Ch 7
Viewers 5k

🍋 Chapter 7



လီဟုန်ယင်း လယ်ကွင်းမှ ပြန်လာသောအခါ အပ်ချုပ်ခြင်းလေးအား ဝိုင်းပြီး အတူတူ ထိုင်နေကြသည့် မြောင်ရင် နှင့် အဖွားတို့ကို တွေ့လိုက်ရသဖြင့် အလွန်အံ့သြသွားရသည်။ ကြည့်ရသည်မှာ အလွန်ကြည်နူးစရာကောင်းနေသည်။


သူမ တစ်မနက်လုံးမရှိခိုက်တွင် မြောင်ရင်အား အမုန်းဆုံးဖြစ်သော အဖွားမှာ မည်သို့ကြောင့် မြောင်ရင်အပေါ် စကားနာမထိုးဘဲ ကောင်းကောင်းမွန်မွန်ဆက်ဆံနေရသနည်းဆိုသည်ကို သူမ နားမလည်နိုင်ပေ။ လီဟုန်ယင်း မြောင်ရင်အား ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ကြည့်လိုက်မိသည်။ အိမ်ထောင်ကျကာစက သူတို့နှင့် စကားတစ်ခွန်းပင် မပြောခဲ့သော ထိုလူငယ်မှာခေါင်းဒဏ် ရာရပြီးနောက်တွင် မည်သို့ကြောင့် ဤမျှပြောင်းလဲသွားရသနည်း။


ဟင်းချက်တတ်လာသည်။ ရှောင်ပေါင်အပေါ် ကောင်းလာသည်၊ အဖွားအပေါ်လည်း သိတတ်လာသည်။


တကယ်လို့သာ သူ ဒီအတိုင်းဆက်နေသွားမယ်ဆိုရင် မိသားစုလေးလည်း အေးအေးချမ်းချမ်း ရှိသွားမှာလား...?


နေရောင်အောက်တွင် မြင်နေရသော မြောင်ရင့်ဘေးတိုက်မျက်နှာပေါက်မှာ အလွန်ချောမောလှပလွန်းသည်။ ထိုမျှ ရုပ်ရည်မျိုးရှိသူက ဤတောရွာလေးမှာ တကယ်အခြေချနိုင်ပါ့မလားဟု လီဟုန်ယင်း တွေးမိသွားသည်။ သို့သော် သူမ ချက်ချင်းခေါင်းခါလိုက်မိသည်။ အပေါ်ယံရုပ်ရည်အားကြည့်ပြီး အယုံမလွယ်သင့်ပေ။ သူသည် ဒဏ်ရာပျောက်အောင်နေချင်၍သာ ဟန်ဆောင်နေခြင်းဖြစ်နိုင်ပြီး စိတ်ရင်းမှန်မဟုတ်ဟု သူမ တွေးလိုက်သည်။


မြောင်ရင် အဖွားအပ်ချုပ်ခြင်းထဲတွင် ပုံစံအမျိုးမျိုးဆွဲပေးထားသည်။ အဖွား တစ်ခါမှမမြင်ဖူးသော ပုံစံလေးများဖြစ်ကြသည် - ပါးနပ်သော ကြောင်လေးများ၊ ချစ်စ ရာခွေးလေးများ၊ ဝဝတုတ်တုတ် ဘဲလေးများနှင့် အမည်ပင် မမှည့်တတ်သော အရာလေးများဖြစ်သည်။


လီဟုန်ယင်းသည် သူမလုပ်လက်စ အလုပ်အားချထားပြီး အနားသို့လာကြည့်သည်။ ဟွာရှောင်ပေါင် သူ့လက်ကိုဆွဲကာ မြောင်ရင် မြေကြီးပေါ်တွင် ဆွဲထားသော ပုံများအား ပြရင်း ပြောပြသည်။


"မေမေ၊ မရီးက ကြောင်လေး ဆွဲထားတာ"  


မြောင်ရင် မော့ကြည့်ပြီး လီဟုန်ယင်းအား ပြုံးပြကာ "အမေ၊ ကျွန်တော် အဖွားနဲ့ ပုံစံလေးတွေဆွဲနေတာ၊ ကြည့် ပါဦး"  


လီဟုန်ယင်းသည်လည်း မြောင်ရင် ဆွဲထားသောပုံလေးများအား မြင်လိုက်သည်နှင့် တကယ့်ကို ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။


သူမ ဘာမှမပြောရသေးခင်မှာပင် မြောင်ရင် ထပ်ပြောလိုက်သည်။


"ဒါလေးတွေကို ထိုးကြည့်ပါဦး ပြီးရင်ဆိုင်ရှင်နဲ့ ကျွန်တော် သွားပြီး ဈေးညှိပေးမယ်... အရင်က ရောင်းနေကျပုဝါတွေထက် ဈေးအများကြီးပိုရစေရမယ်လို့ ကျွန်တော် အာမခံတယ်"  


မြောင်ရင်၏ရိုးသားလှသော မျက်နှာပေးကိုကြည့်ပြီး လီဟုန်ယင်း သူ တစ်ခုခုကြံစည်နေသလားဟု သံသယဝင်နေမိသည်။


မြောင်ရင် အမြန်ပင် ခေါင်းခါပြကာ "ကျွန်တော် တကယ်ပဲ တခြားရည်ရွယ်ချက် မရှိပါဘူး... အရင်က ကျွန်တော် အမှားတွေ အများကြီးလုပ်ခဲ့တာတောင် အမေတို့က စိတ်မနာဘဲ အိမ်မှာပေးနေပြီး ဒဏ်ရာပျောက်အောင်ကြည့်ပေးခဲ့ကြတာပဲ... အဲဒါတွေအတွက် ကျွန်တော် တတ်နိုင်သလောက် ပြန်ပေးဆပ်ချင်လို့ပါ"


လီဟုန်ယင်း မျက်ခုံးပင့်လိုက်သော်လည်း ဘာမှတော့ပြန်မပြောပေ။ ဤပုဝါလေးများမှာ တကယ်ပိုက်ဆံရနိုင်သည်ဟု ခံစားမိသဖြင့် လက်ကိုဆေးကာ အပ်ချုပ်အလုပ်အား စတင်ကူလုပ်ပေးတော့သည်။


သူတို့နှစ်ဦး၏လက်ချောင်းများမှာ အလွန်လျင်မြန်စွာ လှုပ်ရှားနေပြီး မကြာမီမှာပင် ပုံကြမ်းလေးများပေါ်လာတော့သည်။ မြောင်ရင့်အမြင်တွင်မူ စက်များထက်ပင် မြန်နေသကဲ့သို့ ထင်ရသည်။


အထူးသဖြင့် ဆံပင်ဖြူဖြူနှင့် အဖွားလက်မှာ မြန်လွန်းလှသည်။ အသက်ကြီးသော်လည်း သူ့မျက်ဝန်းများမှာ ကြည် လင်တောက်ပနေသဖြင့် ဤအသက်အရွယ်အထိ လက်ရာမြောက်စွာ ချုပ်လုပ်နိုင်ခြင်းဖြစ်ပေလိမ့်မည်။


သူတို့နှစ်ဦး အပ်ချုပ်အလုပ်တွင် အာရုံရောက်နေသဖြင့် မြောင်ရင် လုပ်စရာဘာမှမရှိတော့ပေ။ မွန်းတည့်ချိန် ရောက်လာပြီဖြစ်သော်လည်း သူတို့နှစ်ဦးမှာ အပ်ချုပ်သည့်အထဲ စိတ်ဝင်တစားရှိနေကြသဖြင့် ထမင်းချက်ရန်ပင် မေ့နေပုံရသည်။ ထို့ကြောင့် မြောင်ရင်သည် ဟွာရှောင်ပေါင်အားခေါ်ကာ ဟင်းချက်ရန်အတွက် ဟင်းသီးဟင်း ရွက်သွားခူးတော့သည်။


ဟွာရှောင်ပေါင်မှာ သူတို့ဟင်းသီးဟင်းရွက်ခြံနှင့် အလွန်ကျွမ်းကျင်သူဖြစ်သည်။ ခြံထဲသို့ရောက်သည်နှင့် သူက မုန်လာဥများကို စတင်နုတ်တော့သည်။ မြောင်ရင်လည်း ကလေးစိတ်ကြိုက်ပင် လွှတ်ထားပေးလိုက်ရသည်။


သူတို့နှစ်ဦး မုန်လာဥ နှစ်လုံးအား အိမ်သို့သယ်လာခဲ့ကြသည်။ မီးဖိုချောင်ထဲတွင် ဟင်းခတ်အမွှေးအကြိုင် မရှိသည်ကို ကြည့်ပြီး မြောင်ရင်သက်ပြင်းချမိသည်။ လီဟုန်ယင်း ဟင်းချက်မကောင်းသည်မှာ သူမ အပြစ်မဟုတ်ပေ၊ ပါဝင်ပစ္စည်း မစုံလင်လွန်းသဖြင့် မည်သူမဆို အရသာရှိအောင် ချက်ရန်ခက်ခဲမည်သာ။


မနေ့ကကျန်သည့် ကြက်သားကိုတော့ သူ မထိရဲပေ။ ထို့ ကြောင့် မုန်လာဥများကိုဆေးကြောကာ အမျှင်လေးများ လှီးလိုက်သည်။ လီဟုန်ယင်း၏ခွင့်ပြုချက်ဖြင့် ကြက်ဥတစ်လုံးနှင့် ဂျုံမှုန့် အနည်းငယ်ထည့်ကာ "မုန်လာဥလုံး" လေးများ လုပ်ရန်ပြင်လိုက်သည်။ သို့သော် အလုံးလေးများလုံးပြီးမှ ဆီမရှိသည်ကို သတိရသွားသဖြင့် ကြော်၍ မရတော့ပေ။


ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ပေါင်းလိုက်ရတော့သည်။ ပေါင်းထားသော မုန်လာဥလုံးလေးများမှာ အနည်းငယ် ပေါ့ပျက်ပျက် ဖြစ်နေသဖြင့် အရသာရှိရန်အတွက် ဟင်း ခတ်ပစ္စည်းများ လိုအပ်နေသည်။ သို့သော် မီးဖိုချောင်ထဲတွင် ဆားကြမ်းနှင့် ပဲငံပြာရည် အနည်းငယ်သာရှိသည်။ မြောင်ရင် သက်ပြင်းချကာ ရှိတာလေးနှင့်ပင် ဖြစ်သလို ပြင်ဆင်လိုက်ရသည်။ သူ မုန်လာဥလုံးဆယ်လုံးခန့်ပေါင်း လိုက်ပြီး ကင်ချီစွပ်ပြုတ်တစ်ခွက်ကိုလည်း ပြင်ဆင်ကာ သူတို့အား ထမင်းစားရန် ခေါ်လိုက်တော့သည်။


လီဟုန်ယင်း မွန်းတည့်ချိန်ကျော်သွားမှန်း သတိထားမိတော့သည်။ သူမရှေ့ရှိ ပြင်ဆင်ထားသော အစားအစာများကိုကြည့်ရင်း ကြောင်တောင်တောင် ဖြစ်သွားကာ မေးလိုက်သည်။


"နင် ဘာလို့ ကြက်ဥယူတာလဲ"  


"ကျွန်တော် မုန်လာဥလုံးလေးတွေ လုပ်လိုက်တာ၊ သိပ်တော့ မကောင်းလောက်ဘူး" 


မြောင်ရင် ပြုံးပြရင်း "အဖွားနဲ့ အတူတူ မြည်းကြည့်ကြပါဦး"  


မကြာမီ အဖွားလည်း ထလာသည်။ သူတို့ လေးဦးသည် စားပွဲဝိုင်းလေးတွင် ဝိုင်းထိုင်လိုက်ကြသည်။ စားပွဲပေါ်တွင် မုန်လာဥလုံး ဆယ်လုံးခန့်နှင့် လူတစ်ဦးချင်းစီ၏ ရှေ့တွင် ကင်ချီစွပ်ပြုတ် တစ်ခွက်စီရှိနေသည်မှာ တကယ့်ကို အဆင့်အတန်းရှိသော ထမင်းဝိုင်းလေး ဖြစ်နေသည်။


အဖွားမှာ မုန်လာဥလုံးကိုအရင်မြည်းကြည့်သည်။ မုန်လာ ဥနံ့သင်းသင်းနှင့် ကြက်ဥအရသာလေး ရောယှက်နေပြီး ဂျုံမှုန့်ကြောင့် အနည်းငယ် ကြမ်းတမ်းသော အထိအတွေ့ ရှိသော်လည်း မုန်လာဥ သက်သက်ဖြင့် လုပ်ထားသည်ဟု ဆိုလျှင် သူတို့ စားဖူးသမျှထဲတွင် အကောင်းဆုံးပင်။


အလုံးလေးများမှာ နူးညံ့လှသဖြင့် အဖွားအတွက် အဆင် ပြေလှသလို၊ ကင်ချီစွပ်ပြုတ်၏အချဉ်အရသာမှာလည်း ဟင်းလျာအား ပိုထူးခြားစေသည်။


မကြာမီ စားပွဲပေါ်မှ အလုံးလေးများ ကုန်သလောက်ဖြစ်သွားသည်။ အစားမရွေးသော ကလေးလေး ဟွာရှောင်ပေါင်သည်လည်း အားရပါးရစားနေသည်။ မိမိပန်းကန်ထဲမှ ကုန်သွားသောအခါ မြောင်ရင်အား မျှော်လင့်တကြီး ကြည့်ကာ ထပ်စားလို့ရမလားဟုမေးရာ မြောင်ရင်ချက် ချင်းပြန်ဖြေလိုက်သည်။


"ရတာပေါ့"  


ထမင်းစားပြီး သိမ်းဆည်းတော့မည့်အချိန်မှာပင် ဟွာစန်းတစ်ယောက် ယိုင်တိယိုင်တိုင်နှင့် အခန်းထဲမှထွက်လာသည်။ ထိုအခါမှသာ မြောင်ရင်သည် အိမ်ထဲတွင် ဤကဲ့သို့သော လူတစ်ယောက်ရှိနေသေးကြောင်း သတိရတော့သည်။


သူသည် အခုမှအမူးပြေလာခြင်းဖြစ်ပြီး ဟွာရှင်း သူ့အား ရိုက်ချလိုက်သည်ကို မမှတ်မိတော့ပေ။ သူ၏ လည်ပင်းနာနေခြင်းမှာ နေရာလွဲအိပ်မိ၍ ဇက်လွဲခြင်းဟုသာထင်နေ သည်။ သူသည် အမူးပြေနေချိန်တွင် လူပီသသော်လည်း ဗလာဖြစ်နေသော စားပွဲအားမြင်လိုက်ရသောအခါ ဒေါသက ချက်ချင်းထွက်လာတော့သည်။


ထိုဒေါသမှာ မြောင်ရင်ဘက်သို့ ဦးတည်သွားပြီး လူကြီး မိဘကို မရိုသေရကောင်းလားဟူ၍လည်းကောင်း၊ အရင်ကအကြောင်းအရာဟောင်းများကိုလည်းကောင်း ဆွဲထုတ်ကာ အော်ဟစ်ဆဲဆိုတော့သည်။


မြောင်ရင်သည် အဖွားနှင့် လီဟုန်ယင်းအပေါ်ကောင်းသော် လည်း အရက်သမား ဟွာစန်းကိုမူ သည်းမခံနိုင်ပေ။ 


"ဒီလောက်တောင် အရက်တွေ အလွန်အကျွံသောက်နေရင်တော့ ဘယ်သူကမှ ခင်ဗျားကို ရိုသေမှာမဟုတ်ဘူး"  


ဟွာဆန်းသည် ထိုစကားကိုကြားသောအခါ မျက်နှာပျက်သွားပြီး မြောင်ရင်အား ပြေးရိုက်ရန်ပြင်သည်။ သို့သော် အဖွားမှာ မြောင်ရင်ရှေ့မှကာကွယ်ပေးလိုက်ပြီး ဟွာစန်းအား ကြည့်ကာ ငေါက်လိုက်သည်။

 

"နင်ကတော့ ဒီနှစ်နှစ်အတွင်း ပိုပိုဆိုးလာတာပဲ... အားရှင်းရဲ့ဇနီးကိုတောင် ရိုက်ချင်နေတာလား?"


ဟွာဆန်းမှာ သူ့အမေအား မယုံကြည်နိုင်သလို ကြည့်ကာ "သူက အားရှင်းရဲ့ဇနီး ဖြစ်နေတုန်းလား? တခြားလူနဲ့ ခိုးရာလိုက်ပြေးတဲ့ ကောင်ကလေ!"


"အားရှင်း သူ့ကို မကွာရသေးသရွေ့ သူက အားရှင်းရဲ့ ယောကျာ်းပဲ" 


လီဟုန်ယင်း မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ 


"စားစရာရှိတာစားပြီးရင် ဂျုံခင်းထဲ ပေါင်းသွားသတ်ချေ!"


ဟွာဆန်းမှာ အရှက်ရသွားပြီး စားပွဲပေါ်တွင် ဟင်းရွက်စွပ်ပြုတ် တစ်ခွက်တည်းသာရှိသည်ကို မြင်သောအခါ အော်လိုက်သည်။


"ဒါကို ဘယ်လိုစားရမှာလဲ!"  


လီဟုန်ယင်း အေးစက်စက်ကြည့်ကာ "နင့်ပိုက်ဆံတွေ အကုန်လုံး အရက်ဖိုးထဲပါသွားတာပဲ၊ ဘာ ဟင်းကောင်း စားချင်နေတာလဲ ?"


ဟွာဆန်းသည် တတွတ်တွတ်ဆဲဆိုရင်း စွပ်ပြုတ်အား သောက်လိုက်သည်။ ထို့နောက် ပန်းကန်ကိုခွဲပစ်ကာအပြင်သို့ ထွက်သွားတော့သည်။


သူ ထွက်သွားပြီးနောက် မြောင်ရင် ခေါင်းမူးလာသဖြင့် မတ်တပ်ရပ်ရန်ပင် ခက်ခဲသွားရာ ဟွာရှောင်ပေါင် သူ့ခြေထောက်အား ဖက်ထားပေးသည်။


လီဟုန်ယင်း မြောင်ရင်အားကြင်နာစွာကြည့်ပြီး ပြောလိုက်သည်။


"ဆေးသောက်ပြီး သွားအိပ်လိုက်တော့" 


မြောင်ရင်လည်း ခေါင်းငြိမ့်ပြလိုက်သည်။ သူ နေမကောင်းသေးသဖြင့် မိမိကိုယ်ကိုယ် အတင်းအကျပ်မခိုင်းစေရဲပေ။


နောက်ရက်အနည်းငယ်အတွင်း ဟွာဆန်းသည် ညတိုင်း မူးပြီး ပြန်လာမြဲ ဖြစ်သည်။ ဟွာရှင်း အိမ်မှာမရှိသဖြင့် သူက ဆူညံသောင်းကျန်းပြီးမှ အိပ်ပျော်သွားတတ်ရာ လီဟုန်ယင်း သူ့အား အခန်းထဲသို့ဆွဲသွင်းပေးရသည်။


လီဟုန်ယင်းမှာ နေ့ဘက်တွင် လယ်အလုပ်အား သိပ်ဂရုမစိုက်တော့ဘဲ အဖွားနှင့်အတူ ပုဝါထိုးသည့် အလုပ်ကိုသာ လုပ်တော့သည်။ သူတို့သည် တစ်မနက်အတွင်း ပုဝါ နှစ်ထည်ခန့် ပြီးအောင် ထိုးနိုင်ကြရာ ငါးရက်အကြာတွင် ပုဝါ ဆယ်ထည်ကျော်ရနေပြီ ဖြစ်သည်။


သူတို့ အပ်ချုပ်လက်ရာမှာ တကယ့်ကိုထူးချွန်လှသည်။ မြောင်ရင့်အမြင်တွင် သူ့ပုံဆွဲလက်ရာထက် ၎င်းတို့အပ် ချုပ်လက်ရာကြောင့်သာ ပုဝါလေးများမှာ အသက်ဝင်နေခြင်းဖြစ်သည်။


မြောင်ရင် ဆေးများအကုန်သောက်ပြီးသွားပြီ ဖြစ်သဖြင့် နေလို့ကောင်းလာသည်။ ခေါင်းမူးခြင်းမရှိတော့ဘဲ ဒဏ်ရာမှာလည်း တဖြည်းဖြည်းကျက်လာပြီဖြစ်သည်။ သို့သော် သူ့ဆံပင်များညစ်ပတ်နေသည်ကိုမူ သူ မခံစားနိုင်ပေ။


မြောင်ရင် ထပ်တလဲလဲ တောင်းဆိုသဖြင့် လီဟုန်ယင်း နောက်ဆုံးတွင် ခေါင်းလျှော်ပေးရန်သဘောတူလိုက်သည်။


သူ့ဦးရေပြားအား တိုက်ရိုက်မလျှော်ရဲသဖြင့် ဆံနွယ်များကိုသာ ရေစွတ်ပြီး ဆပ်ပြာဖြင့် လျှော်ပေးရသည်။ လီဟုန်ယင်းဒဏ်ရာကိုလည်း ဆေးထည့်ပေးရာ ဒဏ်ရာမှာ အသားနုတက်လာပြီး ခြောက်သွေ့လာပြီဖြစ်သည်။


ခေါင်းလျှော်ပြီးနောက်တွင် ဆံပင်အခြောက်ခံစက်မရှိသဖြင့် နေပူထဲတွင်သာ အခြောက်ခံရသည်။ သူ ခြံထဲတွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် ပုဝါအား ကိုင်၍ဆံပင်သုတ်နေစဉ်၊ ဟွာရှောင်ပေါင်လည်း တခြားတစ်ဖက်ကိုဝိုင်းသုတ် ပေးနေသည်။ ဤရက်ပိုင်းအတွင်း နှစ်ယောက်သား ပိုရင်းနှီးလာကြသည်။ ဟွာရှောင်ပေါင်မှာ မြေရှင်အတွက် အလုပ်လုပ်ပေးနေသော လယ်သမားလေးအလား ပျော်ရွှင်စွာ ကူညီပေးနေသည်။


ဟွာရှင်း ခြံထဲသို့ဝင်လာသောအခါ ဟွာရှောင်ပေါင်ကို ပြုံးကြည့်နေသော မြောင်ရင်အားတွေ့လိုက်ရသည်။ မြောင်ရင့်ဆံနွယ်အစိုများမှာ ပုခုံးထက်ဖြာကျနေပြီး သူ့အင်္ကျီအပြာရောင်ပေါ်တွင် ရေကွက်များထင်နေသည်။ သူ့မျက်နှာမှာ အရင်ကထက် ပိုပိန်သွားပုံရသည်။


မြောင်ရင် ဟွာရှင်းအားမြင်သည်နှင့်မျက်လုံးများ တောက် ပသွားသည်။ သူ ဟွာရှောင်ပေါင်၏ပုခုံးကိုဖက်ကာ မတ်တပ်ရပ်လိုက်ပြီး မေးလိုက်သည်။


"ဘာလို့ ပြန်လာတာလဲ?"  


ဟွာရှင်း သူ ယူလာသော ဆေးထုပ်အား ကမ်းပေးရင်း "မင်းအတွက် ဆေးတွေ"  


မြောင်ရင် ဆေးထုပ်ကို အမြန်လှမ်းယူပြီးပြုံးပြလိုက်သည်။ ထိုစဉ် လီဟုန်ယင်းနှင့် အဖွားတို့လည်း ရောက်လာကြသည်။ သူတို့က ဟွာရှင်းအားအကဲခတ်ကြည့်ရာ ဟွာရှင်းလည်း ပိန်သွားသည်ကိုသတိပြုမိကြသည်။ အပြင်တွင် အလုပ်လုပ်ရသည်မှာ ပင်ပန်းမည်ကိုသိကြသဖြင့် လီဟုန်ယင်း မြောင်ရင်အား ကြက်သားချက်ရန်ပြောလိုက်တော့သည်။


မြောင်ရင့် မျက်လုံးများဝင်းလက်သွားသည်။ ဆေးထုပ်ကို ချထားပြီးနောက် မီးဖိုချောင်သို့သွားကာ ဗီရိုထဲအပိုင်းပိုင်း ဖြတ်ထားသော ကြက်သားကိုရှာဖွေလိုက်သည်။


လည်ပင်းနှင့် ခြေထောက်များကိုမူ မနေ့က စားလိုက်ကြပြီ ဖြစ်သည်။ မြောင်ရင် ကြက်သား တစ်ဝက်ခန့်ထုတ်ယူလိုက်သည်။ ကျန်သည့်အပိုင်းများအားချက်ရန်ခက်သဖြင့် ပေါင်းရန်သာ ဆုံးဖြတ်လိုက်သည်။ သူ ကြက်သားအား ခုတ်ထစ်နေစဉ် လီဟုန်ယင်းကို မုန်လာဥနှစ်လုံး သွားနုတ်ပေးရန်လှမ်းပြောလိုက်သည်။


လီဟုန်ယင်း ခေါင်းငြိမ့်ကာ ဟွာရှောင်ပေါင်နှင့်အတူ ထွက်သွားသည်။ အဖွားမှာ ပုဝါထိုးနေဆဲဖြစ်သည်။


ဟွာရှင်း အထုတ်အပိုးများချထားပြီးနောက် လူသူရှင်းသွားသော ခြံထဲမှမြောင်ရင်ရှိရာ မီးဖိုချောင်သို့ လိုက်ဝင်လာသည်။ မြောင်ရင် ဓားကိုကိုင်ကာ ကြက်သားအားခုတ်ရန်ပြင်စဉ် ဟွာရှင်း သူ့လက်ကောက်ဝတ်ကိုလှမ်းကိုင်လိုက်ပြီး "ငါ လုပ်ပေးမယ်"  


မြောင်ရင်လည်း သူ့ခွန်အားမှာမပြည့်ဝသေးသဖြင့် အသာ အယာ ဖယ်ပေးလိုက်သည်။ သူ မီးဖိုဘေးတွင် ထိုင်ကာ မီးမွှေးပေးနေသည်။ ဟွာရှင်း ကြက်သားအားသေသေ သပ်သပ်နှင့် အမြန် ခုတ်ထစ်ပေးလိုက်သည်။


ဟွာရှင်း ကြက်သားများအား အိုးထဲသို့ ထည့်တော့မည့်အချိန်တွင် မြောင်ရင်အမြန်တားလိုက်ကာ "ကြက်သားကို အရင်ဆုံး ဆီထွက်အောင်လှော်လိုက်ပါဦး"  


ဤကြက်မှာ အလွန် ဆီများလှပြီး အရေပြားအောက်တွင် အဆီပြင်ကြီး ရှိနေသဖြင့် ကြက်ဆီအများကြီးထွက်နိုင်ပုံရသည်။


မကြာမီ ကြက်သားများကို အိုးထဲထည့်လိုက်ရာ တရှဲရှဲ အသံများနှင့်အတူ ကြက်ဆီများထွက်လာတော့သည်။ ကြက်သားများကို ဆယ်လိုက်ပြီးနောက် မြောင်ရင် ကြက်ဆီများကို ပန်းကန်လုံးထဲသို့ ဂရုတစိုက်သိမ်းဆည်းလိုက်သည်။


ထို့နောက် ကြက်သားကို စတင်ပေါင်းသည်။ အိုးထဲတွင် ကြက်သားများနှင့်အတူ ကင်ချီ အနည်းငယ်ကိုပါ ထည့်လိုက်ရာ ကြက်စွပ်ပြုတ်နံ့လေးမှာ တစ်အိမ်လုံး ပျံ့လွင့်သွားတော့သည်။ ထိုစဉ် လီဟုန်ယင်းပြန်ရောက်လာသည်။ သူမ မုန်လာဥအားဆေးပေးပြီး မြောင်ရင် အတုံးလေးများ တုံးကာ အိုးထဲသို့ထည့်လိုက်သည်။ ကြက်ဆီ အနည်းငယ်ကို သုံးပြီး ဂေါ်ဖီထုပ်ကိုလည်းကြော်လိုက်သည်။ လီဟုန်ယင်း ဘေးတွင် ဂျုံမုန့်လုံးလေးများကိုလည်းပေါင်းပေးထားသည်။


၎င်းမှာ မြောင်ရင် ဤနေရာသို့ရောက်လာပြီးနောက်ပိုင်း အကောင်းဆုံးနှင့် အစုံလင်ဆုံးထမင်းဝိုင်းပင်။


ထမင်းစားပွဲတွင် လီဟုန်ယင်း ဟွာရှင်းအား ပြန်သွားဦးမှာလားဟု မေးရာ ဟွာရှင်းကမူ ဆေးလာပို့ပေးခြင်းဖြစ်ပြီး မနက်ဖြန်တွင် အလုပ်ပြန်သွားရမည်ဟုပြောသည်။


မြောင်ရင် ဟွာရှင်းအား ကြည့်ကာမေးလိုက်သည်။


"ဒါဆို မနက်ဖြန် ကျွန်တော်တို့ကို ခရိုင်မြို့ကိုခေါ်သွားပေးလို့ ရမလား ? အမေနဲ့ အဖွားတို့ ပုဝါတွေအများကြီးထိုးထားတယ်၊ အဲဒါတွေကိုမြို့မှာ သွားရောင်းချင်လို့"  


ဟွာရှင်း ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။


"ရတယ်လေ"