Chapter 5
စွန့်ပစ်ခံရခြင်း၏ ရာဇဝတ်မှု..
ရှီယိ မည်သည်ကိုမှ မပြောနိုင်တော့ပေ။ ဥပဒေမှာ အယ်လ်ဖာများကို ထိုသူတို့ အမှတ်အသားပေးထားသော အိုမီဂါအဖော်၏ heatကာလမပြီးမချင်း စောင့်ရှောက်ရန် သတ်မှတ်ထားသည်။ သို့ရာတွင် ဤဥပဒေကို တင်းကျပ်စွာ ကိုင်တွယ်ခြင်းမျိုးမရှိခဲ့၍ အဖော်လိုအပ်နေသည့် သူတို့၏ အိုမီဂါများကို စွန့်ပစ်သွားသော အယ်လ်ဖာ အတော်လေး များ၏။
ခြုံကြည့်ရလျှင် ဤစနစ်ကို အားသာသည့်ဘက်မှ ဆုံးဖြတ်ထားခြင်းဖြစ်၍ အိုမီဂါများ၏ ပြောဆိုခွင့်သည် တကယ်တမ်းကြည့်လျှင် အလွန်အမင်း ကန့်သတ်ထားခြင်းခံရသည်။
"ကျွန်တော် တိုင်ကြားမှာ မဟုတ်ပါဘူး"
ရှီယိက ပြန်ဖြေလိုက်၏။
"မနေ့က ကိစ္စကမတော်တဆ ဖြစ်ခဲ့တာပါ၊ ခင်ဗျား အနေနဲ့စိတ်ပူစရာ မလိုပါဘူး..."
လုယွမ်ယဲ့အနေဖြင့် ရှီယိ ထိုကဲ့သို့ပြောလာမယ်ဟု ကြိုတင်မျှော်လင့်ထားပုံရကာ ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည်။
"မင်း ကိုယ့်ရဲ့အမှတ်အသားနဲ့ အပြင်ထွက်သွားရင် တစ်ရက်အတွင်း မြို့တော်ရဲ့ တစ်ဝက်လောက်က သိကုန်လိမ့်မယ်"
"မင်းလည်း လက်မထပ်ရသေးတဲ့ အိုမီဂါတစ်ယောက်ပဲ၊ အကျိုးဆက်တွေကို တကယ် မကြောက်ဘူးလား"
ရှီယိ ပြောစရာ စကားကင်းမဲ့သွား၏။သူ့အကြောင်း ထွက်ပေါ်နေသည့် ကောလာဟလ အချို့ကို သူသိသည်။ ဖေးယိ၏ ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် သူ့၏ ပုံရိပ်သည် ကုမ္ပဏီ၏ ပုံရိပ်နှင့် တိုက်ရိုက်ဆက်စပ်နေ၏။ ဖန်းမုချင်းနှင့်ဖြစ်ခဲ့သော ကိစ္စတွင်လည်း ကုမ္ပဏီ၏ စတော့ရှယ်ယာဈေးကို ထိခိုက်စေခဲ့သည်။
ထို့ပြင် ရှီမိသားစုသာ သူနှင့်လုယွမ်ယဲ့ အတူအိပ်ခဲ့ပြီး အမှတ်အသားပေးခံခဲ့ရသည်ကို သိသွားလျှင် ရှီကျင်းပန်မှ လုယွမ်ယဲ့ကို မည်သို့ အသုံးချမည်အား မည်သူ သိနိုင်မည်နည်း။
လုယွမ်ယဲ့မှ သူ့ကို ကူညီပေးခဲ့ခြင်းဖြစ်သည်။ ရှီယိမှာ သူ့ကို ရှီမိသားစု၏ အရှုပ်အထွေးများထဲတွင် ပါဝင်ပတ်သက်စေချင်သည့် စိတ်မရှိပါပေ။
ဤသို့ဆိုလျှင် လုမိသားစုအိမ်တွင် ရက်အနည်းငယ်လောက် နေနေခြင်းသည် တကယ်တမ်းတွင် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုပါပေ။
ရှီယိမှာ လည်ချောင်းထဲမှ ယားယံခြောက်သွေ့မှုကို ခံစားရသဖြင့် ချောင်းအနည်းငယ် ဆိုးလိုက်မိသည်။
တစ်စုံတစ်ယောက်သည် ကုတင်ဘေးတွင် ရေတစ်ခွက်ကို အဆင်သင့် ထားပေးထားတာကြောင့် သူ ကောက်ယူပြီး နှစ်ငုံခန့် သောက်လိုက်၏။
ပြီးနောက် လုယွမ်ယဲ့ကို ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်”
"မင်း ညက ရေပဲ တောင်းနေခဲ့တာ"
လုယွမ်ယဲ့သည် ခံစားချက်မရှိသောမျက်နှာနှင့်ပင်။
သူ့စကားများသည် ရှီယိ၏ မှတ်ဉာဏ်ကို လှုံ့ဆော်လိုက်သောကြောင့် ရှီယိမျက်နှာလေး နီရဲသွားရလေ၏။ ငိုကြွေးရ၍ အသံဝင်နေသော သူ၏လည်ချောင်းကြောင့် ရေကိုတောင်းနေခဲ့သည်မှာ သူကိုယ်တိုင် ဖြစ်၏။ နောက်ဆုံးတွင်တော့ ငိုပင်မငိုနိုင်လောက်အောင် ပင်ပန်းနွမ်းနယ်သွားခဲ့ရသည်။
သူ့လက်များ အပူလောင်သွားသကဲ့သို့ ရေခွက်ကို ဘေးနားချလိုက်၏။ထို့နောက် ခေါင်းအုံးတစ်လုံးကို အပြစ်ရှိသည့်အတိုင်း ဆုပ်ကိုင်မိလိုက်ပြီးမှ ဤခေါင်းအုံးမှာ ညက သူ့ခါးအောက်တွင် ခံထားသောခေါင်းအုံးဖြစ်မှန်း ရုတ်တရက် သဘောပေါက်သွားသဖြင့် ဆက်ကိုင်ထားရမည်လော လွှတ်ချလိုက်ရမည်လော ဆိုသည်ကို ရှီယိ မဆုံးဖြတ်နိုင် ဖြစ်နေခဲ့၏။
ကုတင်ပေါ်ရှိ အကူအညီမဲ့နေသည့် လူငယ်လေးကို ကြည့်ရင်း လုယွမ်ယဲ့မှာ အနည်းငယ် ရယ်ချင်လာလေသည်။
ညက ပြင်းထန်သည့် လှုပ်ရှားမှုများသည် သူ့အပေါ် တွင် အနည်းငယ်သာ သက်ရောက်မှုရှိခဲ့၏။
ဥက္ကဋ္ဌ လုသည် သူ၏ ဇီဝနာရီအရ မနက်၈ နာရီတွင် မျက်လုံးဖွင့်ပြီး သူ့အတွင်းရေးမှူးကို ရှီယိ၏ မိသားစုနောက်ခံကို စစ်ဆေးခိုင်းခဲ့သည် ။
ဖိုင်သည် သူ့ကွန်ပျူတာတွင်ရှိနေပြီး အချက်အလက်များမှာ သိပ်မများပါပေ။
ရှီယိ၏ အတိတ်မှာ ရိုးရှင်း၏။
သူ့၏ အိုမီဂါဖခင် ရှု၀ိန်သည် မူလက ဖက်ရှင်ဒီဇိုင်း ပါမောက္ခဖြစ်ပြီး ရှီကျင်းပန်၏ ဒုတိယမြောက် အိုမီဂါလည်း ဖြစ်သည်။
ရှီယိတွင် သူ့အဖေ၏ ပထမဆုံး အိမ်ထောင်မှ မွေးသော ဖအေတူ မအေကွဲညီအစ်ကို နှစ်ယောက်ရှိ၏။
သူသည် ရှီမိသားစု၏ ရုပ်ရှင်ပြဇာတ်လုပ်ငန်းတွင် အခြေခံအားဖြင့် ပါဝင်ပတ်သက်ခြင်း မရှိပေ။
သူသည် အလယ်အလတ် အဝတ်အထည် ဒီဇိုင်းကုမ္ပဏီတစ်ခုကို ဦးစီးနေခြင်းဖြစ်၏။
လုယွမ်ယဲ့မှာ သူ၏ အနုပညာရှင်နှင့်ရှီယိ အဘယ်ကြောင့် တွေ့ဆုံသည်ကို နောက်ဆုံးတွင် နားလည်သွား၏။ ရှချန်းသည် ဖေးယိနှင့် ရေရှည်စာချုပ် ချုပ်ဆိုထားသော မော်ဒယ်တစ်ဦးဖြစ်သည်။
ကောလဟာလများသည် ရှီယိတွင် ထူးဆန်းသော စိတ်သဘောထားရှိပြီး ဂလင်းချို့ယွင်းသော အိုမီဂါတစ်ယောက်လည်းဖြစ်၏။ ဖန်းမိသားစုနှင့် စေ့စပ်ချိန်တွင် သူ၏ ဂလင်းမှာရနံ့ မရှိသလောက်အားနည်းသည်ဟုလည်း ပြောကြသည်။
ကုတင်ပေါ်ရှိ ရှုပ်ထွေးနေဆဲ အိုမီဂါကို သူ ကြည့်လိုက်မိ၏။ သူ့၏ ဆံပင်တိုလေးများမှာ ပွယောင်းကာ ဖရိုဖရဲလေးဖြစ်နေသည်။ သူ့မျက်နှာပေါ်မှ ရှက်သွေးဖြာမှုမှာ မပျောက်သေးပေ။ ညက ဝိုင်ခွက်ကိုကိုင်ထားသည့် အေးစက်စက်လူနှင့် လုံးဝကို ကွာခြားနေ၏။
လုယွမ်ယဲ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားပြီး မေးလိုက်သည်။
"စဉ်းစားပြီးပြီလား"
"လုမိသားစုအိမ်ဆီ သွားလို့ရပါတယ်"
ရှီယိမှာ ခေါင်းမော့ရင်း ပြောလေသည်။
"ဒါပေမဲ့ ကျွန်တော့် မိသားစုနဲ့ သူငယ်ချင်းတွေကိုတော့ အကြောင်းကြားချင်တယ်"
လုယွမ်ယဲ့သည် ကြမ်းပြင်ပေါ်ပုံထားသည့် အဝတ်ပုံထဲမှ သူ့မိုဘိုင်းလ်ဖုန်းကို မေးဆက်ပြလိုက်၏။ ရှီယိမှာ မျက်နှာနီရဲစွာနှင့် သူ့ဖုန်းကို ရှာတွေ့လိုက်သည်။ အဝတ်အစားတွေပေါ်ရှိ သံသယဖြစ်ဖွယ် အစွန်းအထင်းတွေကိုတော့ တမင်လျစ်လျူရှုထားလိုက်လေ၏။
ယခုလေးတင် ၀င်ထားသော ဖုန်းခေါ်ဆိုမှုမှာ ရှချန်းမှ ခေါ်ထားခြင်းဖြစ်သည်။ ညအချိန်မှ ယခုချိန်ထိဆိုလျှင် ဖုန်းခေါ်ဆိုမှု ဆယ်ကြိမ်ကျော် ရှိခဲ့ပြီး မဖတ်သေးသည့် မက်ဆေ့ချ်များပင် စုပုံနေသည်။
[ပိစိလေး ရှချန်း :: ရှီယိ၊ နေကောင်းရဲ့လား၊ ရှီယွမ်နဲ့ ရန်ထပ်ဖြစ်ခဲ့တာလား]
[ပါတီက ပြီးသွားပြီ၊ ဘာလို့ မပြန်လာသေးတာလဲ]
...
[ရှီယိ ငါ့ကို မခြောက်ပါနဲ့]
ဖုန်းခေါ်ဆိုမှု ခလုတ်ကို နှိပ်လိုက်သည်နှင့် ရှချန်း၏ အသံမှာ ချက်ချင်း ပေါ်လာသည်။ သူ့ဘက်တွင် မည်မျှ ရှုပ်ထွေးနေလည်းဆိုသည်အား နောက်ခံဆူညံသံများကြောင့် သိနိုင်ပေ၏။
"ရှီယိ မင်း မနေ့ညက ဘယ်သွားနေတာလဲ"
ရှချန်းမှ စိုးရိမ်တကြီး မေး၏။
"အဆင်ပြေရဲ့လား"
"နည်းနည်းအဆင်မပြေသလို ခံစားရလို့ စောစောပြန်လာခဲ့တာပါ"
ရှီယီမှ ဖြေလိုက်သည်။
"အခု ပိုအဆင်ပြေလာပြီလား"
ရှချန်းသည် သူ့၏ အကြောင်းပြချက်ကို သံသယမဝင်ပေ။ ရှီယိမှာ ဤကဲ့သို့လှုပ်ရှားမှုများအား တတ်ရောက်ရခြင်းကို မကြိုက်ပေ။ ထို့ပြင် သူ့ကျန်းမာရေးမှာလည်း မကောင်းသောကြောင့် စောစောပြန်ခြင်းသည် ပုံမှန်ပင် ဖြစ်သည်။
"မင်းကို ခွေးလိုအယ်လ်ဖာတစ်ယောက်က ဆွဲခေါ်သွားပြီး သန့်ရှင်းတဲ့အထိ စားတာခံလိုက်ရပီထင်နေတာ"
"မဖြစ်နိုင်တာ..."
ရှီယိ ခြောက်သွေ့စွာ ရယ်လိုက်ပြီးနောက် အယ်လ်ဖာတစ်ယောက်မှ သူ့ကို အမှန်တကယ် ဆွဲခေါ်သွားခဲ့သည်ကို တွေးလိုက်မိသည်။
ထို့နောက် စကားအနည်းငယ် ထပ်ပြောပြီး ဖုန်းချလိုက်၏။
ရှချန်းမှာ ယေဘူယျအားဖြင့် ရှိးရှင်းပြီး အယုံလွယ်သူဖြစ်သည်။ သို့ရာတွင် သူ့ဖခင်သည်ကား မတူပေ။
ရှီယိ သက်ပြင်းချလိုက်ပြီးနောက် အခြားဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
"ဟယ်လို၊ ရှောင်ယိလား"
ရှု၀ိန်၏ သိမ်မွေးနူးညံ့သော အသံသည် ထွက်ပေါ်လာ၏။
"ဖေဖေ"
ရှီယိမှ ခေါ်လိုက်သည်။
"အခုတလော ခန္ဓာကိုယ်ကဘယ်လို ခံစားရလဲ"
"အရင်လိုပါပဲ"
ရှု၀ိန်သည် ပြုံးကာ
"ချောင်းဆိုးတာ အများကြီး သက်သာလာတယ်"
"အင်း"
ရှီယိ ညင်သာစွာပြန်ဖြေသည်။
"ညက အဖေ ပြန်လာတုန်းက ဘာများ ပြောခဲ့သေးလဲ"
"သူ ဘယ်သူ့ကို သွားစိတ်ဆိုးခဲ့လဲ မသိပါဘူး၊ ဒေါသထွက်နေပြန်တယ်"
ရှု၀ိန်သည် သက်ပြင်းချမိလိုက်၏။
"မင်းလည်း သူ့ စရိုက်ကို သိပီးသားပဲမဟုတ်လား"
ခဏအကြာတွင် ရှု၀ိန်မှ မေးလေသည်။
"တစ်ခုခုများ ဖြစ်ခဲ့တာလား"
"မဟုတ်ပါဘူး၊ မဟုတ်ဘူး"
ရှီယိမှ အလျင်စလို ပြောလိုက်မိ၏။
"ဒီနှစ်ရက်မှာ အလုပ်တွေ ရှုပ်နေလို့ပါ၊ ဒါပေမဲ့ ရက်အနည်းငယ်ကြာရင် ဖေဖေ့ကိုတွေ့ဖို့ ပြန်လာခဲ့ပါမယ်"
သူသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ပြောင်းရွှေ့ခဲ့ပြီး ယခု ရှု၀ိန်၏ အရင်လူလွတ်ဘ၀တုန်းက တိုက်ခန်းတွင် နေထိုင်နေ၏။ သူသည် ရံဖန်ရံခါမှသာ အားလုံးကို တွေ့ရန် သွားတတ်သည်။
"အင်း ဖေဖေ့ကို စိတ်မပူပါနဲ့၊ သား အလုပ်ကို သွားလုပ်ပါ၊ ဖေဖေ ဒီဘက်မှာ ဘာမှ မဖြစ်ဘူး"
ရှု၀ိန်မှ ညင်သာစွာ ပြောလေသည်။
ရှီယိ သူ့မျက်လုံးများကို မှိတ်လိုက်၏။
"ဖေဖေ၊ခဏလေး စောင့်ပါ၊ မကြာခင် လာခေါ်ပါမယ်နော်"
"ကောင်းပါပြီ"
ရှု၀ိန်၏ အသံမှာ နူးညံ့၏။ သူတို့သည် ဤသို့ နူးညံ့သည့်စကားဝိုင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောခဲ့ပြီးပြီ ဖြစ်သည်။ သို့ရာတွင် ရှီယိမှ ရှု၀ိန်ကို ခေါ်ထုတ်ရန် ကြိုးစားသည့်အခါတိုင်း ရှီကျင်းပန်သည် သူတို့ကို အမြဲရှာတွေ့ပြီး အတင်းအကြပ် ပြန်ခေါ်သွားတတ်၏။
ရှုဝိန်၏ ကျန်းမာရေးသည် တဖြည်းဖြည်း ပိုဆိုးလာပြီး သူ ယခုထက်ပိုပြီး မခံနိုင်တော့ပေ။
သူ့၏ဖခင်ကို နှစ်သိမ့်ပြီးသည့်နောက်တွင် ရှီယိ သတိပြန်ဝင်လာရန် အချိန်အတော်ကြာသွားသည်။ သူ မော့ကြည့်လိုက်ချိန် သူ့ရှေ့တွင် လုယွမ်ယဲ့မရှိတော့ပေ။ သူသည် ရှီယိကို မိသားစုနဲ့ စကားပြောရန် အချိန်လုံလောက်စွာပေးခဲ့ပြီး သူတို့ စကားဝိုင်းထံ ဝင်မရှုပ်ခဲ့ချေ။
ရှီယိ တွေဝေစွာဖြင့် အိပ်ရာမှထလိုက်ပြီး ပိတ်ထားသော ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ သူသည် တံခါးကို ဆွဲသော်လည်း ပွင့်မလာခဲ့ပေ။
သူ့စိတ်ထဲတွင် ရှုဝမ်အကြောင်းများနှင့် ပြည့်နေတာကြောင့် မသိစိတ်နဲ့ တံခါးကို နောက်ထပ် ထပ်ဆွဲလိုက်မိ၏။ နောက်တစ်စက္ကန့်တွင် တံခါမှာ အတွင်းဘက်မှ အလိုအလျောက် ပွင့်သွားသည်။
လုယွမ်ယဲ့၏ အင်္ကျီလက်ရှည်သည် ခေါက်တင်ထားဆဲဖြစ်ပြီး သူ့လက်ပေါ်တွင် ရေစက်လေးတွေ တွဲလွဲကျနေလေ၏။ သူ့ဆီမှ လန်းဆန်းသည့် ထင်းရှုးရနံ့ ဖယ်ရိုမုန်းတို့သည် ဈေးကြီးသော **Cologne အနံ့အားလုံးကို ဖုံးလွှမ်းသွားစေပြီး သူလက်ဆေးနေသည့်ပုံစံကို မြင်ရုံနဲ့တင် လူတစ်ယောက်ကို ဟော်မုန်းများ ထိန်းမရအောင် ထကြွလာနိုင်စေသည်။
လုယွမ်ယဲ့မှ သူ့၏မေးရိုးနားပင် မရောက်သော အိုမီဂါကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်၏။
"အဲဒီလောက်တောင် အလျင်လိုနေတာလား"
*Cologen အနံ့ -အမျိုးသားများသုံးလေ့ရှိသော ရေမွှေးအမျိုးအစားတစ်ခုဖြစ်ပြီး ရေမွှေးအဆီပါ၀င်မှုနည်းသောကြောင့် ရေမွှေးလိုမျိုး အနံ့မစူး ခနလေးအတွင်း အနံ့ပြယ်လွယ်သည်။