Ch 4
Viewers 5k

🍋 Chapter 4


မြောင်ရင်သည် ငါးဟင်းသောက်ပြီးနောက် တမှေးမှိတ်ချင်လာပြန်သည်။ နေ့လယ်က တော်တော်ကြာအောင် သတိ လစ်နေခဲ့သော်လည်း အခုထပ်မံအိပ်ပျော်သွားခဲ့ပြန်သည်။ ထိုညတွင် သူသည် မူးနောက်နောက်ဖြင့် ကိုယ်ပူပြန်တက်လာသည်။ ညဉ့်နက်သော်လည်း နိုးကြားနေသည့် ဟွာရှင်းက မှောင်အတိကျနေသော အခန်းထဲတွင် မျက်လုံးဖွင့်ကြည့်လိုက်ရာ မြောင်ရင်၏ပြင်းထန်သော အသက်ရှူသံကိုသာ ကြားနေရသည်။


သူ လက်လှမ်းပြီး မြောင်ရင် နဖူးကို စမ်းကြည့်လိုက်ရာ မီးကဲ့သို့ ပူလောင်နေသည်။ သူ သက်ပြင်းတစ်ချက်ချကာ အခန်းပြင်ထွက်ပြီး ပဝါတစ်ထည် သွားရှာလိုက်ရသည်။


ညဉ့်နှောင်းပိုင်းမှသာ ကိုယ်ပူကျသွားသော်လည်း ဟွာရှင်းကတော့ ပြန်မအိပ်တော့ဘဲ မိုးလင်းသည်အထိ စောင့်ကြည့်နေခဲ့သည်။


မြောင်ရင် နိုးလာသောအခါ ဟွာရှင်းက ကုတင်ခေါင်းရင်းကို မှီပြီးထိုင်နေသည်။ မြောင်ရင် လှုပ်ရှားလိုက်သည်နှင့် သူက ချက်ချင်း ခေါင်းလှည့်ကြည့်လာသည်။


"မင်္ဂလာနံနက်ခင်းပါ" မြောင်ရင်က အားယူပြီး ပြုံးပြလိုက်သည်။ 


"ဒီနေ့ ငါးသွားဖမ်းလို့ ရဦးမလား? ငါးဟင်းရည်ထပ်သောက်ချင်သေးလို့"


ဟွာရှင်းက ဘာမှမပြောဘဲ ထရပ်ကာ အဝတ်အစားလဲပြီး မြောင်ရင်၏အဝတ်များကို ကုတင်ဘေး စားပွဲပေါ်တွင် တင်ပေးလိုက်သည်။ 


"အင်္ကျီဝတ်လိုက်... မြို့ထဲသွားကြမယ်"


မြောင်ရင်က အဝတ်အစားနှင့် ဖိနပ်ကို ဖြည်းဖြည်းချင်း ဝတ်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ မတ်တပ်ရပ်လိုက်သည်နှင့် ခေါင်းက ထပ်မံမူးနောက်လာသဖြင့် ဟွာရှင်းက ချက်ချင်းလှမ်းတွဲပေးရသည်။ မြောင်ရင်က ဟွာရှင်း၏ လက်မောင်းကို အားပြုကာ "မြို့ထဲကို ဘာသွားလုပ်မှာလဲ?" 


ဟွာရှင်းက အဖြေမပေးဘဲ သူ့ကို အပြင်သို့သာ တွဲခေါ်သွားသည်။


အဖွားဖြစ်သူက အိမ်ရှေ့ဝရန်တာအောက်တွင် အပ်ချုပ်အလုပ် လုပ်နေသည်။ လီဟုန်ယင်းက မီးဖိုချောင်ထဲမှ ထွက်လာပြီး မြောင်ရင်ကို မြင်သော် မျက်နှာလွှဲလိုက်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီး ကြက်ဥပြုတ်တစ်လုံး ယူလာပေးသည်။ 


"မြန်မြန်သွားကြတော့"


မြောင်ရင် မျက်မှောင်ကြုတ်သွားမိသည်။ မနေ့က သူချက်ကျွေးတဲ့ ဟင်းကိုစားပြီးရင် သူတို့ရဲ့ အမြင်က အနည်းဆုံးတော့ နည်းနည်း ပြောင်းလဲသွားလိမ့်မယ်လို့ သူထင်ခဲ့တာ အခုတော့ သူ့ကို အိမ်ကနေ နှင်ထုတ်ချင်တုန်းပဲလား? နှင်ထုတ်တဲ့အနေနဲ့ ကြက်ဥတစ်လုံးပဲ ပေးတာလားပေါ့။


"ကျွန်တော်..." 


သူ စကားမဆုံးခင်မှာပင် ဟွာရှင်း ကြက်ဥအား ဆတ်ခနဲ လုယူလိုက်ပြီး သူ့နဖူးနှင့်ထုခွဲကာ အခွံကိုအမြန်ခွာပြီး မြောင်ရင်ဘ ပါးစပ်ထဲသို့ တစ်လုံးလုံးအတင်းထိုးထည့်လိုက်သည်။


"အမေ၊ အဖွား... ကျွန်တော်တို့ သွားပြီနော်"


ပါးစပ်ထဲ ကြက်ဥတွေ ပလုပ်ပလောင်းဖြင့် မြောင်ရင်မှာ ဟွာရှင်း၏ဆွဲခေါ်ရာနောက်သို့ ပါသွားရတော့သည်။


ကြက်ဥကို အနိုင်နိုင် မျိုချပြီးနောက် ဟွာရှင်းကို လှမ်းကြည့်ကာ "မင်း ငါ့ကို နှင်မထုတ်ဘူးလို့ ကတိပေးထားတယ် မဟုတ်လား?" 


ဟွာရှင်းကမူ "မပေးထားဘူး" ဟု ပြန်ပြောလာသည်။


သူ့အဓိပ္ပာယ်က နှင်ထုတ်မှာလည်း မဟုတ်သလို၊ ကတိလည်း မပေးထားဘူးဟု ဆိုလိုခြင်းပင်။


လမ်းအနည်းငယ် လျှောက်ပြီးသည်နှင့် မြောင်ရင် မောဟိုက်လာသဖြင့် ဟွာရှင်းက သူ့ရှေ့တွင် ဆောင့်ကြောင့် ထိုင်ပေးရသည်။ မြောင်ရင်ကလည်း တုံ့ဆိုင်းမနေဘဲ ကျောပေါ်သို့ ခွစီးလိုက်ပြီး "ဘယ်ကို သွားနေတာလဲ?" ဟု ထပ်မေးသည်။


"မြို့ထဲမှာ မင်းဒဏ်ရာကို သွားပြမလို့" ထိုသို့ပြောပြီးနောက် သူ နောက်ထပ် စကားမဆိုတော့ပေ။


ဟွာရှင်း ကျောပေါ်တွင် မြောင်ရင် ဇိမ်ကျနေသဖြင့် ရွာ၏ ပတ်ဝန်းကျင်ကို ကြည့်ရှုရန်အချိန်ရသွားသည်။


ယခုက ဆောင်းရာသီ ဖြစ်သော်လည်း လယ်ကွင်းများနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများမှာ စိမ်းလန်းစိုပြည်နေသည်။ လူကို ခဲသွားစေနိုင်လောက်အောင် အေးသော် လည်း မြေကြီးကတော့ခဲမနေပေ။ ဒါက သူ့ရဲ့ ဇာတိမြေ ရာသီဥတုနှင့် တော်တော်လေး ဆင်တူသည်။ သူ ကျေး လက်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သော်လည်း နှစ်သစ်ကူးပြီးနောက် လယ်ကွင်းပြင်တစ်ခွင် ပွင့်လန်းနေမည့် မုန်ညင်းဝါပန်းခင်းကြီးများကိုတော့ စွဲစွဲမြဲမြဲမှတ်မိနေသည်။


ဒီအချိန်ဆို မုန်ညင်းပင်တွေ ရှင်သန်နေရမယ့် အချိန်ပဲ။ ဒီမှာ မုန်ညင်းပင်တွေ မရှိဘူးလား?


တကယ်လို့ မရှိဘူးဆိုရင် သူတို့က တိရစ္ဆာန်အဆီကိုပဲစားနေရတာလား ? ဝက်သားက အရမ်းဈေးကြီးတော့ သာမန်မိသားစုတွေက ဝက်ဆီကိုအမြဲမစားနိုင်လောက်ဘူး။ တခြား အစားထိုးဆီတွေရော ရှိနိုင်မလား?


"ဟွာရှင်း... ဒီမှာ လူတွေက ဘာဆီကို သုံးကြတာလဲ?"


ဟွာရှင်းက ခဏရပ်ကာ "ဝက်ဆီ" ဟု ဖြေသည်။


မြောင်ရင်က "ငါ ထင်တဲ့အတိုင်းပါပဲလား" ဟု တစ်ကိုယ် တည်း တွေးလိုက်သည်။


ဟွာရှင်း ခြေတံရှည်သဖြင့် ခြေလှမ်းကျဲကျဲဖြင့် လျှောက် သည်။ မနေ့က လမ်းအတိုင်းပင်ဖြစ်သော်လည်း မနေ့က တော့ ရွာသားများနှင့် သိပ်မဆုံခဲ့ပေ။ ဒီနေ့တော့ မနက်စောစော ဖြစ်သဖြင့် ရွာသားအများစုက အိမ်ရှေ့ဝင်းထဲတွင် ထမင်းပန်းကန်ကိုယ်စီဖြင့် စားသောက်နေကြသည်။ ဟွာရှင်းနှင့် မြောင်ရင်ကို မြင်သောအခါ သူတို့က စားလက်စကို ရပ်ပြီး တိုးတိုးတိတ်တိတ် အတင်းပြောကြလေသည်။


"အို... ဟွာရှင်းရာ၊ နောက်ဆုံးတော့ သူများစီးပြီးသား ဖိနပ်အစုတ်ကိုပဲ ကောက်စီးရရှာတယ်" ဟု ရွာသားတစ်ယောက်က သူ့မိန်းမကို နှုတ်ခမ်းမဲ့ပြရင်း ကဲ့ရဲ့လိုက်သည်။


(မှတ်ချက် - 'ဖိနပ်အစုတ်' ဆိုသည်မှာ တရုတ်စကားပုံအရ အပျော်အပါးလိုက်စားသော သို့မဟုတ် အကျင့်စာရိတ္တမကောင်းသော အမျိုးသား/အမျိုးသမီးကို တင်စားခြင်းဖြစ်သည်)


မြောင်ရင်အတွက်တော့ ဒါက အထူးအဆန်းပင်။ သူ လူပျို ကြီးဘဝဖြင့် နေလာခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ တစ်ယောက်ယောက်က သူ့ကို "ဖိနပ်အစုတ်" လို့ ခေါ်တာ ဒါ ပထမဆုံးအကြိမ်ပင်။


သူ ခေါင်းထောင်လိုက်ပြီး ထိုလူကို လှမ်းအော်လိုက်သည်။ "ခင်ဗျားက ဖိနပ်အစုတ် ကောက်စီးရတာကို ကျွမ်းကျင်တဲ့ပညာရှင်ပဲကိုး... ခင်ဗျား ကိုယ်တိုင်လည်း တော်တော်များများကောက်စီးထားပုံရတယ်၊ အတော်လေးလက်ရာမြောက်သားပဲ!"


ထိုလူ၏မျက်နှာမှာ ချက်ချင်းဆိုသလိုပျက်ယွင်းသွားပြီး အပြစ်ရှိသလို ဖြစ်သွားသည်။ ၎င်းကို မြင်သောအခါ သူ့ဇနီးဖြစ်သူက ထမင်းပန်းကန်ကို ရိုက်ခွဲလိုက်ပြီး နှစ်ယောက်သား ရန်ဖြစ်ကြလေတော့သည်။ မြောင်ရင်က တော့ အားရပါးရ ရယ်မောရင်း ဟွာရှင်းပုခုံးကိုပုတ်ကာ မြန်မြန်လျှောက်ရန် တိုက်တွန်းနေသည်။


သူတို့ရွာကို နန်ခိုပါးဟု ခေါ်ပြီး မြစ်ကျယ်ကြီးတစ်ခု၏ ဘေးတွင် တည်ရှိသည်။ ရွာတစ်ခုလုံးမှာ မြေပြန့်လွင်ပြင်ဖြစ်ပြီး အိမ်ခြေများမှာ စနစ်တကျရှိလှသဖြင့် အဝေးကကြည့်လျှင် စတုရန်းကျားကွက် ကစားကွင်းနှင့်ပင်ဆင် တူလှသည်။


ဟွာရှင်း၏ကျောပေါ်ပါလာသော မြောင်ရင်ကမူကျယ်ပြောလှသော လွင်ပြင်ကြီးကိုကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။ 


"ဒီနားမှာ တောင်တွေလည်း မရှိဘဲနဲ့ မင်းက ဘယ်မှာသွားပြီး အမဲလိုက်မှာလဲ?"


"လင်းကျန်းမှာ"


မြောင်ရင်က "သြော်..." ဟုသာ ဆိုလိုက်ရသည်။ လင်းကျန်းဆိုသည်မှာ ဘာမှန်း သူ မသိသလို ထိုနေရာသို့ရောက်ရန် ဘယ်လောက်ကြာမည်ကိုလည်း ထပ်မေးလိုက်သည်။


ဟွာရှင်းက ပြန်မဖြေဘဲ ခြေလှမ်းများကိုသာ ပိုသွက်လိုက်သည်။ သူ့ခြေလှမ်းကျဲကြီးများကြောင့် မြောင်ရင်မှာ ပိုမူးနောက်လာပြီး ဟွာရှင်းလည်ပင်းကို မျက်နှာအပ်ကာအိပ် ပျော်သွားတော့သည်။ မြောင်ရင်၏ နွေးထွေးသော ထွက် သက်များက ဟွာရှင်း၏ အရေပြားပေါ်သို့ ခပ်နွေးနွေးကျရောက်နေလေသည်။


နန်ခိုပါးရွာမှ မြို့ထဲသို့ရောက်ရန် ဟွာရှင်းက သူ့ကို တစ်နာရီနီးပါး ပိုးလာခဲ့ရသည်။ မြို့ထဲရောက်မှ မြောင်ရင် နိုးလာပြီး ဟွာရှင်းလည်း ပင်ပန်းနေလောက်ပြီဟု တွေးကာ အောက်ဆင်း လမ်းလျှောက်မည်ဟုပြောလိုက်သည်။


ဟွာရှင်းက ခဏတာ တုံ့ဆိုင်းနေပြီးမှ သူ့ဆန္ဒအတိုင်း အောက်သို့ ချပေးလိုက်သည်။ သို့သော် မြေပြင်ပေါ် ခြေချလိုက်သည်နှင့် မြောင်ရင့်ခြေထောက်များက ပျော့ခွေသွားသဖြင့် ဟွာရှင်းက ချက်ချင်းလှမ်းဖမ်းလိုက်ရပြန်သည်။


မြောင်ရင်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီးနောက် ဆက် လက် ငြင်းဆန်မနေတော့ဘဲ ဟွာရှင်း၏တွဲကူမှုကိုသာ ခံယူလိုက်တော့သည်။


မြို့ကမူ သိပ်မကြီးလှပေ။ ရွာသားအများစုက မြို့နှင့် ခရိုင်မြို့အကွာအဝေးမှာ သိပ်မကွာလှသဖြင့် ခရိုင်မြို့အထိသာ သွားရောက်ဈေးဝယ်လေ့ရှိကြသည်။


မြို့ထဲတွင် ဆေးခန်းတစ်ခုရှိသော်လည်း ယခုအချိန်တွင် လူ သိပ်မများလှပေ။ ဟွာရှင်းက သူ့ကို ဆေးခန်းထဲသို့ ခေါ်သွားသည်။ အတွင်း၌ အသက်ကြီးကြီး ဆရာဝန်အိုကြီးတစ်ဦးက လူနာတစ်ဦးကို ကုသပေးနေသည်။


ဟွာရှင်းက သူ့ကိုခုံတန်းတစ်ခုပေါ်တွင် ထိုင်ခိုင်းကာစောင့်နေစေသည်။ မြောင်ရင်က နားစွင့်နေရာ သမားတော်ကြီး၏စကားကို ကြားလိုက်ရသည်မှာ - "ကိုယ်ဝန်ကသုံးလကျော် နေပြီ၊ ဒါပေမဲ့ ကလေး သိပ်မမြဲသေးဘူး၊ အိမ်မှာ အနားယူဖို့ လိုတယ်" ဟူ၍ဖြစ်သည်။


မြောင်ရင်၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိုလူ၏ ဗိုက်ကို မယုံကြည်နိုင်စွာကြည့်ရင်း ဟွာရှင်းကို တိုးတိုးလေး ကပ်မေးလိုက်သည်။ 


"သူ... သူက တကယ် ကိုယ်ဝန်ရှိတာလား?"


ဒီလူက သာမန်ကိုယ်လုံးကိုယ်ပေါက်နဲ့ နည်းနည်းတော့ နုနယ်ပေမဲ့ ယောက်ျားတစ်ယောက်ပဲ မဟုတ်ဖူးလား ? ဘယ်လိုလုပ် ကလေးရနိုင်မှာလဲ?


သူ့အကြည့်များက ပြင်းထန်လွန်းသဖြင့် ထိုလူမှာ ရှက်ရွံ့သွားပြီး သူ့ ခင်ပွန်းဖြစ်သူနောက်တွင် ပုန်းနေလေသည်။ ၎င်းကို မြင်သောအခါ ဟွာရှင်းက မြောင်ရင့်ရှေ့တွင် မတ်တပ်ရပ်ပြီး အမြင်ကို ပိတ်ထားလိုက်သည်။


ထို့နောက် သူတို့အလှည့် ရောက်လာသည်။ ဟွာရှင်းက မြောင်ရင်ကိုတွဲကူပေးပြီး သမားတော်ကြီးအား ဒဏ်ရာကို ပြသလိုက်သည်။


သမားတော်ကြီးက သူ့ မုတ်ဆိတ်ကို သပ်ရင်း - "ဒဏ်ရာကတော်တော်လေးပြင်းတာပဲ! မင်းတို့က အနာပေါ်တင် ဆေးလိမ်းထားတာလား? သူ ကိုယ်ပူတက်တုန်းက ဘာတွေလုပ်ပေးကြလဲ?"


မြောင်ရင်က ဟွာရှင်းကို လှမ်းကြည့်လိုက်သည်။ သူ ကိုယ် ပူတက်နေချိန်တွင် သတိမရှိခဲ့သဖြင့် ဟွာရှင်းကိုသာအား ကိုးခဲ့ရသည်။ ဟွာရှင်းက စကားနည်းသော်လည်း သူ ပြုစုခဲ့ပုံများကို သေချာစွာရှင်းပြလိုက်သည်။


မြောင်ရင်ကဲ့သို့ ဒဏ်ရာမျိုးဖြင့် အသက်ရှင်နေသည်မှာ ကံကောင်းလွန်းသည်ဟု သမားတော်ကြီးက တအံ့တသြ ဆိုရင်း ဆေးညွှန်းကိုစတင်ရေးတော့သည်။ ထို့ပြင် အနာပေါ်လိမ်းသည့်ဆေးကိုလည်း ဆက်လက်သုံးရန်မှာကြားသည်။


မြောင်ရင်မှာ စိုးရိမ်စိတ်ဝင်လာသည်။ ဆေးဖိုးဝါးခ ဘယ် လောက်ကျမည်ကို သူ မသိသော်လည်း မိသားစုအခြေအ နေအရ ဆေးကုသခပေးနိုင်ပါ့မလားဟု ပူပန်နေမိသည်။


သို့သော် ဟွာရှင်းကတော့ ဘာမှမဖြစ်သလိုပင်။ သူက သမားတော်ကြီးကို ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်မှာ - သူတို့ထံ ဆေးဝယ်ရန် ငွေအလုံအလောက်မပါသဖြင့် ဆေးကုသခသာ ပေးနိုင်မည်ဖြစ်ကြောင်းပင်။ သမားတော်ကြီး ခဏတွေးတောနေပြီးမှ ဆေးညွှန်းပေးလိုက်သည်။ ဆေးကုသခ ၁၅ စနှင့် ရှာရခက်သော ဆေးမြစ်တစ်မျိုးအတွက် ငွေစ ၃၀ ၊ စုစုပေါင်း 45 စပေးလိုက်ရသည်။ ဟွာရှင်း၏ပိုက်ဆံအိတ်မှာ ပြောင်သလင်းခါသွားသည်ကို မြောင်ရင် မြင်လိုက်ရသဖြင့် သူ့သတ္တိကို ချီးကျူးမိသွားသည်။ ပိုက်ဆံအိတ်ထဲမှာ ဘာမှမရှိဘဲ သမားတော်ဆီ လာဝံ့သည်ကိုး။


ဆေးညွှန်းနှင့် ဆေးမြစ်ကို ယူပြီးနောက် ဟွာရှင်း မြောင်ရင်ကို တွဲထူလိုက်သည်။ မြောင်ရင်က ဆေးညွှန်းကို လှမ်းကြည့်ပြီး ခဏအကြာတွင် တွေဝေစွာဖြင့်ဖတ်ကြည့်လိုက်သည်။


"ဒေါက်ခွစိမ်း၊ ကျက်ပြီးသားဒေါက်ခွ၊ ပျိုနီမြစ်၊ ဒန်ရှင်း၊ ဖူလင်၊ မြည်းရေကော် ?"


"မြည်းရေကော်? အဲဒါက ဈေးကြီးတယ် မဟုတ်ဖူးလား၊ ငါတို့ ဝယ်နိုင်ပါ့မလား?" မြောင်ရင် စိုးရိမ်တကြီးမေးလိုက်သည်။


ဟွာရှင်း ဆေးညွှန်းကို သိမ်းလိုက်ပြီး သူ့ကိုအံ့သြသလို ကြည့်ကာ -"မင်း... မင်း စာဖတ်နိုင်တာလား?"


မြောင်ရင် ခေါင်းညိတ်ပြရင်း - "နည်းနည်းပါးပါးတော့ မှတ်မိပါတယ်" ဟု ဆိုသည်။ အမှန်တော့ ဆေးညွှန်းထဲက စာလုံးတွေက ရှေးဟောင်းစာလုံးတွေ ဖြစ်နေပေမဲ့ သူ ခေတ်သစ်မှာ မြင်ဖူးတာတွေနဲ့ ခပ်ဆင်ဆင်တူနေလို့ ခန့်မှန်းဖတ်ကြည့်နိုင်ခြင်းပင်။


ဟွာရှင်းကမူ တိတ်ဆိတ်သွားသည်။ အစကတော့ မြောင်ရင် ပြောသမျှကို သူ သိပ်အလေးမထားခဲ့ပေ။ မြောင်ရင်အသက်မသေချင်သဖြင့် သူ့အားကပ်ပြီးဖားနေခြင်း၊ ရင်းနှီးအောင်လုပ်နေခြင်းဟု သူ ထင်ခဲ့တာပင်။ မြောင်ရင်အား မိမိအကျိုးစီးပွားအတွက်ဆို ဘာမဆိုလုပ်မယ့်သူမျိုးဟု သူ သိထားခဲ့ခြင်းသာ။


သို့‌သော် ယခုမူ မြောင်ရင် စာလုံးများအား ထစ်ထစ်ငေါ့ငေါ့နဲ့ဖြင့်၊ မှန်အောင် ဖတ်ပြနိုင်နေသည်အားမြင်ချိန် သူ့ရှေ့ရှိ မြောင်ရင့်အပေါ် ဟွာရှင်း၏အမြင်များကို ပြန်လည်သုံးသပ်ဖို့ဖြစ်လာခဲ့သည်။


တကယ်တော့ ဟွာရှင်းရဲ့စိတ်ကူးက မြောင်ရင်ဒဏ်ရာတွေ ပျောက်သွားသည်နှင့် ကွာရှင်းပေးပြီး လွတ်လပ်ခွင့် ပေး လိုက်ဖို့ပါ။ အစကတည်းက သူ မြောင်ရင်အားမယူချင်ခဲ့ပေယ့် မိခင်ဖြစ်သူနှင့် အဖွားတို့ ငိုယိုအတင်းအကျပ်လုပ်နေခြင်းကြောင့်သာ လက်ထပ်ခဲ့ရခြင်းပင်။ ၎င်းတို့ လက် ထပ်ပြီးနောက်မှာလည်း မိသားစုအတွင်းစိတ်အေးချမ်းရသည်ဟုမရှိခဲ့ပေ။


သူ အတွေးလွန်နေစဉ်မှာပဲ နောက်က လိုက်လာသည့်မြောင်ရင်မှာ အတော်လေး အလှမ်းဝေးပြီး ကျန်ခဲ့သည်အား သတိမထားမိလိုက်ချေ။ သူ နောက်ပြန်လှည့်သွားပြီး မြောင်ရင်ကို ထပ်မံတွဲကူပေးလိုက်ရသည်။


မြောင်ရင်မှာတော့ စကားပင်မပြောနိုင်တော့ချေ။ ဟွာရှင်းလက်မောင်းကို အားပြုမှီထားရင်း - "ငါ ဆက်မလျှောက်နိုင်တော့ဘူး၊ ထပ်ပြီး သတိလစ်သွားတော့မယ် ထင်တယ်" ဟု ညည်းတွားလိုက်သည်။


ဟွာရှင်း ဘာမှမပြောဘဲ သူ့ကို ပွေ့ချီကာ အိမ်သို့ တိတ်တ ဆိတ်ပိုးပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ မွန်းလွဲပိုင်း ရှိနေပြီ။ အဖွားနဲ့ လီဟုန်ယင်းတို့ကတော့ အပ်ချုပ်အလုပ်ကို ဆက်လုပ်နေကြတုန်းပင်။ ဆောင်းတွင်းရောက်ခါနီးပြီဖြစ်လို့ လယ်ထဲမှာ အလုပ်သိပ်မရှိတော့တာကြောင့် ဒီလို လက်မှုအလုပ်လေးများဖြင့်သာ မိသားစုဝင်ငွေကို အနိုင် နိုင်ဖြည့်ဆည်းနေကြရသည်။


မြောင်ရင် အကောင်းအတိုင်း ထွက်သွားပြီး အပြန်မှာတော့ သူတစ်ပါးချီလာရတာကို မြင်တော့ လီဟုန်ယင်းသက်ပြင်း ချကာ - "သူ့အတွက် မျှော်လင့်ချက်မရှိတော့ဘူးလား" ဟု မေးရှာသည်။


ဟွာရှင်း ခေါင်းခါပြပြီး မြောင်ရင်ကို ကုတင်ပေါ် ချပေး လိုက်သည်။ သမားတော်ပေးလိုက်တဲ့ ဆေးညွှန်းကို သူ သတိရမိသည်။ ဆေးမြစ်တချို့လိုနေသေးသော်လည်း သူ့ထံ ပိုက်ဆံလုံးဝမရှိတော့တာကြောင့် တခြားနည်းလမ်းရှာရတော့မည်။


ဟွာရှင်းက အိမ်ထဲအပြင်ထွက်လုပ်နေသည်အားမြင်ချိန် လီဟုန်ယင်း ဘယ်သွားမလို့လဲဟု မေးလာသည်။ ဟွာရှင်း တစ်နေကုန် ဘာမှမစားရသေးသည်အား သတိရပြီး သူမ မီးဖိုချောင်ထဲဝင်ကာ စားစရာသွားယူပေးသည်။


ဟွာရှင်း ဆေးညွှန်းကိုယူပြီး ရေဘူးထဲ ရေဖြည့်လိုက်သည်။ ဟွာရှင်း အပြင်ပြန်ထွက်တော့မည်ကို ရိပ်မိတာကြောင့် လီဟုန်ယင်း အမြန်တားကာ - "ဘယ်သွားမလို့လဲ ? သူ ရော ဘယ်လိုနေလဲ ?" 


"ဆေးညွှန်းတော့ရခဲ့ပြီ၊ ဒါပေမဲ့ ဆေးမြစ်တချို့ လိုနေသေးတယ်၊ ကျွန်တော် နည်းလမ်းတစ်ခုခု သွားရှာလိုက်ဦးမယ်၊ သူလည်း ဘာမှမစားရသေးဘူး၊ အမေ တစ်ခုခုလုပ်ကျွေးလိုက်ပါဦး"


ဓားလွယ်ပြီးထွက်သွားတဲ့ သားဖြစ်သူကို ကြည့်ပြီး လီဟုန်ယင်း သိလိုက်တာက ဟွာရှင်း ဒီည အိမ်ပြန်လာမှာ မဟုတ်ဘူးဆိုတာပါပဲ။ ၎င်းတို့ နန်ခိုပါးရွာမှာ တောင်တွေမရှိတာကြောင့် ဟွာရှင်း အမဲလိုက်ချင်၊ ဆေးမြစ်ရှာချင်ပါက အိမ် နီးချင်းမြို့ရှိတောင်များထံ သွားရလေ့ရှိပြီး တစ်ခါသွားရင် ရက်အတော်ကြာတတ်သည်။


"နင် သူ့ကို တကယ်ပဲ ကယ်ရမှာလား" လီဟုန်ယင်း ထပ်မေးလိုက်သည်။


ဟွာရှင်းက ခေါင်းညိတ်ပြရင်း - "သူ နေကောင်းတာနဲ့ ကျွန်တော်တို့ ကွာရှင်းကြမှာပါ" ဟု ပြောပြီး ထွက်သွားတော့သည်။


ဟွာရှင်း ထွက်သွားပြီးနောက် လီဟုန်ယင်းမှာ ရယ်ရမလို ငိုရမလို ဖြစ်ကျန်ခဲ့သည်။ သူမ အိမ်ထဲဝင်ပြီး မြောင်ရင်ကို သွားကြည့်မိသည်။ မြောင်ရင်မှာ ခေါင်းကဆေးတွေ ခြောက်နေပြီဖြစ်လို့ အဖွားဖြစ်သူ ထောင်းပေးထားတဲ့ ဆေးသစ်တွေ လဲပေးလိုက်သည်။


ဆေးထည့်ပေးရင်း သူမ ထပ်ပြီး သက်ပြင်းချမိပြန်သည်။ အစကတည်းက အာရှင်းကို မြောင်ရင်နဲ့ အတင်းလက်မထပ်ခိုင်းခဲ့ရင် အခုလောက်ဆို မိသားစုဘဝကပိုအဆင်ပြေနေလောက်ပြီ။ အခုတော့ အဖွားအိုစုထားတဲ့ နာရေးစရိတ်လေးတွေလည်းကုန်ပြီ၊ ရှောင်ပေါင်စားရမယ့် ကြက်ဥတွေကိုတောင်ရောင်းပြီး ဆေးဝယ်ပေးနေရပြီ မဟုတ်ပါလား ?


ဟွာရှင်း ငယ်ငယ်က စကားပြောနောက်ကျပြီး ဖွံ့ဖြိုးမှု နှေးခဲ့ပေမဲ့ အရပ်ရှည်ပြီးသန်မာသည်။ ရွာသားများက သူ့အား "အကြီးကောင်" ဒါမှမဟုတ် "လူအေးကြီး" လို့ ခေါ်ကြပေမဲ့ လီဟုန်ယင်းကတော့ လက်မလျှော့ခဲ့ပေ။ သူမက ဟွာရှင်းကို အမဲလိုက်ပညာသင်ဖို့ ဆရာတစ်ယောက်ဆီ ပို့ပေးခဲ့သည်။ ဟွာရှင်း အသက် ၇ နှစ်၊ ၈ နှစ်အရွယ်ကတည်းက အိမ်နီးချင်းမြို့ရှိ မုဆိုးအိုကြီးတစ်ယောက်ဆီမှာ ပညာသင်ခဲ့ခြင်းပင်။


ဟွာရှင်းသည် မွေးရာပါမုဆိုးဖြစ်ပုံရပြီး ဆယ်ကျော်သက်အရွယ်မှာတင် အမဲလိုက်ပြီး မိသားစုအားလုပ်ကျွေးနေနိုင်ခဲ့ပြီ။ သူ့ဆရာမုဆိုးအိုကြီးကလည်း လူပျိုကြီးဖြစ်ပြီး သားသမီးမရှိတာကြောင့် ဟွာရှင်းအား သားအရင်းလို သဘောထားကာ အမဲလိုက်ပညာတင်မက ဆေးမြစ်တွေအကြောင်းကိုပါ သင်ပေးခဲ့သည်။ အားလပ်ချိန်များမှာ ဆေးမြစ်များအား မြို့ထဲ ဒါမှမဟုတ် ခရိုင်မြို့ထံ သွားရောင်းတတ်သည်ကိုလည်း သင်ပေးထားခဲ့သည်။


မူလက ဟွာမိသားစုသည် ဆင်းရဲနွမ်းပါးလှသူများ မဟုတ်ကြပေ။ ဟွာရှင်းက ကျွမ်းကျင်သောမုဆိုးတစ်ဦးဖြစ်သဖြင့် အချိန်အတန်ကြာသောအခါ မိသားစုအတွက် စုဆောင်းငွေ အနည်းငယ်ရှိလာခဲ့သည်။ သို့သော် ဟွာရှင်းသည် ပြဿနာတစ်ခုကို သယ်ဆောင်လာခဲ့ဖူးသည်။ တစ်နေ့တွင် သူ အမဲလိုက်ရင်း ကလေးငယ်တစ်ဦးကိုတွေ့ရှိခဲ့ပြီး အိမ်သို့ပွေ့ချီလာခဲ့ရာ လီဟုန်ယင်းမှာများစွာထိတ် လန့်သွားခဲ့ရသည်။


ထိုကလေးသည်လည်း အသက်တစ်ချောင်းဖြစ်နေသဖြင့် သူတို့မှာ မွေးမြူရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ ထိုကလေးကို ဟွာရှင်း၏ကလေးဟု အမည်တပ်ရန်မဖြစ်နိုင်သဖြင့် လီဟုန်ယင်းသည် အရှက်ကိုဘေးဖယ်ကာ ရွာ သူကြီးထံသွား၍ သူ့ကလေးဖြစ်ကြောင်း လိမ်ညာပြောဆိုခဲ့ရသည်။ ရွာသူကြီးသည်လည်း သူတို့အခြေအနေကို သိနေသဖြင့် လီဟုန်ယင်းအား သနားစဖွယ် အကြည့်ဖြင့်သာ ကြည့်နေခဲ့တော့သည်။


ရွာထဲတွင်တော့ ထိုကလေးမှာ ဟွာစန်း၏ သွေးသားဖြစ်မည်ဟုသာ ထင်ကြေးပေးကြပြီး လီဟုန်ယင်းကပင် မတတ်သာဘဲ ဆက်လက်ပြုစုပျိုးထောင်ခဲ့ရသည်။


အမှန်ဆိုလျှင် ဟွာရှင်းသည် အချိန်တန်ကတည်းက အိမ် ထောင်ကျရမည်ဖြစ်သော်လည်း ဤကိစ္စကြောင့် သူ့မင်္ဂလာပွဲမှာ နှစ်အတော်ကြာကြန့်ကြာသွားခဲ့ရသည်။ထို့ပြင် ဖခင်ဖြစ်သူဟွာစန်း၏နာမည်ပျက်ကလည်း ရှိနေပြန်ရာ ဟွာရှင်းအတွက် အိမ်ထောင်ဖက်ရှာရန် ပိုခက်ခဲသွားစေခဲ့သည်။ နောက်ဆုံးတွင်တော့ မြောင်ရင်နှင့် လက် ထပ်ခဲ့ရပြီး ယခုကဲ့သို့ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရခြင်းသာ။ ၎င်းမှာ တကယ့်ကိုဝမ်းနည်းစရာကောင်းသော ကံကြမ္မာတစ်ခုပင် ဖြစ်တော့သည်။