အခန်း (၄၁) ချင်းကျိုးကောင်တီ
အစပိုင်းတွင်တော့ ရွာသားတချို့သည် သကြားတုတ်ထိုးချိုချဥ်ရောင်းသည့်အတွက် ရှန်လင်းကို လှောင်ပြောင်ခဲ့ကြ၏။ ကျန်းအာ့ကောသည် ရှန်လင်းက တုတ်ထိုးများ ရောင်းထွက်မည် မဟုတ်ဟု ပြောသည့်အချိန်တွင် သူတို့ သေအောင် ရယ်မောခဲ့လေ၏။ နောက်ပိုင်း၌ ရှန်လင်း သကြားတုတ်ထိုးချိုချဥ်များစွာ ရောင်းချကြောင်း သူတို့သိသွားသည့်အခါ ရှန်လင်း၏ကံကို စတင် မနာလိုဖြစ်လာတော့ကြ၏။
ချင်းရှီရွာမှလူများက သစ်သီးရိုင်းများမှ သကြားတုတ်ထိုးချိုချဥ် မည်လို့လုပ်ကာ ရောင်းချကြောင်း လေ့လာကုန်၏။ သို့ရာတွင် သူတို့အားလုံး ကျရှုံးခဲ့လေသည်။ သို့ဖြစ်ရာ သူတို့သည် ရှန်လင်းအား သကြားတုတ်ထိုးချိုချဥ်လုပ်နည်းကို စမေးကြတော့၏။ အားလုံး ကျရှုံးသွားပြီးနောက် ရှန်လင်း၏ အပြစ်ဖြစ်ကြောင်း ထပ်ဆိုလာကြပြန်သည်။
‘မင်းမှာ ငွေရှာဖို့နည်းလမ်းရှိရင် ဘာလို့ အားလုံးကို မမျှဝေပေးချင်ရတာလဲ’
ရှန်လင်းအား ထိုကလေးကုလားအလုပ်များကို မလုပ်ဘဲ လယ်သာကောင်းကောင်းစိုက်ရန် နေ့စဥ် ဖျောင်းဖျနေသည့်ရွာသားများလည်း ရှိပေ၏။
ရှန်လင်းသည် စာလေ့လာခြင်းနှင့် လယ်စိုက်ခြင်းကသာ အကောင်းဆုံးလမ်းဟု ထင်ခဲ့ဖူးသည်။ သို့ပေသိ ဤရက်ပိုင်းအတွင်း ရှန်လင်း သကြားတုတ်ထိုးချိုချဥ် ထွက်ရောင်းသည်မှာ တစ်ရက်လျှင် အချောင်းသုံးလေးရာခန့် ရောင်းရလေ၏။ ဝင်ငွေ ကြေးပြားသုံးလေးရာရှိရာ ရှန်လင်းမှာ လုံးဝ အတွေးပြောင်းသွားတော့သည်။
တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လယ်လုပ်ပြီးမှ နောက်ဆုံး၌ ငွေတုံးနှစ်တုံးကျော်မျှသာ အများဆုံး ရနိုင်မည်ဖြစ်၏။ သို့ရာတွင် ရှန်လင်း ခုနစ်ရက် ရှစ်ရက်မျှသာ ရောင်းရသေးသည့်တိုင် ကုန်ငွေငွေရင်းကို ဖယ်ပြီးလျှင် သူ ငွေနှစ်တုံး ရှာပြီးချေပြီ။
သို့ပေသိ အနီရွာသားများသည် အခုမှ ကိုယ်တွေ့မကြုံဖူးချင်ယောင်ဆောင်ကာ ရှန်လင်း သကြားတုတ်ထိုးချိုချဥ်ရောင်းခြင်းမှာ အဓိပ္ပာယ်မရှိဟု ပြောကြသည်ပင်။ ရှန်လင်းနှင့် ဆုဝန်သည် သစ်သီးရိုင်းနှင့်လုပ်သော သကြားတုတ်ထိုးချိုချဥ်ရောင်းခြင်းမှ အမြတ်ရမှန်း သိကြလေရာ အနှီလူများ၏ ကြင်နာသော အကြံပေးချက်များအား သဘာဝကျစွာပင် ဘေးဖယ်ထားလိုက်၏။
ရှန်လင်းသည် နည်းလမ်းပြောင်းကာ အနှီသကြားတုတ်ထိုးချိုချဥ်များကို ရောင်းမည့်နေရာကို ပြောင်းလိုက်၏။ ချင်းယွင်ကောင်တီတွင်သာမကဘဲ ရှန်လင်းသည် အနီးတစ်ဝိုက်ရှိ ကောင်တီများသို့ပါ အနှီ သကြားတုတ်ထိုးချိုချဥ်များကို သွားရောင်းခဲ့လေရာ တုတ်ထိုးချိုချဥ်များမှာ အချိန်တိုအတွင်း ရောင်းကုန်သွားတော့၏။
ရှန်လင်းမှာ ဆုဝန်ခူးလာခဲ့သော ဘယ်ရီသီးခြင်းနှစ်ဆယ်မှ သစ်သီးရိုင်းများဖြင့် လုပ်ထားသော သကြားတုတ်ထိုးချိုချဥ်များကို ရောင်းရန် ရက်နှစ်ဆယ်သာ အချိန်ယူလိုက်ရ၏။ စာရင်း တွက်ကြည့်ပြီးနောက် ကုန်ကျငွေရင်းကို ဖယ်လိုက်လျှင် အနှီသကြားတုတ်ထိုးချိုချဥ်များသည် ကြေးပြားတစ်သိန်းနှစ်သောင်း၊ ငွေတုံးနှင့်ဆိုလျှင် ၁၂တုံးရှာပေးနိုင်ခဲ့၏။
သကြားတုတ်ထိုးချိုချဥ်များ ရောင်းချပြီးနောက် ရှန်လင်းသည် ဆောင်းဦးတွင် သိမ်းဆည်းထားသော ပြောင်းများအားလုံးကို ညသန်းခေါင်တစ်ရက်ရှာပြီး ရောင်းချရန် အချိန်ကျလာပြီဖြစ်ကြောင်း သတိပြုမိသွား၏။ ရောင်းလိုက်ပါလျှင် ငွေနှစ်တုံးရမည်ဖြစ်၏။ ယခင်နှစ်များက ရှန်လင်း၏ ပြောင်းများကို ငွေနှစ်တုံးဖြင့် မရောင်းနိုင်ခဲ့ချေ။ အကြောင်းမှာမူ တခြားကောင်တီများအတွင်း သွားမရောင်းနိုင်ခဲ့ခြင်းကြောင့်တည်း။ ပြောင်းစျေးမှာ ကျိုးကောင်တီတစ်ဝိုက်၌ အမြင့်ဆုံးဖြစ်ကြောင်း သိထားရာ ရှန်လင်းသည် ယန်ဝူ့ကို သတင်းပြောပြခဲ့၏။ ယခင်နှစ်များထက် ပိုမြင့်သော စျေးနှုန်းကောင်းတစ်ခုပင်။ ယန်အိမ်မှ ညီအစ်ကိုများသည် ရှန်လင်းကို အလွန်အမင်း ကျေးဇူးတင်နေကြပြီး နောက်ကို အကူအညီ လိုအပ်ပါက သူတို့ကိုရှာနိုင်ကြောင်း ပြောလာ၏။
အဘိုးရှန်သည် ရှန်လင်း နေ့တိုင်း သကြားတုတ်ထိုးချိုချဥ်ထွက်ရောင်း၊ မရောင်းကို ဂရုတစိုက် စောင့်ကြည့်သော်လည်း သူ ညသန်းခေါင်တွင် ပြောင်းရောင်းဖို့ ကျိုးကောင်တီသို့ သွားရန် လှည်းငှားသည့်ကိစ္စကိုတော့ အရေးစိုက်မနေချေ။
ဆုဝန်က ရှန်လင်း ပြောင်းများ ရောင်းလိုက်သည်အား ကျိန်းသေပေါက် သိသည်ပင်။ သူသည် ရှန်လင်းအား ကျီစယ်လာ၏။
“ အစ်ကိုကြီးရှန်၊ ရှင် ပြောင်းတွေလည်း ရောင်းခဲ့တာပဲ။ အဘိုးရှန်နဲ့ အဘွားရှန်ကို သိတတ်မှု မပြဘူးလား”
ရှန်လင်းသည် ဆုဝန်မှာ သူ့ကိုစနောက်နေခြင်းဖြစ်ကြောင်း သိသော်လည်း အလေးအနက် ပြန်ဖြေလာခဲ့ဆဲ။
“ ငါ စုံစမ်းကြည့်ပြီးပြီ။ ငါ့ဦးလေး ပြောင်းရောင်းပြီးတဲ့နောက် အဘိုးတို့မိသားစုကို ပိုက်ဆံပေးပြီး သိတတ်မှုကို ပြရမဲ့အစား အဘိုးတို့ဆီကနေ ဆောင်းဦးကောက်ရိတ်ပွဲတော်ကျင်းပဖို့ ကြက်တစ်ကောင်တောင် ယူသွားသေးတယ်တဲ့။ ငါ့ဦးလေးသိတတ်တဲ့အတိုင်း ငါလိုက်ပြီး သိတတ်ပြမှာလို့ ပြောထားတယ်လေ”
ဆုဝန် ခေါင်းညိတ်ပြလိုက်၏။ ‘ရှန်လင်းက ဉာဏ်ကောင်းလာပြီပဲ။ ထပ်ပြီး အမြတ်ထုတ်မခံရတော့ဘူး’
ဆုဝန်သည် ရှန်လင်း သကြားတုတ်ထိုးချိုချဥ် လုပ်ရောင်းပြီး ရှာထားသော ငွေ၁၂တုံးကို ထုတ်လိုက်ပြီး ရှန်လင်းအား မရမက ငွေ၈တုံးပေးလာ၏။ မည်သို့ပင်ဆိုစေကာမူ အားစိုက်ပြီး အကြံထုတ်ခဲ့သူမှာ ရှန်လင်းပင် ဖြစ်၏။ အစမှအဆုံးအထိ ဆုဝန်က လုံးဝ စိတ်မပူခဲ့ရချေ။ သည်မှာထိုင်နေရုံနှင့် အမြတ်သည်ပင်။
သို့ရာတွင် ရှန်လင်းက မလိုချင်ကြောင်း အတင်းပြောလေသည်။ ငွေအတွက် သူ ပြောင်းရောင်းထားသည်ဖြစ်ရာ ဆုဝန်၏ငွေကို မလိုကြောင်းပြောလာ၏။ ဆုဝန်က ရှန်လင်း မယူပါလျှင် နောင်တွင် ရှန်လင်းအား အကူအညီတောင်းရန် ရှက်ရွံနေတော့မည်ဖြစ်ကြောင်း ပြောကာ မရမက ပေးလေ၏။ သို့ဖြစ်ရာ ရှန်လင်းခမျာ မယူချင်ယူချင်ဖြင့် ငွေ၂တုံး ယူလိုက်ရ၏။
ရှန်လင်းက ယခင်က သူငွေတစ်တုံးကျော် စုနိုင်ရန် နှစ်ဝက်မျှ အလုပ်လုပ်ခဲ့ရကြောင်း၊ သို့ရာတွင် ယခု သူ ရက်၂၀လောက် အလုပ်လုပ်လိုက်ရုံဖြင့် ငွေနှစ်တုံး ရှာနိုင်ခဲ့ရာ အတော်များသည့် ပမာဏ ဖြစ်နေချေပြီဖြစ်ကြောင်း ပြောလာ၏။
သို့တိုင် ရှန်လင်းတွင် တခြားပူပန်စရာများ ရှိနေသေးချေသည်။ ပြောရမည်ဆိုလျှင် နောက်နှစ်တွင် တစ်ယောက်ယောက်က သစ်သီးရိုင်း၏ အရသာစူးမှုကို ဖယ်ရှားနိုင်မည့်နည်းလမ်းကို နားလည်သွားမည်ဆိုပါက သကြားတုတ်ထိုးချိုချဥ်များဖြင့် ငွေရှာရန်မှာ ထိုမျှ မလွယ်တော့ပေ။
ဆုဝန်သည် အစောကတည်းက သူ သစ်သီးရိုင်းသကြားတုတ်ထိုးချိုချဥ်ရောင်း၍ ငွေရှာနိုင်မည် ဖြစ်ကြောင်း သိသော်လည်း ရေရှည်မခံဟု ပြောခဲ့လေသည်။ တစ်ယောက်ယောက်က သစ်သီးရိုင်း၏ ချဥ်စူးမှုကို ဖယ်ရှားမည့်နည်းလမ်းကို ရှာတွေ့သွားနိုင်ကြောင်း မဆိုထားနှင့်၊ နောက်နှစ်ရောက်ပါက သစ်သီးရိုင်းများကို အလကားရတော့မည် မဟုတ်ချေ။ သစ်သီးရိုင်းများဖြင့် သကြားတုတ်ထိုးချိုချဥ် လုပ်ရန် သုံးနိုင်ကြောင်း အားလုံးသိသွားကြပြီဖြစ်ရာ ကျိန်းသေပေါက် သစ်သီးရိုင်းများကို စုပြုံလုကြတော့မည်ပင်။
အားလုံးလုကြပါက အယောက်တိုင်း အများကြီး လုနိုင်မည်မဟုတ်ချေ။ သစ်သီးရိုင်းလု၍ရသူများက မလုပ်တတ်ပါက ရောင်းချရမည်ပင်။ သို့ဖြစ်ရာ သစ်သီးရိုင်းများကို ငွေမသုံးဘဲ ရနိုင်တော့မည် မဟုတ်ပေ။
ထိုသို့တွက်ကြည့်လျှင် မည်သူမျှ သစ်သီးရိုင်းများစွာကို သိုလှောင်ထားနိုင်မည် မဟုတ်ချေ။ သစ်သီးရိုင်းသကြားတုတ်ထိုးချိုချဥ်မှာ အမြတ်နည်းသော်လည်း အရောင်းလိုက်၏။
“ဒီလိုပဲ ဆုံးဖြတ်လိုက်တာပေါ့။ ဘယ်သူမှ သစ်သီးရိုင်းတွေကို အကြာကြီးလှောင်ထားနိုင်မှာ မဟုတ်ဘူး။ သကြားတုတ်ထိုးချိုချဥ်တွေက နဂိုကတော့ အမြတ်နည်းပြီး အရောင်းလိုက်တယ်။ ဒီလိုဆိုရင်တော့ အမြတ်နည်းမှာ၊ လုပ်စရာအကြောင်းမရှိဘူး။ အများကြီးလည်း ထပ်ရောင်းရတော့မှာမဟုတ်ဘူးလေ။ တခြားလုပ်ငန်းလေးတွေလိုပဲ ဒီအတိုင်း သာမန်စီးပွားရေးတစ်ခုပဲ ဖြစ်သွားမှာ။ ငွေအများကြီး ရှာနိုင်တော့မှာ မဟုတ်ဘူး”
ရှန်လင်းက ခေါင်းညိတ်ကာ ဆို၏။
“ ကြည့်ရတာ ငွေရှာဖို့ နည်းလမ်းအသစ် ရှာရတော့မဲ့ပုံပဲ။ ဒီနှစ်အလုပ်တွေ အားလုံးလုပ်လို့ပြီးပြီ။ ငါ သိမ်းထားတဲ့ပြောင်းတွေက ရှာထားတဲ့ငွေရယ် သကြားတုတ်ထိုးချိုချဥ် ရောင်းရလို့ မင်းပေးတဲ့ငွေနှစ်တုံးရယ်နဲ့ဆို ငါ့မှာ အားလုံးပေါင်း ငွေ၄တုံးရှိတယ်။ ငါ အဲဒီငွေလေးတုံးကို ငါ့အမေကို ချင်းကျိုးကောင်တီ ခေါ်သွားဖို့ သုံးချင်တယ်။ နာမည်ကြီးသမားတော်တစ်ယောက်ရှာပြီး ရောဂါပြပေးရမယ်”
ဆုဝန်သည်လည်း ချင်းကျိုးကောင်တီသို့ သွားလို၏။ ဤရက်ပိုင်းအတွင်း ရှန်လင်း သကြားတုတ်ထိုးချိုချဥ် ထွက်ရောင်းနေစဥ် ဆုဝန်သည် နောင်တစ်ခေတ်မှ ပုလဲနို့လက်ဖက်ရည်နှင့် မုန့်လုပ်နည်းကို သူ့သာသာ လေ့လာနေခဲ့၏။ ဤအစားအသောက်နှစ်မျိုးကို ဆုဝန် အချိန်မရွေး လုပ်နိုင်သည်ပင်။ သို့ရာတွင် ဆုဝန်လုပ်ချင်သည်မှာ ချင်းကျိုးကောင်တီသို့ သွားပြီး အကြီးဆုံးနှင့် အကောင်းဆုံးစားသောက်ဆိုင်ကို ရှာကာ ဤမုန့်လုပ်နည်းကိုရောင်း၍ ငွေရှာဖို့ပင်။ ငွေသားမြန်မြန် ရမည်ပင်ဖြစ်၏။
ဆုဝန် ချင်းကျိုးကောင်တီသို့ နို့လက်ဖက်ရည် ကိုယ်တိုင် သွားမရောင်းရသည့် အကြောင်းအရင်း ရှိလေသည်။ ဆုဝန်၏ လက်ရှိအခြေအနေနှင့်ဆိုပါက နို့လက်ဖက်ရည်ရောင်းရန် ဆိုင်သေးသေးကလေးသာ တည်နိုင်မည်ဖြစ်၏။ ဆိုင်သေးသေးလေးတွင် ရောင်းပါက စျေးမြင့်မြင့်နှင့် ရောင်း၍ရမည် မဟုတ်ချေ။ အမြတ်နည်းနည်းနှင့် မြန်မြန်ရောင်းလိုပါက ဖြစ်နိုင်မည်မဟုတ်ပေ။ နို့လက်ဖက်ရည် လုပ်နည်းမှာ ရိုးရှင်း၏။ တစ်ယောက်ယောက် စမ်းသပ်လေ့လာမည်ဆိုပါက အချိန်အများကြီး ယူရမည်မဟုတ်။ ထိုအခါကျ ပြိုင်ဘက်များစွာ ရှိလာမည်ဖြစ်ရာ ရောင်းအားကောင်းတော့မည်မဟုတ်ချေ။
ချင်းကျိုးကောင်တီသို့ သွားပြီး အကြီးဆုံးစားသောက်ဆိုင်နှစ်ဆိုင်ကို မေးလိုက်လျှင်မူ တစ်ဖက်လူကို အခွင့်အရေး မရစေရန် သူတို့ယှဥ်ပြိုင်ကြဖို့ အခွင့်အလမ်းများ၏။ ပထမဆုံးစတင်သည့်တစ်ဆိုင် ဖြစ်ရန် ယှဥ်ပြိုင်ဖို့ရန်လည်း အခွင့်အလမ်းများလေ၏။
မုန့်များမှာလည်း ထိုနည်း၎င်းပင်။
အကယ်၍ စီးပွားရေးအောင်မြင်ပါက ယင်းသည် ဆုဝန်၏ လမ်းတကာ လည်ရောင်းရသော စီးပွားရေးထက် ပိုအကျိုးအမြတ်များမည်ဖြစ်ပြီး ပိုလည်း လွယ်ကူမည်ပင်။
သို့ဖြစ်ရာ ရှန်လင်းနှင့် ဆုဝန်သည် ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။
‘ဒီနေ့ည တို့တွေ ရှန်ရှီးနဲ့ရှန်ယာယာကိုခေါ် ပြီး ချင်းကျိုကောင်တီကို သွားကြမယ်’
လွန်ခဲ့သည့်ရက်အနည်းငယ်က ရှန်လင်းသည် တစ်ဖက်ရွာမှ ခွေးတစ်ကောင်ဝယ်ခဲ့၏။ ခွေးနှစ်ကောင်ကို ခြံဝင်းထဲတွင် ကြိုးမချည်ဘဲ ထားလေသည်။ ဆုဝန်သည် ခွေးနှစ်ကောင်အတွက် ခွေးစာပင် ဆယ်ရက်ကျော်စာမျှ ပြင်ဆင်ပေးထား၏။ ခွေးလေးကောင်ကို ခြံဝင်းအလယ်တွင် ထားခဲ့၏။ သစ်သားရေဇလုံကြီးမှာ ခွေးများ ရေသောက်ရန်အတွက် ဖြစ်၏။ ရေနှင့်အစာမှာ ခွေးနှစ်ကောင် လဝက်လောက် စားသောက်ရန် လောက်ငချေသည်။
ရှန်လင်းသည် ယန်ဝူ့အိမ်သို့ သွားကာ ယန်ဝူ့အတွက် သော့ထားပေးခဲ့၏။ အကယ်၍ လဝက်ကြာပြီးနောက် ရှန်လင်း ပြန်မရောက်ခဲ့ပါက ယန်ဝူက တံခါးဖွင့်ဝင်ပြီး ရှန်လင်း၏ခွေးများကို အစာကျွေးပေးနိုင်ရန်ပင်။
ဤရက်ပိုင်းအတွင်း ဝမ်မိသားစုမှာ ဆုဝန်ကို မမြင်မိပေ။ ဝမ်မိသားစုမှာ မျက်စိရှေ့တွင် ရှိနေသည့်တိုင် ဆုဝန်နှင့် အလှမ်းဝေးနေသည်ဟု ခံစားရ၏။
ဝမ်လော့ရှန်းမှာ ဤရက်ပိုင်း ဘာဖြစ်နေသည်မသိ၊ ဆုဝန်ကိုသာ တစ်ချိန်လုံး တွေးနေမိ၏။ ဆုဝန်ကို အမြဲပင် လွမ်းနေမိသေး၏။ သူ ယန်ယွင်ရန်ကို ယခင်က ခဏခဏ မတွေ့ခဲ့သလို ထိုမျှ စိတ်ဝင်တစားလည်း မရှိဖူးပေ။
ယနေ့တွင် ဝမ်ရှီးသည် သည်းမခံနိုင်တော့ပေ။ အဒေါ်ကြီး ထွက်သွားသည်မှာ ရက်ပိုင်းမျှ ရှိပြီဖြစ်ရာ ဝမ်မိသားစုမှာ တစ်ဖန် ရှုပ်ပွလာပြန်တော့သည်။ ဝမ်ရှီး စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်လာပြီး ဆုဝန်ကို စကားကောင်းများ သွားပြောရန် ဝမ်လော့ရှန်းအား ခိုင်းတော့သည်။ ဆုဝန်အား သူသည် ဝမ်မိသားစု၏ ချွေးမလောင်းဖြစ်နေဆဲဟု ပြောခိုင်း၏။
‘ချွေးမလောင်းတော့ ချွေးမလောင်းပဲလေ။ တရားဝင်ဇနီးမယားလား၊ ကိုယ်လုပ်တော်လားကတော့ ပြောဖို့ခက်တယ်’
ဝမ်လော့ရှန်းသည် ဆုဝန်အား တွေ့ရန်အတွက် အထူးတလည် ခွင့်တစ်ရက်ယူခဲ့၏။ ဝမ်လော့ရှန်းသည် ရှန်အိမ်၏အနောက်ခြံဝင်းမှ ဆုဝန် ထွက်ပေါ်လာမည်အား သူ့ခြံဝင်းထဲ၌ တစ်မနက်လုံး စောင့်ဆိုင်းနေခဲ့၏။ တစ်မနက်ကုန်ပြီးနောက် ဆုဝန်မပြောနှင့်။ ရှန်ယာယာ၏အရိပ်အယောင်ပင် မတွေ့ရချေ။
သို့ဖြစ်ရာ ဝမ်လော့ရှန်းသည် ရှန်လင်းတို့အိမ်တံခါးအား ခေါက်ကြည့်ရန် စီစဥ်ကာ ရှန်လင်းတို့ အိမ်တံခါးမကြီးဆီ သွားလိုက်သော် သံကြိုးများစွာဖြင့် ရှန်လင်းတို့အိမ်တံခါးကို ရစ်ပတ်ထားကြောင်း တွေ့ရလေသည်။ တင်းတင်းကြပ်ကြပ် သော့ခတ်ထားသည်ပင်။
ဝမ်လော့ရှန်း တံခါးခေါက်သော်လည်း အထဲမှ ပြန်ဖြေလာသူမရှိချေ။ ဝမ်လော့ရှန်းက ဆုဝန် စီးပွားထွက်ရှာခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်၏။ ထိုသို့ဆိုပါလျှင် သူ အနောက်ခြံဝန်းတွင် စောင့်နေတုန်း ဆုဝန်က အရှေ့တံခါးမကြီးမှထွက်သွားခဲ့ခြင်းပင်။
‘အစောကြီးကတည်းကသိရင် အရှေ့တံခါးမှာပဲ စောင့်နေလိုက်ပါတယ်ကွာ’
ဝမ်လော့ရှန်းမှာ လွန်စွာ စိတ်ညစ်သွားရပြီး ရှန်အိမ်တံခါးကို တစ်ချက်မျှ ထပ်ခေါက်ကြည့်လိုက်၏။ ရုတ်ခြည်း အထဲမှ ခွေးဟောင်သံများ ထွက်ပေါ်လာခဲ့၏။
ဝမ်လော့ရှန်းမှာ ကိုယ့်အိမ်တံခါးနား ကိုယ်စောင့်နေရုံမှလွဲ ရွေးစရာမရှိတော့ချေ။ ဆုဝန် ထွက်သွားသည်ဆိုမှတော့ ကျိန်းသေပေါက် ပြန်လာဦးမည်ပင်။ သူ ပြန်လာခဲ့ပါက အဓိကဝင်ပေါက်ကို ဖြတ်၍ဝင်ရမည်ပင်။ တံခါးနားတွင် စောင့်နေခြင်းက မမှားနိုင်ပေ။
သို့ပေသိ ဝမ်လော့ရှန်း နေဝင်ပြီး လထွက်လာသည်ထိ စောင့်သည့်တိုင် သူ ဆုဝန်ပြန်လာသည်ကို မမြင်မိပေ။ ရှန်လင်းနှင့် ရှန်ယာယာတို့ ပြန်လာသည်ကိုပင် သူ မမြင်မိချေ။ ရှန်လင်းတို့အိမ်တံခါးမှ တောက်လျှောက် တင်းကြပ်စွာ ပိတ်ထားခဲ့၏။ ရှန်အိမ်၏ မီးခိုးခေါင်းတိုင်မှလည်း မီးခိုးထွက်မလာခဲ့။ မီးများလင်းနေခြင်းလည်း မရှိ။ အနှီအသေးအဖွဲလေးများသည် ရှန်လင်း၊ ရှန်ယာယာနှင့် ဆုဝန်တို့ အိမ်တွင် မရှိကြောင်း ပြသနေ၏။
ဝမ်လော့ရှန်းမှာ ဇဝေါဇဝါ ဖြစ်သွားရပြီး အစားတစ်နပ်စားရန် အထဲဝင်တော့သည်။ ဝမ်လော့ရှန်းသည် ဆုဝန် လွတ်မသွားရအောင် ဝမ်ရှီးအား စောင့်ကြည့်ခိုင်းထား၏။
ဝမ်လော့ရှန်း စားနေချိန်တွင် ဝမ်ရှီးမှာ ဆာလောင်နေလျက်ရှိ၏။ ဆုဝန်ကိုမူ မတွေ့ရ။ ထို့နောက် ဝမ်လော့ရှန်း ထပ်ထွက်လာကာ ညနက်သည်အထိ စောင့်လေ၏။ ထိုအချိန်မှသာ ဝမ်လော့ရှန်းသည် တစ်ခုခု မှားနေကြောင်း သတိပြုမိသွားတော့သည်။ ဝမ်လော့ရှန်းမှာ နောက်တစ်ကြိမ် တံခါးသွားခေါက်ကြည့်ချင်ခဲ့၏။ သို့ရာတွင် ရှန်လင်းတို့အိမ်မှ ခွေးများက မာန်ဖီလွန်း၏။ ထိုအသံသည် ဝမ်လော့ရှန်းအား နောက်တစ်ကြိမ် တံခါးမခေါက်ရဲဖြစ်စေ၏။
ညတွင် အေးလွန်းသည်ကြောင့် ဝမ်လော့ရှန်းနှာချေလာကာ အိမ်ထဲ ပြန်ဝင်ရတော့သည်။
ရှန်လင်းနှင့် ဆုဝန်သည် ရှန်ရှီးနှင့် ရှန်ယာယာအားခေါ်ကာ ညသန်းခေါင်တွင် မြင်းလှည်းငှား၍ စထွက်ခဲ့ကြ၏။ သူတို့သည် စားရန် ခဏမျှသာနားပြီး ချင်းကျိုးကောင်တီဆီသို့ မရပ်မနား မောင်းနှင်ခဲ့လေ၏။
ရှန်ယာယာသည် အစတုန်းက ချင်းကျိုးကောင်တီမှာ ဝေးလွန်းသည်ဟု ထင်ခဲ့သည်ပင်။ သို့ရာတွင် ထိုသို့ရောက်သွားချိန်တွင်တော့ အရမ်းကြီးလည်း မဝေးလှကြောင်း သိသွားတော့သည်။ တစ်ရက်မျှသာ အချိန်ယူရ၏။
ထို့အပြင် ချင်းယွင်ကောင်တီမှ ချင်းကျိုးကောင်တီသို့သွားသည့်လမ်းမှာ ချင်းရှီရွာမှ ချင်းယွင်ကောင်တီသို့ သွားသည့်လမ်းထက် ကျယ်ပြန့်ဖြောင့်ဖြူး၏။ ချင်းယွင်အိမ်တော်သို့ လာရသည့် အနှီခရီးမှာ လွယ်ကူလွန်းသည်ဟုသာ ရှန်ယာယာ ခံစားမိ၏။
ရှန်လင်းနှင့် ဆုဝန်တို့ ချင်းကျိုးကောင်တီသို့ ရောက်ခဲ့ပြီဖြစ်၏။ ရှန်လင်းသည် သူတို့ကို သာမန်ဆန်သော်လည်း သန့်ရှင်းသည့်တည်းခိုခန်းတစ်ခုတွင် နေရာချပေးခဲ့၏။
လူလေးတစ်စု ညစာစားပြီးသော် ရှန်လင်းသည် ချင်းကျိုးကောင်တီတွင် ကုသရခက်ခဲသော ရောဂါများကို ကြည့်ပေးသည့် နာမည်ကျော်သမားတော်များ ဘယ်နေရာတွင် ရှိသနည်း စုံစမ်းရန် ထွက်သွားတော့၏။ သူသည် ဆုဝန်ကို ချင်းကျိုးကောင်တီရှိ အကြီးဆုံးစားသောက်ဆိုင်အကြောင်း တစ်ချက်မေးသွားခဲ့၏။
….