Chapter 7
• December 15 at 2:41 AM
ရှီယိသည် သူ့ကိုယ့်သူ နူးညံ့သောမွေ့ရာပေါ်သို ချခံလိုက်ရခြင်းကို ခံစားလိုက်မိသည်။ မွေ့ရာမှာ နေပူစာလှန်းထားသကဲ့သို့ အလွန်နွေးထွေးနူးညံံ့ကာ သက်သောင့်သက်သာရှိလှ၏။
"ရေချိုးခန်းမှာရှိတာ အကုန်အသစ်တွေချည်းပဲ။ ပြီးတော့ ဗီရိုထဲမှာ ညအိပ်ဝတ်စုံတွေရှိတယ်။ မင်းကြိုက်တာယူဝတ်လို့ရတယ်"
လုယွမ်ယဲ့က သူ့ကိုချပေးပြီး တည့်တည့်ပြောလိုက်သည်။
"အင်း"
သူ၏အတွေးစကလေးများ ပေါ်သွားသဖြင့် ရှီယိသည်အိပ်ဟန်မဆောင်တော့ပေ။
"ကျေးဇူးပါ ဥက္ကဋ္ဌလု"
"ခဏနေရင်ဆရာဝန်လာစစ်လိမ့်မယ်"
လုယွမ်ယဲ့သည် ညင်သာစွာ ခေါင်းငြိမ့်လိုက်၏။ သူ့အပြုအမူများသည် ရှယ်ယာရှင်များနှင့် အစည်းအဝေးပြုလုပ်နေသကဲ့သို ယဥ်ကျေးနေသည်။
"အေးအေးဆေးဆေးပြင်ဆင်လိုက်အုန်း"
သူမသွားခင်တစ်ခုထပ်ပြောလိုက်သည်။
"ငါ့ကို ဥက္ကဋ္ဌလုလို့ ခေါ်စရာမလိုဘူး"
" ?"
"သူတို့လိုပဲ မစ္စတာလုလို့ပဲခေါ်ပါ"
"ကောင်းပါပြီ မစ္စတာလု"
ရှီယိသည်လည်း မေးခွန်းတစ်ခုမေးလိုက်၏။
"ဒီမှာဘယ်နှစ်ရက်လောက်နေရမှာလဲ"
"ဆရာဝန်လာပြီးတဲ့အခါပြောကြတာပေါ့"
လုယွမ်ယဲ့က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။
ရှီယိမှာခေါင်းငြိမ့်လိုက်၍ လုယွမ်ယဲ့ထွက်သွားသောအခါမှ စိတ်ပျက်စွာနဲ့ အိပ်ရာပေါ်ပစ်လှဲလိုက်ပေသည်။ စက်ရုပ်ကဲ့သို့ လူတစ်ယောက်နှင့်စကားပြောရသည်မှာ မလွယ်ကူလှချေ။
သူ့ရဲ့ဖုန်းကိုအားသွင်းပြီးနောက် သူ၏လက်ထောက် ချွီချွီကိုဖုန်းဆက်၍ လာမည့်ရက်အနည်းငယ်အတွက် သူ့အချိန်စာရင်းများ ပြန်ပြင်ရန်မှာလိုက်၏။
မူလအစက ဤအချိန်အတွင်းတွင် ဖက်ရှင်ရှိုးပွဲကြီးတစ်ခုကိုတက်ရောက်ရမည်ဖြစ်သော်လည်း လက်ရှိသူ၏ခန္ဓာကိုယ် အချိုးအစားသည် မသင့်လျော်နေသည့်အတွက် အဆိုပါဘရန်း(brand)နဲ့တွေ့ဆုံခြင်းကိုရွှေ့ဆိုင်းလိုက်ရသည်။
ယခင်တစ်ခေါက်မှထုတ်ကုန်များနှင့်ပတ်သက်၍ပြင်ဆင်ရန်များ ကျန်ရှိရုံသာမက ဆောင်းဦးနှင့်ဆောင်းရာသီအတွက် မပြီးပြတ်သေးသောဒီဇိုင်းများကိုပြန်ကြည့်ရန် ကျန်သေးပေသည်။
ရှီယိသည် လက်ရှိ၌ အလုပ်အကြောင်းကိုသာစဥ်းစားနေလေ၏။ အကယ်၍ သူသာခွင့်တစ်ပတ်ယူလိုက်လျှင် ပြန်လိုက်မှီရန်အတွက် အနည်းဆုံးတစ်လခွဲလောက် အချိန်ပိုဆင်းရပေလိမ့်မည်။
ထိုစဉ် သူသည် ရုတ်တရက် လုယွမ်ယဲ့အကြောင်းတွေးမိသွား၏။ သူသည် အနုပညာအသိုင်းအဝိုင်းနှင့် မရင်းနှီးသော်ငြားလည်း လုယွမ်ယဲ့ကဲ့သို့ ရာထူးကြီးသည့်သူဆိုလျှင်ဖြင့် အလုပ်များစွာရှိနေမည်ကိုတော့သိပေသည်။ ထိုကြောင့် သူနှင့်နေ့တိုင်း အိမ်တွင် နေပေးရန်မှာမဖြစ်နိုင်ချေ။
သူသည်ရုတ်တရက် ထိုထင်မြင်ချက်တွေကို ရပ်တန့်လိုက်သည်။ ဘော့စ်လုသည် စံထားလောက်သောသူ၏ပုံရိပ်ကို ထိန်းသိမ်းရန်နှင့် တခြားသူများပြောစရာမဖြစ်စေရန်အတွက်ကို နိုင်ကွက်မရစေခြင်းသာဖြစ်သည်။ ထိုဟာသည် အပြင်ပန်းပုဂ္ဂိုလ်ရေးအရသာဖြစ်သောကြောင့် သူ့အနားတွင် အတူရှိနေပေးရန်မလို။
ရှီယိသည် ဤအချက်ကို သဘောပေါက်နားလည်သွားမှသာ စိတ်သက်သာရာရခဲ့ရသည်။ သာမန်လူတစ်ဦးအတွက် ခက်ထန်တင်းမာနေသော အမူအရာဖြင့်စက်ရုပ်လူသားထံမှကြည့်ခံရခြင်းမှာ သည်းမခံနိုင်ဖွယ်ဖြစ်နေပေ၏။
ထိုအချိန် တံခါး ခပ်ဖွဖွခေါက်သံ သုံးချက်ပေါ်လာ၏။ ခဏကြာသောအခါ အိမ်ထိန်း ဦးလေးဝမ် ဝင်လာသည်။
လုယွမ်ယဲ့သည် တစ်ယောက်တည်းနေကာ အိမ်ဖော်ဟူ၍လည်း များများစားစားမရှိချေ။ အိမ်ထိန်းနှင် ယာဥ်မောင်းမှအပ ထမင်းချက်သည့်အဒေါ်တစ်ယောက်သာရှိ၏။ ထိုသုံးယောက်စလုံးသည် အရည်အချင်းနှင့်လည်းပြည့်စုံသော ဘီတာများဖြစ်ကြသည်။
"မစ္စတာရှီ, မစ္စတာလုက အစားအသောက်တွေလာပို့ခိုင်းလိုက်တာပါ"
" ဟုတ်လား ကျေးဇူးပါ"
ရှီယိသည်ပန်းကန်ပြားကိုယူလိုက်၏။ ဘေးတွင်တွဲလျက် ပန်းရောင်အအေးတစ်ဘူးပါလာသည်။ သူသည်စိတ်ဝင်စားကာ ထိုဘူးကိုကောက်ကိုင်လိုက်၏။
" ဒီဟာကဘာကြီးလဲ..."
"အဲ့တာက အိုမီဂါတွေ heat ဝင်တဲ့အခါ ကုန်ခမ်းသွားတဲ့energyတွေကို ဖြည့်စွမ်းပေးဖို့ သောက်ရတဲ့ဖြည့်စွက်စာပါ။"
ဦးလေး ဝမ်သည် estrusအစား ယဥ်ကျေးသောအသုံးအနှုန်းဖြစ်သည့် fabrile period ကိုသာ ဂရုတစိုက်ထိန်းပြီး သုံးနှုန်းလိုက်သည်။
"ကျေးဇူးပါ"
ရှီယိသည် လျင်မြန်စွာပင် ထိုဘူးကိုသူနှင့်အဝေးတွင်ထားလိုက်၏။ ထို့နောက် သူသည်
"ပြီးတော့ မစ္စတာရှီလို့ မခေါ်ပါနဲ့လား.."
ဦးလေးမှာ သူ့ညွှန်ကြားချက်များသည် လုယွမ်ယဲ့ ၏ ညွှန်ကြားချက်များနဲ့ တစ်ထပ်တည်းတူနေသည်ကိုသတိထားမိသွားသည်။
"ကျွန်တော့်ကို...အမ်..."
"သခင်လေးရှီ"
ဦးလေးဝမ်က အလျင်အမြန်စကားစဖြတ်လိုက်သည်။ ထို့နောက် အိမ်ဖော်များကိုခေါ်ရန်အတွက် နံရံပေါ်က ဘဲလ်ကိုညွှန်ပြခဲ့သည်။
"တစ်ခုခုလိုတာရှိတိုင်း အချိန်မရွေး လှမ်းခေါ်လိုက်လို့ရပါတယ်"
မနေ့ညကအတော်ပင် ပင်ပန်းခဲ့သော်လည်း ရှီယိမှာစားချင်စိတ်မရှိပေ။ ကံကောင်းထောက်မစွာနှင့် ဦးလေးဝမ် ယူလာပေးသော ကောက်ညှင်းလုံး(ထမင်းလုံး)တစ်ခွက် နှင့် ဟင်းသီးဟင်းရွက်အနည်းငယ်ပါသောပုစွန်ဆန်ပြုတ်တို့ကိုတော့ သူခံတွင်းတွေ့နေလေသည်။
ဆန်ပြုတ်အနည်းငယ်စားပြီးနောက် ရှီယိသည် ဖြည့်စွက်စာကိုသောက်လိုက်၏။ ချိုမြိန်သောအရသာကို သူ့ခံတွင်းမှခံစားလိုက်ရပြီး ဗိုက်ပြည့်လာသောအခါ စိတ်ဖိစီးမှုများ တဖြည်းဖြည်း ပြေပျောက်လာခဲ့သည်။
ရှုဝိန်သည် heat ဝင်သည့်အခါတိုင်း အစားမစားနိုင်ဘဲ ဖြည့်စွက်စာအပေါ်တွင်သာမှီခိုနေရသည်။ ရှီယိသည် နောက်တစ်ကြိမ်တွင် သူ့အဖေအတွက် စမ်းဝယ်သင့်ကြောင်း စဥ်းစားမိလိုက်၏။
----
"သူစားပြီးပြီလား"
လုယွမ်ယဲ့သည် ဧည့်ခန်းထဲတွင် သတင်းစာဖတ်ရင်းလှမ်းမေးလိုက်လေသည်။
"သူဆန်ပြုတ်ကိုတော့ တစ်ဝက်စားပြီး ကောက်ညှင်းလုံးကိုတော့ အကုန်စားပါတယ်"
ဦးလေးသည် ဆက်၍ ပြောလိုက်သည်။
" အခု သခင်လေးရှီအိပ်နေပါပြီ"
"ဟုတ်ပြီ"
စာအုပ်ထဲတွင်ပြောထားသည့်အတိုင်းပင်။ အိုမီဂါတို့မှာ အချိုကြိုက်ပုံရသည်။
လုယွမ်ယဲ့က နာရီကို တစ်ချက်ကြည့်လိုက်သည်။ အချိန်မှာနီးနေပြိီ။
မကြာမီအချိန်လေးအတွင်းမှာပဲ ဗီလာတံခါးမှ ခေါင်းလောင်းသံထွက်လာ၏။
စုန့်ဝေသည် ဆေးသေတ္တာနှင့် အလောတကြီးရောက်လာပြီး တံခါးဝသို့ဝင်ဝင်ချင်း အသံစူးစူးနဲ့အော်လိုက်သည်။
" လုယွမ်ယဲ့, ဘယ်သူဆေးကုဖို့လိုနေတာလဲ? အိုမီဂါကိုလားဟ?!"
လုယွမ်ယဲ့သည် မကျေနပ်ပုံနှင့် ကြည့်လိုက်၏။ ထိုဆရာဝန်မှာ အမြဲလိုလို သူ၏ အလောကြီးအံ့သြမှုကိုမထိန်းချုပ်နိုင်ချေ။
"သူအိပ်နေတယ်။ မင်းအသံကိုထိန်းအုန်း"
"အေးအေး"
စုန့်ဝေသည် လက်မြှောက်အရှုံးပေးသည့် ဟန်ပန်ဖြင့် လက်ကိုမြှောက်ပြလိုက်ပြီးနောက် ပိုးသတ်လက်အိတ်ကိုစွပ်၍ စတိုခန်းမှ လိုအပ်သောပစ္စည်းကိရိယာများကို သွားယူလေတော့သည်။
ဤကဲ့သို့သောအချိန်များအတွက် လုယွမ်ယဲ့၏အိမ်တွင် မတူညီသောဆေးပစ္စည်းများကို သီးသန့် ဗီရိုထဲတွင်သိမ်းဆည်းထား၏။
" မှန်မှန်ပြောစမ်း။ မင်းအဲ့ဒီတက်သစ်စလေးတွေကို စိတ်ဝင်စားနေတာလား"
စုန့်ဝေသည် ရှေ့တိုးလိုက်ပြီး ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ငါနားလည်ပါတယ်။ ယွမ်ယိမီဒီယာမှာချစ်ဖို့ကောင်းတဲ့ အိုမီဂါလေးတွေရှိနေတာကိုး။ ငါသာအယ်လ်ဖာဖြစ်ရင် ငါ့ကိုယ်ငါတောင် ထိန်းနိုင်မှာမဟုတ်ဘူး"
"ဘယ်ကသာ"
လုယွမ်ယိ၏ နားထင်သွေးကြောများ ဂနာမငြိမ်လှုပ်ရှားသွားကာ
"အဲ့ဒါကမတော်တဆမှု တစ်ခုပဲ။ ဒီတိုင်းယာယီအမှတ်အသားပေးမိတာ။"
"ဘယ်လိုလုပ်ယာယီအမှတ်အသားက ငါးနာရီအထိခံမှာတုန်း"
စုန့်ဝေက အခြေနေကြိုတင်သိသလိုစတိုင်ဖြင့် ပမာမခန့်ထပ်မေး၏။
"မင်းမနေ့တုန်းက ဖြည့်စွက်ရည်ပေးလိုက်သေးလား"
"အဲဒီတုန်းက အရည်အသွေး သိပ်မကောင်းတဲ့ အပြင်ဖြည့်စွက်စာပဲ ရခဲ့တယ်"
"အိုခေ၊အရင်ဦးဆုံးအခြေအနေကြည့်ကြတာပေါ့"
စုန်ဝေ့မှာမသေချာမရေရာဖြစ်နေ၏။ လုယွမ်ယဲ့သည် အက်စ်အဆင့် အယ်လ်ဖာဖြစ်သည့်အတွက် သူ့ကိုလွှတ်ထားလျှင် အခြားသူများအပေါ်ထိခိုက်စေနိုင်သည်။
ထိုအိုမီဂါမှာ အမှန်ပင်နေမကောင်းပေ။ သူ့မျက်နှာမှာဖြူဖျော့နေ၍ နှဖူးပေါ်တွင်ဆံပင်များ ကြို့တိုးကြဲတဲဝေ့ကျနေသည်။ သူ၏နှုတ်ခမ်းမှာလည်း သွေးရောင်ပင်မကျန်တော့ချေ။ သူ့ခန္ဓာကိုယ်ကလည်း နွေရာသီမှာတောင် စောင်ထဲတွင် နစ်မြုပ်နေရကာ နည်းနည်းလောက် လှုပ်လိုက်လျှင်တောင် ကျိုးကြေသွားတော့မည့်ပုံစံဖြင့်ပင်။
စုန့်ဝေက သူ့ကို နှစ်ကြိမ်တိတိခေါ်သော်ငြားလည်း ပြန်လည်ထူးသည်ကို မကြားရပေ။ ထိုကြောင့် သူသည် ထိုအိုမီဂါ၏မျက်ခွံလှန်လိုက်ကာ မျက်သူငယ်အိမ်ကို စစ်ဆေးပြီးနောက် စိုးရိမ်တကြီးပြောလိုက်သည်မှာ
"ယွမ်ယိ, သူသတိလစ်နေတယ်"