Ch 6
Viewers 5k

🍋 Chapter 6 




အိမ်ပြန်ရောက်သော် မြောင်ရင် တစ်ယောက် အခန်းထဲသို့ ဝင်လာခဲ့သည်။ ဟွာရှင်းကိုမူ မတွေ့ရပေ။ မြောင်ရင် ဆေး ရည်များဖြင့် ပေကျံနေသော မိမိခေါင်းအားစမ်းကြည့် လိုက်မိသည်။ ဆံပင်ကိုဆွဲယူကာ နမ်းကြည့်လိုက်ရာတွင်လည်း နံစော်လွန်းသဖြင့် အသက်ရှူပင်ကျပ်သွားရသည်။


သူ ဤနေရာသို့ ရောက်ရှိနေသည်မှာ လေးငါးရက်ခန့် ရှိပြီဖြစ်သော်လည်း ရေတစ်ကြိမ်မှ မချိုးရသေးသလို ခေါင်းလည်း မလျှော်ရသေးပေ။ ကိုယ်နံ့မှာ တကယ့်ကို ဆိုးရွားနေပြီဖြစ်သည်။ နေ့စဉ် သန့်ရှင်းရေးအတွက် ဆားရေဖြင့် ပလုတ်ကျင်းခြင်း၊ မျက်နှာသစ်ခြင်းတို့မှာ ကိစ္စမရှိသော် လည်း ရေချိုးခေါင်းလျှော်ရန်မှာမူ လုံးဝမဖြစ်နိုင်ပေ။


ဟွာရှင်း အခန်းထဲသို့ ပြန်ဝင်လာသောအခါ ကုတင်ပေါ်တွင် တွေဝေငေးမောကာ စိတ်ရှုပ်ထွေးနေသောမြောင်ရင်အားတွေ့လိုက်ရသည်။ ဟွာရှင်းကို မြင်လိုက်သည်နှင့် မြောင်ရင်မှာ ကယ်တင်ရှင်အားတွေ့လိုက်ရသကဲ့သို့ 


"ဟွာရှင်း၊ ငါ ရေချိုးချင်တယ်" 


ဟွာရှင်း ခေတ္တမျှတုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလိုက်သည်။


"အရမ်းအေးတယ်" 


မြောင်ရင်မှာ ဒဏ်ရာရထားသူဖြစ်ရာ ရေချိုး၍ အအေးမိသွားပါက အကျိုးဆက်မှာဆိုးရွားသွားနိုင်ပြီး သူပြန်ရမည့်ရက်လည်း ပိုနောက်ကျသွားပေလိမ့်မည်။


"ဒါဆို မင်းတို့ကရော ဘယ်လို ရေချိုးကြလဲ?" 


ဆောင်းတွင်းတစ်တွင်းလုံး ရေမချိုးဘဲ နေကြသည်ကို မြောင်ရင် မယုံကြည်နိုင်ပေ။


"ငါတော့ မြစ်ထဲမှာပဲ ချိုးတယ်" 


ဟွာရှင်း လရောင်အောက်မှ ကုတင်နားသို့ လျှောက်လာပြီး "မင်းကတော့ မဖြစ်ဘူး"  


မြောင်ရင် တောင်းပန်တိုးလျှိုးသော မျက်ဝန်းများဖြင့် ကြည့်ကာ "ဒါဆို ရေနွေးလေး နည်းနည်းလောက် တည်ပေးလို့ရမလား ? ရေမချိုးရရင်တောင် ကိုယ်လေးတော့ သုတ်ချင်လို့ပါ"  


ဟွာရှင်း အသာအယာ သက်ပြင်းချလိုက်ပြီး မီးဖိုချောင်သို့ ထွက်သွားလေသည်။ မြောင်ရင် ကျေးဇူးတင်စကားဆိုကာ ရေနွေးလာမည့်အချိန်ကို ကုတင်ပေါ်တွင် ထိုင်စောင့်နေခဲ့သည်။


ခေတ္တအကြာတွင် အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရသည်။ ဟွာဆန်းတစ်ယောက် မူးရူးပြီး ပြန်ရောက်လာခြင်း ဖြစ်သည်။ မီးဖိုချောင်မှ မီးရောင်ကို မြင်သောအခါ သူ ထုံးစံအတိုင်း သောင်းကျန်းတော့သည်။ ဗီရိုထဲရှိ ကြက် သားကို မြင်သောအခါတွင်မူ အော်ဟစ်ဆဲဆိုသံများ ပို ကျယ်လောင်လာသည်။


ဟွာဆန်းတစ်ယောက်တည်း ရန်ဖြစ်နေခြင်းဖြစ်ပြီးဟွာရှင်းကမူ ဘာမှပြန်မပြောပေ။ မြောင်ရင် ပြတင်းပေါက်နားသို့ သွားကြည့်လိုက်ရာ ဟွာစန်း၏ရိုင်းစိုင်းသော ဆဲဆိုသံများထဲတွင် မြောင်ရင့်အမည်ကိုပါ ထည့်သွင်းဆဲဆိုနေသည်ကို ကြားလိုက်ရသည်။


မြောင်ရင် တုံ့ပြန်ရန် တံခါးကိုတွန်းဖွင့်လိုက်စဉ်မှာပင် ဟွာရှင်းမှာ ဟွာစန်းအား တစ်ချက်တည်းနှင့် သတိလစ်သွားအောင် ရိုက်ချလိုက်သည်။ ကြည့်ရသည်မှာ ဤသို့လုပ်နေကျဖြစ်ပုံရသည်။ ထိုစဉ် လီဟုန်ယင်း အခန်းထဲမှထွက်လာသဖြင့် ဟွာရှင်းက ဟွာစန်းအား အထဲသို့မကာ ပြန်ပို့ပေးလိုက်လေသည်။


ထို့နောက် ဟွာရှင်းသည် ရေနွေးဇလုံအား အခန်းထဲသို့ ယူဆောင်လာခဲ့သည်။ မြောင်ရင် အဝတ်အစားများ လုံးဝချွတ်ကာ ရေစိမ်ရန် မဖြစ်နိုင်သဖြင့် ပုဝါဖြင့်သာတစ်ကိုယ်လုံးကို သုတ်ရန်ဆုံးဖြတ်လိုက်သည်။ သူ အဝတ်အစားများကို ခပ်မြန်မြန်ပင် ချွတ်လိုက်သည်။


သူ ဟွာရှင်းအား လက်ယပ်ခေါ်လိုက်သည်။


 "ကူညီပေးပါဦး"


ရေဇလုံမှာ ကြမ်းပြင်ပေါ်တွင် ရှိနေသည်။ အဝတ်အစားများ ချွတ်ထားသဖြင့် အေးစိမ့်နေသော မြောင်ရင်သည် စောင်ကိုခြုံထားရင်း ဟွာရှင်းအား ပုဝါ ရေညှစ်ပေးရန် အကူအညီတောင်းလိုက်ရသည်။ မိမိခန္ဓာကိုယ်သည် အလွန်ဖြူဖွေးနေသည်ကို မြောင်ရင် သတိပြုမိသည်။ မြောင်ရင့်အမြင်တွင်မူ ထိုခန္ဓာကိုယ်မှာ ယောက်ျားပီသမှု မရှိဘဲ ပြုတ်ထားသော ကြက်သားတစ်ကောင်ကဲ့သို့ဖြစ်နေသဖြင့် အနည်းငယ် စက်ဆုပ်မိသွားသည်။


ဟွာရှင်းထံမှ ပုဝါအား လှမ်းယူကာ လည်ပင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ကို မြန်မြန်သုတ်လိုက်ပြီး ပုဝါကို ပြန်ပေးကာ နောက်တစ်ကြိမ်ထပ်သုတ်သည်။ ကျောဘက်ကို သုတ်ရန်အတွက်မူ အဆင်မပြေလှပေ။ အချိန်အတော်ကြာလက် လှမ်းထားရသဖြင့် ဒဏ်ရာမှနာကျင်မှုမှာ တဆစ်ဆစ်တိုးလာသည်။


ထို့ကြောင့် သူ ကုတင်ပေါ်တွင် မှောက်လျက်အိပ်ကာဟွာရှင်းအား အကူအညီတောင်းလိုက်ရသည်။


"ကျောလေး သုတ်ပေးပါဦး"  


ခေတ္တမျှ စောင့်သော်လည်း ဟွာရှင်းမှာမလှုပ်ရှားပေ။ သူ လှည့်ကြည့်လိုက်သောအခါ ဟွာရှင်းမှာ မျက်လုံးများကို မှိတ်ထားပြီး ကျောက်ရုပ်ကဲ့သို့ရပ်နေသည်ကိုတွေ့ရသည်။ 


"မြန်မြန်လုပ်ပါ၊ အရမ်းအေးနေပြီ" 


ဟွာရှင်း မျက်မှောင်ကြုတ်လိုက်သော်လည်း ပုဝါအားရေ ပြန်ညှစ်ကာ ကုတင်ဘေးတွင် ထိုင်လိုက်သည်။ ထို့နောက် မြောင်ရင့်ခန္ဓာကိုယ်ကို မထိမိစေရန် ဂရုစိုက်ရင်းကျောကို သုတ်ပေးလိုက်သည်။


မြောင်ရင့် အသားအရေမှာ အလွန်ဖြူစင်သည်။ ဟွာရှင်းသည် အဖိုးတန်ကြွေထည်များကို တစ်ခါမှ မမြင်ဖူးသဖြင့် ထိုသို့ မတင်စားတတ်သော်လည်း မြောင်ရင်၏အသားမှာ လရောင်အောက်တွင် ဖြည်းညှင်းစွာ စီးဆင်းနေသောပိုးသားချောလေးကဲ့သို့ပင် ခံစားနေရသည်။


သို့သော် သူသည် အလွန်ပိန်လွန်းလှသည်။ သေမင်းတံခါးဝမှပြန်လာကာစ ဖြစ်သဖြင့် ဖြူဖျော့ပိန်လှီနေသည်။ သူ့ ခါးလေးမှာ ဟွာရှင်းလက်ဖဝါးထက်ပင် သေးငယ်နေသကဲ့သို့ ထင်ရသည်။


ဟွာရှင်း သုတ်ပေးပြီးသည်နှင့် မြောင်ရင် စောင်ထဲသို့ အမြန်တိုးဝင်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အတွင်းခံအဝတ်အစားများကို စောင်အောက်တွင် အသင့် ထားထားသဖြင့် အေးစိမ့်မသွားဘဲ အမြန်ဝတ်လိုက်နိုင် သည်။ ထို့နောက် ကုတင်ဘေးတွင် ပြန်ထိုင်ကာနွေးနေသေးသော ရေထဲသို့ခြေထောက်နှစ်ဖက်ကိုစိမ်လိုက်သည်။


ဟွာရှင်းမှာမူ အခန်းထဲတွင် တိုင်တစ်တိုင်ကဲ့သို့ပင် ရပ်နေဆဲဖြစ်သည်။


ခြေထောက်စိမ်ပြီးနောက် တစ်ကိုယ်လုံး နွေးထွေးသွားသဖြင့် ခြေထောက်ကိုအမြန်သုတ်ကာ ကုတင်ပေါ်တွင် ဘေးစောင်းအိပ်လိုက်သည်။ ဟွာရှင်း ရေဇလုံကိုသိမ်း ဆည်းပြီး အခန်းထဲသို့ တိတ်တဆိတ် ပြန်ဝင်လာသည်။


ဆေးသောက်ထားသောကြောင့် ဖြစ်နိုင်သလို စိတ်ကြောင့်လည်းဖြစ်နိုင်သည်၊ မြောင်ရင် လဲလျောင်းလိုက်သည်နှင့် ချက်ချင်း အိပ်မပျော်သွားပေ။ ဟွာရှင်း ပြန်ဝင်လာသော အခါ ဟွာရှင်းအိပ်ရန် နေရာအကျယ်ကြီးချန်ပေးထားလိုက်သည်။


ပုံမှန်ဆိုလျှင် ဟွာရှင်း အိပ်ရာထဲဝင်ချိန်တွင် မြောင်ရင်မှာ မူးဝေနေခြင်း သို့မဟုတ် အိပ်ပျော်နေခြင်းသာရှိတတ် သည်။ ယခုမူ နှစ်ဦးသားအိပ်ရာထဲတွင် နိုးနိုးကြားကြား ရှိနေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။


ဟွာရှင်းမှာ အလွန်အရပ်ရှည်သဖြင့် စောင်တစ်ထည်တည်း အတူခြုံရာတွင် ဟွာရှင်း လဲလျောင်းလိုက်သည်နှင့် လေများ ဝင်လာတော့သည်။ မြောင်ရင် ချမ်းသဖြင့် ဟွာရှင်းနားသို့ တိုးကပ်သွားကာပြောလိုက်သည်။


"အရမ်းအေးတာပဲ"  


စောင်မှာ တကယ်ပါးလွန်းလှသဖြင့် မြောင်ရင် နွေးထွေးမှုရှိရာသို့ မသိစိတ်ဖြင့်တိုးကပ်သွားမိသည်။ မြောင်ရင် တိုးကပ်လေ ဟွာရှင်းခန္ဓာကိုယ်မှာ ပိုတောင့်တင်းလာလေဖြစ် သည်။ မြောင်ရင်ကမူ ဘာမှသတိမထားမိဘဲ သက်သောင့် သက်သာသက်ပြင်းချကာ မကြာမီမှာပင် အိပ်ပျော်သွားတော့သည်။


မြောင်ရင့်အသက်ရှူသံမှာ ပုံမှန်ဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှသာ ဟွာရှင်း သက်ပြင်းချနိုင်တော့သည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ မြောင်ရင့် ခေါင်းမှာ သူ့လက်မောင်းပေါ်သို့ရောက်နေပြီး ခြေထောက်များမှာလည်း သူ့ဘေးတွင် ကပ်နေသည်ကိုတွေ့ရသည်။ အလွန်ချမ်းနေပုံရသည်။


ဟွာရှင်း မိမိကိုယ်ကိုယ် မည်သို့ခံစားနေရသည်ကိုမဖော်ပြတတ်ပေ။ မြောင်ရင် ဘာကိုမှဂရုမစိုက်တာလား၊ ဒါမှမဟုတ် အရင်အတိုင်းပဲလား..?


ဟွာရှင်းသည် မိုးလင်းခါနီးအထိ အိပ်မပျော်ဘဲရှိနေခဲ့သည်။ မိုးလင်းခါနီးမှ မျက်လုံးမှိတ်လိုက်စဉ် မြောင်ရင်၏ ခြေထောက်တစ်ဖက်မှာ သူ့ကိုယ်ပေါ်သို့ ထပ်၍တက်လာပြန်သည်။


ဟွာရှင်းသည် မြောင်ရင်၏ခြေထောက်အား အသာအယာ ချပေးလိုက်ပြီး အဝတ်အစားဝတ်ကာ အိပ်ရာမှ ထလိုက်သည်။ ယနေ့ သူ ခရိုင်မြို့သို့ သွားရန် အစီအစဉ်ရှိသည်။ နှစ်စဉ် ဤအချိန်တွင် သူသည် မြို့သို့သွားကာအလုပ်လုပ်လေ့ရှိသည်။ ထိုသို့မှသာ နှစ်သစ်ကူးအတွက် ငွေစုနိုင်မည်ဖြစ်ပြီး လူကြီးများအတွက် အဝတ်အစားသစ်များနှင့် နှစ်သစ်ကူးညစာအား ကောင်းကောင်းပြင်ဆင်နိုင်မည်ဖြစ် သည်။


ယခုနှစ်တွင် မိသားစုထဲ၌ လူတစ်ယောက် တိုးလာသည်။ နှစ်သစ်ကူးမှာ နီးကပ်လာပြီဖြစ်သော်လည်း မြောင်ရင်၏ ဒဏ်ရာမပျောက်သေးသဖြင့် မြောင်ရင်မှာ အိမ်တွင်သာ နှစ်သစ်ကူးရပေလိမ့်မည်။


အခန်းထဲမှ ထွက်လာသည်နှင့် လီဟုန်ယင်းလည်းအိပ်ရာ ထလာကာ မီးဖိုချောင်တွင် ရေနွေးတည်နေပြီဖြစ်သည်။ ခေတ္တအကြာတွင် မြောင်ရင်လည်း နိုးလာသည်။ ဟွာရှင်း သူ ညက ခြေထောက်စိမ်ခဲ့သော ရေဇလုံဖြင့်ပင် မျက်နှာ သစ်နေသည်ကို တွေ့လိုက်ရသည်။


ဟွာရှင်းသည် မြောင်ရင် အိပ်ရာထလာသည်ကိုမြင်သော အခါ ဆေးရည်တစ်ခွက်ယူလာပေးသည်။ မြောင်ရင် ဆေး သောက်လိုက်ပြီး ခြံထဲတွင် လမ်းလျှောက်နေစဉ်အဖွားမှာ ဟွာရှောင်ပေါင်အားခေါ်ကာ အိပ်ရာထလာသည်ကို တွေ့ရသည်။ မိသားစုတစ်ခုလုံးသည် နေထွက်သည်နှင့်အလုပ်ကိုယ်စီဖြင့် အလုပ်ရှုပ်ကြတော့သည်။


အဖွားမှာ အပ်ချုပ်အလုပ်အား လုပ်သည်၊ လီဟုန်ယင်းမှာ ဂျုံခင်းထဲ ပေါင်းသတ်ရန် ထွက်သွားသည်။ ဟွာဆန်းမှာမူ မူးနေဆဲ ဖြစ်ပုံရသည်။ ဟွာရှင်း ခရီးဝေးသွားမည်ဖြစ် ကြောင်းကို မြောင်ရင် ထမင်းဝိုင်းရောက်မှသိရသဖြင့် အံ့သြသွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သည်။


ဟွာရှောင်ပေါင်မှာမူ ကလေးပီပီပူပင်ကြောင့်ကြမရှိ ပျော်ရွှင်နေသည်။


မြောင်ရင် ဟွာရှင်းနောက်သို့ အခန်းထဲအထိ လိုက်သွားကာ မေးခွန်းများစွာမေးတော့သည်။ 


"မြို့ကို အလုပ်သွားလုပ်မလို့လား ? ဘာအလုပ်လဲ ? ပင်ပင်ပန်းပန်း လုပ်ရမှာလား? ငါရော လိုက်လို့ရမလား?"


"ဘယ်တော့ ပြန်လာမှာလဲ ? မင်း မရှိတုန်း အဖွားနဲ့ အမေက ငါ့ကို အိမ်ပေါ်က နှင်ချရင် ဘယ်လိုလုပ်မလဲ ?"


"ပိုက်ဆံ ဘယ်လောက်ရမှာလဲ? ငါ့အတွက်လည်း အလုပ်ရှာပေးလို့ရမလား?"


ဟွာရှင်း မြောင်ရင့် ခေါင်းပေါ်မှ ဒဏ်ရာအားတစ်ချက်ကြည့်ကာ "အလုပ်က ပင်ပန်းတယ်၊ မင်း မလုပ်နိုင်ဘူး... ဒဏ်ရာ အရင်ပျောက်အောင်နေပါဦး"  


မြောင်ရင့် စိတ်ထဲတွင် အလုပ်လုပ်လိုစိတ်အပြည့်ရှိနေ သည်။ အားလုံးအလုပ်လုပ်နေချိန်တွင် သူ ဘာကြောင့် မလုပ်ရသနည်းဟုတွေးမိသည်။ သူက "ပိုက်ဆံရအောင် ငါ ဘာလုပ်လို့ရမလဲ ?" ဟု ဟွာရှင်းအား မေးလိုက်သည်။


ဟွာရှင်း ခေတ္တစဉ်းစားပြီး "ပုံမှန်ဆိုရင်တော့ ယောကျာ်းလေးတွေက အပ်ချုပ်တာ ဒါမှမဟုတ် အဝတ်လျှော်တာ လုပ်ကြတယ်...တကယ်လို့ ပညာရှိရင်တော့ လင်မယားနှစ်ယောက်ဆိုင်ဖွင့်ပြီး အစားအသောက်ရောင်းကြတယ်"


မြောင်ရင် မိမိလက်အား ကြည့်လိုက်သည်။ သူ ဟင်းချက်ကောင်းသည်ဟု ထင်သော်လည်း ဆန်မရှိလျှင် ထမင်း ချက်၍မရပေ။ ပညာရှိသော်လည်း လက်ရှိတွင် ဘာမှမတတ်နိုင်ဖြစ်နေရသည်။


"ငါ နေကောင်းသွားရင် ဆိုင်လေးတစ်ခုဖွင့်ကြရအောင်" 


မြောင်ရင် ဟွာရှင်းဘေးတွင် ကပ်ရပ်ရင်းပြောလိုက်သည်။ 


"မင်းလည်း သိတာပဲ၊ ငါ ဟင်းချက်တော်တယ်လေ... မြို့မှာ ဆိုင်ဖွင့်ရင် ငါတို့ ပိုက်ဆံအများကြီးရမှာသေချာတယ်"


ဟွာရှင်း ဘာမှမပြောဘဲ အဝတ်အစားများကိုသာ သိမ်း ဆည်းရင်း "နေကောင်းမှပဲ ပြောကြတာပေါ့" ဟု ဆိုလိုက်သည်။


မြောင်ရင် ဟွာရှောင်ပေါင်ကိုခေါ်ကာ လမ်းမကြီးအထိ လိုက်ပို့ပေးသည်။ ဟွာရှောင်ပေါင်မှာ လိမ္မာစွာရပ်နေသည်။ ဟွာရှင်း ကလေး၏ခေါင်းကို ပွတ်ပေးကာမြောင်ရင်အား ခေါင်းငြိမ့်ပြပြီး အားမာန်အပြည့်ဖြင့် လှမ်းထွက်သွားတော့သည်။


မြောင်ရင် ဟွာရှောင်ပေါင်ကိုခေါ်ကာ အိမ်ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် လူအများက သူ့အားစိုက်ကြည့်နေကြသည်။ မြောင်ရင့် အရင်ကနာမည်ဆိုးကြောင့် လူအများ၏ အကြည့်များတွင် လှောင်ပြောင်မှုများပါဝင်နေသည်။


သူကတော့ သူတပါး၏အမြင်အား ဂရုမစိုက်ပေ။ သူသည် ဤခန္ဓာကိုယ်ကို ဆက်ခံထားသူဖြစ်ရာ ထိုအရာအားလုံးကို လက်ခံရမည်သာဖြစ်သည်။


အရေးကြီးဆုံးမှာ ပိုက်ဆံရှာရန်ဖြစ်သည်။ ဟွာရှင်း ပိုက်ဆံရှာရန် ထွက်သွားပြီဖြစ်သော်လည်း သူ အိမ်တွင် ထိုင်စားနေရမည်လား? "အလုပ်သမား ဧကရာဇ်" ဖြစ်ခဲ့သော သူက မူ ဤသို့ လုံးဝခွင့်မပြုနိုင်ပေ။


သို့သော် သူ ဇဝေဇဝါ ဖြစ်နေသည်မှာ အခြားသောကူး ပြောင်းလာသူများ မည်သို့ပိုက်ဆံရှာကြသနည်း ဆိုသည်ပင်။ သူ အမှတ်မရတော့ပေ။ အရင်က အားလပ်ချိန်မရှိသဖြင့် ဝတ္ထုများမဖတ်ခဲ့ရသည်ကို မိမိကိုယ်ကိုယ် အပြစ် တင်မိသည်။


အိမ်ပြန်ရောက်သော် အဖွားမှာတံခါးဝတွင် အပ်ချုပ်နေ သည်ကို တွေ့ရသည်။ မြောင်ရင် သွားကြည့်လိုက်ရာ သစ်ခွပန်းပုံလေး ထိုးထားသော ပုဝါလေးတစ်ထည်ဖြစ် သည်။


"အဖွား၊ ဒီပုဝါလေး ပြီးဖို့ ဘယ်နှစ်ရက်ကြာမလဲ?" 


အဖွားမှာ သူ့အား စကားမပြောချင်သော်လည်း မြောင်ရင့်မျက်ဝန်းများက အရင်ကထက် ပိုကြည်လင်နေသည်ကို တွေ့သဖြင့် "နှစ်ရက်၊ သုံးရက်လောက် ကြာမယ်" ဟု ပြန်ဖြေသည်။


"ဒါဆို ဒီပုဝါတစ်ထည်ကို ဘယ်လောက်နဲ့ရောင်းရလဲ?"


သူ ပိုက်ဆံအကြောင်း မေးနေသဖြင့် အဖွားမျက်နှာပျက်သွားပြီး "နင့်အတွက် မလောက်သေးဘူးလား?"  


မြောင်ရင် ဆွံ့အသွားရသည်။ ယခင်က ရာဇဝင်ရှိထားသူဆိုတော့ ဤသို့အထင်ခံရသည်မှာ မဆန်းပေ။ သူ ပြုံးလျက်ပြောလိုက်သည်။


"မဟုတ်ပါဘူး၊ ကျွန်တော့်မှာ ပုံစံအသစ်လေးတွေ ရှိလို့ပါ....ဒါဆို ပိုပြီး ဈေးကောင်းရနိုင်မလားလို့" 


အဖွားမှာ သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။


"ဘာပုံစံလဲ ?" 


အိမ်တွင် စက္ကူနှင့်ကလောင် မရှိသဖြင့် မြောင်ရင် မီးဖိုထဲမှ မီးကျွမ်းနေသော ထင်းစတစ်စကိုယူလိုက်သည်။ ထို့ နောက် ကြမ်းပြင်ပေါ်တွင် ကြောင်ရုပ်နှင့် တူသလိုလို ပုံစံလေးတစ်ခုအား ဆွဲပြလိုက်သည်။


"ကြည့်ပါဦး၊ ဒါက ပန်းပုံတွေထက် ပိုမလွယ်ဘူးလား?"


 á€™á€źá€ąá€Źá€„်ရင် ထင်းစကို ချလိုက်ပြီး "ဒါက ပုံစံအသစ်ဆိုတော့ အရင်ကထက် ဈေးပိုရနိုင်တယ်"  


ဟွာရှောင်ပေါင်လည်းပြေးလာပြီး ကြမ်းပြင်ပေါ်မှ ပုံလေးအား ကြည့်ကာ ပြောလိုက်သည်။


"ကြောင်လေးက ချစ်စရာလေး"  


မြောင်ရင် အဖွားအားမျှော်လင့်တကြီး ကြည့်လိုက်ရာ အဖွား မသိမသာ ခေါင်းငြိမ့်ပြပြီး "ဆွဲတာတော့ အဆင်ပြေသားပဲ"  


မြောင်ရင် ပြုံးလိုက်ပြီး "ဒါဆို ကျွန်တော် ပုံစံလေးဆွဲပေးရမလား?"  


အဖွားမှာ ဘာမှမပြောသော်လည်း မြောင်ရင် လက်ကို ဆေးကာ အဝတ်နှင့်သုတ်လိုက်ပြီး အပ်ချုပ်ခြင်းထဲမှ ကိရိယာများအား ယူလိုက်သည်။ အဖွားကလည်း ဘာမှမပြောဘဲ ပုဝါအဖြူတစ်ထည် လှမ်းပေးသည်။


မြောင်ရင် ပုံဆွဲခြင်းတွင် အာရုံနစ်ဝင်သွားသည်။ သူသည် ငယ်စဉ်ကတည်းက ပုံဆွဲရသည်ကို ဝါသနာပါသော်လည်း သင်ယူခွင့်မရခဲ့ပေ။ တက္ကသိုလ်ရောက်မှသာ ပုံဆွဲကလပ်သို့ဝင်ပြီး ကြိုးစားသင်ယူခဲ့ခြင်းဖြစ်သည်။ ယခု ပြန်စဉ်း စားကြည့်မှ သူ သင်ယူခဲ့သမျှ အလဟဿမဖြစ်ခဲ့ကြောင်း သိလိုက်ရသည်။


မကြာမီတွင် သူ ကြောင်ပုံလေးတစ်ပုံဆွဲပြီးသွားသည်။ ခေါင်းအကြီးကြီးနှင့် ခြေလက်သေးသေးလေးဖြင့် ထူး ဆန်းနေသော်လည်း အလွန်ချစ်စရာကောင်းလှသည်။


အဖွားမှာ ထုတ်ဖော်မချီးမွမ်းသော်လည်း သူ့အမူအရာအား ကြည့်ခြင်းဖြင့် မြောင်ရင်သည် အဖွား သဘောကျနေသည်ကို သိလိုက်ရသည်။


"အဖွား၊ ဘယ်လိုလဲ ? ဒါကို အပ်ချည်နဲ့ ထိုးလိုက်ရင် တကယ် လှသွားမှာ"


အဖွားမှာ ချီးမွမ်းချင်သော်လည်း မြောင်ရင့်အရင်က အပြုအမူများကို သတိရသဖြင့် စိတ်ထိန်းထားရကာ မျက် နှာအမူအရာမှာ တစ်မျိုးကြီးဖြစ်နေသည်။


မြောင်ရင် ဘာကိုမှဂရုမစိုက်ဘဲ အားရပါးရ ရယ်မောလိုက်တော့သည်။