Chapter 8
“ ဘာတွေဖြစ်နေတာလဲ “
လုယွမ်ယဲ့ မျက်မှောင်ကြုတ်မိသည်။ ထိုသူမှာ ခုနလေးတင် အကောင်းကြီးဖြစ်၏။
“ ကံကောင်းလို့၊ ကိုမာအသေးစားပဲ ၀င်သွားတာ…ဒါက ယာယီတုန့်ပြန်မှုပါပဲ၊ သူ့ကို ထပ်ပြီး အိပ်ခိုင်းလိုက်ပါဦး ”
စုန့်ဝေသည် အိုမီဂါလေး၏ ခေါင်းအား ညင်သာစွာ လှည့်လိုက်၍ လည်ပင်းနောက်ရှိ ဂလင်းကို စစ်ကြည့်လိုက်ရာ အနည်းငယ် ရောင်ရမ်းနေသည်ကို တွေ့လိုက်ရသည်။
ပုံမှန်အခြေအနေမျိုး၌ အယ်လ်ဖာတစ်ဦး၏ တံတွေးသည် ပိုးမွားသေစေနိုင်သည့်အပြင် ကုသရေး အာနိသင်လည်းရှိ၏။ အမှတ်အသားပြုခံထားရသော ဂလင်းသည် နာရီအနည်းငယ်အတွင်း သက်သာသွားကာ အနာဖေး တက်သွားမည်ဖြစ်ပြီး သွားရာဖျော့ဖျော့သာ ကျန်နေခဲ့မည်ပင်။
“ သူ့ဂလင်းတွေက မဖွံ့ဖြိုးသေးဘူး ”
စုန့်ဝေက ရှီယိ၏ လည်ပင်းအနောက်ကို ညင်သာစွာဖြင့် အကြိမ်အနည်းငယ် ဖိလိုက်၏။
“ မဟုတ်ဘူး၊ ဂလင်းက တစ်၀က်နီးပါး ဖွံ့ဖြိုးပြီးမှ ယိုယွင်းလာတာ “
“ မင်း ဘာကိုဆိုလိုတာလဲ “
လုယွမ်ယဲ့မှာ ရှေ့သို့တိုးကာ အနီးကပ် ကြည့်လိုက်သည်။ သေချာသလောက်ပင်၊ သွားရာများသည် မပျောက်သွားသေးဘဲ ဖောင်းလာ၏။
သူ နိုးလာကတည်းက ယခုချိန်ထိ၊ ရှီယိသည် နေလို့ မကောင်းကြောင်း ဖွင့်မပြောခဲ့ပေ။
“ အိုမီဂါတွေရဲ့ ဂလင်းမှာ ဖွံ့ဖြိုးတဲ့အဆင့် ၃ဆင့် ရှိတယ်၊ အသက်ငါးနှစ် မတိုင်ခင်အထိက ကနဦး ဖွံ့ဖြိုးတဲ့အဆင့်ပဲ..အဲ့ချိန်မှာ ဂလင်းကနေ ဖယ်ရိုမုန်းတွေ စပြီးထုတ်လာပြီ၊ အသက်၁၄ ၀န်းကျင်လောက်ကျ နည်းနည်းလေး အရွယ်ရောက်လာပြီး ၁၈နှစ်ကျရင်တော့ လုံး၀ကို အရွယ်ရောက်လာလိမ့်မယ်၊ ဒီအိုမီဂါရဲ့ ဂလင်းက လမ်းတစ်၀က်မှာတင် ရပ်သွားပြီး ယိုယွင်းလာတဲ့ လက္ခဏာတွေလည်း ရှိနေတယ် ”
စုန့်ဝေက အရက်ပြန်ဂွမ်းဖြင့် ဒဏ်ရာအား ပိုးသတ်ပေးလိုက်သည်။
“ သူ့ဂလင်းတွေက သာမာန်လိုမျိုး ဖယ်ရိုမုန်းတွေကို မထုတ်ပေးတော့လို့ သူရဲ့estrusကလည်း လုံး၀ကို မတည်ငြိမ်တော့ဘူး၊ ပြင်းထန်လာရင် သူ့မှတ်ဉာဏ်ကိုလည်း ထိခိုက်စေလိမ့်မယ် ”
“ ဒီလိုမျိုး ဘာကြောင့် ဖြစ်လာရတာလဲ ”
လုယွမ်ယဲ့ နောက်ဆုတ်လိုက်မိသည်။ ရှီယိတွင် ဂလင်းရောဂါရှိသည်ဟုသာ သူ ကြားခဲ့ပြီး ဂလင်းမှာ ဖွံ့ဖြိုးဆဲကာလမှာတင် ရပ်တန့်နေကြောင်း မထင်ထားခဲ့ပေ။
ယခုကဲ့သို့ အခြေအနေမှာ အလွန်ဆင်းရဲသည့် ဒေသများမှ ကာလတော်ကြာ အာဟာရချို့တဲ့နေသည့် အိုမီဂါများတွင်သာ အဖြစ်များ၏။ ဂလင်း ဖွံ့ဖြိုးမှု နှောင့်နှေးခြင်းသည် ပြီးပြည့်စုံသော ဆေးဝါးထောက်ပံ့မှုနှင့် သင့်တင့်သော အာဟာရများကို ရရှိနေသော အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် တွေ့ရလေ့မရှိပေ။
“ ဒါက အာဟာရချို့တဲ့လို့လည်း ဖြစ်နိုင်သလို၊ ဖွံ့ဖြိုးမှုကာလမှာ အကြီးအကျယ် ထိခိုက်သွားလို့လည်း ဖြစ်နိုင်တယ်…ဒါမှမဟုတ် အခြား ကူးစက်မှုရောဂါကြောင့်လည်း ဖြစ်နိုင်သေးတယ်၊ ခြုံပြောရရင် ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက အမျိုးမျိုး ရှိတယ်”
စုန့်ဝေသည် လက်အိတ်ချွတ်ကာ ရှီယိ၏ အပူချိန်အား တိုင်းလိုက်၏။
“ ဂလင်းက မဖွံ့ဖြိုးရင် သူ့မှာ estrusဖြစ်လာနိုင်ပေမယ့် လိင်စိတ်တော့ အများကြီး ရှိမှာမဟုတ်ဘူး၊ ဒါပေမယ့် တောင့်တင်းနေတာ၊ သက်တောင့်သက်သာ မရှိတာလည်း ဖြစ်လာမှာ မဟုတ်ဘူး…ယွမ်ယဲ့၊ မင်း သူနဲ့အတူ နောက်ထပ် ရက်နည်းနည်းလောက် ရှိနေပေးသင့်တယ် ”
“ ဖက်တာတို့၊ နမ်းတာတို့က သူရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ပေးနိုင်တယ်..အယ်လ်ဖာရဲ့ ဖယ်ရိုမုန်းနဲ့ အမှတ်အသားပေးတာကလည်း ဖွံ့ဖြိုးမှု ရပ်နေတဲ့ ဂလင်းကို ပြန်ဖွံ့ဖြိုးလာဖို့ အထောက်အကူ ပြုတယ်လေ၊ ဒါပေမယ့် အချိန်တော့ အတော်ယူရမှာပေါ့ ”
“ အင်း ”
လုယွမ်ယဲ့ ခပ်ဖွဖွ ခေါင်းငြိမ့်လိုက်သည်။ ရှိရှိသမျှ အလုပ်ကိစ္စတိုင်းကို သူပြီးအောင် လုပ်ပြီးသားပင်။ သို့သော်ငြား ရှီယိ၏ ခန္ဓာကိုယ်မှာ အလွန်ကို ဆိုးရွားနေကာ သူမရှိပဲ မဖြစ်ဟုမထင်ထားခဲ့ပေ။
“ သူ့အခြေအနေက တော်တော်လေး သနားဖို့ကောင်းတယ်၊ သူ့ကျန်းမားရေးကို ထိန်းသိမ်းဖို့ တစ်နှစ်လုံး ဆေးသောက်နေမှ ရမှာ ”
စုန့်ဝေက သူ့ပုခုံးအား ပုတ်လိုက်ပြီး ပြောလိုက်၏။
“ မင်း ကစားချင်ရင်၊ အနည်းဆုံးတော့ ကျန်းမာတဲ့ အိုမီဂါကိုပဲ ရှာပါကွာ ”
“ မင်းအမြင်မှာ ငါက အဲလို လူစားမျိုးလား ”
လုယွမ်ယဲ့မှ အေးစက်စွာ နှာခေါင်းရှုံ့၏။ စုန့်ဝေ၏ ကျွမ်းကျင်မှုမှာ ယုံကြည်ရသော်ငြား ထိုသူ၏ အတွေးများမှာ လွန်စွာ ဆန်းကြယ်ကာ မကြာခဏဆိုသလို အတွေးများမှာ အထိန်းအကွပ် မဲ့နေခဲ့သည်။
“ မဟုတ်ပါဘူး၊ ဘောစ်လုက အနုပညာအသိုင်းဝိုင်းရဲ့ ရွှံ့တောထဲမှာ အကြာကြီး ကျင်လည်ဖူးတော့ သူက သန့်ရှင်းနေသေးတယ်လို့ ဘယ်သူက ထင်ထားမှာလဲ ”
စုန့်ဝေမှ ပြုံးကာ ပြောလိုက်သည်။ ထို့နောက် လေးနက်စွာဖြင့် မေးလေ၏။
“ ဒီလောက် နှစ်တွေ အများကြီး ကြာခဲ့တာတောင်မှ မင်း သူ့ကို ရှာလို့ မတွေ့သေးဘူး၊ မင်းက မင်းရဲ့ ပိုင်ယွဲ့ကွမ်းလေး(လရောင်ဖြူ အချစ်ဦး)ကို လက်လွှတ်နိုင်သွားပြီလား ”
စုန့်ဝေသည် လုယွမ်ယဲ့ စစ်တပ်ထဲတွင် ရှိစဉ်က ဆေးဝါးဌာနမှ ရဲဘော်ရဲဘက်တစ်ဦး ဖြစ်ခဲ့သည်။ စစ်တပ်မှ အနားယူပြီးသည့်တိုင် သူတို့နှစ်ဦးသည် ခင်မင်နေဆဲဖြစ်ကာ တစ်ဦးကို တစ်ဦး ကောင်းစွာ သိကြ၏။
လုယွမ်ယဲ့သည် စစ်သားဖြစ်နေစဉ်တွင် တက်ကြွကာ စိတ်ခံစားချက်ရှိသောသူ ဖြစ်ခဲ့၏။ သူ့တွင် ငယ်စဉ်တည်းက မြတ်နိုးခဲ့ရသော ပိုင်ယွဲ့ကွမ်းလေးရှိကြောင်း လူတိုင်းသိကြ၏။ လေ့ကျင့်ရေး ပြင်းထန်သည့်နေ့များတွင် သူသည် စိတ်ခံစားချက်များကို ဖွင့်အန်ထုတ်ကာ ထိုသူအား မည်မျှပင် ရှာတွေ့ချင်ကြောင်း ပြောလိမ့်မည်ပင်။
“ ဒါတွေက လုံး၀မဆိုင်တဲ့ ကိစ္စတွေ ”
လုယွမ်ယဲ့ ပြောလိုက်သည်။
“ အင်းပါ၊ အဲ့ဒီ ပိုင်ယွဲ့ကွမ်းလေးရဲ့ နာမည်တောင် မင်းမသိဘဲနဲ့၊ မှတ်မိတာဆိုလို့ မက်မွန်နံ့ဖယ်ရိုမုန်း ရှိတယ်ဆိုတာလေးပဲလေ…အပြင်မှာ မက်မွန်နံ့ရှိတဲ့ အိုမီဂါတွေ ဒီလောက် ပေါသောနေတာ၊ မင်း သူ့ကို ဘယ်လို ရှာမှာလဲ ”
စုန့်ဝေသည် အိပ်ယာပေါ်ရှိ သူအား ညွှန်ပြလိုက်ရင်း ပြောလိုက်၏။
“ မင်းရှေ့က အိုမီဂါကိုပဲ အရင် ဂရုစိုက်လိုက်၊ ဆန်ကုန်မြေလေး လုပ်မနေနဲ့တော့ ”
“ ငါ ပြောပြီးသားလေ၊ အဲ့တာက မတော်တဆလို့ ”
လုယွမ်ယဲ့မှာ သည်းမခံနိုင်တော့ဘဲ စုန့်ဝေအား မောင်းထုတ်လိုက်တော့သည်။
စုန့်ဝေက သူ၏ ဆေးဘူးအား အမြန်သိမ်းလိုက်ပြီး ခြေဖဝါးများအား ဆီသုတ်ထားသကဲ့သို့ မြန်မြန် ထွက်သွားလိုက်၏။
“ ငါ့ကို လူနာကြည့်ခ ပေးဖို့ မမေ့နဲ့ဦးနော်၊ သူဌေးလု ”
“ ငါ သိပါတယ် ”
လုယွမ်ယဲ့မှ လက်ယမ်းကာ ထွက်သွားရန် အချက်ပြလိုက်သည်။
စုန့်ဝေ ထွက်သွားပြီးနောက် သူ့အကြည့်တို့ကို အိပ်ယာပေါ်ရှိ အိုမီဂါလေးအပေါ် ရွှေ့လိုက်၏။
အိပ်ပျော်နေသော ရှီယိသည် လွန်စွာ နာခံတတ်ပုံပေါ်၏။ သူ၏ အေးစက်ကာ အဆင့်တန်းမြင့်မြင့် အခွံမှာ ကြေကွဲသွားပြီး နူးညံ့သော မွှေးပွအလုံးလေး ထွက်ပေါ်လာဟန်ပင်။ သို့သော်ငြား သူသည် ကောင်းစွာ မအိပ်ပျော်နိုင်သေးသဖြင့် နှာခေါင်းလေး အနည်းငယ် ရှုံ့နေသည်မှာ မတရား ခံနေရသယောင်။
လုယွမ်ယဲ့က ဖယ်ရိုမုန်းတို့အား တိတ်တဆိတ် ထုတ်ပေးနေသဖြင့် အခန်းတစ်ခုလုံးမှာ ချက်ချင်းပင် ထင်းရှူးအနံ့ဖြင့် ထုံသင်းသွား၏။ အိပ်ပျော်နေသော အိုမီဂါလေးမှာ နောက်ဆုံးတွင် သက်တောင့်သက်သာ ရှိသွားပုံရပြီး ဖြည်းဖြည်းချင်း ပြေလျော့သွားသည်။
———-
ရှီယိ ထပ်နိုးလာချိန်တွင် ညနေပင် စောင်းသွားခဲ့သည်။ အိမ်ခန်း၏ လိုက်ကာများကို ချထားရာ အခန်းသည် မှောင်မည်းနေ၏။ အခန်းထဲရှိ အယ်လ်ဖာ ဖယ်ရိုမုန်းများမှာလည်း မလွင့်ပြယ်သေးဘဲ သူ့အား နှင်းတိမ်တို့ဖြင့် ၀န်းရံထားသည့်ဟန် စိတ်ရှည်သည်းခံစွာ ဖက်တွယ်ထားခဲ့သည်။
ဖုန်းသည် ရုတ်ခြည်းပင် ထမြည်လာခဲ့၏။ ရှီယိသည် ဖုန်းသံမှတစ်ဆင့် သူ့ဖုန်းအား ရှာတွေ့သွားသည်။ ခေါ်ဆိုသူမှာ ရှီယွမ် ဖြစ်သည်။
ထိုသူသည် သူ့အား အခန်းတစ်ခုထဲသို့ မည်ကဲ့သို့ဆွဲခေါ်ကာ ဖန်းမူချင်းရှေ့တွင် မည်ကဲ့သို့ ပစ်ချခဲ့ကြောင်း အမှတ်ရနေဆဲဖြစ်သည်။ ရှီယိသည် လက်ချောင်းတို့အား ဖွဖွလေး လှုပ်ရှားကာ ဖုန်းချသည့် ခလုတ်အား နှိပ်လိုက်၍ ချက်ချင်းပင် နာမည်ပျက်စာရင်းထဲသို့ ထည့်လိုက်သည်။
သူသည် ငါးနာရီ၊ ခြောက်နာရီခန့် အနားယူပြီးနောက် လက်ထောက်ထံမှ မက်ဆေ့ခ်ျအပြုံလိုက် ရောက်လာခဲ့၏။
[ ချွီချွီ: သူဌေး၊ သူဌေး၊ ဖန်းမူချင်းက သောက်ပေါကြီးပဲ ]
[ ချွီချွီ: သူက ယွမ်ယဲ့အဆောက်အဦးမှာတွင် အိုမီဂါတစ်ယောက်ကို တကယ်ကြီး ကျူးလွန်ခဲ့တယ်တဲ့၊ အဲ့ဒီ အိုမီဂါက ဘယ်သူလဲ မသိသေးရသေးဘူး၊ ဒါပေမယ့် ယွမ်ယဲ့မီဒီယာရဲ့ မစ္စတာလုကတော့ တော်တော်လေးကို ဒေါသထွက်သွားတယ် ]
[ချွီချွီ: အဲဒီအကြောင်းကို မြန်မြန်လေး သွားဖတ်ကြည့်လိုက် ]
ရှီယိသည် ချွီချွီဝေမျှလိုက်သည့် လင့်ခ်အား နှိပ်လိုက်သည်။
[ အံ့ဩစရာပဲ၊ ဖန်းအုပ်စုရဲ့ ရှယ်ယာတွေ ကျကုန်ပြီ၊ လုယွမ်ယဲ့က တော်တော်လေး ဒေါသထွက်သွားတာပဲ ]