယွမ်ယဲ့က စာအုပ်ကို သူ့ပေါင်ပေါ် တင်လိုက်သည်။ စာရွက်တစ်ရွက်အား လှန်လိုက်ကာ ထိုထဲရှိ လမ်းညွှန်ချက်များအတိုင်း လုယွမ်ယဲ့၏ ကျန်လက်တစ်ဖက်သည် ရှီယိ၏ ဂလင်းပေါ်သို့ အုပ်တင်လိုက်၏။
အိုမီဂါများ၏ ဂလင်းသည် အလွန်အမင်း အာရုံခံစားလွယ်ကြသည်။ အထူးသဖြင့် သူတို့အမှတ်အသားပြုထားသော ပါတနာကိုမူ ပိုဆိုး၏။ ရှီယိက ထိုကဲ့သို့ ရင်းနှီးလှသည့် အထိအတွေ့အား ဣန္ဒြေမပျက်လက်ခံရန် ခက်ခဲနေသောကြောင့် လုံးဝကိုတောင့်ခဲသွား၏။
“ အနေရခက်နေသလား”
လုယွမ်ယဲ့၏ အသံအောအောသည် သူ့ခေါင်းပေါ်မှ ပေါ်ထွက်လာ၏။ စာကြည့်ခန်းဟာ အလွန်တရာမှ တိတ်ဆိတ်နေသဖြင့် ထိုအသံမှာ ပို၍ပင်ဟိန်းထွက်နေသယောင်။
“ မဟုတ်ပါဘူး…ဒီတိုင်း အသားမကျသေးလို့ပါ ”
ရှီယိ မလုံမလဲရွှေ့လိုက်မိရာ စက္ကန့်ပိုင်းအတွင်း၌ပင် လုယွမ်ယဲ့သည် နှစ်သိမ့်ဖယ်ရိုမုန်းများ အဆက်မပြတ် ထွက်ပေါ်လာ၏။
“ ခုရော ဘယ်လိုနေသေးလဲ ”
လုယွမ်ယဲ့မှာ ရှီယိ၏ အမူအရာအား ရုပ်ပုံထဲမှ အချက်များနှင့် တိုက်စစ်လိုက်သည်။ ရုပ်ပုံထဲရှိ အိုမီဂါသည် နှစ်သိမ့်ခံရပြီးနောက် နူးညံ့စွာ ပြေလျော့သွားကာ အယ်လ်ဖာထံမှ အဖက်ခံလိုက်ရသည်။
“ ပိုကောင်းလာပါပြီ…”
ရှီယိသည် မျက်ဝန်းတစ်စုံအား သက်တောင့်သက်သာ မှေးစင်းလိုက်မိသည်။ သူ့လည်ပင်းနောက်ရှိ ဂလင်းမှ နာကျင်မှုများဟာ နှစ်သိမ့်မှုများဖြင့် အစားထိုးခံလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ပေါ့ပါးလာ၏။
အယ်လ်ဖာ၏ ဖယ်ရိုမုန်းများသည် အာရုံကြောများကိုပါ တိုက်ရိုက် နှစ်သိမ့်ပေးနိုင်သဖြင့် အိုမီဂါများ ထိုအရာကို စွဲလမ်းနေကြသည်မှာ အံဩစရာ မရှိတော့ပေ။
ရှီယိ၏ မျက်ခွံများသည် လေးလံသထက် လေးလံလာ၏။ ထမင်းစားချိန်အတွင်းတွင် တက်ကြွမှုမှာ ထင်ရှားသော်ငြားလည်း ရုတ်တရက်ဆိုသလို လှုပ်ရှားရန် ပျင်းရိလာ၏။ အယ်လ်ဖာ၏ လက်ကို မသိစိတ်က ပွတ်သပ်နေမိပြီး ကျန်လက်တစ်ဖက်က အားပါးတရ ကွေးလိမ်သွားသည်ကို ခံစားလိုက်ရပြီး ငြိမ်းချမ်းစွာ အိပ်ပျော်သွားတော့သည်။
လုယွမ်ယဲ့ ငုံကြည့်လိုက်ရာ သူ့ရှေ့မှ အိုမီဂါသည် အနည်းငယ် ငြိမ်သက်သွားကြောင်း တွေ့လိုက်ရသည်။ ရှီယိ၏ ဆံနွယ်များသည် နူးညံ့လှပြီး ခေါင်းအနောက်ဘက်ရှိ အမွှေးနုလေးများက သူ့လက်ဖဝါးကို ညင်သာစွာ ပွတ်သတ်နေသဖြင့် အနည်းငယ် ယားယံလာ၏။
ထိုအရာများမှာ သင်ယူထားရန် လိုအပ်သည်ဟု သူအေးဆေးတည်ငြိမ်စွာတွေးလိုက်လေသည်။ ထိုသို့ဖြင့် အနာဂတ်၌ သူ့တွင် ကိုယ်ပိုင်အိုမီဂါရှိလာပါက estrusကာလအတွင်း အလောတကြီးဖြစ်နေမှာ မဟုတ်ချေ။
ရှီယိ အိပ်ပျော်နေချိန်တွင် တက်ဘလပ်ထဲမှ အီးမေးလ်များအား အမြန် စစ်ဆေးလိုက်သည်။ မနေ့ညမှ စ၍ အခုအထိ အီးမေးလ်များ ဆက်တိုက်၀င်နေခဲ့၏။ ဘာဖြစ်သွားသလဲ သိချင်နေကြသူများ၊ ပူးပေါင်းရန် အခွင့်အရေး ရှာနေကြသူများနှင့် သူတို့၏ သစ္စာရှိမှုအား ပြသချင်ကြသူများ စသဖြင့် လူအမျိုးမျိုးပေ။
သူက မက်ဆေ့ခ်ျအချို့အား ပေါ့ပေါ့ပါးပါးစာပြန်လိုက်ပြီး ကျန်သည်များကိုမူ အတွင်းရေးမှုးအဖွဲ့သို့သာ ဆက်လက်ဆောင်ရွက်ရန် ပို့ပေးလိုက်သည်။ သူ့အဖေထံမှ မက်ဆေ့ခ်ျသည် တက်ဘလပ်ပေါ်၌ ပေါ်လို့လာ၏။
“ အဲ့ကလေး ဘယ်လိုနေလဲ ”
လုယွမ်ယဲ့သည် ခေါင်းကိုက်သဖြင့် နားထင်အား ဖိလိုက်မိသည်။ ယွမ်ယဲ့အဆောက်အဦး၌ ကိစ္စအကြီးကြီး ဖြစ်ပွားခဲ့ခြင်းကို အိမ်တွင် ရှိနေသည့် အယ်ဖာလ်ဖခင်အား လုံးဝဖုံးကွယ်ထားနိုင်မည် မဟုတ်ချေ။ လုမိသားစုသည် အမြဲလိုလို စည်းကမ်း တင်းကျပ်လေ့ရှိပြီး ဖြစ်ပေါ်လာသည့် ကိစ္စရပ်တိုင်းကို မိသားစု၏ စည်းမျဉ်းအတိုင်း ဖြေရှင်းရန် လိုအပ်ပေသည်။ သို့သော်ငြား ရှီယိသည် estrusကာလအတွင်း၌ ရှိနေသေးသဖြင့် တစ်ကြိမ်အခွင့်အရေးရခဲ့ပါသည်။
“ သူ့အခြေအနေက မဆိုးပါဘူး ”
လုယွမ်ယဲ့ စာပြန်လိုက်ကာ ရှီယိ၏ ဂလင်းရောဂါအား အကျဉ်းချုပ် ပြောပြလိုက်သည်။
“ ရောဂါပျောက်သွားရင်၊ အဲ့ကလေးကို ခေါ်လာပြဦး၊ အဲ့ဒါမှ ငါတို့ တစ်ချက်လောက် ကြည့်လို့ရမှာ…ငါ့လူတွေကို စုံစမ်းခိုင်းလိုက်တော့ အဲ့ကလေးရဲ့ နောက်ကြောင်းလည်း ရှင်းတယ်တဲ့.. ဆိုးလည်း မဆိုးသွမ်းဘူး၊ ကျန်းမားရေးလည်း ကောင်းတယ်…ဟိုမြေခွေးအိုကြီး ရှီကျင်းပန် လက်ထဲရောက်သွားတာတောင်မှ မပျက်စီးသွားဘူး ”
လုယွမ်ယဲ့၏ မျက်ခုံးများ တွန့်ချိုးသွားကာ
“ သူ့ကို ကျွန်တော်က ဘာလို့ အိမ်ပြန်ခေါ်လာရမှာလဲ ”
“ မင်းက မငယ်တော့ဘူးလေ၊ မင်းအဖိုးကလည်း မင်း လက်တွဲဖော် ရှာတွေ့သွားဖို့ပဲ နေ့တိုင်း မျှော်လင့်နေတာ…မင်း တစ်ယောက်ယောက်ကို အိမ်ခေါ်လာမယ်လို့ အရင် တရုတ်နှစ်သစ်ကူးတုန်းက မင်း အာမခံခဲ့တယ်မလား ”
လုဖုန်းသည် တစ်ခဏအတွင်းမှာတင် မက်ဆေ့ခ်ျအများကြီးအား ဆက်တိုက်ပို့လာ၏။ စိတ်ညစ်လာသည့် လုယွမ်ယဲ့မှာ ရိုးရိုးသာ စာပြန်လိုက်သည်။
“ ကျွန်တော် အလုပ်ရှုပ်နေလို့၊ပြီးမှ ဆက်ပြောကြတာပေါ့ ”
လွန်ခဲ့သော နှစ်သစ်ကူး၌ အချစ်မပါသောချိန်းဆိုမှုကို ငြင်းဆန်ဖို့ လူအိုကြီးရှေ့တွင် ကတိလွယ်လွယ်ပေးခဲ့ဖူးသည်။ အဖိုးမှာ ထိုအရာများအား မမှတ်မိသော်ငြား သူ့အဖေမှာ ရှင်းလင်းစွာ အမှတ်ရနေခဲ့၏။ သူ့အား လက်ထပ်ရန် မိသားစုမှ မည်ကဲ့သို့ တိုက်တွန်းမည်ဟု စဉ်းစားကြည့်ရုံနှင့်ပင် လူမရှိသောနေရာသို့ ပျောက်ကွယ်သွားချင်မိသည်။
“ မင်း! ”
လုဖုန်းသည် ထိုမက်ဆေ့ခ်ျအား ပို့လိုက်ပြီးနောက် တိုက်ရိုက်ပင် ဗီဒီယိုကော ခေါ်လာခဲ့သည်။
လုယွမ်ယဲ့သည် ထိုဗီဒီယိုကောအား တည်ငြိမ်စွာ ချလိုက်ပြီး စာပြန်လိုက်၏။
“ သူက ကျွန်တော့်ဘေးနားမှာပဲ အိပ်ပျော်သွားပြီ”
လုဖုန်း၏ ဒေါသမီးများမှာ နောက်ဆုံးတွင် ငြိမ်းသက်သွားသည်။
လုဖုန်းကပြောလိုက်သည်။
" မင်း ငါ့ကို စောင့်နေလိုက်!"
လုယွမ်ယဲ့သည် သက်ပြင်းချလိုက်ပြီး အသံလေးများ ထွက်ကာ အိပ်ပျော်နေသော အိုမီဂါထံ အကြည့်ရောက်သွား၏။ လိုအပ်သည့် နှစ်သိမ့်ပေးချိန်မှာ ကုန်လွန်သွားသော်လည်း ထိုသူလေးအား နှိုးသင့်မနှိုးသင့်ကို ချီတုံချတုံဖြစ်နေခဲ့သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် မစ္စတာလုမှာ သူ၏ အင်္ကျီလက်အား ခေါက်တင်ကာ ရှီယိအား အိမ်ခန်းသို့ တိုက်ရိုက်ပဲ ချီခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော်ငြား သူ့လက်ဖဝါးကို ရှီယိ၏ လည်တိုင်နောက်မှ ဆွဲထုတ်လိုက်သည်နှင့်တပြိုင်နက် ထိုသူလေး လှုပ်လာပြီး မျက်၀န်းများမှာ အနည်းငယ် ပွင့်ဟလာကြောင်း တွေ့ရ၏။
လုယွမ်ယဲ့၏ ခန္ဓာကိုယ် အောက်ပိုင်းအား မြင်လိုက်ရသည့် ရှီယိသည် ဘာဖြစ်နေသည်ကို ချက်ချင်းပင် နားလည်သွား၏။
“ ရတယ်၊ ရတယ်၊ ကျွန်တော် ကိုယ်ဘာသာကိုယ် ထနိုင်ပါတယ် ”
သတိလက်လွတ်ဖြင့် နောက်သို့မှီချလိုက်ရာ ရှီယိသည် မှီခုံထဲတွင် ရုတ်တရက်တိမ်းစောင်းသွားသဖြင့် လုယွမ်ယဲ့၏ လက်မောင်းများပေါ်သို့သာ ပြန်ကန်ဝင်သွား၏။
ရှီယိ:"......"
ကံကောင်းထောက်မစွာဖြင့် လုယွမ်ယဲ့သည် ထိုင်ခုံခြေထောက်အား လူကြီးလူကောင်းပီသစွာ နင်းထားပြီး သူ့အား ထူမလိုက်သည်။ ရှီယိသည် တစ်ကိုယ်လုံးပြည့် spaဝင်လိုက်ရသလို ခံစားနေရသည်။ သူ့ခြေဖဝါးများမှာလည်း တံခါးသို့ လျှောက်သွားချိန်တွင် ဝါဂွမ်းများအား တက်နင်းနေရသလိုပင်။
“ ကျေးဇူးပါ၊ မစ္စတာလု…ဘာမှလုပ်စရာ မရှိတော့ရင် ကျွန်တော် အခန်းကို အရင်ပြန်သွား လိုက်မယ်နော် ”
“ အင်း ”
နောက်ဆုံးမှသာ လုယွမ်ယဲ့က သူ့အား သွားခွင့်ပေးလိုက်၏။ ရှီယိ သွားခါနီးတွင် လုယွမ်ယဲ့ ပြောသည်အား ကြားလိုက်ရသည်။
“ ကိုယ့် အခန်းထဲ သွားအိပ်ချည် ”
ရှီယိ: ???