အခန်း (၃၃)လက်ဖွာမှု
အဘိုးရှန်က နှုတ်ဟလိုက်၏။
“ ရှန်လင်းက ညည်းကို ပြန်ခေါ်လာဖို့ ငွေခုနစ်တုံးသုံးခဲ့ရတာမဟုတ်လား။ ညည်း ရှန်လင်းအပေါ် ကျိန်းသေပေါက် အကြွေးတင်နေတာပေါ့။ ညည်းရှန်လင်းအပေါ် အကြွေးတင်တယ်ဆိုရင် ရှန်အိမ်ကို အကြွေးတင်နေတာပဲလေ။ ဟုတ်ပြီလား။ ရှန်အိမ်အပေါ် အကြွေးတင်နေတယ်ဆိုမှတော့ ငါတို့အဘိုးကြီးလင်မယားအပေါ် အကြွေးတင်နေတာပဲပေါ့ကွ။ ညည်း ဘယ်လိုမျက်နှာနဲ့များ ငါတို့ကို အစားအသောက်ဖိုး တောင်းတာလဲ”
ဆုဝန်က တည်ငြိမ်စွာ ပြော၏” အဘိုးရှန်၊ အဘိုးပြောတာ မှားနေပြီ။ ကျွန်မ အစ်ကိုကြီးရှန်လင်းကို ငွေခုနစ်တုံး အကြွေးတင်နေတယ်လို့ အဘိုး ဘယ်သူ့ဆီက ကြားခဲ့တာလဲ”
အဘိုးရှန်က မျက်နှာပျက်သွားကာ” ညည်းက ဝန်မခံချင်သေးဘူးလား။ ရှန်လင်းက ညည်းကိုပြန်ခေါ်လာဖို့ ငွေခုနစ်တုံးသုံးခဲ့တယ်ဆိုတာ ချင်းရှီတစ်ရွာလုံး မသိတဲ့သူ ဘယ်သူရှိလို့လဲ”
ဆုဝန်က ပြုံးကာ “ အဘိုးရှန်၊ အဘိုးမှားနေပြီ။ အစ်ကိုကြီးက ဆေးခန်းမှာ ကျွန်မကိုလာရှာခဲ့တယ်။ ကျွန်မယာယာကို အလုပ်တွေအများကြီး ကူလုပ်ပေးခဲ့တာမို့ အစ်ကိုကြီးရှန်က ကျွန်မဆေးဖိုးကို ပေးပေးဖို့ ဆန္ဒရှိတယ်ဆိုတာကို ဆေးခန်းက သမားတော်က ကြားသွားတယ်လေ။ သူက ဒီလို သူရဲကောင်းပီသပြီး သိတ္တိရှိတဲ့သူမျိုးကို တစ်ခါမှ မမြင်ဖူးဘူးလို့ပြောပြီး အစ်ကိုကြီးရှန်ဆီကနေ ကျွန်မရဲ့ဆေးဖိုးကို မတောင်းတော့တာ”
ဆုဝန်က ကျိုးကြောင်းသင့်သည့် မုသားကိုဆိုလိုက်၏။ အဘိုးရှန်နှင့် အဘွားရှန်တို့သာ ရှန်လင်းက ဆုဝန်အတွက် ငွေခုနစ်တုံးသုံးခဲ့ရသည်ဟု တွေးထင်နေပါက သူ့ကို ကျိန်းသေပေါက် နှောင့်ယှက် အပူကပ်နေတော့မှာပင်။
ဆုဝန်က ဆက်ပြောခဲ့၏။ ” ဦးလေးဝမ်နဲ့ဒေါ်လေးဝမ်တို့က ကျွန်မကို ဝမ်အိမ်ကိုမပြန်စေချင်ဘူးဆိုတာ အဘိုးလည်း သိတာပဲ။ အစ်ကိုကြီးရှန်က ကျွန်မ ပြန်စရာအိမ်မရှိ ဖြစ်နေတာကို မြင်တာနဲ့ ကျွန်မကို ခေါ်လာပေးခဲ့တာ”
အဘိုးရှန်နှင့် အဘွားရှန်မှာ ကြက်သေသေသွားရ၏။ ရှန်လင်းသည် တစ်ပြားမှမကုန်ဘဲ ဆုဝန်ကို ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။ သူတို့သည် ဆုဝန်နှင့် တစ်ရွာတည်းသားချင်းများ ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ သို့ဖြစ်ရာ ဆုဝန်သည် အလုပ်ကြမ်းများကိုသာ လုပ်နိုင်ကြောင်း သူတို့သိထားကြ၏။
အဘွားရှန်က တစ်ခဏချင်းပင် ပြဿနာ၏အဓိကသော့ချက်ကို ဖမ်းဆုပ်မိသွားကာ ဆိုလာ၏။ ” ဒါဆို ရှန်လင်းက ညည်းအပေါ် ကြင်နာပေးတာပဲ။ ညည်း ရှန်အိမ်မှာ နေနေသေးတယ်ဆိုမှတော့ အပြန်အလှန်အနေနဲ့ ရှန်အိမ်အတွက် အလုပ်လုပ်ပေးရမှာ သဘာဝပဲ။ အခုကစပြီး ညည်း နေ့တိုင်း ငါ့အိမ်ကို နေ့တစ်ပိုင်း အလုပ်လာလုပ်ရမယ်”
ရှန်လင်းက ဆက်နားမထောင်နေနိုင်တော့ပေ။ သူသည် အမှန်တရားနှင့် ဆုဝန်ကို ဆေးခန်းမှ ပြန်ခေါ်လာခဲ့သည့် ဇာတ်ကြောင်းတစ်ခုလုံးကို သိထားပေ၏။ သူ့အဘိုးအဘွားများကို လေးစားသည် ဆိုသော်ငြား ထိုသို့ အဓိပ္ပာယ်မရှိသည်များအား လျှောက်ပြောခွင့်မပြုနိုင်ချေ။
ရှန်လင်းက “ အဘိုးနဲ့အဘွား ထင်နေသလို မဟုတ်ပါဘူး”ဟု ဆိုလာ၏။
ဆုဝန်က ပြောလိုက်သည်။
“ အဘွားရှန်ပြောတာ တကယ်ပဲ ကျိုးကြောင်းဆီလျော်တယ်။ ကျွန်မ အစ်ကိုကြီးရှန်အပေါ် ကြင်နာမှုတစ်ခု အကြွေးတင်နေတယ်ဆိုတော့ ကျေးဇူးပြန်ဆပ်သင့်တာပေါ့။ ရှန်မိသားစုအိမ်မှာ နေနေတဲ့အတွက် ကျွန်မမှာ ကြေညာချက်ရှိသင့်တယ်”
“ ကျွန်မ အစ်ကိုကြီးရှန်အပေါ် ကြင်နာမှုတစ်ခု အကြွေးတင်နေတယ်။ နောက်ကို ကျွန်မ အစ်ကိုကြီးရှန်ကို ငွေပြန်ဆပ်မဲ့အစား လုပ်အားနဲ့ ဆပ်သွားမယ်။ ကျွန်မက အဘိုးရှန်နှင့် အဘွားရှန်အပေါ် အကြွေးတင်နေတာမှ မဟုတ်တာ။ သေချာပေါက် အဘိုးရှန်နှင့် အဘွားရှန်ကို ကျေးဇူးဆပ်ဖို့ အလုပ်လုပ်ပေးစရာမလိုဘူးပေါ့။ အစ်ကိုကြီးရှန်က အဘိုးတို့ကို ပိုက်ဆံပေးမယ်ဆိုရင်လည်း ကျိန်းသေပေါက် အဲဒါက ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒါက ပထမတစ်ချက်”
“ပြီးတော့ ကျွန်မ ဒီအိမ်မှာနေနေတာက အလကားနေတာ မဟုတ်ဘူး။ အစ်ကိုကြီးရှန်က ကျွန်မ မှီခိုအားထားစရာ မရှိတာကို စဥ်းစားပြီးတော့ ကြေးပြားခြောက်ပြား တောင်းတယ်။ ဆိုတော့ ကျွန်မ အလကားနေတာ မဟုတ်ဘူး”
ငှားခကြေးပြားခြောက်ပြား၊ အဘွားရှန်မှာ သွေးအန်လုနီးပါးပင်။ ရှန်လင်းဆိုတဲ့ လက်ဖွာတဲ့ တစ်ယောက်ကတော့ ဘာလို့ နည်းနည်းလောက် ပိုမတောင်းရတာလဲ။
ဆုဝန်က ဆက်ပြောနေခဲ့၏။
“ ပြီးတော့၊ ကျွန်မ ရှန်အိမ်မှာ နေတယ်ဆိုမှတော့ အသုံးအဆောင်တွေ၊ ဒီမှာရှိတဲ့မီးဖိုတွေကို သုံးကိုသုံးရမှာပဲ။ အဲဒါကြောင့် အလဲအလှယ်အနေနဲ့ အစ်ကိုကြီး၊ အဒေါ်ရှန်နဲ့ ရှန်ယာယာတို့ စားသောက်ဖို့အတွက် အစားအသောက် ပြင်ဆင်ပေးဖို့ စီစဥ်ထားတယ်။ သူတို့သုံးယောက်ကို ဂရုစိုက်ပေးလိုက်ရင် လုံလောက်ပြီ ထင်ပါတယ်။ တကယ်လို့ ရှန်အိမ်က တခြားမိသားစုဝင်တွေကိုပါ ဂရုစိုက်ပေးရမယ်ဆိုရင်တော့ ဒီစီးပွားရေးကို ကျွန်မ မလုပ်တော့ဘူး”
“ဒါကြောင့် အိမ်မှာနေတာပဲဖြစ်ဖြစ်၊ အိမ်ထဲက ပစ္စည်းတွေကို သုံးတာပဲဖြစ်ဖြစ် ကျွန်မ အစ်ကိုကြီးရှန်ကို ငွေတစ်ပြားမှ အကြွေးမတင်ဘူး။ အစ်ကိုကြီးရှန်ရဲ့ ကြင်နာမှုအတွက်ကတော့ ကျွန်မ ဘယ်လိုလုပ်မယ်ဆိုတာက ကျွန်မကိစ္စလေ။ ဘာပဲပြောပြော၊ တကယ်တမ်းကျ ကျွန်မ အစ်ကိုကြီးရှန်အပေါ် ငွေအကြွေးတင်နေတာမှ မဟုတ်တာ”
“အစ်ကိုကြီးရှန်နဲ့ စာရင်းရှင်းသွားပြီဆိုရင် အဘိုးရှန်ရယ် အဘွားရှန်ရယ်နဲ့လည်း စာရင်းရှင်းသွားပြီပဲ။ ကျွန်မ အဘိုးတို့နှစ်ယောက်အပေါ် အကြွေးတင်မနေဘူး။ ဆိုတော့ အဘိုးတို့ ဒီမှာ အလကား လာစားလို့မရဘူး။ အဘိုးတို့ ကျွန်မကို ကြေးပြားတစ်ရာ့တစ်ဆယ် ပေးရလိမ့်မယ်”
ပြောပြီးသွားသည့်နောက် ဆုဝန်က ရွာသူကြီးကို ထပ်ကြည့်လိုက်ကာ “ ရွာသူကြီး၊ ကျွန်မပြောတာတွေက မမျှတဘူးလားဆိုတာ ရွာသူကြီးပဲ ပြောကြည့်ပါဦး”
ရွာသူကြီးက ဆုဝန်၏ ဝက်နံရိုးကို စားခဲ့သည်ဖြစ်ရာ ဆုဝန်၏စကားကို ကူညီလိုသည်မှာ ကျိန်းသေပေါက်ပင်။ ”အကြာကြီးနားထောင်လိုက်တော့ သဘောပေါက်သွားပြီ။ မင်း တကယ်ပဲ ရှန်မိသားစုကို အကြွေးတင်မနေဘူး။ ကျန်တဲ့ ရှန်မိသားစုဝင်တွေ အလကားစားသောက်ရမဲ့ အကြောင်းအရင်း မရှိဘူး”
အဘိုးရှန်နှင့် အဘွားရှန်သည် ရှန်အိမ်တွင် ရှိသမျှပစ္စည်းအားလုံးကို သူတို့အပိုင်ဟု မှတ်ယူထားခဲ့သည်ပင်။ ထို့ကြောင့် ဤအစားအသောက်သည်လည်း ထိုနည်း၎င်းပင်။ သူတို့မှာ ဤစားစရာများကို ရှန်လင်းနှင့် သက်ဆိုင်မှုရှိမည် မဟုတ်ကြောင်း မထင်ထားမိခဲ့။ ရှန်လင်းသည်ပင် ဆုဝန်၏ စားစရာကို စားရခြင်းဖြစ်နေခဲ့လေသည်။
အဘွားရှန်က ရှန်လင်းကို ကြည့်လျက်
“ ရှန်လင်း၊ မင်းဆုဝန်ကို ကြေးပြားတစ်ရာ ပေးလိုက်။ မင်း ကိုယ့်အဘိုးအဘွားအတွက် အစားအသောက်ဖိုးတောင် မပေးချင်ဘူးဆိုရင် အတော့်ကို မသိတတ်မလိမ္မာတာပဲနော်”
ဆုဝန်မှာ မူလဇာတ်ကြောင်းနှင့် ရင်းနှီးနေသည်ပင်။ ရှန်လင်းသည် အသိတရားရှိသူဖြစ်သည့်တိုင် သိတတ်လိမ္မာခြင်းတည်းဟူသော ကံကျွေးချစနစ်နှင့် မှိုင်းတိုက်ခံခဲ့ရရှာသည်။ စာအုပ်ထဲ၌ သိတတ်လိမ္မာခြင်းဟူသော စကားလုံးအတွက် သူသည် သူ့အဘိုးအဘွားများအား နှစ်ပေါင်းအတော်ကြာ သည်းညည်းခံခဲ့ရသည်။ အဘိုးနှင့်အဘွားတွင် ကုပ်သွေးစုပ်တတ်သည့် ဦးလေးမိသားစု ရှိနေခဲ့ခြင်းကြောင့် ရှန်လင်းမှာ နှစ်ပေါင်းအတော်ကြာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ရ၏။
နှစ်ပေါင်းအတော်အတန်ကြာပြီးမှ တခြားသူများအပေါ် ကြင်နာ၍ သိတတ်လိမ္မာသူသည် ယုံမှားသံသယ မရှိဘဲ တုံးအသည့် သိတတ်လိမ္မာသူ မဖြစ်ရဟူသည့် သဘောတရားကို ရှန်လင်း နားလည်ချင်ခဲ့သည်။ သို့ဖြစ်ရာ အဘိုးရှန်နှင့် ဦးလေးရှန်သို့သော သွေးစုပ်သည့်သူများကို သူ ပထုတ်ပစ်ခဲ့၏။ ထိုမှသာလျှင် စီးပွားရေးလုပ်ရန် စတင်စုဆောင်းနိုင်ခဲ့သည်။ ထို့နောက် အကျင့်စရိုက်ကောင်းမွန်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ချမ်းသာလာတော့သည်။
ရှန်လင်း၏ သိတတ်လိမ္မာမှုသည်ကား သူအမြန်ဆုံး ချမ်းသာလာရေးကို ပိတ်ပင်တာဆီးထားသည့် ကျောက်တုံးကြီးတစ်တုံးဟု ပြောရမည်ပင်။ သို့ဖြစ်ရာ ဆုဝန်သည် ရှန်လင်း စောစောစီးစီး သဘောပေါက် နားလည်လာအောင် လုပ်ရမည်။
ဆုဝန်က အဘွားရှန်ကို ပြောလိုက်၏။
“ အဘွားရှန်၊ အဘွား အစ်ကိုကြီးရှန်ကို အဘွားရဲ့ အစားအသောက်ဖိုး ပေးခိုင်းနေတာက အစ်ကိုကြီးရှန်ရဲ့သွေးကိုစုပ်ပြီး အသားကို စားနေတာမဟုတ်ဘူးလား။ အဘွားနဲ့ အဘိုးရှန်၊ ပြီးတော့ ဦးလေးရှန်တို့မိသားစုက အစ်ကိုကြီးရှန်တို့အိမ်ကို ဘာမှမရှိအောင် လုပ်လိုက်ပြီးတဲ့နောက် အစ်ကိုကြီးရှန်တို့မှာ နေ့တိုင်းဟင်းသီးဟင်းရွက်တွေပဲ စားရတယ်ဆိုတာကို ရွာထဲက လူတိုင်းသိကြတယ်”
“ အဘွားတို့နှစ်ယောက်နဲ့ ဦးလေးရှန်တို့မိသားစုက အစ်ကိုကြီးရှန်တို့အိမ်က ရတာတွေနဲ့ လတိုင်း အသားဟင်းတချို့ စားရတယ်။ အဘွားတို့နှစ်ယောက်က ဘယ်လိုဘဝမျိုးမှာ နေရတာလဲ။ အစ်ကိုကြီးရှန်က ဘယ်လိုဘဝမျိုးမှာ နေရတာလဲ။ အဘွားတို့က ဘယ်လိုများ သူ့ဆီက ပိုက်ဆံ ထပ်တောင်းရက်တာလဲ”
အဘွားရှန်က ပြောလာ၏။
“ ဒါက ဘိုးဘွားတွေကို သိတတ်ရမဲ့အရာ......”
ဆုဝန်က ဆိုလိုက်သည်
“ အဘွားရှန်၊ အဘွား ကျွန်မနဲ့ သိတတ်လိမ္မာတဲ့အကြောင်း မပြောလို့ရမလား။ သိတတ်လိမ္မာတယ်ဆိုရင်တောင် အဘွားက မျက်နှာလိုက်နေတာပဲလေ။ အဘွားမှာ စားကောင်းတာတွေ ရှိရင် ဦးလေးရှန်ရဲ့ကလေးတွေကို ယူသွားပြီးပေးတယ်။ ဦးလေးရှန်တို့မိသားစုက အဘွားကို မလေးစားရုံတင်မကဘူး။ အဘွားတို့နှစ်ယောက်စီက ပိုက်ဆံကိုပါ ယူသေးတယ်။ အယူပဲရှိပြီး အပေးမရှိဘူး။ ဒီလောကကြီးထဲမှာ အဘွားတို့လို သက်ကျားအိုတွေ ရှိမှာမဟုတ်ဘူး”
“ အစ်ကိုကြီးရှန်က အဘွားတို့အတွက် အလုပ်လုပ်ရတယ်။ ဒီလောက်လုပ်ပေးပြီးတာတောင် မသိတတ်မလိမ္မာဘူးဆိုတော့ ဦးလေးရှန်တို့မိသားစုဆို အကျဥ်းချခံရလောက်တယ်”
“ တကယ်လို့ အဘွားတို့နှစ်ယောက်က အစ်ကိုကြီးရှန်ကို မသိတတ်မလိမ္မာဘူးလို့ ပြောချင်တယ်ဆိုရင် ကျွန်မတို့ အရာရှိတွေကို သွားရှာကြတာပေါ့။ တကယ်လို့ အရာရှိတွေက အစ်ကိုကြီးရှန်က မသိတတ်မလိမ္မာဘူးလို့ ပြောမယ်ဆိုရင် ဦးလေးရှန်တို့မိသားစုလည်း မလွတ်နိုင်ဘူး။ ဒီတော့ အဘွား စားဖို့တောင် မတတ်နိုင်ဘဲ အဘွားအတွက် ပိုက်ဆံပေးခိုင်းဖို့ အစ်ကိုကြီးရှန်ကို အတင်းအကြပ် ဖိအားပေးနေမယ်ဆိုရင် ကျွန်မတို့ အရာရှိတွေကို သွားရှာကြတာပေါ့။ ဒီမသိတတ်မလိမ္မာဘူးဆိုတဲ့ ဂုဏ်ပုဒ်ရှိနေရင် အစ်ကိုကြီးရှန်က ခေါင်းမော့ပြီး ယောက်ျားကောင်းတစ်ယောက် လုပ်နိုင်မှာ မဟုတ်ဘူးလေ “
အဘွားရှန် : “.....”
သူသည် သားကြီးရှန်ကို လွန်စွာဘက်လိုက်၏။ ရှန်အိမ်မှရသည့်ငွေဖြင့် ဦးလေးရှန်ကို ထောက်ပံ့သည်မှာ ပုံမှန်ပင်။ သူသည် ထိုအရာများကိုလုပ်ရန် ရှန်လင်းအား သိတတ်လိမ္မာရမည်ဆိုသည်နှင့် ဖိအားပေးသည်မှာလည်း အမှန်ပင်။
အရာရှိများအကြောင်း ပြောလိုက်ချိန်တွင် သူ အနည်းငယ် ကြောက်လန့်သွားသေးသည်။ သားကြီးရှန်မှာ အမှန်ပင် သူတို့နှစ်ဦးအပေါ် သိတတ်လိမ္မာခြင်း မရှိပေ။ အရာရှိများက ရှန်လင်းကို အရေးယူမည်ဆိုပါက သားကြီးရှန်တို့မိသားစုကိုလည်း ကျိန်းသေပေါက် အရေးယူလိမ့်မည်ပင်။
ဆုဝန်က ဟိုဟိုသည်သည် လျှောက်ပြောနေခဲ့၏။ သူ အဘွားရှန်ကို လှည့်ပတ်ပြောနေသည့်တိုင် ဆုဝန်၏ ဆိုလိုရင်းမှာ အကယ်၍ ရှန်လင်းက အစားအသောက်ဖိုး ပေးလိုက်ရလျှင် အရာရှိတွေဆီ သွားလိုက်မည်ဟူ၍ပင်။
အဘွားရှန်သည် ရှန်လင်းအား သနားသမားဖြင့် ထပ်ကြည့်လိုက်ပြန်၏။
“ လင်းအာ၊ သားမှာ နှလုံးသားရှိ.....”
ဆုဝန်က အဘွားရှန်ကို ကြားဖြတ်ပြောလိုက်၏။
“ အဘွားရှန်၊ ကျွန်မ အစ်ကိုကြီးရှန်ရဲ့ငွေကို လုံးဝယူမှာ မဟုတ်ဘူးနော်။ ဒါပေမဲ့ အဘွား ကျွန်မကို ပိုက်ဆံမပေးဘူးဆိုရင်တော့ ကျွန်မ တရားစွဲကိုစွဲမှာ”
“ ကျွန်မက အားကိုးရာမဲ့နေတဲ့ မိဘမဲ့ကလေးပါ။ အဘွား ကျွန်မဟာတွေကို အလကား စားသောက်မယ်ဆိုရင် ကျွန်မကို အနိုင်ကျင့်တာပဲ မဟုတ်ဘူးလား”
ရှန်လင်းက နှုတ်ဆိတ်နေလျက် ရှိ၏။
ဆုဝန်က ရှန်လင်း၏ နှုတ်ဆိတ်နေမှုကို လွန်စွာ အားရကျေနပ်လျက်။ ကြည့်လိုက်လျှင် ရှန်လင်းမှာ တုံးတုံးအအ သိတတ်လိမ္မာမနေတော့ဟု ထင်ရသော်လည်း ယင်းမှာ ရှန်လင်းတွင် အမှန်ပင် ငွေမရှိသောကြောင့် ဖြစ်လေသည်။ သူ့တွင် ငွေရှိနေပါက ရှန်လင်းသည် သိတတ်လိမ္မာသည့် မြေးတစ်ဦး ဆက်ဖြစ်နေဦးမည်သာ။
အဘွားရှန်က ဆုဝန်ကို ကြည့်လိုက်ကာ
“ ဆုဝန်၊ သမီးရဲ့အဘိုးရှန်နဲ့ အဘွားက အိုပြီလေကွယ်။ အဘွားတို့မှာ ဝင်ငွေအများကြီးလည်း မရှိတော့ပါဘူး။ ရှင်သန်ရတာ တကယ်ပဲ ခက်ခဲပါတယ်ကွယ်”
အဘွားရှန်က ဒုက္ခပြဇာတ်ကို စခင်းတော့သည်။
စာအုပ်ထဲတွင် အဘွားရှန်က ရှန်လင်းကို အမြဲတစေ သစ္စာဖောက်ခဲ့သည့်တိုင် ရှန်လင်းက အကြိမ်တိုင်း စိတ်ပျော့သွားတတ်သည်။
‘ဟင့်၊ ဒုက္ခပြဇာတ်ခင်းပြရင် ပိုတောင် ဖြေရှင်းဖို့လွယ်သေးတယ်’
ဆုဝန်က မျက်လုံးထောင့်များကို သုတ်လျက် ငိုသံဖြင့် ပြောလိုက်၏။
“ အဘွားရှန်၊ အဘွားက သနားစရာကောင်းပေမဲ့ ကျွန်မက ပိုတောင်ဆိုးပါသေးတယ်ရှင်။ အဘွားတို့လို သက်ကြီးရွယ်အိုတွေအတွက် မလွယ်လောက်ဘူးပေါ့။ ဘာပဲပြောပြော အချိန်ပြည့် စောင့်ရှောက်ပေးမဲ့ သားနှစ်ယောက် ရှိနေသေးတာပဲမလား။ ပြီးတော့ အိမ်တစ်လုံးနဲ့ မြေဆယ်ဧကကျော်လည်း ရှိသေးတယ်လေ”
“ ဒါနဲ့၊ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း အစ်ကိုကြီးရှန်လင်းတို့အိမ်ကနေ မြေငါးဧက ယူသွားခဲ့တယ်မလား။ ပုံမှန်ဆို အစ်ကိုကြီးရှန်လင်းက အဘွားတို့ကို ကူစိုက်ပေးတယ်လေ”
“ ကျွန်မမှာတော့ အိမ်တစ်အိမ် မြေတစ်ဧကတောင် မရှိရှာဘူးလေ။ သူများတွေအတွက် ချက်ပြုတ်ပေးပြီးတော့ ငွေနည်းနည်းရှာရတာ။ ဒါပေမဲ့ အဘွားတို့က တစ်ဝက်လောက် စားလိုက်တယ်။ ကျွန်မက သနားစရာ မကောင်းဘူးလား၊ ပြောပါဦး အဘွားရဲ့”
ဆုဝန်၏ စကားများကိုကြားသော် “ပိုက်ဆံမရှိရင် မလာနဲ့”ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် ရွာသူကြီးပင် အနည်းငယ် ရင်ထဲထိသွားတော့သည်။ ‘ဘယ်သူကများ ဆုဝန်ထက် ပိုသနားစရာ ကောင်းနိုင်မှာတဲ့လဲ’
‘အဲဒါအပြင် အဘိုးရှန်က နည်းနည်းမှ သနားစရာကောင်းမနေပါဘူးနော်၊ ဟုတ်ပြီလား။ ချင်းရှီရွာထဲမှာ ရှိတဲ့ အဘိုးကြီးနဲ့ အဘွားကြီးတွေ ဘယ်သူမှ သူတို့လောက် ပျော်ကြမှာမဟုတ်ဘူး’
ရွာသူကြီးဝမ်မှာ ဆုဝန်၏ ဝက်နံရိုးကို စားထားခဲ့ပြီး ဆုဝန်၏သနားစရာကောင်းမှုကို ကြားလိုက်ရရာ ဆုဝန်အား ကူပြောပေးရန် စိတ်ဆုံးဖြတ်လိုက်တော့သည်” ဦးလေးရှန်၊ အဒေါ်ရှန်။ ဦးလေးတို့နှစ်ယောက် ဆုဝန်ကို ပိုက်ဆံပေးလိုက်သင့်တယ်နော်။ ဒီမိန်းကလေးခမျာ မလွယ်လှဘူး။ ကျွန်တော်တို့ သူများကို အနိုင်ကျင့်လို့ မဖြစ်ဘူးလေ”
အဘွားရှန် : “......”
အဘိုးရှန်သည် သူစောနက ထုပ်ထားခဲ့သည့် အကျန်များကို ချထားလိုက်၏။ ” ငါတို့ထုပ်ထားတာတွေကို ပြန်ချထားလိုက်ပြီ။ ငါ မင်းကို ကြေးပြားငါးဆယ်ပေးမယ်”
ဆုဝန်မှာ မျက်ရည်မိုးရွာသွန်းနေချေပြီ” အဘိုးရှန်၊ အဘွားရှန် ဒါတွေက ကျွန်မ အကြိမ်ကြိမ် ချက်ထားရတာပါ။ အခု အဲဒါကို အဘိုးတို့နှစ်ယောက်က စားလိုက်ပြီလေ။ ဒါက အဘိုးတို့အကျန်တွေကို ကျွန်မ ဘယ်လိုလုပ် စားလို့ရတော့မှာလဲ”
ရွာသူကြီးဝမ်သည်လည်း ဖြတ်ပြောလာခဲ့၏။
“ ဟုတ်သားပဲ။ ဦးလေးရှန်၊ အဒေါ်ရှန်ရယ်။ ဦးလေးတို့စားထားခဲ့တာ နှာရည်တွေ၊ တံတွေးတွေနဲ့။ သူများလည်း ဆက်စားလို့မရတော့ဘူးလေ။ ဦးလေးတို့နှစ်ယောက် မိန်းကလေးဆုဝန်ကို ပိုက်ဆံသာ ပေးလိုက်ပါ”
အဘိုးရှန်က ရှန်လင်းကို ခက်ထန်စွာ တစ်ချက်ကြည့်လာ၏။ ရှန်လင်းမှာ ခေါင်းကို ပိုတောင် ငုံ့ထားလိုက်ရသည်။ သူ့အဘိုးသည် လွန်ခဲ့သည့်လဝက်တုန်းကမှ ငွေတောင်းရန် လာခဲ့သည်ပင်။ သူ့အမေ၏ ဆေးဖိုးကလည်း ကုန်သလောက် ဖြစ်နေချေပြီ။ ဆေးဝယ်ထားသည့် ပိုက်ဆံကိုလည်း မပေးရသေးပေ။ သူ ပိုက်ဆံ ထပ်သုံးလိုက်ပါက အိမ်ကိုရောင်းလိုက်ရမည်ပင်။
ရှန်လင်းမှာ အဘိုးရှန်နှင့် အဘွားရှန်အတွက် ကြေးပြားတစ်ရာကျော်ကို ထုတ်ပေးချင်သည့်တိုင် ရှိမနေခဲ့ချေ။ ရှန်လင်းသည် သူ့အဘိုးနှင့်အဘွားကို ငွေစကား မပြောနှင့်ဟုလည်း ဆုဝန်အား ပြောမထွက်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့မိသားစုမှာ ဆုဝန်၏ဟာကို အလကား စားခဲ့ကြသည်ပင်။ သူ့အဘိုးအဘွားများကို အလကားစားခိုင်းလိုက်ပါဟု ဆုဝန်ကို အရှက်မရှိ မျက်နှာပြောင်တိုက် တောင်းဆို၍ မရနိုင်ချေ။
ရှန်လင်းသည် စိတ်ထဲမှ သူ့၏လုပ်နိုင်စွမ်းမရှိမှုကိုသာ ကြိတ်၍ အပြစ်တင်လိုက်၏။ သို့ရာတွင် သူ ခေါင်းခံ၍ မရပါချေ။ အကယ်၍ သူလုပ်လိုက်ပါက သူ့အမေအတွက် ဆေးဝယ်ရန် မဆိုထားနှင့်၊ တစ်မိသားစုလုံး အနောက်တောင်လေကိုသာ သောက်သုံးနေရပေမည်။
‘ဆုဝန်မှာ ပိုက်ဆံဘယ်လောက် ရှိမှာမို့လို့လဲ။ ပြောရရင် အဲဒါက သူများရဲ့ပိုက်ဆံလေ။ သူများက အသက်ကယ်ဖို့သုံးတဲ့ငွေလည်း ဟုတ်တယ်။ ရှန်မိသားစုနဲ့ ဘာမှဆိုင်မနေဘူး’
အဘွားရှန်မှာ သူ၏အသွေးအသားများကို ဓားဖြင့်လှီးဖြတ်လိုက်သည့်နှယ် နှလုံးသားဝယ် နာကျင်သွားရ၏။ သူသာ ထိုစားစရာများကို မစားခင် စောစော ငွေကြိုတောင်းခဲ့မည်ဆိုလျှင် သူနှင့် အဘိုးရှန်မှာ ထိုအရာများကို ထုပ်ဖို့မပြောနှင့်၊ တစ်တို့မျှ စားမည်ပင်မဟုတ်ချေ။
ယခုအချိန်တွင်မူ အဘိုးရှန်နှင့် အဘွားရှန်တို့နှစ်ယောက်မှာ စိတ်ခံစားမှုနှင့် သဘောထား မည်မျှပင် တင်းမာနေပါစေ ဆုဝန်အား ပိုက်ဆံပေးရုံမှလွဲ ရွေးစရာမရှိတော့။
...
အခန်း (၃၃) (ဂ)
အဘိုးရှန်က အင်တင်တင်ဖြင့် ဆို၏။
“ ငါတို့မှာ အဲဒီလောက် ငွေအများကြီးမရှိဘူး။ အခုတော့ အကြွေးထားလိုက်။ ငါတို့မှာရှိတဲ့အချိန်ကျ ပြန်ဆပ်မယ်”
ဆုဝန်က တိတ်တိတ်လေး ကြိတ်ပြုံးလိုက်၏။ အဘိုးရှန်နှင့် အဘွားရှန်၏လှည့်ကွက်များကား အတောမသတ်နိုင်တော့ပေ။ သို့ရာတွင် ဆုဝန်က သဘောတူလိုက်၏။ သို့ပေသိ ဆုဝန်က ရွာသူကြီးဝမ်ကို အာမခံပေးသူအဖြစ်ထားကာ အဘိုးရှန်နှင့် အဘွားရှန်အား အကြွေးစာချုပ်ပေါ်တွင် အာမခံထားခိုင်းလေ၏။
ရွာသူကြီးဝမ်မှာ ကျိန်းသေပေါက် အနှီအာမခံပေးသူအဖြစ် မလုပ်လိုပေ။ အဘိုးရှန်နှင့် အဘွားရှန်သည် ရိုးသားသူများ မဟုတ်။ ရွာသူကြီးဝမ်က မျက်မှောင်ကြုတ်လျက် “ ကျွန်တော်ပြောမယ်။ ဦးလေးရှန်နဲ့ အဒေါ်ရှန် ၊ ငွေအများကြီးလည်း မဟုတ်ဘဲနဲ့။ ဦးလေးတို့နှစ်ယောက် ပေးနိုင်ပါတယ်။ ဒီမှာ ဦးလေးရဲ့ မြေးအိမ် တစ်လုံးလည်း ရှိနေတယ်။ ပုံမှန်ဆို ဦးလေး သွားလာနေကျပဲကို။ ဒီငွေလေးကို မပေးနိုင်ဘူးဆိုတာ ဘယ်သူက ယုံမှာလဲ”
ရွာသူကြီးဝမ့်၏အသံမှာ စိတ်မရှည်မှုများအပြည့်ဖြင့်။ ရွာသူကြီးဝမ်မှာ သြဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်ပြီး အဘိုးရှန်နှင့် အဘွားရှန်မှာ ရွာသူကြီးဝမ်ကို ထိပ်တိုက်မတွေ့ရဲပေ။ အဘိုးရှန်မှာ ဝတ်ရုံလက်ထဲမှ ငွေတစ်တွဲကို မထုတ်ချင်ထုတ်ချင်ဖြင့် ထုတ်လိုက်ကာ ပြားတစ်ရာ့နှစ်ဆယ် ရေတွက်၍ ဆုဝန်အား ပေးလိုက်၏။
ဆုဝန်က ငွေကိုယူလိုက်ပြီး သူ၏ ဝတ်ရုံလက်အတွင်း ထည့်ထားလေ၏။
ငွေပေးပြီးနောက် အဘိုးရှန်နှင့် အဘွားရှန်က မှုန်ကုပ်ကုပ်မျက်နှာထားဖြင့် စောနက သူတို့ထုပ်ထားသော အကျန်များကို ကောက်ယူသွားလိုက်ကာ ရှန်လင်းတို့အိမ်မှ ထွက်သွားတော့သည်။ သူတို့ ထွက်သွားခါနီးတွင် နှစ်ဦးသားမှာ ရှန်လင်းအား ခက်ထန်စွာ တစ်ချက်စီ ကြည့်သွားကြ၏။
ရှန်လင်းမှာ ခေါင်းစိုက်ချလျက် အဘိုးရှန်နှင့် အဘွားရှန်တို့အား တံခါးမကြီးဆီသို့ လေးစားစွာ ပို့ပေးခဲ့သေးသည်။
ဆုဝန်က တွေး၏။ ‘ကြည့်ရတာ ရှန်လင်းရဲ့ တုံးအတဲ့ သိတတ်လိမ္မာမှုက ကိုင်တွယ်ဖို့ခက်နေတုန်းပဲကို။ သူ စောစောနားလည်ဖို့လိုတယ်’
သူ့၏အဘိုးနှင့်အဘွားက ရှုံးနိမ့်ပြီး ပြန်သွားရသည်ကိုမြင်သော် ရှန်ယာယာက အပြုံးတစ်ပွင့်ကို ထုတ်ဖော်လိုက်သည်။
ဆုဝန်က ကြေးပြားဆယ်ပြားရေ၍ ရွာသူကြီးဆီ ပေးလိုက်ရင်း ဆို၏။
“ ဒီလိုညနေဘက်ကြီး ရွာသူကြီးကို လမ်းလျှောက်ထွက်ရစေမိတယ်။ ရွာသူကြီး ပင်ပန်းသွားရပါပြီ”
ကိစ္စများပြီးနောက် သူသည် ဆုဝန်အား အကယ်၍ နောင်တွင် အကြောင်းအရာတစ်ခုခု ရှိခဲ့ပါက သူ့ဆီလာနိုင်ကြောင်း ပြောခဲ့သည်။
ဆုဝန်က ရွာသူကြီးဝမ်အား ပြုံး၍ ကျေးဇူးတင်ခဲ့၏။
ရွာသူကြီးဝမ်မှာ ရိုးသားသူတစ်ဦး မဟုတ်မှန်း ဆုဝန်သိထား၏။ ပုံမှန်ဆိုလျှင် သူသည် သူပိုက်ဆံ ယူထားသည့်လူများအတွက်သာ စကားပြောပေးသည်ပင်။
သူ့လိုလူတစ်ဦးမှာ ရွာသူကြီးဖြစ်ရန် မထိုက်တန်ပေ။
ရွာသူကြီးဝမ်ကဲ့သို့သော မှင်စာမျိုးမှာ ပြဿနာအများကြီး မရှာသည့်တိုင် ကိုင်တွယ်ရခက်ခဲလှ၏။ ဆုဝန်မှာ လောလောဆယ်တွင် ရွာသူကြီးဝမ့်နှင့် ထိပ်တိုက်တွေ့ရန် အစီအစဥ်မရှိ။ လောဘကြီးမှုနှင့် တုံးအမှုကို အသုံးချနိင်ရန် ကြေးပြားတချို့ အရင် သုံးလိုက်ခြင်းပင်။ သူ့ကို အဘိုးရှန်နှင့် ဝမ်မိသားစုတို့ဘက် ပါခွင့်ပြုလိုက်ပါက သူနှင့် ရှန်လင်းအား ပြဿနာဖြစ်စေလိမ့်မည်။
သူ၏တရားမျှတမှုမရှိခြင်းအတွက် နောက်မှ ဖြည်းဖြည်းချင်း ပြန်ပေးဆပ်ခိုင်းရမည်ပင်။
ရွာသူကြီးဝမ့၊ အဘိုးရှန်နှင့် အဘွားရှန်တို့ ထွက်သွားပြီးနောက် ဆုဝန်က ကျန်သည့် ကြေးပြားကိုးဆယ်ကို ရှန်ယာယာလက်ထဲ သွတ်ထည့်ပေးလိုက်၏။
ရှန်ယာယာက ကပျာကယာ ငြင်း၏။ ရှန်ရှီးမှာလည်း ထိုငွေကို ရှန်ယာယာအား လက်မခံခိုင်းပေ။
‘မိန်းကလေးဆုက တို့ရှန်အိမ်အတွက် ငွေသုံးရတာ အရမ်းများနေပြီ။ ဘယ်လိုလုပ် သူ့ငွေကို ထပ်လက်ခံလို့ဖြစ်မှာလဲ’
ဆုဝန်က နောက်ကို သူအသက်မွေးရာတွင် ကောင်တီမြို့ကို သွား၍ အသေးစားစီးပွားရေး လုပ်ကိုလုပ်ရမည်။ ထိုအချိန်ကျ ရှန်ယာယာ၏ အကူအညီလိုသည်။ ထို့ကြောင့် ဤငွေများကို လစာဟု မှတ်ယူ၍ရကြောင်းဟု ပြောကာ မရမကပေးလေ၏။
ရှန်ယာယာသည် ယခင်က ဤမျှများသောငွေကို မကိုင်ဖူးပေ။ သို့ရာတွင် ယင်းမှာ ဆုဝန်ကို ပြန်ပေးရမည့် ကပ်သုံးပါးပင်ဖြစ်ချေသည်။
ဆုဝန်က ပြော၏။
“ တကယ်လို့ သမီးလက်မခံရင် မမ သမီးကို နောက်ကျ အကူအညီတောင်းနိုင်တော့မှာ မဟုတ်ဘူး”
ဆုဝန်၏စကားများသည် အဓိကအချက်ကို ထိမှန်ရာ ရှန်ယာယာမှာ ငွေလက်ခံရုံကလွဲ ရွေးစရာမရှိတော့ချေ။
အဘိုးရှန်၊ အဘွားရှန်နှင့် ရွာသူကြီးဝမ့်တို့ကို လိုက်ပို့ပြီးနောက် ပြန်ရောက်လာ၏။ သူက ဆုဝန်ကို ပြောလာ၏
“ ငါ့အဘိုးနဲ့ အဘွားက ရိုင်းပျမိသွားတယ်။ မင်း ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
ဆုဝန်မှာ စိတ်မကောင်းဖြစ်သွားရသည်။ အဘိုးရှန်နှင့် အဘွားရှန်က မည်မျှ ကောက်ကျစ်ပါစေ ရှန်လင်း၏ စိတ်ထဲတွင် သူတို့ကို မိသားစုဝင်အဖြစ် သတ်မှတ်ထားဆဲပင်။
ရှန်လင်း၏အတွေးများကို ချက်ချင်း ကုစားရန် အမှန်ပင် လိုအပ်နေချေပြီ။
ဆုဝန်က ပြန်မဖြေခဲ့ပေ။ သူလှည့်ထွက်လာကာ စားပွဲပေါ်ရှိ အကျန်များကို ရှင်းလင်းလိုက်၏။ သူက ရှန်လင်းအား
“ ရှင် မနက်ဖြန် ရှင့်အဘိုး အစားအသောက်ထည့်သွားတဲ့ ပန်းကန်လုံးကြီးကို သွားတောင်းရမယ်။ တောင်းမရရင် နောက်ကို စားစရာထည့်လို့ ရတော့မှာ မဟုတ်ဘူး”ဟုသာ ပြောလိုက်၏။
ရှန်လင်းက သက်ပြင်းချကာ အရှေ့က ကျန်သည့်ပန်းကန်များကိုသိမ်း၍ ဆေးကြောရန် မီးဖိုချောင်သို့ သွားတော့သည်။
ရှန်ရှီး၏ ကျန်းမာရေးက မကောင်းပေ။ ရှန်ယာယာကလည်း ငယ်သေး၏။ ရှန်လင်းက အနှီအလုပ်များကို အမြဲလုပ်ခဲ့သည်ပင်။
ဆုဝန်သည် ရှန်လင်းကို မတားခဲ့ပေ။ လက်ရှိအခြေအနေမှာ ကူလုပ်ရန် အမှန်ပင် လိုအပ်နေ၏။
ဆုဝန် စားပွဲကိုသုတ်၍ ပြီးသော် သူ့အထုပ်အပိုးထဲမှ တရုတ်စာအုပ်တစ်အုပ်ကို ရှာကာ ရှန်ရှီးနှင့် ရှန်ယာယာအား ဖတ်ပြလေ၏။ ရှန်ရှီးသည် နှစ်နှစ်လောက် အိပ်ရာထဲတွင်သာ လှဲခဲ့ရရာ တစ်နေ့လုံး ပျင်းရိနေရ၏။ သို့ဖြစ်ရာ ဆုဝန် စာအုပ်ဖတ်ပြသည်ကို နားထောင်ရခြင်းက သူ့အတွက်စိတ်ဝင်စားစရာ ကောင်းနေတော့သည်။
ရှန်ရှီးက သက်ပြင်းချလျက်
“ အတိတ်တုန်းက အဒေါ် ဇာတ် နားထောင်ဖို့ မြို့ထဲကို တစ်နှစ် နှစ်ကြိမ်လောက်သွားဖြစ်တယ်။ ဒါပေမဲ့ အခုတော့ အရမ်းအားနည်းနေတော့ ခြံဝင်းအပြင်ကိုတောင် မထွက်နိုင်တော့ဘူး။ ကောင်တီမြို့ထဲသို့ သွားပြီး ဇာတ်ကြည့်ဖို့ဆိုတာက အိပ်မက်ပါပဲလေ။ ဒါပေမဲ့ သမီးက အဒေါ့်ကို စာအုပ်ဖတ်ပြတယ် ။ ဒါက ဇာတ်နားထောင်တာထက်တောင် ပိုစိတ်ဝင်စားဖို့ကောင်းသေးတယ်”
ဆုဝန်က ရှန်ရှီးကို အလေးအနက်ပြော၏
“ အဒေါ် ၊ အဒေါ် ကျိန်းသေပေါက် ပြန်ကောင်းလာမှာ။ နောက်ကျ အဒေါ် ကျိန်းသေပေါက် ဇာတ်နားထောင်ဖို့ ကောင်တီမြို့ထဲကို လမ်းလျှောက်သွားနိုင်လိမ့်မယ်”
ရှန်ရှီးက ဆုဝန်၏စကားများကို သူ့ကိုနှစ်သိမ့်ပေးရုံသာဟု မှတ်ယူထားဆဲပင်။
သို့ရာတွင် ထူးဆန်းသည်မှာ စာအုပ်ဖတ်ပြသည်ကို နားထောင်ရင်း ရှန်ရှီးက သူ ယခင်ကထက် ပို၍ အားအင်ပြည့်လာကာ သန်မာလာသည်ဟု ခံစားရခြင်းပင်။
ရှန်ရှီးက သူ ယနေ့ အသားစားခဲ့ပြီး ကျမ်းစာနားထောင်၍ဖြစ်မည်ဟု သူ့ဘာသာတွေးလိုက်၏။
မိန်းကလေးဆုဝန်က တကယ်ကို မိန်းမကောင်းလေးပဲ။
‘ရှန်ယာယာဆီက ကြားတာတော့ ရွာထဲက သူတွေက ဆုဝန်ကို ကို့ရိုးကားရားနိုင်တယ်လို့ ပြောကြတယ်တဲ့။ ဒါပေမဲ့ ငါတို့ သားအမိကတော့ မိန်းကလေးဆုဝန်က ကို့ရိုးကားရား မနိုင်ရုံတင်မကဘူး။ တခြားကောင်မလေးတွေထက် ထက်မြက်တယ်လို့ပါ ထင်သေးတယ်’
ရှန်ယာယာသည်လည်း ဆုဝန်ကို မှီလျက် အလေးအနက် နားထောင်နေလေသည်။ တစ်ဝက်ကျိုးသော် ရှန်ယာယာက အမြော်အမြင်ရှိရှိဖြင့် ဆုဝန် အာမခြောက်စေရန် ရေတစ်ခွက် ယူလာပေး၏။
ရှန်ယာယာက ဆို၏။
“ သွားပြီး ပုံတွေပြောပါလား။ အဲဒီမှာ စာအုပ်ဖတ်ပြတာ နားထောင်ဖို့ ကြေးပြားငါးပြား ကျတယ်။ မမဆုဝန်ပြောတာ ပုံပြောသူထက် အများကြီးပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်”
ဆုဝန်ကပြုံးလျက် ဆို၏။
“ အခုကစပြီး မမ သမီးကို စာလုံးတွေ မှတ်မိအောင် နေ့တိုင်း နည်းနည်းစီသင်ပေးမယ်။ စာအုပ်ဖတ်တတ်သွားရင် နောက်ကို ကြိုက်တဲ့ ပုံပြင်စာအုပ်ကို ဖတ်လို့ရပြီ”
ဆုဝန်က သူ့ကို စာသင်ပေးချင်ကြောင်းကြားသော် ရှန်ယာယာမှာ အလွန်အမင်း ပျော်ရွှင်သွား၏။ သို့ရာတွင် သူ စာအုပ်ဖတ်ရန် မဝံ့ရဲချေ။ ‘စားဖို့တောင် မတတ်နိုင်တာ ဘယ်မှာလာပြီး စာအုပ်ဝယ်ဖို့ ပိုက်ဆံရှိပါ့မလဲ’
စာအုပ်ဖတ်ပြပြီးနောက် ဆုဝန်က သူ ဒီနေ့ ဝယ်လာခဲ့သည့် ဖယောင်းတိုင်ကို ထွန်းလိုက်ကာ ရှန်ယာယာအား စာဖတ်ရန် စသင်ကြားပေးတော့သည်။
ဖယောင်းတိုင်မှာ တန်ဖိုးကြီးပစ္စည်းပင်။ ဤရွာထဲတွင် ဝမ်မိသားစုကသာ သူတို့သည် ချမ်းသာပြီး ပညာတတ်သည်ကြောင့် ဖယောင်းတိုင်ထွန်းနိုင်ခြင်းပင်။ တခြားမိသားစုများမှာ တစ်ညလုံး အမှောင်ထဲတွင် နေရသည်ပင်။
ရှန်လင်းသည် သူ့အလုပ်များ ပြီးသွားသည့်နောက် ထွက်လာ၍ ဆုဝန်အား ဖယောင်းတိုင်မှာ စျေးကြီးလှရာ ရှန်ယာယာကို သင်ပေးဖို့အတွက်နှင့် ထွန်းရန်မလိုကြောင်း ပြောလာ၏။
ဆုဝန်က ရှန်လင်းပြောသည်ကို လက်မခံပေ။ သူ ပြောလိုက်၏။
“ ကျွန်မ ယာယာ့ကို မသင်ပေးရဘူးဆိုရင်တောင် ဖယောင်းတိုင်ထွန်းထားရမှာပဲလေ”
ဆုဝန်၏လေသံက ဆုံးဖြတ်ချက်ပြတ်သားလှရာ ရှန်လင်းမှာ သူ့ကို ထပ်၍ မဖျောင်းဖျနိုင်တော့ပေ။
ရှန်လင်း အိမ်အပြင်ထွက်ခဲ့၏။ လရောင်အောက်တွင် မနက်က သစ်သားဖြတ်သည့်အလုပ်အား သူ ဆက်လုပ်နေလိုက်သည်။
အခန်းတွင်းတွင် နွေးထွေးသည့် ဝါကျင့်ကျင့် အလင်းတစ်ဖြာ ရှိနေခဲ့ရာ ရှန်လင်းအား ပြောမပြတတ်သည့် စိတ်ချမှုတစ်မျိုး ရှိနေစေသည်။
ရှန်လင်းက သစ်သားများကို အပိုင်းပိုင်းဖြတ်အောင် လွှဖြင့်ဖြတ်ကာ တစ်ပိုင်းချင်း ပြောင်လင်အောင် တိုက်၏။ အလုပ်မှာ လျင်မြန်ပြီး စနစ်တကျရှိ၏။ သူ နောက်ဆုံးတွင်တော့ အစားကောင်းတစ်နပ် စားခဲ့ရသည်ကြောင့် ဖြစ်ဟန်တူ၏။ ရှန်လင်းမှာ ယနေ့ အလုပ်လုပ်ရာတွင် အလွန်အမင်း အားအင်ပြည့်ဝနေခဲ့သည်။
ရှန်လင်းတို့မိသားစုမှာ သဟဇာတဖြစ်ကြ၏။ သို့ရာတွင် ချင်းရှီရွာသားများ၏ မျက်လုံးထဲတွင်တော့ ရှန်မိသားစုမှာ ထူးခြားနေ၏။
ဒီနေ့ အိမ်သို့လာကြသော အမျိုးသမီးများအားလုံးသည် ဆုဝန်က ရှန်လင်းတို့အိမ်အတွက် အစားအသောက်နှင့် အသုံးအဆောင်များစွာ ဝယ်ပေးခဲ့ကြောင်း သိကြ၏။ ရှန်အိမ်မှ ပြန်သွားပြီးနောက် သူ၏နှလုံးသားမှာ ချဥ်စူးမှုများဖြင့် ပြည့်နေကာ သူ့ဆီလာသည့် အမျိုးသမီးကို ဤသို့ဆိုသည်ပင်။
” ဆုဝန် အဲဒီကလေးမကလေ ကောင်တီထဲမှာ ပိုက်ဆံနည်းနည်းရှာခဲ့တာတဲ့။ အဲဒါကြောင့် သူက စပြီး ကြွားတော့တာပဲလေ။ သူ အဝတ်အစားအသစ်တွေဝတ်ပြီး စျေးဝယ်ထွက်တာ တွေ့ခဲ့တယ်။ သူက တကယ့်ကို လက်ဖွာသူဖြစ်မဲ့ပုံ ပေါ်တယ်”
နောက်ထပ်အမျိုးသမီးတစ်ယောက်က ဆိုသည်မှာ
“ ဟုတ်တယ်။ ဒါက နေ့တိုင်းနော်။ တစ်ရက်တည်း မဟုတ်ဘူး။ သူက ပိုက်ဆံတွေအားလုံးကို တစ်ထိုင်တည်း သုံးပစ်တာ။ သူ နောက်ဆို မွဲတေသွားတော့မှာ” ဟူ၍ ဖြစ်သတည်း။
ဆုဝန်က အနာဂတ်တွင် မွဲတေသည့်ဘဝဖြင့် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း ပြောသည့်အချိန်တွင်မှ အမျိုးသမီးများမှာ အနည်းငယ် စိတ်ချမ်းသာသွားတော့သည်။ ထိုသို့သောအရာများ ဝယ်ခြင်းက လူကို လက်ဖွာသည်ဟု ထင်မြင်သွားစေ၏။
ဆုဝန်သည် သူ၏ လက်ဖွာမှုကြောင့် ကောင်းမွန်သည့်ဘဝတွင် မနေနိုင်လောက်ဟု အားလုံးက ကောက်ချက်ချလိုက်၏။
လူတစ်ယောက်က ဝမ်ရှီးအား ပြောလာ၏။
“ အစ်မဝမ်၊ ဆုဝန်က အစ်မရဲ့ ချွေးမလောင်း မဟုတ်တာ တော်သေးတယ်။ သူသာ အစ်မရဲ့ချွေးမလောင်းဆိုရင် အစ်မတို့မိသားစုကို တကယ် မွဲပြာကျအောင် လုပ်လိမ့်မယ်”
ဝမ်ရှီးကလည်း ပြောလိုက်၏။ ”သူက ဘယ်လိုလုပ် ကျွန်မရဲ့ချွေးမလောင်းဖြစ်နိုင်မှာလဲ။ ကျွန်မက သူ့ကို စားစရာပေးပြီး စောင့်ရှောက်ထားပေးရုံတင်ပါ”
သူ ထိုသို့ပြောလိုက်သည့်တိုင် ဝမ်ရှီးမှာ ကိစ္စများကို စိုးရိမ်နေဆဲ။ ဆုဝန် ယနေ့ သုံးစွဲသည်ကိုကြည့်ပါက လစာများမှာ သူ့လက်ထဲတွင် ရှိနေဦးမည်ပင်။
ဝမ်ရှီးသည် အစတုန်းက သူ့လစာနှင့် ဆေးဖိုးတစ်ဝက်ကို ချေလိုက်မည်ဟု ထင်ခဲ့လေသည်။ သို့ပေသိ ယခုအခြေအနေမှာ ရှန်လင်းက ငွေခုနစ်တုံးစလုံးကို တာဝန်ယူလိုက်ပုံပေါ်၏။
ကိစ္စက ထိုသို့ဆိုမှတော့ ဆုဝန်၏လစာများအတွက် မျှော်လင့်ချက်ရှိသေးချေသည်။
ရှန်ရှီးသည် ဤရက်ပိုင်းအတွင်း ငွေများစွာ သုံးခဲ့သော်လည်း အထည်ဆိုင်တွင် အကြွေးတင်နေဆဲပင်။ ဆုဝန်၏ လစာများကိုသာ မသုံးရပါက သွေးစိမ်းရှင်ရှင် ထွက်သွားပေလိမ့်မည်။
အနှီအမျိုးသမီးများသည် အိမ်သို့ အသီးသီးပြန်ကြကာ ရှန်အိမ်တွင် ယနေ့ မြင်ခဲ့ရသည်များကို ယောက္ခမနှင့် ယောက္ခထီးများအား ဖောက်သည်ချကြ၏။
သို့ရာတွင် သဘောထားကိုတော့ ပြောင်းပြောကြ၏။
သူတို့ပြောကြသည်မှာ ဆုဝန်သည် အဆုံးသတ်ကောင်းမည်မဟုတ်၊ ငွေနှစ်စလောက် ရှိသည်နှင့် အဝတ်အစားနှင့် အစားအစာများဝယ်သည်၊ တစ်ချက်ကြည့်ရုံနှင့် သူသည် ငွေစီစဥ်သုံးစွဲရာတွင် မတော်၊ ကောင်းကောင်း မနေတတ်....
အနှီမိသားစုများသည် အနာဂတ်တွင် ဆုဝန်ကို ချွေးမတော်ရမည့်သူမှာ ရှစ်ဘဝစာလောက် ကံဆိုးသည်ဟု ပြောကြ၏။
အနှီအမျိုးသမီးများ၏ ယောက္ခမနှင့် ယောက္ခထီးများကလည်း ဆုဝန်မှာ ချင်းရှီရွာတွင် မထင်ပေါ်ဆုံးမိန်းကလေးဖြစ်ကြောင်း၊ သူသည် ရုပ်ဆိုး၍ အားကိုးစရာမိဘမရှိကြောင်း၊ ဆုဝန်ကို မည်သည့် ငမွဲကမှ ချွေးမ တော်ချင်မည်မဟုတ်ကြောင်း စေ့စေ့စပ်စပ် ပြောလာ၏။
ထိုသို့ပြောမှ ရှန်လင်းသည်လည်း ငမွဲတစ်ယောက် ဖြစ်ပေသည်။ အနှီကောင်လေးနှင့် လူမမာမိန်းကလေးမှာ ဘဝ၏ အလှည့်အပြောင်းများကို တွေးမထားခဲ့ဖူးလောက်ပေ။
ဆုဝန်က လက်ရှိ ရှန်လင်းအိမ်သို့ တစ်ဖန်ရောက်လာခဲ့ပြီး အနှီသူနှစ်ယောက်မှာ မရှင်းမလင်းနှင့်။ သို့တိုင် သူတို့မှာ တွဲဖက်ကောင်းများပင်။ ထိုသူနှစ်ယောက်အတူနေကြပါက တောင်းစားရရန် အချိန်သိပ်ကြာမည်မဟုတ်။
အနှီအမျိုးသမီးများမှာ ဆုဝန် ပိုလှလာသည်ကို မြင်ခဲ့သော်လည်း ယင်းမှာ အဝတ်အစားအသစ်များကြောင့် လှပသည်ဟုသာ မှတ်ယူထားလိုက်၏။ ‘သူ ပိုက်ဆံသုံး၍ကုန်သွားပြီး အဝတ်အစားသစ် မဝယ်နိုင်တော့ရင် သူ လှနိုင်ဦးပါ့မလား’
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းတို့အိမ်မှ ထွက်လာပြီးနောက် အကျန်များကို ယူကာ သားကြီးရှန်အိမ်သို့ လာခဲ့၏။
အဘိုးရှန်နှင့် အဘွားရှန်တွင် စုစုပေါင်း သားသမီး၃ဦးရှိလေ၏။ အကြီးဆုံးမှာ သားကြီးရှန်ဖြစ်ပြီး အလတ်မှာ ရှန်လင်း၏ဖခင်ပင်။ တတိယမြောက်မှာ မိန်းကလေးတစ်ဦးဖြစ်ပြီး တခြားရွာသို့ လက်ထပ်သွားလေပြီ။ သားသမီးသုံးယောက်တွင် ဒုတိယရှန်မှာ အရိုးသားဆုံး ဖြစ်ပြီး အနည်းဆုံးတော့ အဘိုးရှန်နှင့် အဘွားရှန်မှာ သူ့ကို ခေါ်တွေ့နိုင်၏။ အဘိုးရှန်သည် သားကြီးရှန်ကို အချစ်ဆုံးပင်။ သားကြီးရှန်၏ သားသုံးယောက်ကိုလည်း ချစ်ကြ၏။
သားကြီးရှန်တို့မိသားစုမှာ အဘိုးရှန်နှင့် အဘွားရှန်ယူလာသည့် ဝက်နရိုးနှပ်နှင့် တခြားစားစရာများကို အငမ်းမရ စားကြ၏။
အဘွားရှန်သည် ဟင်းအမျိုးမျိုးကို ပန်းကန်သုံးလုံးဖြင့် ထုပ်လာခဲ့ရာ ဟင်းများမှာ ရောကုန်တော့သည်။ သို့ရာတွင် အရသာရှိနေဆဲပင်။
သားကြီးရှန်တို့မိသားစုတွင် လူလတ်ပိုင်းအရွယ် လေးဦးရှိ၏။ ဤအသားအနည်းငယ်မှာ ဘယ်နှလုတ်မျှ မရှိချေ။ မျက်စိတစ်မှတ်အတွင်း အဘွားရှန် ယူလာသည့် သုံးပန်းကန်လုံးမှာ ပြောင်သလင်းခါသွားတော့သည်။
ကျန်သည့် ပန်းကန်ထဲရှိ အသီးအရွက်ဟင်းရည်ကိုလည်း သားကြီးရှန်၏ သားသုံးယောက်က ပေါက်စီများကို ဟင်းရည်ထဲနှစ်ကာ စားလိုက်ချေပြီ။
အဘိုးရှန်နှင့် အဘွားရှန်သည် မြေးများထဲတွင် ရှန်စန်းကို အချစ်ဆုံးပင်။ အဘိုးရှန်နှင့် အဘွားရှန် ယူလာသည့် ဟင်းအကျန်များကို စားပြီးနောက် ရှန်စန်းက ပြောလာ၏။
“ ဘိုးဘိုးနဲ့ ဘွားဘွား၊ ထပ်ရှိသေးလားဟင်”
အဘွားရှန်သည် ရှန်းစန်းအား ချစ်မြတ်နိုးစွာ တစ်ချက်ကြည့်လိုက်ကာ ဆို၏။
” အားလုံးက ငကြောက်ကောင် ရှန်လင်းကြောင့်ပဲလေ။ သူကယ်လာတဲ့သူတွေကို နိုင်အောင် မအုပ်ချုပ်နိုင်ဘူး။ မဟုတ်ရင် အဲဒီလောက်ကြီးတဲ့ စားပွဲအပြည့်စားစရာတွေက သားတို့ သားအဖလေးယောက် စားဖို့လောက်တယ်”
အဘွားရှန်သည် အကြီးဆုံးချွေးမရှန်အတွက် လောက်မလောက်ကို ဂရုစိုက်မနေချေ။ မည်သို့ပင်ဆိုစေကာမူ သူ့အဖိုးတန်သားလေးအတွက်သာ ဖြစ်၏။ သူ့သားစားရပါက သူစားရသလိုပင်။
အဘွားရှန် ထိုသို့ပြောသည်အားကြားသော် သားကြီးရှန်တို့မိသားစုက အဘိုးရှန်နှင့် အဘွားရှန် မည်သည့်ကိစ္စများဖြစ်ခဲ့ကြောင်း မေးမြန်းတော့သည်။ အဘိုးရှန်က အုတ်ခုတင်ပေါ်တွင် ထိုင်ကာ ဆေးတံကိုခဲနေစဥ်တွင် အဘွားရှန်သည် နှပ်ချေးတွဲလောင်းဖြင့် ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စအဖုံဖုံကို ခရေစေ့တွင်းကျ ရှင်းပြလာ၏။
အဘိုးရှန်နှင့် အဘွားရှန်တို့ပြောသည်အား နားထောင်ပြီးသော် ရှန်စန်းက အူနာသည်အထိ ခဏမျှ ရယ်မောတော့သည်။ အဘွားရှန်က ပူပန်စွာဖြင့် ရှန်စန်း၏ဗိုက်ကို ပွတ်ပေး၏။
ရှန်စန်းမှာ မျက်ရည်ထွက်မတတ် ရယ်မောလျက် “ဘိုးဘိုးနဲ့ ဘွားဘွား၊ ရှန်လင်းက တကယ်ကြီး ရုပ်ဆိုးမဆုဝန်ကို ပြန်ခေါ်လာခဲ့တာလား။ ဟားဟားဟားဟား ရယ်ရတယ်။ ရုပ်ဆိုးမဆုဝန်က ရှန်လင်းရဲ့မိန်းမဖြစ်သွားလဲ ကောင်းတယ်လို့ သားတော့ထင်တာပဲ”
“ မဟုတ်သေးပါဘူး။ အဲဒီရုပ်ဆိုးမဆုဝန်က သူ့ကို တကယ်ဂရုစိုက်တယ်နော်။ သူ့အတွက် စားစရာတွေ တစ်စားပွဲကြီး ချက်ပေးထားတာ။ ဟားဟားဟား”
ရှန်စန်းမှလွဲ၍ လူတိုင်း၏အာရုံမှာ အဘိုးရှန်ကို ဆုဝန်အစားအသောက်ဖိုး ပြန်ပေးခိုင်းသည့်ကိစ္စတွင်သာ ရောက်နေခဲ့၏။ သို့ပေသိ ရှန်စန်း၏ အာရုံစိုက်မှုကတော့ ဆုဝန်ဖြစ်၏။
ရှန်စန်းသည် ရှန်လင်းထက် လပိုင်းသာ ပိုကြီး၏။ ကလေးဘဝတည်းက သူသည် ရှန်လင်းလောက် အလုပ်လုပ်ရာတွင် မတော်ချေ။ နောက်ပိုင်း သူနှင့် ရှန်လင်းက ကျောင်းအတူတက်ခဲ့၏။
ထိုအချိန်က သူသည် ရှန်လင်းအား နေရာတိုင်းတွင် သဘောမကျဖြစ်ခဲ့၏။
နောက်တော့ သားကြီးရှန်သည် ရှန်စန်းမှာ ပညာသင်ယူရာတွင် မထူးချွန်မှန်း သိရှိသွား၏။ ထို့ကြောင့် သူ ရှန်စန်းအား စာဆက်သင်ရန် ခွင့်မပြုတော့ချေ။ ရှန်စန်း ကျောင်းထွက်သွားချိန်တွင် ကျောင်းတော်မှ ဆရာက ဤကျောင်း၏ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်မည့်သူမှာ ရှန်လင်းဖြစ်ကြောင်း ပြောခဲ့၏။
သို့ရာတွင် နောက်ပိုင်း၌ ရှန်လင်းတို့မိသားစုမှာ ဆင်းရဲသွားခဲ့၏။ သို့ဖြစ်ရာ ရှန်လင်းမှာ ကျောင်းနားလိုက်ရရှာသည်။ အဆုံးတွင်တော့ သူနှင့် ရှန်စန်းမှာ မတူသောလမ်းကြောင်းများဖြင့် အိမ်ပြန်ခဲ့ကြရခြင်း ဖြစ်ရာ ရှန်စန်းအား သူအလိုရှိသလို စိတ်ချမ်းသာသွားစေ၏။
ရှန်စန်းအား စိတ်မချမ်းမသာ ဖြစ်စေသည့် နောက်ထပ်ကိစ္စတစ်ခုရှိလေသည်။ အတိတ်တုန်းက ရွာထဲရှိ မိန်းကလေးအားလုံးသည် ရှန်လင်းနှင့် လွယ်လွယ်ကူကူ စကားပြောကြ၏။ သို့ရာတွင် သူ အနှီမိန်းကလေးများကို စကားသွားပြောသည့်အခါ ထိုမိန်းကလေးများက သူ့ကို အရေးမလုပ်ကြပေ။ ထိုအချိန်က သူသည် ရှန်လင်းကို ရင်ထဲမှ မုန်းတီးခဲ့၏။
ယခုမူ ရှန်လင်းသည် ဆုဝန်ဟူသော ရုပ်ဆိုးမကို ခေါ်ထားခဲ့သည်။ ကြည့်ရသည်မှာ အနာဂတ်တွင် ရှန်လင်းသည် ဆုဝန်အား လက်ထပ်လိုက်မည်ဆိုလျှင်လည်း ကောင်းသည်ပင်။
ရှန်စန်းသည် ‘ရှန်လင်းက အရာအားလုံးမှာ သူ့ထက်သာတော့ရော ဘာအသုံးဝင်မှာလဲ။ နောက်ဆုံးတော့လည်း သူက ဆင်းရဲပြီးရင်း ဆင်းရဲနေတာပဲလေ။ ပြီးတော့ ရုပ်ဆိုးတုံးအတဲ့ မိန်းမကိုပဲ လက်ထပ်နိုင်တယ်’ဟု သူ့ဘာသာတွေးလိုက်၏။
…