Ch 3
Viewers 10k

Chapter 3

"ထွက်သွား!"

ရှီယိ ရွံရှာမုန်းတီးမှု အပြည့်နှင့် ခေါင်းကို လှည့်ပစ်လိုက်သည်။ လွန်ခဲ့သော တစ်လခန့်က ရှီမိသားစု၏ စီစဉ်မှုကြောင့် ဖန်းမုချင်းနှင့် တွေ့ဆုံခဲ့ရသည့် စိတ်ပျက်ဖွယ်ရာ Blind Date ကိစ္စမှာ သူ့စိတ်ထဲသို့ ချက်ချင်း ပြန်လည် ဝင်ရောက်လာခဲ့၏။

ထိုစဥ်ကလည်း ယခုကဲ့သို့ ကျဉ်းမြောင်း၍ ပိတ်လှောင်နေသော အခန်းလေးထဲ၌ပင်။ ဖန်းမုချင်း၏ မျက်လုံးများမှာ စွဲလမ်းမှု၊ ရူးသွပ်မှုများနှင့် ပြည့်လျှံနေခဲ့ပြီး သူ၏ ဖယ်ရိုမုန်းများကလည်း အထိန်းအကွပ်မရှိ လျှံကျနေခဲ့သည်။ ကံကောင်းထောက်မစွာနှင့် ရှီယိတစ်ယောက် ထိုနေ့က ထိန်းချုပ်အားကောင်းသော ကာကွယ်လက်ပတ်ကို ဝတ်ဆင်ထားခဲ့၍ ဖယ်ရိုမုန်း၏ သက်ရောက်မှုမှာ အနည်းငယ်သာ ရှိခဲ့၏။ ဖန်းမုချင်းက သူ့အပေါ် ခုန်အုပ်ကာ အင်္ကျီလည်ပင်းကို ဆွဲရန် ကြိုးစားခဲ့စဥ် ရှီယိ သူ၏ ပါးတစ်ဖက်ကို လက်ဝါးဖြင့် ရိုက်ချခဲ့သည်။

ရှီယိ၏ ဖြူနုသွယ်လျသော လက်ဖဝါးက နေ့စဥ် ဒီဇိုင်းများ၊ တန်ဖိုးကြီး အထည်များကိုသာ ထိတွေ့နေခဲ့ရသောကြောင့် သိပ်ပြီး ခွန်အား မရှိလှပေ။ ယုတ္တိရှိရှိ စဥ်းစားကြည့်လျှင် ဖန်းမုချင်းမှာ အိုမီဂါ တစ်ယောက်၏ ပါးရိုက်ခြင်းကို ခံလိုက်ရသည့် မျက်နှာပျက်စရာ ကိစ္စကြောင့်သာ ဝက်အော်သကဲ့သို့ အော်ဟစ်၍ လူအများအပြား၏ အာရုံကို ဆွဲဆောင်မိသွားခဲ့ခြင်း ဖြစ်သည်။

ထိုလူမှာ မိသားစု၏ ကာကွယ်ပေးခံထားရသော လူချမ်းသာ သားတစ်ယောက်မျှသာ ဖြစ်သည်ဟု ရှီယိ ထင်ခဲ့လေ၏။ ထို့အပြင် မူလဗီဇအရ ကြောက်တတ်သော်လည်း အနည်းငယ် ယုတ်မာကာ စိတ်ဓာတ်ကျနေသူ တစ်ယောက် ဟူ၍ပင်။ သို့သော် လူတစ်ယောက်ကို ဆေးခတ်သည်အထိ လုပ်နိုင်လောက်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဖန်းမုချင်းလည်း လူအများရှေ့တွင် အရှက်ကွဲခဲ့ရသည့် ထိုမြင်ကွင်းကို သတိရသွားဟန်ပင်။ မျက်နှာကို တည်တင်းလိုက်ပြီး ရှီယိထံသို့ လျှောက်လာကာ လက်တစ်ဖက်ဖြင့် သူ၏ မေးစေ့ကို တင်းတင်း ကိုင်လိုက်ပြီး ပြောလာ၏။

"မင်း ငါ့ကို တစ်ခါလောက် ကြည်ကြည်ဖြူဖြူ လုပ်ခွင့်ပြုလိုက်ရင် အရင်က ကိစ္စတွေကို ငါ မေ့ပစ်လိုက်မယ်"

ရှီယိက ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်သောကြောင့် သူ့မေးစေ့ပေါ်၌ ဖန်းမုချင်း၏ လက်ချောင်းရာများ ထင်ကျန်ခဲ့လေသည်။

ထိုလုပ်ရပ်က ဖန်းမုချင်းကို လုံးဝ ဒေါသထွက်သွားစေ၏။ နီရဲသွားသော အစင်းရာများကို စိုက်ကြည့်ရင်း သူ၏ အသက်ရှူသံက ရုတ်တရက် ပိုမို မြန်ဆန်လာခဲ့သည်။

ရှီယိ၏ ဖယ်ရိုမုန်းက အယ်လ်ဖာများအပေါ် သက်ရောက်မှု မရှိနိုင်လောက်အောင် အားနည်းနေသော်လည်း သူ၏ ရှည်လျားသွယ်လျသော ခြေတံများ၊ သေးသွယ်သော ခါးအလှက မည်သည့် အယ်လ်ဖာ၏ အနိုင်ယူလိုစိတ်ကိုမဆို နှိုးဆွပေးနိုင်ခဲ့၏။ 

ဤသို့ အေးစက်ခက်ထန်နေသော်လည်း လှပသော မျက်နှာလေး၊ ဒေါသဖြင့် နီရဲနေသည့် မျက်ဝန်းပိုင်ရှင်လေးကို မကြာခင် သိမ်းပိုက်နိုင်တော့မည်ဟု တွေးလိုက်မိစဥ် ဖန်းမုချင်းမှာ ဒီတစ်လအတွင်း စောင့်ဆိုင်းခဲ့ရသည်ကိုပင် ဆုံးရှုံးမှုတစ်ခု အဖြစ် ခံစားလိုက်ရ၏။ အစကတည်းက သူ သေချာပေါက် ဤသို့ လုပ်ခဲ့သင့်သည်။ အိုမီဂါ တစ်ယောက်က မည်မျှပင် အင်အားကြီးသည်ဖြစ်စေ အမှတ်အသား ပေးခံရပြီးနောက်တွင် ဗီဇကို နာခံကာ အယ်လ်ဖာထံ အညံ့ခံရမည်သာ ဖြစ်၏။ ထိုအခါမှ ဖြည်းဖြည်းချင်း ပြန်လည်ညှိနှိုင်း၍ ဆုံးမလျှင်လည်း နောက်မကျသေးပေ။

တော်ပါသေးတယ်၊ အခုလည်း နောက်မကျ‌သေးလို့။

သူ ရှီယိအား ကြမ်းပြင်ပေါ်သို့ ဆွဲချလိုက်ပြီး ရှပ်အင်္ကျီ၏ အောက်အနားစကို ဆုတ်ဖြဲရန် လက်လှမ်းလိုက်စဥ် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

ရှီယိမှာ ကော်ဇောပေါ်တွင် လဲလျောင်းနေပြီး ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေလေ၏။ တကယ်တမ်း သူ့ထံတွင် ခုခံရန် အင်အား အပို မရှိတော့ပေ။ ဖန်းမုချင်း ခုန်အုပ်လာမည့် အချိန်၌ တုန့်ပြန်ရန် သူ့အိတ်ကပ်ထဲမှ ကားသော့ကို အသာအယာ ဆုပ်ကိုင်ထားလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ပိုမို အားကောင်းသော အယ်လ်ဖာ ဖယ်ရိုမုန်း တစ်မျိုးက တံခါးအပြင်ဘက်မှ လှိုင်းလုံးကြီးများသဖွယ် ဝင်ရောက်လာခဲ့၏။ ထောင်ပေါင်းများစွာသော ထင်းရှူးတောများကြားမှ တသွင်သွင် စီးဆင်းလာသော ဆီးနှင်းများကဲ့သို့ အခန်းတွင်းရှိ ဝိုင်နီပုပ်နံ့ ဖယ်ရိုမုန်းများကို ဖိနှိပ်လိုက်လေသည်။

ရှီယိက သူ၏ ရောင်ရမ်းနေသော ဂလင်းများ ရုတ်တရက် ငြိမ်သက်သွားသည်ကို ခံစားလိုက်ရပြီး သူ့ကိုယ်သူ ထိုထင်းရှူးရနံ့ဖြင့် ဖုံးလွှမ်းကာ လုံးထွေးနေလိုက်မိ၏။

****

"ချီးပဲ ဘယ်အယ်လ်ဖာက ဒီမှာ စိတ်ကြွနေတာလဲ"

သိုက်ရှင်းက နှာခေါင်းကို အုပ်ရင်း သူ့ဘေးမှ လုယွမ်ယဲ့ကို လေးစားအားကျစွာ ကြည့်လိုက်သည်။ 

"မင်းရဲ့ အနံ့ခံအာရုံက အရမ်း ထိလွယ်ရှလွယ် ဖြစ်တာပဲ၊ ဒီလောက် ဝေးတာကိုတောင် အနံ့ ရတယ်"

"အနံ့ပြင်းတယ်"

လုယွမ်ယဲ့က တိုတိုတုတ်တုတ် ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် ရွံရှာစွာနှင့် နှာခေါင်းကို လှည့်လိုက်၏။ ယွမ်ယဲ့ အဆောက်အဦးထဲသို့ ဝင်ရောက်လာသူတိုင်း ဖယ်ရိုမုန်း ထိန်းချုပ်ကပ်ခွာများ ကပ်ထားရမည် ဖြစ်ရာ သူ့ရှေ့၌ ယခုကဲ့သို့ ထင်ထင်ပေါ်ပေါ် စိတ်ကြွနေသူကိုတော့ သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

"မင်းမှာ ပြောစရာရှိရင်လည်း ပြောလိုက်ပါကွာ၊ ဖယ်ရိုမုန်းတွေ ထုတ်မနေနဲ့"

သူနှင့် နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့သော သိုက်ရှင်းက ၎င်းကို တွေးလိုက်မိသည်နှင့် တုန်ယင်သွားရသည်။

"မင်း ဖယ်ရိုမုန်း ထုတ်လိုက်တိုင်း ငါ့ခြေထောက်တွေက အားပျော့သွားသလိုပဲ"

"တံခါးဖွင့်လိုက်"

လုယွမ်ယဲ့က သူ့ကို တစ်ချက် ကြည့်လိုက်၏။

"အာ ဒီလို အလုပ်ကြမ်းမျိုးကို ငါကပဲ အမြဲ လုပ်နေရတာပဲ၊ ဘာလို့လဲ"

သိုက်ရှင်းက မကျေမနပ် ဖြစ်သွားသော်လည်း တစ်ဖက်လူ၏ ခန့်ညားသော ဝတ်စုံနှင့် သူ၏ သာမန်ဝတ်စုံကို မြင်လိုက်ရသောအခါ လက်လျှော့လိုက်လေသည်။

"ကောင်းပြီလေ၊ ဘယ်သူက မင်းကို ငါ့ရဲ့ ညီအစ်ကိုကောင်း ဖြစ်ခဲ့ခိုင်းလို့လဲ"

ထိုသို့ ပြောပြီးနောက် သူ အနည်းငယ် နောက်ဆုတ်၍ တံခါးလက်ကိုင်ကို ခြေထောက်ဖြင့် ကန်ပစ်လိုက်၏။

"ဖန်းမုချင်း!"

သိုက်ရှင်း မျက်လုံးပြူးသွားလေသည်။

"မင်း ဘာလို့…နေစမ်းပါဦး၊ ဒီမှာ အိုမီဂါ တစ်ယောက် ရှိနေတယ်!"

လုယွမ်ယဲ့ မျက်ခုံးပင့်သွားမိ၏။ သူလည်း ၎င်းကို မတွေးမိခဲ့ပေ။ ပုံမှန်ဆိုလျှင် အားပြင်းသော အယ်လ်ဖာ ဖယ်ရိုမုန်းနှင့် လှုံ့ဆော်ခံရသည့် အိုမီဂါများက သူတို့၏ ဖယ်ရိုမုန်းများဖြင့် စိတ်အားထက်သန်စွာ တုံ့ပြန်တတ်ကြသော်လည်း အပြင်ဘက်တွင်မူ မည်သည့် အစအနမျှ မရှိခဲ့ပေ။

အိုမီဂါလေး၏ အရှေ့၌ မတ်တပ်ရပ်လိုက်မှသာ အသီးနံ့ မပါသေးသည့် ရနံ့သင်းသင်းလေး တစ်ခုကို ခေတ္တမျှ ရလိုက်သည်။

"ဒါ ရှီမိသားစုက အိုမီဂါ မဟုတ်လား"

သိုက်ရှင်းက အလျင်အမြန် လမ်းလျှောက်သွားပြီး ဖန်းမုချင်းကို ကြမ်းပြင်ပေါ်ကနေ ဆွဲထူလိုက်၏။

"မင်း ဘာလုပ်နေတာလဲ အိုမီဂါကို အတင်းအဓမ္မလုပ်တာ ဥပဒေ ချိုးဖောက်တာပဲကွ"

"သူ...သူက ကျွန်တော်နဲ့ စေ့စပ်ထားတဲ့သူပါ"

ဖန်းမုချင်းက အံကြိတ်လိုက်လေသည်။ လုယွမ်ယဲ့၏ ဖယ်ရိုမုန်းဖြင့် ဖိနှိပ်ခံထားရ၍ ခေါင်းပင် မဖော်နိုင်သော်လည်း အလျှော့မပေးဘဲ ငြင်းခုံရန် လည်ပင်းကို ဆန့်ထားဆဲပင်။

"မဟုတ်ပါဘူး စေ့စပ်ပွဲက ပျက်သွားပြီ မဟုတ်လား၊ ရှီယိက မင်းကို ရိုက်ခဲ့တာကို လူတိုင်း သိတာပဲ"

သိုက်ရှင်းက စကားပြောနေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး မျက်မှောင်ကျုံ့လိုက်သည်။

"ချီးပဲ မင်း လူယုတ်မာကောင်၊ မင်း အင်အားသုံးတာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး မလား!"

"ဒါက ဥက္ကဌလုရဲ့ ပိုင်နက်ထဲမှာပဲ ရှိသေးတာနော်၊ မင်းတို့ ဖန်းမိသားစုက အသက်ဆက်မရှင်ချင်တော့ဘူးလား”

သိုက်ရှင်းက ပို၍ပင် ဒေါသထွက်လာ၏။ ဖန်းမုချင်းကို တိုက်ရိုက်ဆွဲထူကာ လုယွမ်ယဲ့အား ပြောလိုက်သည်။

"သူ့အဖေကို အပြင်က ခန်းမထဲမှာ ငါ တွေ့ခဲ့တယ်၊ ဖန်းမိသားစုက ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး"

ပြောနေရင်းနှင့်ပင် ဖန်းမုချင်းကို အပြင်သို့ တွန်းထုတ်လိုက်ပြီး နောက်မှ လိုက်သွားခဲ့၏။

"မင်း..."

လုယွမ်ယဲ့က ကြမ်းပြင်ပေါ်၌ နောက်ထပ် လူတစ်ယောက် ကျန်နေသေးသည်ဟု ပြောချင်သော်လည်း ဒေါသထွက်နေသော သိုက်ရှင်းက သူ့စကားကို နားမထောင်နိုင်ဘဲ ခြေလှမ်း နှစ်လှမ်း သုံးလှမ်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။

အားကောင်းသော ထင်းရှူးရနံ့ ဖယ်ရိုမုန်းက လေထုထဲတွင် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့၏။ ရှီယိက နာကျင်စွာ ညည်းတွားလိုက်ပြီး သူ့ကိုယ်သူ ဖက်ကာ တုန်ယင်နေခဲ့သည်။

လုယွမ်ယဲ့ တုံ့ဆိုင်းသွားလေ၏။ တိုက်ရိုက် ပွေ့ချီမည့်အစား သူ့ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ အိုမီဂါကို ဂရုတစိုက် ပွေ့လိုက်သည်။

ငါ အခု ဆေးရုံကို သွားသင့်တယ်။ 

လုယွမ်ယဲ့ ခံစားချက်မဲ့စွာ တွေးလိုက်သည်။

သူ ဖုန်းကို အစကတည်းက ထုတ်ထားသင့်သော်လည်း လက်နှစ်ဖက်လုံး မအားလပ်နေ၍ ဖုန်းခေါ်ရန် ခက်ခဲနေခဲ့၏။

ကံကောင်းစွာဖြင့် ဒီအိုမီဂါက အတော်လေး ပိန်သည်ပင်။ သူ ရှီယိ၏ ခြေထောက်မှ ဖက်ကာ ညာဘက်လက် တစ်ဖက်တည်းဖြင့် ချီမလိုက်သည်။ ဖုန်းခေါ်ရန် ဖုန်းကို ထုတ်လုဆဲဆဲမှာပင် သူ့လည်ပင်းအား တစ်စုံတစ်ရာက ရစ်ပတ်လာသည်ကို ခံစားလိုက်ရ၏။

"နည်းနည်း...ထပ်လိုချင်သေးတယ်..."

ရှီယိက သူ့ပခုံးပေါ် မှီကာ သူ့အသံမှာ တောင်းပန်နေသကဲ့သို့ပင်။

"ဖယ်ရိုမုန်း...ကျေးဇူးပြုပြီး နည်းနည်း ပိုပေးပါ..."