Chapter 6
• December 12 at 2:40 AM
ပူပန်သောက...
ထိုစကားလုံးက ညကဖြစ်ခဲ့တဲ့ မကောင်းတဲ့ အမှတ်တရတွေကို ပြန်လည်သတိရစေသည်။
တီးတိုးညည်းညူရင်း ရေချိုးခန်းထဲသို့ ရှီယိအလျင်အမြန်ဝင်သွားခဲ့သည်။ သူက ရေအေးများဖြင့် မျက်နှာကို အကြိမ်များစွာ သစ်လိုက်သောအခါမှသာ နောက်ဆုံးတွင် ကိုယ်အပူချိန်ကျဆင်းသွားခဲ့ရ၏။
မှန်ထဲက သူ့ပုံရိပ်ကို ကြည့်ရင်း သူ့ကို အမှတ်အသားပေးခံလိုက်ရသည့် အဖြစ်မှန်ကို လက်မခံနိုင်သေးပေ။ လုယွမ်ယဲ့ ပြောခဲ့သည့် estrusအပါအဝင် အရာအားလုံးက သူ့အတွက် အစိမ်းသက်သက် ဖြစ်နေသည်။
"estrus"ဟူသော ဝေါဟာရသည် အခြား အယ်လ်ဖာနှင့်အိုမီဂါ အတွဲများအတွက်တော့ ပုံမှန်ဖြစ်သော်လည်း ရှီယိအတွက်ကတော့ ထိုအရာကို အတွင်းစိတ်ထဲမှ လက်ခံရန် ခက်ခဲလှသည်။
သူကလေးဘဝတုန်းက သူ့ရဲ့အဖေရှူဝိန်ဟာ သူ့ရဲ့estrusအတွင်း နာကျင်စွာ အော်ဟစ်ခဲ့ပုံကို သူမှတ်မိနေသေးသည်။ သူ့ဖခင်က သိမ်မွေ့ပြီး အေးချမ်းသူတစ်ဦးဖြစ်ပေမဲ့ estrusကာလကို ဖြတ်သန်းရတိုင်း ညှင်းပန်းနှိပ်စက်ခံနေရသလိုပင်။ ထိုရက်အနည်းငယ်အတွင်း သူ့တစ်ကိုယ်လုံး ပိန်ချုံးသွားတတ်သည်။
ထိုစဥ်က ရှီကျင်းပန်၏ အသက်မွေးဝမ်းကျောင်းက အောင်မြင်စပြုနေချိန်ဖြစ်၍ အိမ်က အိုမီဂါကို ဂရုမစိုက်နိုင်ခဲ့ပေ။ ရှူဝိန်သည် ဟန့်တားဆေးများကို အကြိမ်ရေများစွာ သုံးစွဲခဲ့သဖြင့် ဆေးယဥ်ပါးလာခဲ့ပြီး estrusချိန်ရောက်တိုင်း သူ့ခန္ဓာကိုယ်ဖြင့်သာ ခံနိုင်ရည်ရှိသမျှ ခုခံခဲ့ရသည်။
estrusချိန်အတွင်း နှစ်သိမ့်မှုမရနိုင်သော အိုမီဂါများသည် များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြသနာများ ပြင်းထန်တတ်သည်။ ရှုဝိန်သည် ပြီးခဲ့သည့်နှစ်များကတည်းက နှလုံးခုန်မမှန်ခြင်း၊ အိပ်မပျော်ခြင်းတို့ကို ခံစားနေခဲ့ရပြီး estrusချိန်တိုင်းနာကျင်စွာ တုန်ယင်နေတတ်သည်။ အယ်လ်ဖာ ဖယ်ရိုမုန်းများတောင် သူ့အား နှစ်သိမ့်နိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် ရှီယိသည် သူ့ဂလင်းချို့ယွင်းချက်ကို သိရှိခဲ့စဥ်က အေးဆေးတည်ငြိမ်စွာပဲ လက်ခံခဲ့သည်။ ပုံမှန် အိုမီဂါတစ်ယောက်လို ဖယ်ရိုမုန်းထုတ်ဖို့ ခက်ခဲသော်လည်း estrusရဲ့ ဒုက္ခကနေလည်း သူ့အား ရှောင်ရှားနိုင်စေမည်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့...
သူ့တစ်ကိုယ်လုံး ထိန်းချုပ်မရအောင် ဖြစ်နေသည်။ estrusကို ကိုင်တွယ်ဖြေရှင်းဖူးခြင်း မရှိသည့်အတွက် သူသိသည်မှာ သူသည် ရေငတ်နေပြီး အာခြောက်နေသည်၊ ရေကိုသာ သောက်ချင်နေသည်။ သူ့ခန္ဓာကိုယ်က အဖော်တစ်ဦးကို တောင့်တနေသည်ကိုပင် သတိမထားမိခဲ့ချေ။
ရှီယိ အိပ်ခန်းထဲပြန်ရောက်တော့ လုယွမ်ယဲ့ကအဝတ်အစားများကို သိမ်းဆည်းပြီးနေပြီ။သူက သူ့ဘေးရှိ စက္ကူအိတ်ကို လက်ညှိုးထိုးပြသည်။
"ငါ့မှာ အဝတ်အစားအပိုတော့ သိပ်မရှိဘူး၊ မင်းဒါကို အရင်ဝတ်ထားလိုက်ပါ"
"ကောင်းပြီ"
ရှီယိက အိတ်ကိုဖွင့်လိုက်သည်။ သူ့ကိုယ်ပိုင် အဝတ်အစားများက ဝတ်မရတော့ဘဲ ရှပ်အင်္ကျီကလည်း အစိတ်စိတ်အပိုင်းပိုင်းနီးပါး ဆုတ်ပြဲနေခဲ့ပြီ။
စက္ကူအိတ်ထဲတွင် ပေါ့ပေါ့ပါးပါး ဝတ်စုံအချို့ ပါလာသည်။ သူဖွင့်ကြည့်လိုက်သောအခါ အရှေ့ဘက်တွင် ခွေးခေါင်းအကြီးကြီးပုံနှိပ်ထားသော အဖြူရောင် တီရှပ်ကို တွေ့လိုက်ရသည်။
'လုယွမ်ယဲ့ရဲ့ ကိုယ်ပိုင် ဖက်ရှင်အရသာက ဒီလောက်တောင် ဆန်းသလား။'
သို့သော်လည်း လုဥက္ကဋ္ဌ၏ မျက်နှာသည် ပြောင်းလဲသွားခြင်းမရှိပေ။ သူ၏ အေးစက်သော အမူအရာက ကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဋ္ဌတစ်ဦးသည် ကိုယ်ပိုင်ဘဝတွင် ခွေးကလေးပုံ တီရှပ်ဝတ်ခြင်းသည် မှားယွင်းစရာမရှိကြောင်း အဓိပ္ပာယ်သက်ရောက်နေပုံရသည်။
တီရှပ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ပြီးတဲ့နောက် ရှီယိသည် အတော်လေး ကွဲပြားသွားခဲ့သည်။ သူ့အရိုးဆစ်က လုယွမ်ယဲ့ထက် ပိုသေးငယ်နေသောကြောင့် အဝတ်များထဲမှာ ရေကူးနေသလိုပင် ဖြစ်နေ၏။အကြောင်းမသိသူတစ်ဦးက သူ့ကိုကြည့်မိလျှင် သူ့ရည်းစား၏ အဝတ်အစားများကို ခိုးဝတ်ထားသော ကောလိပ်ကျောင်းသား အိုမီဂါလေးတစ်ဦးဟု ထင်သွားနိုင်ပေသည်။
"ယာဥ်မောင်းက အောက်ထပ်မှာ ရောက်နေပြီ"
လုယွမ်ယဲ့က သူ့လက်မောင်းပေါ်မှာ ကုတ်အင်္ကျီကိုတင်ပြီး သူ့အတွက် တံခါးဖွင့်ပေးလိုက်သည်။
"ကျွန်တော်တို့ ဒီလိုပုံစံနဲ့ ထွက်သွားရမှာလား"
ရှီယိ စိတ်ပူသွားသည်။ အလုပ်ချိန်အတွင်း ဒီလိုပုံစံနဲ့ ထွက်သွားရင် ယွမ်ယဲ့အဆောက်အဦးကို ဝင်ထွက်နေတဲ့ လူများတဲ့အတွက် မမြင်အောင် ရှောင်ဖို့ ခက်ခဲလိမ့်မည်။
"VIP ဓာတ်လှေကားရှိတယ်"
ဒါက ယွမ်ယဲ့အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်ဖြစ်သည်။ အထူးပွဲအစီအစဥ်အချို့ မရှိပါက မည်သူမျှ တက်လာလေ့မရှိပေ။ လုယွမ်ယဲ့သည် VIP ဓာတ်လှေကားသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ လက်ဗွေဖြင့် ဖွင့်လိုက်ပြီး ဓာတ်လှေကား ပြန်ပွင့်လာသောအခါ မြေအောက် ကားဂိုဒေါင်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
"သခင်လေး"
ယာဥ်မောင်းက အသက်သုံးဆယ်ကျော် ဘီတာတစ်ဦးဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းနှင့် ဖော်ရွေသောအပြုံးကို ပိုင်ဆိုင်ထားသည်။
သူက သူတို့နှစ်ဦးအတွက် ကားတံခါးဖွင့်ပေးပြီး ရှီယိဘက်သို့ လှည့်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"မစ္စတာရှီ၊ ကျွန်တော့်နာမည် ကောင်းလင်ပါ။ ရှောင်ကောင်းလို့ ခေါ်လို့ရပါတယ်"
"မင်္ဂလာပါ"
ရှီယိသည် တိုတိုတုတ်တုတ် နှုတ်ဆက်ပြီးနောက် နောက်ခန်းထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
SUV ကား၏ နောက်ထိုင်ခုံများတွင် လူနှစ်ဦး၏ ခြေထောက်ရှည်များကို သက်သောင့်သက်သာ ထားနိုင်လောက်အောင် နေရာလွတ် ပိုလျှံနေခဲ့၏။ကောင်းလင်၏ ကားမောင်းနှင်မှုက အလွန်တည်ငြိမ်ပြီး ညင်သာစွာ ယိမ်းထိုးနေမှုက ရှီယိကို အိပ်ချင်စိတ်ပေါက်စေသည်။
ဤပြောင်းလဲမှုများက မြန်ဆန်လွန်းသောကြောင့် ကားထဲရောက်မှသာ သူ့ခန္ဓာကိုယ်က တုံ့ပြန်ရန် အချိန်ရခဲ့သည်။ ရှီယိသည် သူ့ခါးအောက်ပိုင်းကိုလက်ဖြင့် ထောက်ရန် သတိမမူဘဲဆန့်လိုက်လေသည်။ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး မောပန်းနွမ်းနယ်နေသည်ကို အနည်းငယ် စိတ်ပျက်အားငယ်စွာ ခံစားလိုက်ရသည်။
သူသည် ငယ်စဥ်ကတည်းက ကျန်းမာရေးမကောင်းတာများပြီး အအေးမိခြင်း၊ ဖျားနာခြင်းသည် ပုံမှန်ပင်။ သို့သော် ဤကဲ့သို့သော မောပန်းမှုမျိုးသည် ဖျားနာခြင်းနှင့် မတူချေ။ သူ့ကိုယ်ခန္ဓာက လေးလံနေပြီး သူ့စိတ်က နားထဲတွင် အသံဆူညံနေသော်လည်း မြူခိုးတစ်ထပ်ခြားထားသလို သူ့အာရုံခံစားမှုများက မှိုင်းမှိုင်းပျပျ ဖြစ်နေ၏။
ထင်းရှူးရနံ့ ဖယ်ရိုမုန်းများက ပိုမိုနီးကပ်လာသည်။ သန့်ရှင်းလန်းဆန်းပြီး သစ်သားရနံ့ သင်းသင်းလေးက သူ့တစ်ကိုယ်လုံးရှိ ပင်ပန်းနွမ်းနယ်မှုများကို သုတ်သင်ပစ်လိုက်သလိုပင်။
ရှီယိသည် ကားပြတင်းပေါက်ကို တံတောင်ဆစ်ဖြင့် မှီကာ ခေါင်းကို ကွေးထားသည့်လက်များပေါ် တင်ထားပြီး သတိမမူမိစွာ အိပ်ပျော်သွားခဲ့သည်။
သူနိုးလာသောအခါ ခေတ္တခဏစိတ်တွေဝေဝါးနေပြီး တစ်စုံတစ်ဦး၏ အသံက သူ့နားထဲသို့ သဲ့သဲ့လေး ဝင်လာသည်။
"သခင်လေး၊ ကျွန်တော် လုပ်ပေးပါရစေ"
"မလိုဘူး"
ဤအသံသည် လုယွမ်ယဲ့၏ အသံပင်။
ရှီယိ မျက်လုံးမဖွင့်ရသေးခင် သူ့ဘက်ခြမ်း ကားတံခါးပွင့်သွားသည်။ လက်တစ်ဖက်က သူ့ခြေထောက်များကို ဆွဲယူလိုက်ပြီး စက္ကန့်ပိုင်းလေးအတွင်းတွင် သူ့တစ်ကိုယ်လုံး လေထဲတွင် မြောက်တက်သွားခဲ့သည်။
ရှီယိ!!!
သူသည် မင်းသမီးကို ပွေ့ချီသကဲ့သို့ပုံစံမျိုး ချီပွေ့ခံလိုက်ရသည်ကို မည်သို့မည်ပုံတုံ့ပြန်ရမှန်း မသိတော့ချေ။ သူသည် လက်များကို ကမန်းကတန်းကွေးထားရပြီး ပြုတ်ကျမှာကြောက်သဖြင့် နောက်သို့ ကျုံ့သွားခဲ့ပေမဲ့ လုယွမ်ယဲ့နှင့် အကွာအဝေးကို ထိန်းထားနိုင်ရန် အပြည့်အဝ မကျုံ့လိုက်မိပေ။
အယ်လ်ဖာတွေက သူတို့ရဲ့ ခွန်အားကို ပြသရတာကို အရမ်းကြိုက်ကြတာလား။ ရှီယိသည် မျက်လုံးများကို ရိုးရိုးလေး ပိတ်ထားပြီး သတိမေ့နေဟန် ဆောင်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လုယွမ်ယဲ့က သူ့ကို အပြင်ကို ပစ်ထုတ်မှာ မဟုတ်ပါဘူး။
ခေါင်းကို ငုံ့ကြည့်လိုက်တော့ လုယွမ်ယဲ့သည် သူ့ရင်ခွင်ထဲမှလူရဲ့ တုန်ရီနေသော မျက်တောင်များကို သတိထားမိလိုက်သည်။ သူ့နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကော့တက်သွားပြီး မေးလိုက်လေသည်။
"ဦးလေးဝမ်၊ ဧည့်သည်ခန်း အဆင်သင့် ဖြစ်ပြီလား"
"အကုန်လုံး ပြီးစီးပါပြီ"
လုယွမ်ယဲ့က တစ်ဖက်လူကို ဒုတိယထပ်ဆီသို့ ပွေ့ချီသွားသည်ကို မြင်လိုက်ရသောအခါ အိမ်တော်ထိန်းသည် ဝမ်းသာကျေနပ်နေသော အပြုံးကို မပြဘဲမနေနိုင်ခဲ့ပေ။
အယ်လ်ဖာနှင့် ဘီတာများမှအပ မစ္စတာလု၏ ပတ်ဝန်းကျင်တွင်အိုမီဂါတစ်ဦး၏ အရိပ်အယောင်ပင် မရှိခဲ့ပေ။
မစ္စတာလုသည် နောက်ဆုံးတော့ သူ့နှလုံးသားထဲက ‘လရောင်ဖြူလေး’ ကို လွှတ်ချလိုက်ပြီးအိုမီဂါတစ်ဦးကို အိမ်ခေါ်လာခဲ့ပြီ ထင်ပါ၏။