Ch 5
Viewers 5k

🍋 Chapter 5




ဟွာရှင်းသည် အိမ်မှထွက်လာပြီး အနီးနားရှိမြို့ကလေးဆီသို့ ဦးတည်လိုက်သည်။ ဤလမ်းသည် သူ (၇) နှစ်၊ (၈) နှစ်သားကတည်းက သွားလာနေကျ လမ်းဖြစ်သဖြင့် သူ့အတွက် အလွန်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။


သူ့ ဆရာဖြစ်သူ မုဆိုးအိုကြီးသည် သူ လက်မထပ်မီ တစ်နှစ်အလိုတွင် ကွယ်လွန်သွားခဲ့ရာ ဟွာရှင်းကပင် တောင်ပေါ်၌ သင်္ဂြိုဟ်ပေးခဲ့သည်။ တောင်ပေါ်တွင် ဆရာဖြစ်သူ နေထိုင်ခဲ့သည့် ရိုးရှင်းသော သစ်လုံးအိမ်လေး တစ်လုံးရှိပြီး ဆရာကွယ်လွန်ပြီးနောက်တွင်မူ ဟွာရှင်းသည် အမဲလိုက်သွားသည့်အခါတိုင်း ထိုအိမ်လေးမှာပင် တည်းခိုလေ့ရှိသည်။

ဟွာရှင်းသည် အိမ်မှ တောင်ပေါ်သို့ ညဉ့်နက်သည်အထိ လမ်းလျှောက်ခဲ့သည်။ သူသည် ဤဒေသ၏မြေမျက်နှာသွင်ပြင်ကို ကောင်းစွာသိရှိသူဖြစ်သဖြင့် အခက်အခဲမရှိဘဲ ရောက်ရှိသွားခဲ့၏။ သူသည် အချိန်မဆွဲဘဲ အမြန်ပြင်ဆင်ကာ မီးခတ်ကျောက်ပင် မသုံးတော့ဘဲ သစ်လုံးအိမ်နံရံကို မှီကာ ခဏတာမှေးစက်လိုက်တော့သည်။


အရုဏ်တက်ချိန်တွင် ဟွာရှင်းမျက်လုံးပွင့်လာသည်။ သူ ကိုယ်လက်ဆန့်ကာ မတ်တပ်ရပ်လိုက်ပြီးနောက် သိုလှောင်ရုံထဲတွင် ကျန်ရစ်ခဲ့သည့် အရာများကိုရှာဖွေတော့သည်။ ၎င်းတို့မှာ သူနှင့် သူ့ဆရာ ရှာဖွေထားခဲ့သော ဆေးဖက်ဝင်အပင်များဖြစ်သည်။ ရှာဖွေပြီးနောက် မြောင်ရင့် အတွက် လိုအပ်သည့် ဆေးမြီးတိုများကိုတွေ့ရှိခဲ့ရာ ကံကောင်းထောက်မစွာဖြင့် အားလုံးမှာ သာမန်ဆေးပင်များသာဖြစ်ကြသည်။


သို့သော် တစ်မျိုးတည်းသော ပါဝင်ပစ္စည်းဖြစ်သည့် "မြည်းရေကော်" မှာမူ သူ့အနေနှင့် ရှာဖွေရန် မလွယ်ကူပေ။


ဟွာရှင်းသည် ရှာဖွေရရှိသော ဆေးပင်များကိုထုပ်ပိုးလိုက်သည်။ ထိုနေ့က ငါးဟင်းစားနေသည့် မြောင်ရင်၏ ကျေနပ်အားရနေသောမျက်နှာကို သတိရမိသွားသဖြင့် သူ ခဏမျှ စဉ်းစားလိုက်မိသည်။ ထို့နောက် ဆေးထုပ်ကိုချထားခဲ့ကာ လေးနှင့် မြား၊ ဓားမတစ်လက်ကိုကိုင်၍ အပြင်သို့ ထွက်လာခဲ့သည်။


သစ်လုံးအိမ်လေး၏အပြင်ဘက်တွင် မည်သည့်အပင်မှန်း မသိရသော အပင်များ ဝိုင်းရံပေါက်ရောက်နေသည်။ ဟွာရှင်းသည် ညရောက်စကအချို့ကို နင်းမိခဲ့သဖြင့် ထိုအပင်များမှာ မြေပြင်ပေါ်တွင် နွမ်းဖတ်လျက်ရှိနေ၏။


ဟွာရှင်းသည် ထိုအပင်များမှာ ဘာပင်မှန်း မသိပေ။ နွေဦးအစောပိုင်းတွင် ထိုအပင်များမှ အဝါရောင် ပန်းပွင့်လေးများ အစုလိုက်အပြုံလိုက် ပွင့်တတ်ပြီး အလွန်လှပသည်ကိုသာ သူသိသည်။ ပန်းများကြွေသွားလျှင် အရွက်များက တဖြည်း ဖြည်း ညှိုးနွမ်းသွားပြီး ပဲတောင့်ရှည်လေးများသီးလာတတ် သည်။ ရင့်မှည့်သွားသောအခါ အထဲက ပဲစေ့များမှာ အမည်းရောင်ပြောင်းသွားပြီး စား၍မရတော့ပေ။ သို့သော် ထိုအပင်များက နှစ်တိုင်း ပြန်လည်ပေါက်ရောက်နေသဖြင့် သူလည်း ဂရုမစိုက်တော့ဘဲ ပစ်ထားလိုက်ခြင်းဖြစ်သည်။


ဆောင်းတွင်းရောက်လာပြီဖြစ်၍တောင်ပေါ်တွင် သားကောင် ရှားပါးလှသည်။ သူအရင်က ထောင်ထားခဲ့သော ကျော့ကွင်းများမှာလည်း အားလုံး အလွတ်များသာ ဖြစ်နေသည်။ ၎င်းမှာ ဆောင်းတွင်း၌ ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေပင်။ ထို့ကြောင့် သူ့ဆရာက "အမဲလိုက်ခြင်းကို အတောမသတ် မလုပ်သင့်ကြောင်း၊ တိရစ္ဆာန်များကိုလည်း နားနားနေနေအင် အားပြန်ဖြည့်ရန် အချိန်ပေးရမည်ဖြစ်ကြောင်း" သင်ကြားပေးခဲ့ဖူးသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ဆောင်းရာသီတွင် ဟွာရှင်းသည် အမဲလိုက်ခြင်းကို ရပ်နားကာ မိသားစုကို ထောက်ပံ့ရန် မြို့ပေါ်သို့ သွားရောက်အလုပ်လုပ်လေ့ရှိသည်။


မြောင်ရင်နှင့် ဆုံတွေ့ခဲ့သည်မှာ သူ တောင်ပေါ်မှ နောက်ဆုံးအကြိမ်ဆင်းလာသည့်အချိန် ဖြစ်သည်။ သွေးအိုင်ထဲတွင် လဲနေသော မြောင်ရင်ကိုမြင်လိုက်ရစဉ်က အလွန်အန္တရာယ်ရှိသော အခြေအနေဟု ထင်ခဲ့သော်လည်း အနီးသို့ ချဉ်းကပ်ကြည့်သောအခါ အသက်ရှူနေဆဲဖြစ်သည်ကိုတွေ့ခဲ့ရသည်။

ဟွာရှင်းသည် ဘာမှစဉ်းစားမနေတော့ဘဲ မြောင်ရင်ကိုအိမ်သို့ ပွေ့ချီခေါ်ဆောင်လာခဲ့ခြင်းသာ။


ဟွာရှင်းသည် မနက်တစ်ပိုင်းလုံး စောင့်ခဲ့သော်လည်း သား ကောင်တစ်ကောင်မျှ ပေါ်မလာပေ။ မြောင်ရင့်ဒဏ်ရာမှာ ပိုအရေးကြီးသည်ဟု တွေးမိသဖြင့် သူ ထပ်မစောင့်တော့ဘဲ ဆေးထုပ်ကို ယူကာ ပြန်လာခဲ့သည်။


လမ်းခရီးတွင် ဟွာရှင်းသည် မြောင်ရင်၏တုံ့ပြန်ပုံများကို ပြန်လည်စဉ်းစားနေမိသည်။ မြောင်ရင်နှင့်အတူ နေခဲ့ရသော ရက်အနည်းငယ်အတွင်း သူသည် မြောင်ရင်ကိုတကယ်နားမလည်ကြောင်းသိလိုက်ရသည်။


ရိုးသားဖြောင့်မတ်သော စိတ်ရှိသူများသည် ကိစ္စရပ်များကို စဉ်းစားရာတွင် ကံကြမ္မာအပေါ် ထူးထူးခြားခြားယုံကြည်တတ်ကြသည်။ ဟွာရှင်းကလည်း 'တကယ်လို့ မြောင်ရင် ပြောတာမှန်လို့ သူသာ တကယ့်မြောင်ရင် မဟုတ်ဘူးဆိုရင်တောင်... ကံကြမ္မာက ငါ့အပေါ် ကြင်နာခဲ့တာပဲ' ဟု တွေးလိုက်မိသည်။


ဟွာရှင်းသည် ခေါင်းကိုခါယမ်းလိုက်ပြီး ထပ်မစဉ်းစားတော့ရန်ဆုံးဖြတ်လိုက်သည်။ အခု သူလုပ်ရမည့်အလုပ်မှာ အမြန်ပြန်ရောက်ရန်၊ မြောင်ရင့် ဒဏ်ရာကို ကုသပေးရန်၊ ထို့နောက် ကွာရှင်းပေးပြီး မြောင်ရင်ကိုလွတ်လပ်ခွင့်ပေးရန်သာ။


တောင်ပေါ်မှ ဆင်းခါနီးအချိန်တွင် တောင်ပံခတ်သံတစ်ခုကို သူ ရုတ်တရက် ကြားလိုက်ရသည်။ သူသည် ချက်ချင်းလှည့်ကြည့်ကာ မြားကို အသင့်ပြင်ပြီး လွှတ်လိုက်ရာ တောကြက်တစ်ကောင် သစ်ပင်ပေါ်မှပြုတ်ကျလာတော့သည်။


ဟွာရှင်းသည် ထိုတောကြက်ကိုကောက်ယူလိုက်ရာ အလွန်ပင် ဆူဖြိုးနေသည်ကိုတွေ့ရသည်။ ဤကဲ့သို့သော ရာသီဥတုမျိုးတွင် ဤမျှဆူဖြိုးသည့် တောကြက်မျိုးကိုတွေ့ရန်မှာမဖြစ်နိုင်သလောက်ပင်။


သူ အိမ်သို့ ပြန်ရောက်သောအခါ မြောင်ရင်မှာ နိုးနှင့်နေပြီဖြစ်ပြီး တံခါးဝတွင်ထိုင်ကာ ကောင်းကင်ကို ငေးကြည့်နေသည်။ သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့်ပုံစံမျိုးပေါက်နေသည်။


ဟွာရှင်းလက်ထဲက ဆူဖြိုးလှသော တောကြက်ကြီးကို မြင်လိုက်ရသောအခါ မြောင်ရင်မျက်လုံးများ ဝင်းပသွားသည်။ သူသည် ချက်ချင်းမတ်တပ်ရပ်လိုက်သော်လည်း သွေးထွက်လွန်ထားသဖြင့် ခေါင်းမူးကာ လဲကျလုနီးပါးဖြစ်သွားသည်။ ဟွာရှင်းက သူ့ကျန်ရှိသော လက်တစ်ဖက်ဖြင့် မြောင်ရင်ကို အမြန်လှမ်းထိန်းပေးလိုက်ရသည်။


အိမ်ထဲမှ လီဟုန်ယင်း သည်လည်း သူတို့ကို ကြိုဆိုရန်ထွက်လာသည်။ ဟွာရှောင်ပေါင် ကမူ သူမထက်ပင် ပိုစိတ်လှုပ်ရှားနေပြီး ဟွာရှင်းခြေထောက်နားမှာ ပတ်ချာလည်ကာ တော ကြက်ကြီးကိုကြည့်နေတော့သည်။ အဖွားဖြစ်သူမှာမူ အိမ်မှာမရှိဘဲ တခြားသူများနှင့် စကားစမြည်ပြောရန် အပြင်ထွက်သွားဟန်တူလေသည်။



"အရင်ဆုံး ဆေးသွားကြိုလိုက်ဦးမယ်" ဟု ဟွာရှင်းက ပြောရင်း မြောင်ရင်ကိုငုံ့ကြည့်လိုက်သည်။ မြောင်ရင်သည်လည်း ဟွာရှောင်ပေါင်နည်းတူ တောကြက်ကြီးကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။


မြောင်ရင့် စိတ်ထဲတွင် ထိုတောကြက်ကြီးကို ချက်ပြုတ်နိုင်မည့် နည်းလမ်းပေါင်းစုံကတန်းစီပေါ်လာတော့သည် - ကြက် သားဆီပြန်ချက်မလား၊ အစပ်ချက်မလား၊ ကြက်သားသုပ်မလား၊ ကြာဖက်နဲ့ထုပ်ပြီး ကင်မလား၊ မြေဖုတ်ကြက် လုပ်မလား၊ အိုးကပ်ကြက်... အာ... မဟုတ်သေးပါဘူး၊ အိုးကပ်ကြက်က ကြက်သားမှမဟုတ်တာ။


"ဆေးအရင်သောက်လိုက်ဦး" ဟု ဟွာရှင်း ပြောလိုက်သည်။


မြောင်ရင်ကတော့ လီဟုန်ယင်း ကြက်ကြီးကို ယူသွားသည်ကိုကြည့်ကာ ဘာမှမတတ်နိုင်ဘဲ သက်ပြင်းချရင်း မျက်နှာလေး ရှုံ့မဲ့ကျန်ရစ်ခဲ့သည်။


သူ ဘာမှလုပ်စရာမရှိသဖြင့် ဟွာရှင်း မီးဖိုချောင်ထဲ မီးမွှေးနေသည်ကို ဘေးကနေရပ်ကြည့်နေမိသည်။ နန်ခိုပါးရွာသည် တောင်နှင့်နီးသော ရွာမဟုတ်သဖြင့် ချမ်းသာသော ရွာသားများက ကျောက်မီးသွေးကိုသုံးကြပြီး၊ မပြေလည်သူများကတော့ ကောက်ရိုး သို့မဟုတ် ပြောင်းဖူးရိုးများကို သုံးကြသည်။ ဟွာရှင်း၏မိသားစုမှာမူ ဟွာရှင်း ကျေးဇူးကြောင့် တောင်ပေါ်မှ ထင်းများကို သယ်လာနိုင်ပြီး ဝန်းခြံထဲတွင် ပုံထားနိုင်သည်။ ရံဖန်ရံခါတွင် ရွာသားများက သူ့ထံမှ ထင်းဝယ်လေ့ရှိသဖြင့် ၎င်းမှာ မိသားစုအတွက် အပိုဝင်ငွေတစ်ခု ဖြစ်နေသည်။


ဟွာရှင်းသည် ဆေးညွှန်းအတိုင်း ဆေးပင်များကို အိုးထဲထည့်ကာ ယပ်တောင်လေးဖြင့် ခပ်မှန်မှန်ယပ်ရင်း မီးရှိန်ကို စောင့်ကြည့်နေသည်။


ဒီနေ့ နေရောင်ခြည်က နွေးထွေးလှသည်။ မြောင်ရင်သည် အမိုးအောက်က တိုင်ကိုမှီပြီး တမှေးမှေး ငိုက်နေမိသည်။ ဟွာရှင်းက သူ့ကို မော့ကြည့်လိုက်ရာ သွေးထွက်လွန်ထားသဖြင့် ဖြူဖတ်နေသော မြောင်ရင့်မျက်နှာမှာ နေရောင်အောက်တွင် ဖောက်ထွင်းမြင်ရလုမတတ်ဖြစ်နေပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်နှယ် ထင်မှတ်ရသည်။


သူသည် မြောင်ရင့်ဘေးသို့ လျှောက်သွားကာ သူ၏ ခပ်ပြင်းပြင်း မဟုတ်သော အသက်ရှူသံကိုကြားလိုက်ရမှ စိတ်သက် သာရာရကာ သက်ပြင်းချလိုက်နိုင်သည်။ မြောင်ရင် မျက် လုံးဖွင့်ကြည့်ပြီး ဇဝေဇဝါဖြင့် "ဘာဖြစ်လို့လဲ ?" 


ဟွာရှင်း ခေါင်းခါပြလိုက်သည်။


မြောင်ရင်လည်း မျက်လုံးပြန်မှိတ်လိုက်တော့သည်။


ခဏအကြာတွင် ဆေးရည်ကြိုပြီးသွားပြီ ဖြစ်သည်။ ဟွာရှင်း ဆေးရည်ကိုခပ်ထုတ်ကာ အအေးခံပြီး မြောင်ရင့်ဘေးသို့ ယူလာပေးသည်။


မြောင်ရင် ပြန်မအိပ်သေးဘဲ မျက်လုံးမှိတ်နားနေခြင်းသာ ဖြစ်သည်။ ဆေးနံ့က သူ့အား အလိုလိုပျို့တက်လာစေသော် လည်း သူ့ခေါင်းဒဏ်ရာကိုတွေးကာ နှာခေါင်းကိုပိတ်ပြီး တစ်ကျိုက်တည်းနှင့် သောက်ချလိုက်တော့သည်။


ဆေးသောက်ပြီးနောက် ပြန်အန်ထွက်သွားမှာ စိုးသဖြင့် သူ ပြန်မထိုင်ရဲတော့ပေ။ 


မတ်တပ်ရပ်ကာ ဟွာရှင်းကို ကြည့်ပြီး "ဒီဆေးက ဘယ်နှစ်ရက်စာလဲ ?" 


ဟွာရှင်း ခေတ္တတုံ့ဆိုင်းသွားပြီး "သုံးရက်စာ" 


မြောင်ရင်က ခေါင်းငြိမ့်ကာ "ကောင်းပြီလေ" 


ခဏမျှ မတ်တပ်ရပ်ပြီးနောက် လီဟုန်ယင်းသည် ဟွာရှင်း ယူလာသော ဆူဖြိုးသည့် တောကြက်ကြီးကိုပြင်ဆင်နေ သည်ကို တွေ့လိုက်ရသည်။


သူကိုယ်တိုင် ဝင်ချက်ပေးချင်သော်လည်း လီဟုန်ယင်း၏ သူ့အပေါ်ထားသော သဘောထားကို သတိရမိသဖြင့် စိတ်အနှောင့်အယှက် မဖြစ်စေရန် မသွားတော့ဘဲ နေလိုက်သည်။

လီဟုန်ယင်းက ကြက်ကိုသတ်ပြီး အမွှေးနှုတ်နေသည်။ ဟွာရှောင်ပေါင်ကတော့ လက်ထဲတွင် ကြက်မွှေးတစ်ချောင်းကို ကိုင်ကာ ဝန်းခြံထဲပတ်ပြေးနေ၏။ မြောင်ရင်က ဟွာရှောင်ပေါင်ကို လှမ်းခေါ်လိုက်ရာ ကလေးလေးက သူ့ကိုမကြောက်တော့ဘဲ ကြက်မွှေးအချို့ကိုကိုင်ကာ မြောင်ရင်နားသို့ ပြေးလာသည်။ 


မြောင်ရင်က သူ့နားနားသို့ကပ်ကာ တိုးတိုးလေး တစ်ခုခု ပြောလိုက်ရာ ဟွာရှောင်ပေါင်၏မျက်လုံးလေးများ ဝိုင်းသွားပြီး မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို ကြည့်လေသည်။ မြောင်ရင်က ခေါင်းငြိမ့်ပြလိုက်ရာ ကလေးလေးသည် သူ့အဖွား၏ အပ်ချုပ်ခြင်းတောင်းဆီသို့အပြေးသွားကာ အဝတ်စုတ်လေးများကို ရွေးချယ်တော့သည်။ သို့သော် အားလုံးမှာအကြွင်းအ ကျန် အဝတ်စလေးများသာ ဖြစ်သည်။ သူသည် အဖွား၏ကတ်ကြေးကိုလည်းယူလာခဲ့သည်။


မြောင်ရင်က အဝတ်စများကို ကတ်ကြေးဖြင့် အလယ်တွင် အပေါက်လေးများ ဖောက်လိုက်သည်။ ထို့နောက် သူ့အိတ်ထဲကိုစမ်းကြည့်ရာ အလယ်တွင် လေးထောင့်အပေါက်ပါသော ကြေးပြားတစ်စေ့ကို တွေ့လိုက်သဖြင့် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။ ဟွာရှောင်ပေါင်ကလည်း ကြက်မွှေးများစွာကို သူ့ထံ ယူလာပေးနေပြီ ဖြစ်သည်။


မြောင်ရင် ပြုံးလိုက်ပြီး လှပသော ကြက်မွှေးအချို့ကို စီလိုက်သည်။ ထို့နောက် ကြေးပြားနှင့် အဝတ်စများကို ထပ်ကာ လေးထောင့်အပေါက်ထဲသို့ ကြက်မွှေးများကိုထိုးထည့်လိုက်ပြီး အပြင်သို့ မကျွတ်ထွက်အောင် ချည်သားကြိုးဖြင့် သေသေချာချာ ချည်နှောင်လိုက်သည်။


ကြက်တောင် တစ်ခုဖြစ်သွားပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် အောက်ခြေတွင် ကြေးပြားများများထည့်ရမည်ဖြစ်သော် လည်း သူ့မှာ ငွေအလုံအလောက်မရှိသဖြင့် အတော်လေး ခက်ခက်ခဲခဲ ကစားရနိုင်သော်လည်း ကလေးတစ်ယောက်ကို ပျော်နိုင်စေရန်အတွက်မူ လုံလောက်လှသည်။


ထင်သည့်အတိုင်းပင် ဟွာရှောင်ပေါင်မှာ အလွန်ဝမ်းသာသွားပြီး ထိုရိုးရှင်းသော ကြက်တောင်လေးကို သူ့အမေဆီသို့ပြေးပြတော့သည်။ လီဟုန်ယင်းမှာ ထိုအရာကို မြင်သောအခါ အံ့ဩသွားရသည်။ ဟွာရှောင်ပေါင်ကတော့ လူကြီးကိစ္စများကိုနားမလည်ဘဲ သူ့ရဲ့ "မရီး" က လုပ်ပေးတာဖြစ်ကြောင်း ပျော်ရွှင်စွာ ပြောပြနေသည်။


"မရီး" ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် မြောင်ရင့် ကျောပြင်မှာ တောင့်တင်းသွားသည်။ ယောက်ျားတစ်ယောက်ဖြစ်ပါလျက် "မရီး" ဟုအခေါ်ခံရသည်ကိုမူ သူ လက်မခံနိုင်သေးပေ။


သူ့လှုပ်ရှားမှုတိုင်းကို ဟွာရှင်း မျက်လုံးများက လွတ်သွားခြင်းမရှိပေ။ ဟွာရှင်း အကြည့်ကိုလွှဲလိုက်ပြီး အခြားအလုပ်တစ်ခုလုပ်ရန် ထွက်သွားလေတော့သည်။



လီဟုန်ယင်းက ဆူဖြိုးလှသော တောကြက်ကြီးကို လေးပိုင်း ပိုင်းလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဆောင်းရာသီ ဖြစ်နေသဖြင့် အသားကို အပြင်မှာ ခဏတာ အထားခံပေဦးမည်။ မြောင်ရင် စိတ်ထဲတွင်တော့ ဤကြက်သားကို နှစ်သစ်ကူးအထိသိမ်းထားပြီးမှ စားရမည့်ပုံမျိုး ခံစားနေရသည်။

တကယ့်ကို ဆွဲဆောင်မှုရှိလှတဲ့ အသားဟင်းပင်!


'ငါ အရင်ဆုံး ငွေရှာဖို့ လိုအပ်နေပြီ' ဟု မြောင်ရင် တွေးလိုက်မိသည်။ 'ဒါတွေက ဘယ်တော့မှ ပြီးဆုံးမှာလဲ ? ငါတို့မှာ အသားတောင် ဝယ်မစားနိုင်ကြဘူး!' သူ ဘာလုပ်ရမှန်းမသိဘဲ မိမိကိုယ်ကိုယ် အားမလိုအားမရ ဒေါသထွက်နေမိသည်။


လီဟုန်ယင်းက ကြက်ကိုဆေးကြောသန့်စင်ပြီးနောက် ကြက်ကလီစာများကို လွှင့်ပစ်ရန် ပြင်နေသည်ကို မြင်သောအခါ မြောင်ရင်က အလန့်တကြားတားလိုက်သည် - "အမေ... ဒါတွေက စားလို့ရတယ်!"


လီဟုန်ယင်းမှာ ကြောင်သွားပြီး သူ့လက်ထဲက စေးကပ်ကပ် အညစ်အကြေးပုံကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ 


"နင် ဒါတွေကို စားမလို့လား?" 


သူတို့မိသားစုမှာ ဆင်းရဲသော်လည်း အသားစားချင်သည့်အခါ ဈေးပေါသောဝက်ကလီစာများကိုဝယ်စားလေ့ရှိသည်။ သို့သော် ဤကြက်ကလီစာလေးများမှာ အလွန်သေးငယ်လှပြီး ကြက်ဆီခဲမှလွဲ၍ စားစရာ ဘာမှမရှိဟု သူမ ထင်နေခြင်းဖြစ်သည်။


မြောင်ရင်က ခေါင်းခါပြပြီး - "ဒါတွေက စားလို့ရပါတယ် အမေရဲ့၊ ကျွန်တော့်ကို ဆေးပေးပါ၊ ကျွန်တော် ချက်လိုက်မယ်" 


လီဟုန်ယင်းက သံသယရှိနေသော်လည်း ကြက်အသည်းနှင့် နှလုံးကိုဆေးကြောပေးသည်။ ကြက်အူကလေးများကိုပင် ဝါးခြမ်းစိတ်လေးဖြင့် အထဲက အညစ်အကြေးများထွက်အောင် ပြောင်းပြန်လှန်ကာ သေသေချာချာ ဆေးကြောပေးခဲ့သည်။


ခဏအကြာတွင် အဖွားဖြစ်သူ ဆွေမျိုးများထံမှ ပြန်ရောက် လာသည်။ ဟွာရှောင်ပေါင် လက်ထဲက ကြက်တောင်လေးကို မြင်သောအခါ သူမ အံ့ဩသွားသော်လည်း၊ ၎င်းကို မရီးဖြစ်သူက လုပ်ပေးခြင်းဖြစ်ကြောင်း ကြားလိုက်ရချိန်တွင်တော့ သူမ မျက်နှာထက် အပြုံးများပျောက်ကွယ်သွားတော့သည်။ မြောင်ရင်ကတော့ ဘာမှ အထွေအထူးမတွေးမိပေ။ ဤခန္ဓာကိုယ်ပိုင်ရှင်ဟောင်းလုပ်ခဲ့သည့် အမှားများက များလွန်းလှသဖြင့် ဟွာမိသားစုက သူ့အားနာလန်ထူအောင် လက်ခံထားပေးခြင်းမှာပင် အလွန်ကြင်နာလှပြီဖြစ်သည်။


မကြာမီ ညစာစားချိန် ရောက်လာသည်။ ဟွာစန်းကတော့ တစ်နေရာရာမှာ အရက်သွားသောက်နေပြန်ပြီ။ လီဟုန်ယင်း ကြက်လည်ပင်းနှင့် ခြေထောက်များကို သုံး၍ စွပ်ပြုတ်လုပ်ကာ ဂျုံစပ်ပေါင်းမုန့်များ လုပ်ရန်ပြင်နေသည်။ ထိုစဉ် မြောင်ရင်က ဟွာရှင်းအင်္ကျီလက်ကိုဆွဲကာ ခေါက်ဆွဲစားချင်ကြောင်း ပူဆာတော့သည်။


ကြက်ကလီစာနှင့် ခေါက်ဆွဲဆိုသည်မှာ အလိုက်ဖက်ဆုံးအတွဲအစပ် မဟုတ်ပါလား ?


ဟွာရှင်းက ခေါင်းငြိမ့်ပြပြီး လီဟုန်ယင်းနှင့် တိုင်ပင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ မြောင်ရင်က အပြင်ခန်းမှ စောင့်နေစဉ် လီဟုန်ယင်း၏ဗျစ်တောက်ဗျစ်တောက် ပြောသံများကို ကြားနေရသော်လည်း၊ နောက်ဆုံးတွင်တော့ သူမသည် မုန့်စိမ်းများကို စတင်နယ်ပေးရှာလာသည်။


မုန့်စိမ်း ရပြီဆိုသည်နှင့် မြောင်ရင် မီးဖိုချောင်ထဲသို့ ပြေးဝင်ကာ ကြက်ကလီစာများကို နုပ်နုပ်စဉ်း၊ အသီးအရွက်ချဉ် အနည်းငယ်ထည့်ကာ ကြက်ဆီခဲဖြင့် ဆီသတ်လိုက်သည်။ အခြားအိုးတစ်လုံးထဲမှ ကြက်စွပ်ပြုတ်နံ့မှာလည်း မွှေးကြိုင်လှသဖြင့် မြောင်ရင်မှာ သွားရည်ကျမိပြန်သည်။


သို့သော် သူသည် ခေါက်ဆွဲကို အရင်ကျက်အောင် ပြုတ်လိုက်သည်။ ဂျုံသန့်သန့်ဖြင့် လုပ်ထားခြင်း မဟုတ်သဖြင့် ခေါက်ဆွဲသားမှာ သိပ်ပြီးမစေးပိုင်ဘဲ အရသာမရှိသော် လည်း၊ ဆီသတ်ထားသော ကြက်ကလီစာများနှင့် ရောနယ်လိုက်သောအခါတွင်မူ ထိုအားနည်းချက်များအားလုံး ပျောက်ကွယ်သွားတော့သည်။


မိသားစုဝင် ငါးယောက်လုံး အားပါးတရစားကြသည်။ အထူး သဖြင့် ဟွာရှောင်ပေါင်မှာ အလွန်ပျော်နေပြီး ကြက်စွပ်ပြုတ်ဖြင့် လုပ်ထားသော ခေါက်ဆွဲကိုတပြတ်ပြတ်နှင့် စားနေတော့သည်။


မြောင်ရင်လည်း ကိုယ်တိုင်ချက်ပြုတ်ထားသဖြင့် ဗိုက်ဝအောင် စားနိုင်ခဲ့သည်။ မိသားစုမှာ ဆင်းရဲသဖြင့် ဟင်းခတ်အမွှေးအကြိုင်မစုံလင်၍လား၊ သို့မဟုတ် လီဟုန်ယင်း၏ လက်ရာက သိပ်မကောင်း၍လားတော့ မသိ၊ ယခုခေတ်လူများမှာ အရသာထက် ဗိုက်ဝဖို့ကိုသာ ဦးစားပေးနေကြရပုံရသည်။


အဆုံးသတ်မှာတော့ အရာအားလုံးက 'ငွေ' ပေါ်မှာသာမူတည်နေတာသည်။


ညစာစားပြီးနောက် ဟွာရှင်းက သူ့ကိုဆေးပြန်တိုက်သည်။ ဆေးသောက်ပြီးလျှင် ပြန်မလှဲရဲသေးသဖြင့် လီဟုန်ယင်း ဟင်းသီးဟင်းရွက်ခြင်းကိုကိုင်ကာ အပြင်ထွက်သွားသည်ကို မြင်သောအခါ သူလည်း နောက်ကနေလိုက်သွားခဲ့သည်။


လီဟုန်ယင်းက သူ့အား ဂရုမစိုက်ဘဲ သူ့လမ်းအတိုင်းဆက်လျှောက်သွားသည်။ မကြာမီ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ရောက်လာသည်။ ဆောင်းရာသီ ဖြစ်သော်လည်း လယ်ကွင်းထဲတွင် လတ်ဆတ်သော မုန်လာဥများ၊ ဂေါ်ဖီထုပ်များ၊ မုန်ညင်းထုပ်များနှင့် မုန်ညင်းစိမ်းများဖြင့် စိမ်းလန်းနေဆဲပင်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာမှာ သူနေခဲ့သည့် ကမ္ဘာက စီချွန်းပြည်နယ် နှင့် ဆင်တူကြောင်းမြောင်ရင် ပိုမိုယုံကြည်သွားခဲ့သည်။


လီဟုန်ယင်းက အိမ်အတွက် မုန်လာဥနှင့် ဟင်းသီးဟင်းရွက်အချို့ကို ခူးနေသည်။ ရက်အနည်းငယ်အတွင်း အသီးအရွက်ချဉ်များမှာလည်း ကုန်လုနီးပါးဖြစ်နေပြီ။ သူမ လှည့်ကြည့်လိုက်သောအခါ မြောင်ရင်သည် ကွင်းစပ်တွင် ဒူးနှစ်ဖက်ကိုပိုက်ထိုင်ကာ မုန်လာဥများကို ငေးစိုက်ကြည့်ရင်း အတွေးလွန်နေသည်ကို တွေ့လိုက်ရသည်။


"နင် မထနိုင်တော့ဘူးဆိုရင် ငါတော့ လာမထူဘူးနော်" ဟု လီဟုန်ယင်းက ခြင်းတောင်းထဲမှာ အသီးအရွက်များ ပြည့်သွားသဖြင့်ပြောလိုက်သည်။ မြောင်ရင် တစ်ခါထပ်ပြီး သတိလစ်သွားမှာ စိုးသဖြင့် သူမ သတိပေးလိုက်ခြင်းဖြစ်သည်။


မြောင်ရင်က ကွင်းစပ်ကို အားပြုကာ မတ်တပ်ရပ်လိုက်ပြီး လီဟုန်ယင်းနောက်ကနေလိုက်လာခဲ့သည်။ ယနေ့ည လမင်းကြီးမှာ သာယာလှပြီး မြေပြင်ပေါ်သို့ နှင်းမြူများကဲ့သို့ အရိပ်များကျရောက်နေသည်။ လီဟုန်ယင်းနောက်မှ လျှောက်လာရင်း မြောင်ရင့် စိတ်ထဲတွင် ရုတ်တရက်ကျေနပ်နှစ်သိမ့်မှုတစ်ခုဖြစ်ပေါ်လာသည်။


အချိန်ခရီးသွားလာရတာက အဆိုးကြီးတော့ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ အခု သူ့မှာ မိသားစုဆိုတာ ရှိလာပြီမဟုတ်ပါလား ??