အခန်း (၃၄) ရှန်လင်း အဘိုးအဘွားတို့အပေါ် စိတ်ပျက်မိလာခြင်း
ဒုတိယနေ့ နံနက်တွင် ဆုဝန်သည် အစောကြီး အိပ်ရာမှ နိုးလာခဲ့လေသည်။ ဆုဝန်သည် ရှန်အိမ်တော်တွင် နေခဲ့သည်မှာ နှစ်ရက်ပင် ရှိပြီ။ သူမသည် ယခင်ကထက် ပို၍ ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နိုင်ခဲ့ပေသည်။
ဆုဝန်သည် အစောကြီးနိုးနေသဖြင့် ရှန်မိသားစုအတွက် မနက်စာပြင်ဆင်ရန် စီစဉ်တော့သည်။ ယခုအချိန်သည် ဆောင်းဦးရိတ်သိမ်းကာလ ဖြစ်သည်။ထို့ကြောင့် ရှန်လင်းသည် လယ်ထဲတွင် အလုပ်လုပ်ရသည့်အပြင် မိသားစုအတွက် နေ့စဥ် ချက်ပြုတ်ပေးရသေးပေသည်။ ထိုသို့သာဆိုလျှင် သူ့ခန္ဓာကိုယ်သည် ရေရှည် ခံနိုင်မည်မဟုတ်ပါချေ။ ဆုဝန်သည် ဒါကို ကြည့်မနေနိုင်တော့ပေ။ ရှန်လင်းကို အေးအေးဆေးဆေးနားစေချင်သည်။
ဆုဝန်သည် တံခါးကို တွန်းဖွင့်လိုက်သောအခါ မတ်တတ်အဝတ်ဗီရိုကြီး၊ စားပွဲတစ်ခုနှင့် ခွေးခြေတစ်ခုတို့ကို တံခါးဝတွင် တွေ့လိုက်ရသည်။ အားလုံးမှာ ပရိဘောဂအသစ်များ ဖြစ်ကြပေသည်။
ဗီရို၊ စားပွဲ နှင့် ထိုင်ခုံတို့ကို သေသပ်စွာ ပြုလုပ်ထားသည်။ သစ်သားများမှာ ချောမွေ့နေပြီး ပေါ်လစ်ဆီပါ သုတ်ထားလေသည်။ ချောမွေ့လှကြောင်းကို ကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။ ဆုဝန်သည် အနီးသို့ကပ်သွားပြီး သေချာကြည့်လိုက်ပေသည်။ ထိုသစ်သားများပေါ်တွင် ပြတ်ရှရာလေးပင် မရှိချေ။ ယန်မိုနည်းလမ်းကိုပါ အသုံးပြုထားသဖြင့် ကော်လုံးဝမလိုဘဲ သစ်သားချည်းသီးသန့်နှင့်သာ ပြုလုပ်ထားခြင်း ဖြစ်ပေသည်။
ဤပရိဘောဂများမှာ ယမန်နေ့ကမှ ရှန်လင်း စတင်လုပ်ခဲ့သော အလုပ်များပင်ဖြစ်သည်။ ဆုဝန်မနေ့ညက အိပ်ရာဝင်ချိန်တွင် ဤပရိဘောဂများမှာ ပျဥ်ချပ်များသာသာပင် ရှိသေးသည်။ ရှန်လင်းသည် ဤပရိဘောဂများကို တစ်ညလုံးမအိပ်ဘဲ လုပ်လေသလား၊ မနက်အစောကြီး ထလုပ်လေသလား သူမလည်း မသိပါ။
မည်သို့ပင်ဖြစ်စေ ရှန်လင်းသည် တကယ့်ကို လုံ့လဝီရိယရှိသော လူတစ်ယောက်ဖြစ်ကြောင်းကိုတော့ ပြောနိုင်ပေသည်။ ထို့ပြင် သူလုပ်ထားသော အရာများသည် တကယ့်ကို လှပပေသည်။
ဤစားပွဲနှင့် ကုလားထိုင်များသည် တကယ့်သစ်သားအစစ်များ ဖြစ်ကြပေသည်။ ထိုပရိဘောဂများသည် လူချမ်းသာမိသားစုများ၏ ပရိဘောဂများကဲ့သို့ ကနုတ်ပန်းကြွအလှအပများ မပါဝင်သော်လည်း မျက်နှာပြင်မှာမူ ချောမွေ့လှပေသည်။
ရှန်လင်းသည် ဤပရိဘောဂများကို သူမအဖို့ လုပ်ပေးထားတာဖြစ်ကြောင်း ဆုဝန်က သိပေသည်။ ယခုအခါ ဆုဝန်အိပ်သောအခန်းထဲတွင် ကုတင်တစ်ခုသာ ရှိပြီး အခြားပရိဘောဂများ မရှိပါချေ။ ထို့ကြောင့် ရှန်လင်းသည် ညနေခင်းတွင် ဗီရို၊ စားပွဲနှင့် ကုလားထိုင်တို့ကို ပြုလုပ်ထားပေးခြင်း ဖြစ်ပေသည်။ ထိုအရာများသည် ပြည့်စုံလုံလောက်ပါသည်။
ဆုဝန်သည် စာအုပ်ထဲမှ ဇာတ်လမ်းဇာတ်ကွက်များကို ပြန်လည် စဥ်းစားပါသော်လည်း ရှန်လင်းသည် ဘယ်အချိန်က ဆုဝန်အား သဘောကျသွားသည်ကို မမှတ်မိပါချေ။ စာအုပ်ထဲတွင် ဆုဝန်သည် ဝမ်လော့ရှန်းဆီမှ ကန်ထုတ်ခံရပြီးနောက် လူချမ်းသာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေသော ရှန်လင်းသည် မျှော်လင့်ချက် ကုန်ဆုံးနေသော ဆုဝန်ကို ကယ်တင်ပေးထားခဲ့ပေသည်။ ထိုအချိန်တွင် ရှန်လင်း၏ နံဘေးတွင် အမျိုးသမီးအလှပဂေးလေးများ လုံလုံလောက်လောက် ရှိနေပါသော်လည်း သူသည် ဆုဝန်ကို သူ၏ ဇနီးမယားအဖြစ် တင်မြှောက်ခဲ့ပေသည်။
ထိုအချိန်ကတည်းက ရှန်လင်းသည် မူလဇာတ်ကောင်အား သဘောကျနေသလား သူမ မသိပါချေ။
ဆုဝန်သည် မီးဖိုထဲသို့ လျှောက်သွားသည်။ မျှော်လင့်ထားသည့် အတိုင်းပင် ရှန်လင်းသည် မီးဖိုရှေ့တွင် ချက်ပြုတ်ဖို့အတွက် စတင် ပြင်ဆင်နေလေပြီ။ ရေနွေးများသည် အိုးထဲတွင် ပွက်ပွက်ဆူနေပြီး မီးဖိုချောင်တစ်ခုလုံးသည် မီးခိုးများဖြင့် ပြည့်နေသည်။ ရှန်လင်းသည် ဆန်ကြမ်းများထည့်ထားသော ဇလုံထဲသို့ ရေကို လောင်းထည့်လိုက်သည်။ ဆုဝန်သည် တစ်ချက်ကြည့်လိုက်သောအခါ ရှန်လင်းသည် သူမဝယ်ပေးထားသည်များကို မသုံးပေ။
ရှန်မိသားစုသည် ယခင်ကတည်းက မနက်စာ စားလေ့မရှိကြပေ။ ထို့ကြောင့် ရှန်လင်းသည် နေ့လယ်အတွက် အစာခြောက်များ ချက်ပြုတ်နေခြင်းဖြစ်ကြောင်း ဆုဝန်သိသွားလေသည်။
ဆုဝန်သည် ရှေ့သို့လျှောက်လာပြီး “အစ်ကိူရှန် နောက်တစ်နပ်ကျ ညီမချက်ပြုတ်ပါ့မယ်နော်” ဟု ပြောလိုက်လေသည်။
ရှန်လင်းသည် သူ့လက်ကို ကာယမ်းကာ “ရတယ် လုပ်စရာမလိုပါဘူး” ဟု ပြောလေသည်။
ဆုဝန်က မေးလိုက်သည်။ “အစ်ကိုရှန် အဲ့ ပရိဘောဂတွေက ဘာတွေလဲ”
သူသည် ဆန်ကြမ်းများထည့်ထားသော ဇလုံကို ကြည့်ရင်း ပြောလိုက်သည်။ “အဲဒါတွေကို ရက်အနည်းငယ်လောက် ဆေးခြောက်အောင် ထားပြီးရင် ညီမရဲ့ အခန်းထဲကို အစ်ကို ရွှေ့ပေးမယ်”
ဆုဝန်က “ကဲ ကြည့် ရှန်မိသားစုက ညီမကို ဂရုလဲစိုက်တဲ့အပြင် အစားအစာပါကျွေးတယ်။ ခုလဲ ညီမအတွက် ပရိဘောဂတွေ လုပ်ပေးပြန်ပြီလေ။အကယ်၍ ညီမသာ ဘာမှ ပြန်မလုပ်ပေးရရင် တကယ်စိတ်မကောင်း ဖြစ်မိမှာ။ အလုပ်လေးနည်းနည်းလောက် လုပ်ခိုင်းတော့ နည်းနည်းခံစားရ သက်သာတာပေါ့” ဟု ပြောသည်။
ရှန်လင်းကလဲ “မနေ့က ညီမဆီက ထမင်းနဲ့ အသားတွေကို အစ်ကိုတို့စားခဲ့ကြတာပဲ။ ညီမအဝတ်တွေ ထည့်ဖို့ ပရိဘောဂတွေ လုပ်ပေးတာ ဘာမှ မပြောပလောက်ပါဘူး” ဟု ပြန်ပြောလေသည်။
ဆုဝန်သည် ရှန်လင်းအား တိတ်တိတ်ကလေးကြိတ်ကာ အရူးဟု ဆူနေလိုက်မိသည်။ သူမက သူသည် သူမအပေါ်စတင် သဘောကျနေပြီဟု ထင်ထားခဲ့မိသည်။ သို့သော် ယခုအခါတွင်မူ သူ့အပြုအမူများအရ သာမန်ပင် ဖြစ်ကြောင်း သူမပို ရှင်းရှင်းလင်းလင်း သိသွားလေပြီ။
သို့သော် ရှန်လင်းသည် သူမဤသို့ ဆက်ပြောနေလဲ နားထောင်မှာ မဟုတ်သည်မှာ အမှန်ပင် ဖြစ်သောကြောင့် ဆုဝန်သည် သနားစဖွယ်ပုံစံသို့ ပြောင်းလိုက်ကာ “အစ်ကိုရှန်ရယ် အကယ်၍ အစ်ကိုက ညီမကို ဘာမှ မကူညီခိုင်းရင် တကယ်ကို ဒီမှာနေရတာ မသက်မသာဖြစ်မှာပဲ။ အကယ်၍ အဲ့သလို မသက်မသာဖြစ်လာရင် ညီမ ရှန်မိသားစုကနေ ထွက်သွားမှာ။ အပြင်ကတခြားမှာ အိမ်ငှားနေပစ်မယ်။ ဒါပေမဲ့ စဥ်းစားကြည့်ပါဦး။ မိန်းကလေးငယ်လေးတစ်ယောက်က အပြင်မှာ အိမ်ငှားနေမယ်ပေါ့။ အဲ့ငှားတဲ့ဆီက မကောင်းတဲ့သူတွေ ဖြစ်နေရင်ရော ဘယ်လိုလုပ်ရပါ့မလဲလေ။ အရမ်းကို အထီးကျန်နေတော့မှာပါပဲနော်” ဟု ပြောလေသည်။
ရှန်လင်းသည် သူ့လက်လှုပ်ရှားမှုများကို ရပ်လိုက်ပြီး လေးလေးနက်နက် တွေးနေလေသည်။
သူသည် ဆုဝန်ကို အလုပ်များ မကူညီခိုင်းရသည့် အကြောင်းရင်းမှာ ဆုဝန်သည် ဝမ်မိသားစုအိမ်တွင် အလုပ်အများကြီး လုပ်ရသည်ကို သူသိထားခဲ့သည်။ အကယ်၍ သူတို့ရှန်မိသားစုတွင် ဆုဝန်ရှိနေစဥ်ပါ ထပ်ခိုင်းလျှင် သူတို့မိသားစုသည်လဲ ဝမ်မိသားစုကဲ့သို့ပင် ဖြစ်သည်ဟု လူတွေက ထင်မြင်ကြလိမ့်မည်။
ဆုဝန်ကမူ ဆက်၍ ပြောသည်။ “ညီမက အစ်ကိုတို့အလုပ်တွေလဲ ဝိုင်းကူလုပ်ပေးပြီး တစ်ခါတလေ စျေးသွားပြီး အစားအသောက်တွေလဲ ဝယ်ပေးမယ်လေ။ အစ်ကိုတို့ကတော့ ညီမကို နေစရာလဲ ပေးထားတယ်။ ပြီးတော့ မကောင်းတဲ့ လူတွေလက်ထဲကလဲ ကာကွယ်ပေးထားတယ်လေ။ အဒေါ်နဲ့ ယာယာကလဲ ညီမအဖို့ အဖော်လုပ်ပေးထားတာပဲ။ ကဲ ဒါဆို တို့တတွေ တစ်ယောက်ကိုတစ်ယောက် ဘာအကြွေးမှ မတင်တော့ဘူးပဲပေါ့။ အကယ်၍ အကူအညီတွေ ယူခဲ့ရရင်လဲ ဘာမှ အားနာနေစရာမျိုး မရှိတော့ဘူးပေါ့ အစ်ကိုရဲ့”
ဆုဝန် ရှန်အိမ်တော်ကို လာရသည့် အဓိကအကြောင်းရင်းမှာ ရှန်လင်းအတွက် အကူအညီဖြစ်ပေးရန် ဖြစ်ပေသည်။ သူမသည်လည်း နေရာအများစုတွင် ရှန်လင်း၏အကူအညီကို လိုအပ်နေဆဲပင် ဖြစ်ပေသည်။
ရှန်လင်းသည် ခေတ္တမျှတွေးပြီးနောက် ပြောလိုက်သည်။ “အကယ်၍ ညီမ အလုပ်တစ်ခုခု လုပ်ချင်တယ်ဆို လုပ်ပါ။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါး အလုပ်တွေကိုပဲလုပ်ပါ။ ညစ်ပတ်တဲ့အလုပ်မျိုးဆို အစ်ကိုလုပ်ပါ့မယ်” ရှန်လင်းသည် တကယ့်ကို တာဝန်ကျေပွန်သော လူမျိုးပင် ဖြစ်ပါပေသည်။ သူနှင့်အတူ ရှိနေလျှင် လူတိုင်းအား စိတ်လုံခြုံမှုကို ပေးသည်။ သူသည်အရာအားလုံးကို သေချာစဥ်းစားကာ စနစ်တကျ စီစဥ်တတ်သည်။ ထို့ပြင် တာဝန်လဲ ယူတတ်သောကြောင့် သူ့ပတ်ဝန်းကျင်မှ လူများသည် များများစားစား စိတ်ပူစရာမလိုအပ်ပေ။
တစ်ကိုယ်ကောင်းဆန်ပြီးရင်းဆန်နေသော ဝမ်လော့ရှန်းကဲ့သို့ မဟုတ်။ ဝမ်လော့ရှန်းသည် စာပေလေ့လာသည်မှ လွဲ၍ အခြားအရာများကို ဘာမှ မကိုင်တွယ်နိုင်မှန်း ဆုဝန်သည် သိပေသည်။
ယောက်ျားသားတစ်ယောက်အနေဖြင့် ရုပ်ရည်သာ ကြည့်ကောင်းပြီး စိတ်ချဥ်လောက်စရာ ကဗျာအချို့ကိုသာ ဖတ်နိုင်ခြင်းလောက် အသုံးမဝင်တာ မရှိပေ။ တကယ့်ယောက်ျားအစစ်သည် တာဝန်ယူမှု အပြည့်အဝရှိရပေသည်။
ထို့နောက် ဆုဝန်သည် ပြုံးသာပြုံးပြီး “ဒါဆိုရင် ခုကစပြီး ညီမချက်ပြုတ်လို့ရပြီပေါ့။ နောက်ပြီး ရှန်ယာယာကလဲ ညီမကို ကူညီမှာပါ။ ဒါဆို အများကြီး မပင်ပန်းတော့ဘူးပေါ့” ဟု ပြောသည်။
ဆုဝန်သည် ရှေ့သို့လျှောက်လာပြီး ရှန်လင်းလက်ထဲမှ ဇလုံကိုယူကာ ပြောလိုက်သည်။ “ညီမ မနက်စာ ချက်ပြုတ်ပေးပါ့မယ်”
ဆုဝန်သည် ရှန်လင်းက ရှန်မိသားစုသည် မနက်စာစားလေ့မရှိကြောင်း တွေးနေသည်ကို သိ၍ ထပ်ပြောလိုက်သည်။ “ ခုကစပြီး တို့တတွေ မနက်ခင်းမှာလဲ အစားတစ်နပ်စားကြမယ်။ ယာယာက ကြီးလာပြီလေ။ ပြီးတော့ ဒေါ်ဒေါ်ကလဲ သူ့ခန္ဓာကိုယ်ကို အားပြန်ဖြည့်ဖို့ လိုတယ်မဟုတ်လား။ အဲဒါကြောင့် မစားလို့မရဘူး”
မနက်စာစားဖို့ပြောခြင်းသည် ရှန်လင်းပို၍ ကောင်းကောင်းနေနိုင်ရန်သာ ဖြစ်သည်။ ရှန်လင်းသည် ငြင်းဆန်ကောင်း ငြင်းဆန်နိုင်သော်လည်း ရှန်ယာယာနှင့် ရှန်မိခင်ကို အကြောင်းပြုလိုက်လျှင်တော့ ရှန်လင်းသည် မငြင်းဆန်နိုင်ပါချေ။
“အဆင်ပြေပါတယ်။ အစ်ကို့အတွက်တော့ ထည့်လုပ်စရာမလိုပါဘူး” ဟုတ်သည်။ ရှန်လင်းသည် စားဖို့အတွက် မငြင်းဆန်တော့ပေ။
ဆုဝန်သည် ဆေးကြောပြီးဆန်များကို စဥ်းတီတုံးပေါ်သို့ လောင်းချလိုက်ပြီး “အိမ်ထောင်ဦးစီးကြီးက မကျန်းမာရင် ဒေါ်လေးရဲ့ ဆေးဖိုးကိုကော ဘယ်သူကပေးမှာလဲ။ ရှန်ယာယာလေးကိုကော ဘယ်သူက စောင့်ရှောက်မှာလဲ”
“.....”
ဆုဝန်က “ဟုတ်ပြီ။ ဒါဆို ဒီမှာ ရပ်မနေနဲ့တော့။ မီးဖိုချောင်က အရမ်းကျဥ်းတယ်။ အစ်ကိုဒီမှာ ရပ်နေတော့ ညီမက ဘယ်မှ ရွှေ့လို့မရတော့ဘူး” ဟု ပြောလိုက်သည်။
ရှန်လင်းသည် ရွေးစရာမရှိတော့ပေ။ ထို့ကြောင့် မီးဖိုချောင်မှ ပြန်လှည့်ပြီး ထွက်လာခဲ့ပေတော့သည်။
ရှန်ယာယာသည် အိပ်ချင်မူးတူးနှင့် မျက်လုံးများဖွင့်ပြီး သူမ ဆုဝန်ကို ကူညီချင်၍ ထွက်လာခဲ့သည်။ ဆုဝန်ကမူ ရှန်ယာယာသည် အိပ်ရေးမဝဘဲ ငိုက်နေသေးလျှင် ဆက်အိပ်နေသင့်ကြောင်း၊ ကလေးတို့သည် အိပ်ရေးမဝဘဲမနေသင့်ကြောင်း၊ ထိုသို့မှ မဟုတ်လျှင် အရပ်ရှည်လာမည် မဟုတ်ကြောင်းတို့ကို ပြောပြလေသည်။
ရှန်ယာယာက “မေမေက ပြောတယ်။ မမဆုဝန်ကို တစ်ယောက်တည်း အလုပ်တွေ မလုပ်စေနဲ့တဲ့။ ညီမလေးပါ ကူညီပေးရမယ်တဲ့” ဟု ပြောလေသည်။
ဆုဝန်သည် အရင်က အကြောင်းများကို ပြန်သတိရသွားသည်။ သူမ ဝမ်မိသားစုတွင် ရှိနေစဥ်က သူမဘာပဲလုပ်လုပ် ဝမ်မိသားစုနှင့် ဝမ်လော့ရွှယ်သည် တစ်ခါမျှပင် မကူညီပေးခဲ့ဖူးပေ။ အလုပ်ကြမ်းဖြစ်စေ၊ သာမန်အလုပ်ဖြစ်စေ၊ ပေါ့ပါးသောအလုပ်ဖြစ်စေ၊ လေးလံသောအလုပ်ဖြစ်စေ ဆုဝန်တစ်ဦးတည်းသာ လုပ်ရပေသည်။
ဤသည်မှာ ဝမ်မိသားစုနှင့် ရှန်မိသားစု၏ ကွာခြားချက်ပင် ဖြစ်ပေသည်။ ဝမ်မိသားစုမှ မိသားစုဝင်များသည် ကုပ်သွေးစုပ်တတ်ကြသည့် မကောင်းဆိုးဝါးများသာ ဖြစ်ပြီး ရှန်မိသားစုမှ မိသားစုဝင်များကိုသာ မိသားစုဟု ခေါ်ထိုက်ပေသည်။
ဆုဝန်သည် ရှန်ယာယာ၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်။ “အစ်မ အကူအညီလိုရင် ပြောပါ့မယ်။ ခုတော့ မလိုသေးဘူးကွယ်”
ရှန်ယာယာသည် စကားနားမထောင်ဘဲ မီးဖိုရှေ့တွင် သွားထိုင်ကာ ဆုဝန်အဖို့ မီးမွှေးပေးနေပေသည်။
ဆုဝန်သည် ဆန်ကြမ်းများကို ဆေးလုံးငယ်များအရွယ် ခွဲပြီး လုံးကာ ကိတ်ထဲသို့ထည့်သည်။ ထို့နောက် အိုးထဲသို့ထည့်ကာ ပြုတ်လေတော့သည်။ ထို့နောက် သူမသည် မနေ့ကဝယ်လာသော ကြက်ဥများကို ခွဲကာ ကြော်လေသည်။ ရှန်ယာယာ့ကို နောက်ဖေးသို့သွားပြီး ဟင်းရွက်အချို့ ခူးလာစေသည်။ ထို့နောက် ဆေးကြောပြီး တိုဟူးနှင့်ရောကာ ဟင်းအနှစ်လုပ်ပေသည်။
ဆုဝန်သည် ဆန်ပြုတ်ကိုလည်း ကျိုသည်။
ဆုဝန်ချက်သည့် အသီးအရွက်များနှင့် ဆန်ပြုတ်အသင့်ဖြစ်သောအခါ သူမသည် ရှန်ယာယာ၊ ရှန်ရှီးနှင့် ရှန်လင်းတို့အား အတူတကွ စားရန် ခေါ်လေသည်။
ဆောင်းဦးမနက်ခင်းသည် အေးမြလှသည်။ သို့သော် ဆန်ပြုတ်ပူပူလေးသည် အားလုံးအား နွေးထွေး၍ သွားစေသည်။
ရှန်လင်းသည် ဆုဝန်လုပ်ကျွေးသော ဆန်ကိတ်ကိုစားပြီး ဆုဝန်ချက်ပေးသော ဆန်ပြုတ်ကို သောက်ပြီးသောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ယခင်ကထက် ပို၍ သန်မာလာသည်ကို ခံစားလိုက်ရသည်။
ရှန်လင်း စားပြီးသွားသည်ကို မြင်သောအခါ ဆုဝန်က ပြောသည်။ “အပြင်မှာ အလုပ်သွားလုပ်ဖို့အတွက်လဲ ဘာမှစိုးရိမ်မနေပါနဲ့။ တူတွေနဲ့ ပန်းကန်တွေလဲ ဆေးထားလိုက်ပါမယ်။ အဲ့စင်ပေါ်မှာ အစ်ကို့အဖို့ ခပ်ပေးထားတဲ့ ရေရှိတယ်။ အဲ့ရေကို လယ်ထဲမှာ သောက်ဖို့အတွက် ယူသွားလိုက်ပါ”
ရှန်လင်းသည် သူထမင်းစားပြီးတိုင်းသောက်ရန် ရေကို ပြင်ဆင်လေ့ရှိခဲ့သည်။ သို့သော် ယနေ့တွင် ဆုဝန်သည် သူမရေနွေးအိုး တည်ရင်း တစ်ခါတည်း ရှန်လင်းအဖို့ ရေကို ပြင်ဆင်ပေးခဲ့သည်။
“ကျေးဇူးပါပဲ” ရှန်လင်းသည် အသံလေးလေးကြီးနှင့် ပြောလိုက်ပြီး “နေ့လယ်ကျ လယ်ထဲမှာပဲနေမှာ။ ပြန်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် အစ်ကို့အတွက် ချက်မထားနဲ့”
ဆုဝန်သည် ရှန်လင်းအား သူမကို ထမင်းဟင်းချက်ခွင့်ပေးရန် ဖြောင်းဖျနိုင်ခဲ့သည်။ သို့သော် ယခု ရှန်လင်းသည် သူမစားပါဟု ပြောသည်။ သူသည် သူမချက်တာကို မစားချင်တာ မဟုတ်ဘဲ တကယ်မစားတာ ဖြစ်သည်။
ရှန်လင်းသည် မနက်စာ စားပြီးပြီ ဖြစ်သောကြောင့် နေ့လယ်တွင် ပြန်လာပြီး နေ့လယ်စာ မစားတော့မည် ဖြစ်ကြောင်းကို ဆုဝန် နားလည်လိုက်သည်။ မည်သို့ တွက်ချက်ရမည်ကို သူသိနေပေသည်။
ရှန်လင်းသည် ခြင်းတောင်းနှင့် တံစဥ်ကို ကောက်ကာ လယ်ထဲသို့ ဆင်းသွားလေသည်။
သူသည် ပြောင်းရှစ်ဧကကိုစိုက်ထားတာဖြစ်ပြီး စိုက်ခင်းထဲသို့ရောက်သွားသောအခါ စိုက်ထားသော ပြောင်းများကိုဖြတ်ကာ တိုင်များကို ဖြုတ်ချရမည်ဖြစ်သည်။ ထို့နောက်ပြောင်းများကို တစ်ခေါက်ပြီး တစ်ခေါက် လယ်ထဲမှ သယ်ယူရပေမည်။
နေ့လယ်သို့ ရောက်သောအခါ ပြောင်းရိုးများကို တစ်ခုပြီးတစ်ခု ခုတ်ချပြီး အိမ်ရှိထင်းတဲလေးဆီသို့ သယ်ယူရမည် ဖြစ်ပါသည်။
တကယ်တော့ ပြောင်းခုတ်ရသည့်အလုပ်သည် ပင်ပန်းသည့် အလုပ်တစ်ခုတော့ မဟုတ်ပါချေ။ တကယ့် အပင်ပန်းဆုံးအလုပ်မှာ ပြောင်းများကို တစ်ခေါက်ပြီးတစ်ခေါက် ခြံထဲသို့ သယ်ထည့်ရသည့် အလုပ်ပင် ဖြစ်ပေသည်။
ချင်းရှီရွာရှိ လယ်ရှိသော မိသားစုတစ်ခုချင်းစီသည် အချိန်အဆက်ရှိကြသည်။ ထို့ပြင် မိသားစုတိုင်းတွင် သီးနှံများကို အခြောက်ခံရန် နေရာကျဥ်းလေးလဲ ရှိကြသေးသည်။ ထိုကောက်ပဲသီးနှံများကို အလှည့်ကျစောင့်ကြပ်ရသည့် လူများလဲ ရှိနေပါသဖြင့် အခြားလူတစ်ယောက်ယောက်က မိမိတို့သီးနှံများကို ယူသွားသဖြင့် ပျောက်ဆုံးခြင်းအဖို့ စိုးရိမ်စရာလဲ မရှိပါချေ။
ထို့ပြင် ရွာသားများသည်လည်း အခြားသူများ၏ သီးနှံများကို စိတ်လဲမဝင်စားကြပါချေ။ ကျွန်ုပ်က သင့်သီးနှံကို ခိုးပြီး၊ သင်ကလဲ ကျွန်ုပ်သီးနှံကို ပြန်ခိုးနေပါလျှင် ဤသည်မှာ အချိန်ဖြုန်းခြင်းတစ်မျိုးပင် မဟုတ်ပါလော။
သီးနှံများခိုးယူခြင်းကိုလဲ ခွင့်မပြုထားပါပေ။ ဤသည်မှာ ထင်ရှားသော စည်းမျဥ်းစည်းကမ်းတစ်ခုပင် ဖြစ်ပါပေသည်။ အကယ်၍ မိသားစုတစ်ခုခုက အခြားလူများ၏ ကောက်ပဲသီးနှံများကို ခိုးယူထားသည်ဟု ရှာတွေ့ခဲ့ပါလျှင် သူတို့သည် နောက်ထပ် ဘယ်တော့မှ လူကောင်း ဖြစ်လာနိုင်တော့မည် မဟုတ်ပါချေ။
ပြောင်းများသည် ထိုအခြောက်ခံသည့် နေရာတွင် ရက်အနည်းငယ်လောက် အခြောက်ခံထားရန် လိုပေသည်။ ထို့နောက် ပြောင်းဆံများကို သစ်သားတုတ်နှင့် ထုချေပြီး ရောင်းချကာ ပိုက်ဆံရနိုင်ပါပေသည်။
အဝတ်အစားနွမ်းနွမ်း ဝတ်ထားသော ရှန်လင်းသည် ပြောင်းဖူးများကို အခြောက်ခံရာ တောင်ကြားကွင်းပြင်ထဲသို့ တစ်ခုပြီးတစ်ခု သယ်၍လာသည်။ တောင်ကြားထဲတွင် မိသားစုတိုင်းက အလုပ်ရှုပ်နေသည်။ သို့သော် အခြားတောင်ကြားမိသားစုများသည်မူ ရှန်လင်းထက်ပင် လှုပ်ရှားနေကြသည်။
အခြားမိသားစုများအားလုံးတို့သည် အလုပ်များ လုပ်နေကြပေသည်။ သားဖြစ်သူက ပြောင်းရိတ်ကာ အဖေဖြစ်သူက ပြောင်းဖူးတောင်းများကို စိုက်ကွင်းဆီမှ သယ်လာပေးကြသည်။
သို့သော် ရှန်လင်းသည်မူ သူကိုယ်တိုင် ပြောင်းရိတ်ကာ သူကိုယ်တိုင်ပင် ပြောင်းတောင်းများကို သယ်ရပေသည်။
ရှန်လျိုယာ အသက်ရှိစဥ်က သူနှင့် ရှန်လင်းတို့သည် အလုပ်များကို ခွဲဝေကာ အညီအမျှ လုပ်ကိုင်ခဲ့ကြသည်။ သို့သော် ရှန်လျိုယာ သေဆုံးပြီးသည့်နောက်တွင် အလုပ်တာဝန်အားလုံးတို့ကို ရှန်လင်းတစ်ဦးတည်းသာ လုပ်ကိုင်ရပေတော့သည်။
တစ်ယောက်တည်း လုပ်ကိုင်နေရသော ရှန်လင်းကို ကြည့်ရင်း တောင်ကြားလယ်ကွင်းထဲမှ မိသားစုများသည် သက်ပြင်းသာ ချနိုင်ပေတော့သည်။
သားကြီးရှန်၏ ပြောင်းခင်းသည် ရှန်လင်းတို့ပြောင်းခင်းနှင့် သိပ်မဝေးပေ။ အဘိုးရှန်နှင့် အဘွားရှန်တို့သည် သားကြီးရှန်၏ အလုပ်ကို ဝိုင်းကူလုပ်ကြသည်။ ရှန်စန်းသည်လည်း ပြောင်းခင်းတွင် ရှိပေသည်။ သို့သော် သူသည် အလုပ်သေချာမလုပ်ပေ။ ခဏခဏ လျှောက်ပတ်သွားကာ အခြားမိသားစုများမှ အလုပ်ခွဲလုပ်သူများနှင့် စကားလိုက်ပြောနေတတ်ပေသည်။
...
အခန်း (၃၄) (ခ)
နေ့လယ်သို့ရောက်သောအခါ မိသားစုတိုင်းမှ သက်လတ်ပိုင်းအရွယ်ယောက်ျားသားများသည် ပြောင်းခင်းတွင် စုကြပေသည်။ ဆောင်းဦးရိတ်သိမ်းရာသီတွင် ယောက်ျားသားများသည် ပြောင်းခင်းထဲတွင်သာ နေ့လယ်စာ စားကြရပေသည်။ ရောက်လာသော အဖေနှင့်သားများ အတူတူစားကြခြင်းသည် လမ်း၌ အသွားအပြန် ကြာသည့်အချိန်ကို သက်သာစေပေသည်။ ထိုသို့ကြာနေမည့်အချိန်တွင် လယ်ထဲ၌ ပြောင်းများကို ရိုက်ထုနေခြင်းက ပို၍ကောင်းပေသည်။
ပြောင်းထုရိုက်ရခြင်းသည် ပြောင်းရိတ်ခြင်းထက် ပို၍ လွယ်ကူပေသည်။ ပြောင်းခြွေချခြင်းသည် အနားယူခြင်းနှင့်ပင် တူသည်။
သို့သော် နားရက်များတွင်မူ ရှန်လင်းသည် သူ့အလုပ်ပြီးသည်နှင့် အိမ်ကိုပြန်ကာ နေ့လယ်စာ စားတတ်သည်။ သူသည် စိုက်ခင်းထဲတွင် နေ့လယ်စာ မစားပါချေ။
ယနေ့တွင်မူ ရှန်လင်းသည် မနက်ကစားခဲ့ပြီးပြီဖြစ်၍ နေ့လယ်စာစားရန် အစီအစဥ်မရှိတော့ချေ။ အိမ်ပြန်စားမည့်အချိန်တွင် သူသည် လယ်ထဲတွင်သာ နေကာ ပြောင်းများကို ကြိတ်နေနိုင်ပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ရှန်လင်းသည် ပြောင်းဖြတ်ရ၊ ပြောင်းသယ်ရနှင့် အလုပ်များနေခဲ့သည်။ ယနေ့တွင်မူ သူသည် အိမ်ပြန်ပြီးနေ့လယ်စာ မစားတော့သည့်အတွက် ပြောင်းများ ထုရိုက်ရင် အချိန်ပို ထွက်လာလေတော့သည်။
နေ့လယ်ပိုင်းတွင် မိသားစုတိုင်းမှ အမျိုးသမီးများသည် စိုက်ခင်းထဲသို့ အစားအစာများ ယူလာပေးကြသည်။ ရွာသားများ၏ အစားအသောက်များမှာ အလွန်ပင် ရိုးရှင်းသည်။ ဟင်းသီးဟင်းရွက်များကို ကြော်လျှင်ကြော်၊ မကြော်လျှင်ချက်ပြီး ဆန်ကိတ်များ သို့မဟုတ်လျှင် ဂျုံမုန့်ဖြူများနှင့် ထမင်းဖြူများကိုသာ အားလုံးက စားကြသည်။ အားလုံးက စားနေကြစဥ် ရှန်လင်းသည် သူ့ခေါင်းကိုငုံ့ကာ ပြောင်းဖူးစေ့များကိုသာ ပွတ်ခြွေနေသည်။
ရုတ်တရက် လူရိပ်တစ်ခုသည် ရှန်လင်းရှေ့သို့ ရောက်လာသည်။ ရှန်လင်းသည်မူ မော့မကြည့်ဘဲ ပြောင်းဖူးများကိုသာ ဆက်ခြွေနေသည်။
“ရှန်လင်း ဘာလို့ ပြောင်းဖူးတွေ ခြွေနေတာလဲ” ထိုသို့ပြောလိုက်သူမှာ ရှန်စန်းပင် ဖြစ်ပေသည်။
ယခင်နေ့က ရှန်စန်းသည် ရှန်လင်း၏ ဆွဲမပြီး မြေပြင်ပေါ်သို့ ပစ်ချကိုင်ပေါက်ခြင်းကို ခံလိုက်ရသဖြင့် အလွန် ရှက်သွားသည်။ ယနေ့တွင် သူ့အဘိုးနှင့်အဘွားသည်လည်း ဤတောင်ကြားတွင် ရှိနေဖြင့် ရှန်လင်းသည် သူ့ကို ဘာမှ မလုပ်နိုင်ပါပေ။ ရှန်စန်းသည် ပြန်၍ လက်စားချေချင်နေသည်။
ရှန်လင်းသည်မူ ရှန်စန်း၏ စကားများကို ပြန်မဖြေချေ။ ရှန်လင်း၏ အတွေ့အကြုံအရ ရှန်စန်းသည် ခွေးသားရေနှင့်တူသည်။ တစ်ခါ ကြုံပြီးသွားလျှင် ဆက်သည်းခံနိုင်ဖို့ မဖြစ်နိုင်ပါချေ။ ထို့ကြောင့် လျစ်လျူရှုထားလိုက်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။
ရှန်စန်းကမူ ထိုင်ပြီး ဆက်ပြောနေသည်။ “မင်း ကိုယ့်အဖို့ကိုယ် ပြောင်းဖူးထိုင်ခြွေဖို့အချိန် ရှိနေရင် ဘာလို့ ငါတို့မိသားစုအတွက်ရော ပြောင်းဖူးသွားပြီး မခြွေပေးတာလဲ။ မင်းဦးလေး ငါ့အဖေ ဘယ်လောက်တောင် အလုပ်တွေရှုပ်နေလဲ ကြည့်ပါဦး။ မင်းမမြင်ဘူးလား ဟမ်” ရှန်လင်းသည် ရှန်စန်း၏ စကားများကို လျစ်လျူရှုထားလေသည်။
ရှန်စန်းက ဆက်ပြောသည်။ “အဘိုးနဲ့ အဘွားတို့က အသက်အရမ်းကြီးနေပြီ၊ ဒါတောင် ခုချိန်ထိ စိုက်ခင်းထဲမှာ ပင်ပင်ပန်းပန်း လုပ်လုပ်နေရတုန်းပဲ။ အဘိုးဆို ခါးတောင်ကုန်းနေပြီ။ မင်းစိတ်မကောင်း မဖြစ်ဘူးလား။ မင်းအရင်က အဘိုးကို တစ်ခုခုလိုတာနဲ့ ကူညီပါ့မယ်လို့ ပြောထားတယ် မဟုတ်ဘူးလား”
အဘွားရှန်သည်မူ အလုပ်များ ဆက်၍လုပ်နေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် သူတို့၏ မြေအများစုကို သားကြီးရှန်အားပေးထားပြီး သူတို့အတွက် ဧကအနည်းငယ်သာ ချန်ထားလေသည်။ ထိုမြေများအားလုံးကို ဂျုံများ စိုက်ပျိုးထားပြီး နွေရာသီတွင် ရိတ်သိမ်းကြရသည်။ ထို့ကြောင့် ယခုအခါ အဘိုးရှန်နှင့် အဘွားရှန်တို့သည် သားကြီးရှန်၏ အလုပ်၌ လုံးဝ ကူညီလုပ်ကိုင်ပေးနေကြလေသည်။
သားကြီးရှန်တွင် သားသုံးယောက်ရှိသည်။ ထိုသုံးယောက်အနက် ပထမနှစ်ယောက်သည် ကျောင်းတွင် ပညာသင်ကြားနေဆဲဖြစ်ပြီး လယ်အလုပ်ကို ကူလုပ်ရန် အချိန်မရှိပေ။ သို့သော် အဘိုးရှန်နှင့် အဘွားရှန်တို့၏ အကူညီဖြင့် အလုပ်များပြီးမြောက်နိုင်ခြင်းသာ ဖြစ်ပေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် သားကြီးရှန်၏ အလုပ်များကိုသာ ကူညီလုပ်ကိုင်ပေးကြပြီး ရှန်လင်း၏ အလုပ်ကိုတော့ တစ်ခါမှပင် မမေးဖူးကြပေ။ ဟုတ်ပါသည်။ အဘိုးရှန်နှင့် အဘွားရှန်တို့ ကူညီလုပ်ကိုင်ရမည်မှာ သာမန်ပင်ဖြစ်ပါပေသည်။
ရှန်လင်းသည် ရှန်မိသားစု ဒုတိယသား၏ သားဖြစ်သည်။ သူသည် အလုပ်လုပ်ရာတွင် ဖျတ်လတ်သည်။ သူသည် ဘာအကူအညီမှ မလိုအပ်ပေါ်ပုံသည်။ တစ်ခါတရံတွင် ရှန်လင်းသည် သူ့ထက်ကြီးသော ရှန်မိသားစုလူကြီးများထံမှ သူတို့အလုပ်များ ခေါ်ပြီး ကူလုပ်ခိုင်းခြင်းကိုပါ ခံရသေးသည်။
ရှန်စန်းသည် အဘိုးရှန်နှင့် အဘွားရှန်တို့အား ကူညီရန် ရှန်လင်းကို ပြောပေသည်။ တကယ်တော့သူသည် သူတို့မိသားစု၏ အလုပ်ကို ကူညီလုပ်ကိုင်ပေးနေသည်ပင် ဖြစ်ပေသည်။
ရှန်လင်းသည် ဘာမှ မပြောသေးပေ။ ရှန်စန်းအား ဆက်ဆံရမည့် အကောင်းဆုံးနည်းလမ်းမှာ လျစ်လျူရှုထားရန်ပင် ဖြစ်ပေသည်။
ရှန်စန်းသည် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွား၍ သူ့ လက်သီးနှစ်ခုကို တိုက်လိုက်သည်။ သူ့စကားပြောသည့်အသံသည်လည်း ကျယ်၍လာသည်။
“မင်းက တကယ့်ကို တာဝန်မကျေတဲ့မြေးပဲကွ။ မင်းက မင်းအဘိုးအဘွားတွေရဲ့ ကျန်းမာရေးကို တကယ့်ကို ဂရုမစိုက်ဘူးလား ဟမ်” တောင်ကြားရှိလူများအားလုံးတို့သည် ရှန်လင်းနှင့် ရှန်စန်းတို့ဆီ အကြည့်များ ရောက်လာကြသည်။
ရှန်လင်း၏ တာဝန်မသိတတ်သော မြေးဟူသည့် ဂုဏ်ပုဒ်သည် ပြောနေကျ ဂုဏ်ပုဒ်တစ်ခုပင် ဖြစ်ပေသည်။ သို့သော် ယခုဆောင်းဦးကောက်ရိတ်သိမ်းကာလသည် အလွန့်အလွန်ပင် ပျင်းဖို့ကောင်းသည်။ စိတ်လှုပ်ရှားစရာ တစ်စုံတစ်ရာရှိမှသာ နေရတာ လှုပ်လှုပ်ရှားရှားးနှင့် ပျော်ဖွယ်ကောင်းပေမည်။
အားလုံးတို့သည် ရှန်လင်းအပေါ် အာရုံစိုက်မိလိုက်ကြသည်။ အမှန်တွင် အားလုံး၏ ရင်ထဲတွင် ရှန်လင်းသည် တာဝန်မကျေသူမြေးတစ်ဦးမဟုတ်ကြောင်း သိကြလေသည်။ အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်လင်းတို့အိမ်ကိုပါ အပိုင်စီးချင်ကြသည်။ ရှန်လင်းဘက်က မပေးလိုသည်မှာ လူ၏ သဘာဝသာ ဖြစ်ပေသည်။
ရှန်လင်းသည် တာဝန်မကျေသောမြေး မဟုတ်မှန်း သိကြသော်လည်း ရှန်လင်းအပေါ် အထင်အမြင် သေးကြသည်မှာတော့ တကယ်ပင် ဖြစ်ပါသည်။ ရှန်လင်းတို့မိသားစုသည် ယခင်က ရွာထဲတွင် အချမ်းသာဆုံးမိသားစု ဖြစ်ခဲ့လေသည်။ သို့သော် ယခုအခါတွင်မူ ရွာထဲတွင် အဆင်းရဲဆုံးနှင့် စားစရာပင် မရှိသော မိသားစုတကယ်ပင် ဖြစ်နေလေပြီ။
ဆင်းရဲခြင်းသည် လူများ၏ အထင်အမြင်သေးခြင်းကို ခံရနိုင်သည်။ ချမ်းသာနေရာမှ ဆင်းရဲသွားခဲ့လျှင် လူအများ၏ အထင်အမြင်သေးခြင်းကို ပို၍ပင် ခံရနိုင်ပေသည်။
သို့သော် ထိုအချိန်တွင် တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ရှန်စန်း မင်းက ရှန်လင်းဟာ ဘိုးဘွားတွေရဲ့ အလုပ်တွေမှာ ဝင်မကူပေးဘူးလို့ ပြောတယ်နော်။ မင်းကကော ဘာလို့ မကူတာလဲ။ မင်းကမှ တကယ့်ကို တာဝန်မကျေတဲ့ မြေးမိုက်ပဲ”
ထိုအသံမှာ ယန်မိသားစုတောင်ကြားမှ ယန်ဝူ၏ အသံပင်ဖြစ်သည်။ သူတို့ယန်မိသားစုတွင် ညီအစ်ကိုများစွာ ရှိသည်။ ယန်မိသားစုသည် ဆင်းရဲပါသော်လည်း ဘယ်သူကမှ သူတို့ကို အထင်မသေးရဲကြပေ။ သူတို့မိသားစုတွင် ညီအစ်ကိုများ ရှိသောကြောင့် သူတို့ထဲက အချို့သည် ယန်မိသားစုကို ရန်စလာသည့်သူတိုင်းကို လက်ဦးမှု ရယူကြသည်ချည်းသာ ဖြစ်ပေသည်။
ရွာသားများ၏ ဆွေးနွေးမှုများသည် သိသိသာသာ လွယ်လွယ်ကူကူ ပြောင်းသွားသည်။ သူတို့သည် ယန်ဝူ၏ စကားကို ကြားသောအခါ တစ်ယောက်ပြီး တစ်ယောက်သည် ရှန်စန်းအကြောင်းကို ပြောကြပေသည်။
“ဟုတ်တယ်။ ရှန်လင်းက အဘိုးရှန်နဲ့ အဘွားရှန်ရဲ့ အလုပ်တွေကို ကူမလုပ်ပေးနိုင်ဘူးဆိုတာက သူ့ဟာနဲ့သူတောင် အလုပ်တွေများနေတာ။ ရှန်လင်းက အလုပ်တွေ တစ်ယောက်တည်း လုပ်ရပြီး အဘိုးရှန်နဲ့ အဘွားရှန်ကလဲ ကူညီပေးရမလားတောင် တစ်ခါ မမေးဖူးဘူး။ ငါလေ သံသယတောင် ဝင်မိတယ်။ ရှန်မိသားစုရဲ့ ဒုတိယသားက ရှန်မိသားစုအဘိုးအဘွားရဲ့ သားအရင်း မဟုတ်ဘူးလားလို့တောင်ပေါ့”
“မပြောစမ်းပါနဲ့ ဒုတိယသားက သူတို့ရဲ့ သားအရင်း မဟုတ်လောက်တာ သေချာတယ်။ စဥ်းစားကြည့်စမ်းပါ။ ဘာလို့ အဘိုးရှန်နဲ့ အဘွားရှန်တို့က သူတို့ကို ဒီနှစ်တွေထဲမှာ အရမ်းကို မစာမနာ နှိပ်စက်နေကြတာဖြစ်မလဲ။ ဟုတ်တယ်။ ရှန်လျိုယာတုန်းကလဲ သူ့ကို အလုပ်တွေအကုန် တစ်ယောက်တည်း လုပ်ခိုင်းခဲ့တာပဲမလား”
ရွာသားများက အမှန်တကယ် တိုးတိုး တိုးတိုး ပြောနေကြသည် ဖြစ်သော်လည်း တစ်စုံတစ်ဦး၏ သွေးသားတော်စပ်ပုံကို ပြောနေကြခြင်းမှာ အန္တရာယ်များပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုအကြောင်းကို ရုံးတော်ကို တိုင်ကြားလိုက်ပါလျှင် ရုံးတော်သည် ထိုသို့ ပြောကြသည့် သူများကို အရေးယူပေလိမ့်မည်။
ရှန်စန်းသည် ဤသည်ကို ကြားသောအခါ သူသည် ရှန်လင်းကို ဘိုးဘွားတွေအလုပ်ကို ကူမလုပ်ကြောင်း စွပ်စွဲနေတာ ဖြစ်သည်၊ ဘာလို့ အားလုံးက သူအလုပ်မလုပ်ကြောင်းကို ပြောနေကြပါသနည်း။
ရွာထဲက ဘယ်သူကမှ သူသည် ကျန်းမာရေး မကောင်းသဖြင့် အလုပ်ကောင်းကောင်း မလုပ်နိုင်သည်ကို မသိကြပါသလော။
ရှန်စန်းသည် ပြဿနာမကြုံချင်ပေ။ ထို့ကြောင့် သူသည် သူနှင့်တစ်ရွာတည်းသား ဖြစ်သော သူနှင့်အတူ ပေါင်းပြီး ပြဿနာကို ဘယ်နေရာရောက်ရောက် ရှာတတ်သည့် လူငယ်သုံးယောက်ကို မိတ်ဆက်လိုက်သည်။
လူတို့သည် ငှက်မွေးအစုလေးများကဲ့သို့ အုပ်စုများ ကွဲသွားကြပေသည်။ သူတို့သည် အလုပ်မရှိသော သူများပင် ဖြစ်ပါပေသည်။
ရှန်စန်း၏ အပေါင်းသင်းသုံးယောက်တို့သည်လည်း ထွက်လာကြပေသည်။ ရှန်စန်းသည် ရှန်လင်းအား လူကြားထဲတွင် ပြဿနာရှာနေခြင်းပင် ဖြစ်ပေသည်။
ထိုသုံးယောက်သည်လည်း ရှန်လင်းဘာသာ တာဝန်ကျေသည့်လူ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့သည် ရှန်လင်းကို တာဝန်မကျေပွန်သည့် မြေးမိုက်အဖြစ် ဝိုင်းဝန်းစွပ်စွဲကြပေသည်။ အခြားလူတစ်ယောက်ကို တာဝန်မကျေသူအဖြစ် ဝိုင်းဝန်းစွပ်စွဲကြရခြင်းမှာ ပျော်ဖို့ကောင်းပေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်စန်းနှင့် သူ၏ အပေါင်းအသင်းများက ရှန်လင်းအား ဝိုင်းဝန်း ဆုံးမကြမည့် မြင်ကွင်းကို သားကြီးရှန်၏ ချွေးမယူလာပေးသော ကြက်သားကိုစားရင်း ကြည့်နေကြပေသည်။ အဘိုးရှန်သည် ရှန်လင်းကို ဆုဝန်အတွက် ငွေရာကျော်သုံးခြင်းနှင့် သူရှန်လင်းဆီက ငွေသွားတောင်းစဥ်က ကောက်ပဲသီးနှံများကို ရောင်းချလိုက်သည့်အတွက် အပြစ်တင်နေလေသည်။
အဘိုးရှန်သည် သူ့ကြက်ပေါင်ကို ဝါးနေရင်း “ငါတို့ရဲ့ အငယ်ဆုံး မြေးလေးက သိပ်ကို ဆန်းကြယ်တာပဲ၊ သူနဲ့ သူ့ရဲ့ ညီအစ်ကိုကောင်း သုံးယောက်ကို ကြည့်ပါဦး။ သူတို့က သူဖြစ်ချင်တာ ဘာမဆို လုပ်ပေးနိုင်တယ်”
အဘွားရှန်ကလဲ ရေသောက်ရင်းပြောလေသည်။ “ဟုတ်တယ်။ တို့မြေးငယ်လေးကလေ သူ့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုကြီးလို ကျောင်းမှာ ပညာကောင်းကောင်း မသင်ရပေမဲ့ အရည်အချင်းရှိတဲ့ ယောက်ျားကောင်းတစ်ယောက်ပဲ။ သူကအနာဂတ်မှာ တို့ရှန်မိသားစုအတွက် ဂုဏ်ကျက်သရေနဲ့ စည်းစိမ်တွေ ယူဆောင်လာပေးနိုင်မှာ မြေကြီးလက်ခတ်မလွဲပဲ”
ထိုယောက်ျားလေးများသည် ရှန်လင်းအား တာဝန်မကျေပွန်သည့် မြေးမိုက်အဖြစ် ဆက်လက်ကာ စွပ်စွဲကြပေသည်။ မည်သို့ပင်ဖြစ်စေ၊ လူတစ်ယောက်၏ မကောင်းသော ဂုဏ်ပုဒ်သည် ကျော်ကြားသွားပြီဆိုပါလျှင် အနာဂတ်တွင်လည်း လူတိုင်းက ထိုလူအား ဆက်လက် စွပ်စွဲပြောဆိုနေကြမည်သာ ဖြစ်ပေသည်။
ရှန်လင်းသည် သူ့ဦးကြီးရှန်အလုပ်ကို မကူညီရခြင်းမှာ သူသည် သန့်ရှင်းရေးပင် မလုပ်နိုင်ပေ။ တကယ်တော့ ရှန်လင်းသည် ဦးကြီးရှန်ကို ကူညီရန်ပင် အချိန်မရှိကြောင်းအားလုံးက သိကြပေသည်။ သို့သော် ဘယ်သူကမှ ဝင်မပြောကြပေ။
ထို့အကြောင်းကို မသိကြသော ရိုးသားပြီး စိတ်ထားကောင်းသည့် ရွာသားများလည်း ရှိကြပေသည်။ သို့သော် သူတို့သည်လည်း ရှန်လင်းဘက်မှ နေ၍ မပြောပေးကြပါ။ အခြားလူများ၏ ကိစ္စရပ်များတွင် ဝင်မပါခြင်းက ပို၍ပင် ကောင်းပေသည်။ သို့ရာတွင် လယ်သမားသည် ရိုးရိုးသားသား တာဝန်ကျေကျေနှင့် ကောက်ပဲသီးနှံများ စိုက်ပျိုးသင့်ပေသည်။ အားလုံးတို့သည် သူတို့တံခါးရှေ့မှ နှင်းများကိုတော့ လှည်းထုတ်ကြပြီး အခြားသူများ၏ တံခါးရှေ့ရှိ ဆီးနှင်းများကိုတော့ ဂရုမစိုက်တတ်ကြပါချေ။
ယန်ဝူသည် စကားအနည်းငယ်ဆက်ပြောချင်နေသေးသော်လည်း အဘိုးအိုယန်က အနောက်မှ လှမ်းဆွဲလိုက်ကာ “ အခြားသူတွေရဲ့ ပြဿနာကြား ဝင်မပါတာ အဖေတို့မိသားစုအတွက် ကောင်းပါတယ်ကွာ” ဟု ပြောလေသည်။
ရှန်စန်း၏ အပေါင်းအသင်းများ ဖြစ်ကြသော ကျန်းအာ့ကော၊ လီစစ်၊ ဝမ်ချွမ်းတို့သည် စကားပြောနေကြသည်။ သူတို့သည် ပြောနေရင်း ဆုဝန်အကြောင်းပါပါလာကြပေသည်။
ကျန်းအာ့ကော က “ အစ်ကိုရှန် ကျွန်တော် အစ်ကို့ရဲ့ တတိယဝမ်းကွဲဆီက ကြားတာတော့ အစ်ကိုက အဘိုးအဘွားတွေကို ချီးကျူးဂုဏ်ပြုဖို့ ပိုက်ဆံမရှိပေမဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဆေးဖိုးကို ပေးဖို့တော့ ပိုက်ဆံရှိတယ်ဆို။ အစ်ကိုက အရမ်းကိုတော်ပြီးတော့ အရမ်းကို စာနာတတ်တာပါပဲ”
ရှန်စန်းသည် သူ့ဗိုက်ကိုသူဖိပြီး ကျယ်လောင်စွာ ရယ်လိုက်လေသည်။
“အာ့ကော မင်းက ဘယ်လိုစကားလုံးကိုသုံးရမယ်ဆိုတာ တကယ်ကို သိတာပဲ။ မင်းခုလေးတင် ဘာပြောလိုက်တာ။ ရနံ့မွှေးပြီး မြတ်နိုးဖွယ်ကောင်းတဲ့ ကျောက်စိမ်းရိုင်းလေး ဟုတ်လား။ ဘယ်လို ရနံ့မွှေးတဲ့ ကျောက်စိမ်းရမှာလဲကွာ။ မင်း ဆုဝန်ကို မမြင်ဖူးဘူးမလား။ အဲ့မည်းတူးနေတဲ့ မျက်နှာကလေ ဘို့ရှိုးနဲ့တောင် တူသေးတယ်။ မိန်းမ ဘို့ရှိုးပေါ့ကွာ။ ဟားဟားဟား”
လီစစ်ကလဲ “ငါလဲ ဆုဝန်ကို လွန်ခဲ့တဲ့ လအနည်းငယ်က လမ်းပေါ်မှာ တွေ့ခဲ့တယ် ငါ့ကောင်တွေရေ။ ငါကလေ ချင်းရှီရွာကို အစာလာတောင်းတဲ့ သူတောင်းစားတောင် ထင်နေတာကွ” ဟု ပြောသည်။
ဝမ်ချွမ်းကလဲ ”ငါထင်တာကတော့ ဆုဝန်က ရုပ်တော့တကယ်ဆိုးတယ်။ အဓိကအချက်အနေနဲ့ ယောက်ျားလေးတစ်ယောက်လိုမျိုး အလုပ်တွေကို လုပ်နိုင်တယ်။ လုံ့လလဲရှိပြီး ချွေတာသုံးတတ်တယ်၊ အိမ်ကိုလဲ ထိန်းသိမ်းနိုင်တယ်လေ၊ မင်းက ငွေခုနစ်တုံးကိုသုံးပြီး ဆုဝန်ကို သွားခေါ်လာတာ အဲဒါတွေ လုပ်ခိုင်းမလို့ မဟုတ်လား။ မိန်းကလေး တစ်ယောက်ဖြစ်ပြီး အနုစိတ်တဲ့အလုပ်တွေကိုလဲ မလုပ်နိုင်ဘူး။ ချွေလဲ မချွေတာတတ်ဘူးဆိုရင် ယောက်ျားလေးနဲ့ ဘာများ ကွာခြားတော့မလဲ”
ရှန်လင်းသည် သူ့ခေါင်းကို မော့လိုက်သည်။ သူ့မျက်လုံးနှင့် မျက်ခုံးတို့မှာ ခက်ထန်ပြီး စူးရှနေသည်။
“ယောက်ျားလေးတွေဖြစ်နေပြီး မိန်းကလေးတစ်ယောက်အကြောင်း ပြောနေကြတာတဲ့လား။ မင်းတို့ကောင်တွေ ညီမဆုအကြောင်း ထပ်ပြီး ပြောရင်.....”
“ဟေးရို့ မင်းက ရုပ်ဆိုးဆိုး မကောင်းဆိုးဝါးမကို ကာကွယ်ပေးနေတာလား” ရှန်စန်းသည် ရှန်လင်းစကားပြောနေသည်ကို လှောင်ပြုံးပြုံးကာ ဖြတ်ပြောလိုက်သည်။
“အဲ့လိုပဲ ပြောပါတော့” ရှန်လင်းသည် ပြောရင်း သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ထဲမှ ပြောင်းဖူးသည် မူလက အူတိုင်ရှိသည်။ သို့သော် ရှန်လင်းသည် ညှစ်လိုက်သောအခါ အူတိုင်သည် ကျိုးသွားပြီး ပြောင်းဖူးစေ့များသည် အူတိုင်မှ ကြွေကျလာသည်။ အချို့ ထိပ်ပိုင်းမှ အစေ့များသည် အောက်သို့ ကြွေကျ၍ပင်သွားသည်။ ရှန်လင်းသည် သူ့လက်ကို ဖြန့်ချလိုက်သောအခါ ပြောင်းဖူးစေ့များနှင့် ပြောင်းဖူးရိုးများသည် သဲများကဲ့သို့ အောက်သို့ ကျကုန်ကြလေသည်။
မူလက ရှန်စန်းသည် သူ့ဘက်က လူများနေသဖြင့် ရှန်လင်းအား မကြောက်ပါချေ။ သို့သော် ယခု ကြည့်ရသည်မှာ တကယ်ရန်ပွဲဖြစ်ခဲ့လျှင် သူတို့လေးယောက်သည်ပင် နိုင်မည့်ပုံ မပေါ်ပါချေ။
ရှန်စန်းသည် နောက်ပိုင်းတွင် ဆုဝန်အကြောင်း မကောင်း မပြောဝံ့တော့ပါပေ။
ရှန်စန်းနှင့် ကျန်းအာ့ကော်တို့က ရှန်လင်းအား ကြောက်ရွံ့နေကြသည်ကို မြင်သောအခါ ဘေးမှ ရွာသားများသည် စိတ်လှုပ်ရှားစွာ ကြည့်ပြီးရယ်နေကြလေသည်။
ကျန့်အာ့ကောသည် အနည်းငယ် ပြန်၍ သင့်သင့်မြတ်မြတ်ဖြစ်အောင် ပြင်လိုက်သည်။ သူသည် အခြားသူများက သူ့အား လှောင်ပြောင်ကြမည်ကို မခံလိုပေ။ ထို့ကြောင့် ဆုဝန်ရုပ်ဆိုးကြောင်းကို မပြောဝံ့တော့ဘဲ ရှန်လင်းအား မခံမရပ်နိုင်ဖြစ်အောင်သာ ပြောတော့သည်။
ကျန်းအာ့ကောသည် ဆက်လက်၍ ရှန်လင်း၏ အားနည်းချက်ကိုသာ ချိုးနှိမ်ပုတ်ခတ် ပြောဆိုတော့သည်။
“ဒါနဲ့ မင်းဘာလို့ နေ့လယ်စာ မစားတာလဲ။ ဘာလဲ ဆုဝန်က မချက်ပြုတ်နိုင်တော့ ထမင်းတောင်စားဖို့ မတတ်နိုင်တော့လို့လား။ ငါပြောပါတယ်။ မင်းသာ ဘိုးဘွားတွေနဲ့ အစ်ကိုသုံးယောက်ကို လေးလေးစားစားနဲ့ ကောင်းကောင်းဆက်ဆံရင် မင်းစားဖို့တစ်ခုခု ဘာလို့မပေးနိုင်ရမှာလဲ။ စကားမစပ် တတိယအစ်ကိုတို့မိသားစု ဒီနေ့စားတာ ကြက်သားဟင်းနဲ့တဲ့နော်။ အဲ့ကြက်သားဟင်း တစ်ကိုက်လောက်ပဲ ကိုက်ကြည့်လိုက်ရင်ပဲလေ၊ အနံ့ရော အရသာရောက မင်းရင်ထဲမှာ စွဲသွားမှာကွာ။ ကျွတ် ကျွတ် ကျွတ် မင်း သွားရေတွေတောင် ကျနေပြီမလား။ ဒါပေမဲ့လေ မင်းသွားရေကျနေလဲ အလကားပဲ။ တတိယအစ်ကိုက မင်းကို စားခွင့်ပေးမှာ မဟုတ်ဘူး”
ကျန်းအာ့ကောသည် ထိုသို့ပြောပြီးသည့်အထိ သူ့နံဘေးတွင် ဘာလှုပ်ရှားမှု တစ်စုံတစ်ရာမှ မရှိသောကြောင့် အံ့အားသင့်၍သွားသည်။ ပုံမှန် လှောင်ပြောင်သရော်နေကျ ရွာသားများသည် ယခုအခါ အလွန် တိတ်ဆိတ်နေကြပေသည်။
ရှန်စန်း၊ ကျန်းအာ့ကောနှင့် ကျန်သောသူများသည် လှည့်ကြည့်လိုက်ကြသောအခါ ကျက်သရေနှင့် ပြည့်စုံစွာ တောင်ကြားစိုက်ခင်းသို့ လျှောက်လှမ်း၍လာသော လူရိပ်တစ်ခုကို တွေ့လိုက်ကြရပေသည်။ သူတို့တည့်တည့်သို့ လျှောက်လှမ်းလာခြင်းသာ ဖြစ်ပါပေသည်။
ရှန်စန်းသည် အံ့သြမှင်တက်သွားသည်။ ရှန်ဆမ့်နံဘေးမှ ကျန်းအာ့ကော၊ လီစစ်၊ ဝမ်ချွမ်းတို့ အားလုံးသည်လည်း မှင်တက် သွားကြပေသည်။
...
အခန်း (၃၄) (ဂ)
ထိုမိန်းကလေးသည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးဝင်မွတ်နေသည်။ သူမ၏ ခေါင်းသည်လည်း လခြမ်းပုံသဏ္ဌာန်ကဲ့သို့ပင်။ မျက်လုံးများမှာလဲ တောက်ပနေပြီး သွားများမှာလည်း ဖြူဖွေးနေပေသည်။ သူမသည် တစ်ခုခုကို ကိုင်လျက် ကျက်သရေရှိစွာ လျှောက်လှမ်း၍ လာနေသည်။
နေပါဦး။ ထိုမိန်းကလေးသည် ဆူဝန်ပင် မဟုတ်ပါလော။ သူမသည် မိန်းမဘို့ရှိုးကဲ့သို့ မည်းတူးရုပ်ဆိုးဆိုး မဟုတ်ပါလော။ မည်သို့ကြောင့် ခုလိုဖြစ်သွားရပါသနည်း။
ရှန်စန်းနှင့် ကျန်းအာ့ကောတို့၏ ထိတ်လန့်မှုသည် ကြီးမားလှပေသည်။
တောင်ကြားစိုက်ခင်းသို့ အဝင်တွင် သစ်ပင် အနည်းငယ်ရှိပေသည်။ ဆုဝန်သည် စိုက်ခင်းထဲသို့ လှမ်းကြည့်လိုက်စဥ် ရှန်စန်းနှင့် အခြားလူများသည် ရှန်လင်း၏ နံဘေးတွင် အထက်စီးဆန်ဆန် ဝိုင်းပြောနေကြသည်ကို သူမတွေ့ခဲ့ရသည်။
ဆုဝန်သည် တစ်ချက်ကြည့်ရုံနှင့် ကောင်းသောအရာ မဟုတ်မည်ကို သိသောကြောင့် သစ်ပင်တစ်ပင်၏ အနောက်တွင် ပုန်းနေကာ သူမ မသွားခင် သူတို့ ဘာတွေပြောနေသည်ကို နားထောင်နေခဲ့ခြင်း ဖြစ်ပေသည်။
ဆုဝန်သည် ရှန်လင်းဆီသို့ ဦးတည်ကာလျှောက်လာပြီး နီးကပ်လာသောအခါ “အစ်ကိုရှန်၊ နေ့လယ်စာ စားဖို့ အချိန်ရောက်ပြီလေ” ဟု ပြောလိုက်လေသည်။ ရှန်စန်း၊ ကျန်းအာ့ကော၊ လီစစ် နှင့် ဝမ်ချွန်းတို့သည် ထိတ်လန့်သွားကြသည်။ ပါးစပ်အဟောင်းသားနှင့်ပင်။ သူတို့ မတွေ့လိုက်ရသည့် နှစ်လ သုံးလ အတွင်းတွင် ဆုဝန်သည် လုံးဝ အခြားသူကဲ့သို့ ပြောင်းလဲသွားခဲ့ပေသည်။
ထိုလေးယောက်သာမက စိုက်ခင်းရှိ လူများအားလုံးတို့သည်လည်း အံ့သြ မှင်တက်၍ သွားကြပေသည်။
မည်းမည်းတူးတူး အရုပ်ဆိုးဆိုး စုတ်စုတ်ပေပေ ယခင်က ဆုဝန် ဟုတ်ပါပေစ။ အဝတ်အစားများနှင့် အသားအရေကို ကြည့်လျှင် လုံးဝ မတူညီပေ။ သို့သော မျက်လုံးမျက်ခုံးများကတော့ ယခင်အတိုင်းပင် ဖြစ်သည်။ သူမ၏ အသားအရေသည် ပို၍ဖြူဝင်းလာပြီး သူမ၏ ဆံပင်နှင့် အဝတ်အစားများသာ လိုက်လျောညီထွေစွာ ပြောင်းလဲသွားခြင်း ဖြစ်ပေသည်။
အမျိုးသမီးအများစုနှင့် အမျိုးသမီးဝမ်သည် ထိုနေ့က ရှန်အိမ်တော်သို့ သွားခဲ့ကြသည်။ ထို့ကြောင့် သူမတို့သည် ဆုဝန်အတန်ငယ် ကြည့်ကောင်းလာကြောင်းကို သိပြီးဖြစ်ကြသည်။ သို့သော် သတင်းကောင်းမည်သည် ကျော်ကြားရိုးထုံးစံမရှိ။ မကောင်းသော သတင်းများကိုသာ အတင်းအဖျင်းအနေနှင့် ပြောကြ ပျံ့နှံ့ကျော်ကြားကြမြဲ ဖြစ်ပေသည်။ ထို့ကြောင့် သူမတို့သည် ဆုဝန် ကြည့်ကောင်းလာကြောင်းကိုတော့ မပြောကြပါချေ။
ထို့ကြောင့် ရွာသာားများသည် ဆုဝန်၏ ယခုပုံစံကို ခုမှ မြင်တွေ့ကြရခြင်း ဖြစ်ပေသည်။
ဆုဝန်သည် ရှန်လင်းနံဘေးသို့ လျှောက်လာပြီး သူမယူလာသော ထမင်းဘူးကို ဖွင့်လိုက်သည်။ ပထမဦးစွာ အဝတ်အစိုကို ရှန်လင်းအား ကမ်းပေးလိုက်ကာ “အစ်ကိုရှန် ထမင်းမစားခင် လက်တွေကို အရင်သုတ်နော်” ဟု ပြောလိုက်လေသည်။ တောင်ကြားမြေပြင်တွင် ထိုင်နေသော ရှန်လင်းသည် ခေါင်းမော့ကြည့်လိုက်ပြီး အဝတ်အစို လှမ်းပေးနေသော ဆုဝန်ကို မြင်သောအခါ “ငါနေ့လယ်ကျရင် ဘာမှ မစားတော့ဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား” ဟု ပြောလိုက်သည်။
ဆုဝန်ကမူ သုံးဆင့်ချိုင့်အဝိုင်းကြီးကို ဖွင့်ရင်း ပြောလိုက်သည်။ “အစ်ကိုက နေ့လယ်စာ မစားဘူးဆိုရင် နေ့လယ်ဘက် အလုပ်လုပ်ဖို့ ဘယ်လိုလုပ် အားရှိမှာလဲ အစ်ကိုရဲ့။ လုပ်ပါ”
ဆုဝန်သည် ချိုင့်ကို ဖွင့်လိုက်သောအခါ အသားပြားကြော်များသည် တစ်ချိုင့်လုံး ပြည့်နေပေသည်။ ရွာရှိလူများသည် အသားဟင်းချက်တိုင်း အသီးအရွက်အများကြီးဖြင့် ရောတတ်ကြသည်။ ထိုသို့ရောခြင်းဖြင့် တစ်နပ်တည်း စား၍ကုန်နိုင်သော အသားများကို သုံး လေး ငါးနပ်အထိ စားနိုင်ခြင်းကြောင့်ပင် ဖြစ်ပေသည်။
ဆုဝန် ရှန်လင်းအဖို့ ယူလာပေးသော အသားချိုင့်သည် အသီးအရွက် မပါချေ၊ အသားပြားများသည် အဆီများလဲပါပြီး ပါးလွှာသည်။ ကြော်ထားသည်ကို ကြည့်ရသည်မှာ အပြင်တွင် ကြွပ်ရွနေပြီး အတွင်းဘက်တွင် နူးညံ့နေမည့်ပုံ ပေါ်ပေသည်။
ရှန်စန်း၊ ကျန်းအာ့ကောနှင့် အခြားလူများသည် အလွန်ထိတ်လန့်သွားကြသဖြင့် အချိန်အတန်ကြာ ပုံမှန် ပြန်မဖြစ်ကြသေးပေ။ ပထမတစ်ခုမှာ ပြောင်းလဲသွားသော ဆုဝန်၏ ပုံပန်းသဏ္ဌာန်ကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာ ဆုဝန် ယူလာပေးသော ဝက်သားပြားကြော်ကြောင့် ဖြစ်ပါပေသည်။
ရှန်စန်း၏ စိတ်ထဲတွင် အလွန်ပြင်းပြင်းထန်ထန် မနာလို ဖြစ်လာပေသည်။ သူသည် ရှန်လင်းကို အချိန်အတော်ကြာ အထင်အမြင်သေးခဲ့သည်။ သို့သော် ယခုတွင် ရှန်လင်းသည် ဤကဲ့သို့ မိန်းမလှလေးနှင့် တစ်မိုးအောက်တည်း အတူတူနေရသည့်အပြင် ဤသို့ အဖိုးတန်အသားများကိုပါ စားနိုင်ပေသည်။
ရှန်စန်းသည် ရုတ်တရက် ရှန်လင်းကို မေးလိုက်သည်။
“ဘာလို့ ဒီလို အသားတွေကို မင်းတစ်ယောက်တည်းပဲ စားနေရတာလဲ။ မင်းရဲ့ အဘိုးအဘွားတွေကို အရင်ဆုံး ပို့ရမှာ မဟုတ်ဘူးလား”
ဆုဝန်ကမူ အေးဆေးစွာ ရှန်စန်းအား ပြန်၍ ပြောပေသည်။
“အစ်ကိုရှန်စန်း၊ အစ်ကိုက အစ်ကိုရှန်လင်းနဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ပုံပဲ။ အစ်ကိုရှန်လင်းက မနက်မသွားခင်ကတည်းက ညီမကို အဘိုးရှန်နဲ့ အဘွားရှန်အတွက် အစားအစာတွေ လုပ်ထားဖို့ ပြောခဲ့ပြီးသားပါ။ အဘိုးရှန်နဲ့ အဘွားရှန်က အသက်လဲ အရမ်းကြီးနေပြီ မဟုတ်လား။ နေ့လယ်စာစားဖို့ အချိန်ရောက်တော့ အစ်ကိုရှန်လင်းဆီ အရင်လာလိုက်တာ။ ဘာလို့ဆို ခုက ကောင်းကောင်း စားသောက်ရမဲ့အချိန်လေ။ အစ်ကိုရှန်လင်းက အဘိုးရှန်နဲ့ အဘွားရှန်ဆီ ယူသွားပြီး တာဝန်ကျေတဲ့ မြေးတစ်ယောက် ဖြစ်ကြောင်း ပြပါလိမ့်မယ်”
ဆုဝန်သည် ပြောရင်း သူမသုံးဆင့်ချိုင့်၏ ဒုတိယအဆင့်ကို ဖွင့်လိုက်သောအခါ ဝက်သားပြားကြော်များ ထွက်လာပေသည်။
လူအများကြီးကလဲ အဘိုးရှန်နှင့် အဘွားရှန်အား အစားအစာ ပေးပို့ရမည်မှာ သာမန်ကိစ္စရပ်ပင် ဖြစ်သည်။ သူတို့ စားခြင်းမစားခြင်းသည် သူတို့ရှန်လင်းအား ကိုယ်ပိုင်မြေးလိမ္မာလေးအဖြစ် သတ်မှတ်ခြင်း မမှတ်ခြင်းပေါ် မူတည်နေလေသည်။
ရှန်စန်းသည် တံတွေးမျိုချလိုက်သည်။ သူ့အဘိုး အဘွားများအတွက်သာဖြစ်လျှင် သူလဲ စားနိုင်လေသည်။
ဆုဝန်၏ အသံသည် မတိုးပါ။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ လူများအားလုံးသည် ရှန်လင်းက သူ့အဘိုးနှင့် အဘွားအတွက် ဆုဝန်အား အထူးချက်ပြုတ်ခိုင်းကြောင်းကို ကြားကြပေသည်။
အချို့ရွာသားများသည် သူတို့ရင်ထဲတွင် တီးတိုးရေရွတ်နေကြပေသည်။ အဘယ်ကြောင့် ရှန်လင်းကို တာဝန်မသိတတ်သော မြေးဟု သတ်မှတ်ကြပါသနည်း။ သူသည် သူ့မိသားစုက စားဖို့ သေချာ မတတ်နိုင်တာတောင် သူ့အဘိုးအဘွားတို့အတွက် အထူးတွေးပေးနေသေးသည်။
ယန်ဝူက အော်လိုက်သည်။ “မဆိုးပါဘူး။ ရှန်လင်းရေ၊ ငါတောင် မင်းအရင်က အဘိုးအဘွားတွေအတွက် ထုပ်ပိုးပြီး သယ်သွားတာတွေ ပြေးသတိရမိသေးသား”
ယခင်က ရှန်လင်းတို့မိသားစု အစားကောင်းကောင်း စားရစဥ်တိုင်း ရှန်လင်းသည် သူ့အဘိုးအဘွားတို့ထံ ပို့လေ့ရှိသည်။ ပူပူနွေးနွေး စားရစေရန် ရည်ရွယ်ပြီး သေချာတင်းကြပ်စွာ ထုပ်ပိုးသွားသဖြင့် အပြင်လူများက ရှန်လင်းအစားအသောက်များ ပို့ကြောင်းကို မသိကြပါချေ။ ထိုနည်းတူစွာပင် အားလုံးက ရှန်လင်းသည် သူ့အဘိုးနှင့်အဘွား အစားကောင်းကောင်းစားရဖို့ တွေးကြောင်းကိုလဲ မသိကြချေ။
ဆုဝန်သည် ယန်ဝူအား ပြုံးပြပြီး ကျယ်ကျယ်လေး ပြောလိုက်သည်။ “အစ်ကိုရှန်လင်းကလေ သူ့အဘိုးနဲ့ အဘွားကို ဘာပို့ရမလဲပဲ အမြဲတွေးနေတော့တာ။ အမြဲ အဘိုးအဘွားတို့အတွက် အသားကောင်းတွေကိုလဲ ထုတ်သွားပေးတယ်လေ၊ ဒီနေ့ အိမ်မှာ အသားကောင်းတွေ ကြော်စားတော့လဲ အစ်ကိုရှန်လင်းက သူ့အဘိုးနဲ့ အဘွားကို ပေးဖို့ မေ့နေမယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ အစ်ကိုရယ်”
ထိုအချိန်တွင်မှ အားလုံးက ရှန်လင်းတို့အိမ်တွင် အသားကောင်းကောင်းစားရတိုင်း အဘိုးရှန်နှင့် အဘွားရှန်တို့အား ပို့ဖို့ မေ့နေသည်မှာ မဖြစ်နိုင်ကြောင်းကို သိလိုက်ကြရသည်။ သူတို့သည် ရှန်လင်း အစားအသောက်ပို့သည်ကို မမြင်ဖူးလိုက်ကြသော်လည်း သူသည် တစ်ခုခုကို သယ်သွားတတ်သည်ကိုတော့ သိကြပေသည်။ ထိုအရာမှာ သေချာစွာ ထုပ်ပိုးထားသော အသားများပင် ဖြစ်ပေလိမ့်မည်။
ရှန်လင်းသည် အလွန်ဆင်းရဲသွားသော်လည်း အဘိုးရှန်နှင့် အဘွားရှန်ကို ထိုသို့ ပို့နေဆဲဖြစ်သောကြောင့် သူတို့သည် ရှန်လင်းအား တာဝန်မကျေပွန်သူ မြေးမိုက်အဖြစ် ဆူရန်မသင့်ကြောင်း သိလိုက်ကြပေသည်။
ဆုဝန်သည် အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ရှန်လင်းသည် သူပိုင်သည့် အသားများအဖြစ် သူ့ဘိုးဘွားများထံ ယူသွားရမည့် လုပ်ရပ်က မှားသည်။ မယူသွားပေးလျှင် ပို၍ အမှားဖြစ်ပေမည်။ ရွာသားများသည် မည်သူ့အသားဖြစ်သည်ကို စိတ်မဝင်စားကြပါ။ သူတို့မြင်သည့် တစ်ခုတည်းသောအရာမှာ ရှန်လင်းသည် အသားရှိနေလျှင် သူ့ဘိုးဘွားများထံသို့ ယူသွားပေးခြင်း ရှိမရှိသာ ဖြစ်ပေသည်။
ရှန်စန်းသည် တံတွေးပင် မျိုချလိုက်ပေသည်။ သူ့အရှေ့တွင် ရှိနေသော အရသာရှိလှသည့် အသားသည် ဤတောင်ကြားတစ်ခုလုံးတွင် အလှပဆုံးမြင်ကွင်းပင် ဖြစ်ပေသည်။
ယနေ့တွင် ဆုဝန်သည် နတ်မိမယ်လေးတမျှ လှပ၍နေသည်။ မြင်တွေ့နေကျဖြစ်သည့် ချင်းရှီရွာမှ တရားဝင် ရယူနိုင်သော အမျိုးသမီးလေးများနှင့် လူချမ်းသာမိသားစုမှ အမျိုးသမီးငယ်များထက်ပင် ပို၍ လှနေပေသည်။
ရှန်စန်းသည် ဆုဝန်အား မထင်မှတ်ထားဘဲ ယဥ်ယဥ်ကျေးကျေး ပြောလိုက်ပေသည်။
“အဘိုးအဘွားတို့ဆီ ပို့ဖို့ ရှန်လင်းကို ကူညီပေးပြီးရင် ထိုင်ပြီး အိမ်ကကြက်သားဟင်းလဲ နည်းနည်းစားသွားပါဦး။ မြန်မြန်လေး အစ်ကိုနဲ့ သွားကြရအောင်။ ကြက်သားဟင်း နည်းနည်းကျန်ဦးမှာပါ”
ဆုဝန်သည် ရှန်လင်းအား ပြုံးပြပြီးမေးလိုက်သည်။ “တို့တွေ ပိုကြီးတဲ့ ဒီပန်းကန်ကို အဘိုးအဘွားတို့ဆီ သွားပို့ကြမလား”
ရှန်လင်းက ခေါင်းညိတ်ပြလိုက်သည်။
ဆုဝန်က “ဒါဆို အဘိုးရှန်နဲ့ အဘွားရှန်ကို သွားပို့ရင် ညီမအဖော်ပြုပြီး လိုက်ခဲ့ပေးပါမယ်” ဟု ပြောလိုက်သည်။
ဆုဝန်သည် ပိုကြီးသော အသားကြော်ပန်းကန်ကို ရှန်လင်းအားပေးလိုက်ပြီး လယ်ကွင်းထဲမှ အဘိုးရှန်တို့ မိသားစုထံသို့ ရှေ့မှ လျှောက်လာခဲ့လေသည်။
ရှန်လင်းကမူ အသားပြားကြော်ပန်းကန်ကို ကိုင်ပြီး ဆုဝန်၏ နောက်မှ လိုက်လာခဲ့လေသည်။
ရှန်စန်းက “ဟေ့ကောင် ရှန်လင်း မင်းသွားစရာမလို...”ဟု အော်ရင်း ကျန်ခဲ့လေသည်။
ဆုဝန်က ခေါင်းလေးလှည့်ကာ ပြုံးပြရင်း ပြောလိုက်သည်။ “အစ်ကိုရှန်စန်း၊ အစ်ကိုရှန်လင်းက သူ့အဘိုးအဘွားတွေကို သူကိုယ်တိုင် သွားနှုတ်ဆက်သင့်တယ်မလား၊ ညီမတစ်ယောက်တည်း သွားလို့ မရဘူးလေနော်။ အဲဒါကြောင့်ပါ”
ရှန်လင်းတို့မိသားစုစိုက်ခင်းမှ အဘိုးရှန်တို့ မိသားစုစိုက်ခင်းသို့ သွားလျှင် မိသားစုနှစ်စု၏ စိုက်ခင်းကြီးနှစ်ခင်းကို ဖြတ်ရန် လိုအပ်ပေသည်။ လမ်းနှစ်ဖက်နှစ်ချက်လုံးတွင်လည်း အခြား စိုက်ခင်းကြီးများ အများအပြားရှိချေသည်။
ချင်းရှီရွာမှ လူများတွင် စိုက်ခင်းအများကြီးမရှိပါ။ စိုက်ခင်းအများကြီးမရှိလျှင် ကောက်ပဲသီးနှံများ အများကြီးလဲ မထွက်နိုင်ချေ။ ထိုသို့ ကောက်ပဲသီးနှံအများကြီး မရှိလျှင် စိုက်ခင်းများသည်လည်း အကြီးကြီး ဖြစ်နေမည်မဟုတ်ချေ။ ထို့ကြောင့် စိုက်ခင်းများအကြား အကွာအဝေးသည် အလွန်နီးကပ်နေရခြင်း ဖြစ်ပေသည်။ ရှန်လင်းလက်ထဲမှ အသားပြားကြော်ပန်းကန်ကြီးကို ဂူချန်းရွာရှိလူတိုင်းက တွေ့ကြပေသည်။ ထိုဝက်သားပြားကြော်များသည် ကြွပ်ရွနေပြီး အင်မတန်ဆွဲဆောင်မှု ရှိလှပေသည်။
ရွာသားများသည် သူတို့တံတွေးကို မျိုချနေရပေသည်။ အသားစားခြင်းသည် အပိုသုံးဖြုန်းခြင်းဖြစ်ပြီး အသားပြားကြော် စားခြင်းသည် ဖြုန်းတီးရာရောက်ပေသည်။
အသားသည် များများစားစားမဟုတ်သော်လည်း အသီးအရွက်နှင့် ရေများများသာ ထည့်လိုက်ပါလျှင် ပို၍များသော ပမာဏကို ရနိုင်ပေလိမ့်မည်။ ဆုဝန်သည် စျေးကြီးလှသော ဆီများကို အသားကြော်ရန် သုံးခဲ့ပေသည်။ အသားပြားကြီးများသည် အချိန်တော်တော်ကြာ ကြော်ပြီးနောက် ဆီပမာဏ အများကြီးကို စုပ်ယူလိုက်ပေလိမ့်မည်။ ကောင်တီမှလူများသည် ပိုက်ဆံရပြီးနောက် ငွေအများကြီး သုံးပစ်သည်ကို ကြားပင် မကြားဖူးကြပါပေ။
သို့သော် အဓိကအချက်မှာ ဆုဝန်သည် ငွေအမြောက်အမြားကို သုံးစွဲလိုက်ခြင်းပင် ဖြစ်ပေသည်။ ရှန်လင်း၏လက်ထဲမှ အသားပြားကြော်များသည် အလွန် အချိုးကျလှသည်။ ရွာသားများတို့သည် လုံးဝဗိုက်ဆာလာကြပြန်သည်။ ဗိုက်ပြည့်အင့်နေအောင် မစားရသေးသော ရွာသားများကလဲ သူတို့လက်ထဲတွင် အစားအစာများ အပြည့်ရှိကြသကဲ့သို့ ခံစားလိုက်ကြရသည်။ ပြောင်းဖူးပေါင်မုန့်များနှင့် အသီးအရွက်ကြော်များမှာ ဝက်စာနှင့်ပင် တူပေသည်။
ရှန်လင်းနှင့် ဆုဝန်တို့ အဘိုးရှန်တို့ စိုက်ခင်းထဲသို့ ရောက်လာကြသောအခါ ဆုဝန်က ပြောသည်။
“အဘိုးရှန်၊ အဘွားရှန် အစ်ကိုရှန်လင်းက အဘိုးအဘွားတို့ကို အသားပြား လာပို့ဖို့ ရောက်လာတာပါ”
ဆုဝန်၏ စကားအဆုံးတွင် ရှန်လင်းသည် အဘိုးရှန်နှင့် အဘွားရှန်တို့၏ ရှေ့မှောက်သို့ အသားပန်းကန်ကိုင်၍ ရောက်လာပေသည်။ အမျိုးသားများသည် အမျိုးသမီးများထက် မြင့်မြတ်သည်ဟု အယူရှိသည့်အတွက် အမျိုးသားများက အစားအစာပေးရသည်မှာ သင့်လျော်ပေသည်။
အဘိုးရှန်သည် သူ့တံတွေးကို မျိုချလိုက်သည်။ သို့သော် ခေါင်းကို တစ်ဖက်သို့ လှည့်ပြီး ပြောလိုက်ပေသည်။
“မစားရဲပါဘူး၊ အကယ်၍ငါသာစားလိုက်ရင် ဒီတာဝန်မသိတတ်တဲ့ မြေးမိုက်ကို ငွေပေးနေရဦးမယ်” အဘိုးရှန်သည် မနေ့က ဆုဝန်၏ ဝက်နံရိုးနှပ်များကို စားပြီး ပိုက်ဆံတောင်းခံရသည်ကို မှတ်မိနေသေးသည်။
တစ်ရာပဲနိအတွက်နှင့် သူသည် သူ့ကိုယ်သူဂုဏ်မြှင့်ကာ ရှန်လင်းကို အရှက်ရစေချင်နေသည်။
ထိုအချိန်တွင် တောင်ကြားလယ်ကွင်းတွင်ရှိကြသော ရွာသားများအားလုံး၏ အာရုံစိုက်မှုများသည် ရှန်မိသားစုအပေါ်သို့ ကျရောက်လာပေသည်။ အဘိုးရှန်ပြောသည်ကို ကြားသောအခါ ရွာသားများသည် “သူတို့က အဘိုးရှန်ဆီကနေ ပိုက်ဆံတောင်းတာတဲ့လာား။ တကယ့်ကို ကျေးဇူးမသိတတ်တာတွေပဲ” ဟု တွေးကုန်ကြသည်။ ဆုဝန်က ပြုံးပြီး ပြောလိုက်သည်။
“အဘိုးရှန်၊ အဘိုးပြောတဲ့ပုံကို ကြည့်ပါဦး။ မသိတဲ့လူတွေကြားရင် အဘိုးတို့ အစ်ကိုရှန့်ဆီက အစားအစာ စားတိုင်း အစ်ကိုရှန်က ပိုက်ဆံတောင်းတယ်လို့ ထင်နေကြပါဦးမယ်။ အဘိုးက အစ်ကိုရှန့်ကို ဒီလို တာဝန်မသိတတ်တဲ့ လူအဖြစ် အတင်းကြီး တွန်းပို့ နေသလိုပါပဲ”
ရွာသားများသည် သူတို့ဘာသာ တွေးလိုက်ကြသည်။ သူတို့မသိသေးသော ဖုံးကွယ်ထားသည့်အရာ တစ်ခုခု ရှိနေခြင်း ဖြစ်ပါသလော။
အဘိုးရှန်ကမူ ခပ်မြန်မြန်ပင် ပြန်၍ပြောလိုက်သည်။ “မဟုတ်ဘူးလား။ ဒီအဘိုးကြီးငါက မနေ့က ရှန်လင်းတို့အိမ်မှာ ဝက်နံရိုးနှပ်စားဖို့သွားတာကို နင်က ငါတို့ဆီက ကြေးပြားတစ်ရာ တောင်းတယ်လေ။ ဒါကို ငြင်းချင်သေးတာလား” အဘိုးရှန်၏ ပါးစပ်မှ ထွက်လာသော အသံသည် ကျယ်လောင်ပြီး စူးရှလှသည်။
တောင်ကြားစိုက်ခင်းထဲမှ မိသားစုများသည် သူတို့ကိုယ်ပိုင် စိုက်ခင်းများတွင်ထိုင်ကာ အစားအသောက်စားရင်း ရှန်မိသားစုတို့ပြောသည်ကို နားထောင်နေကြသည်။ အချို့မိသားစုများမှာ သူတို့ရှန်မိသားစု ပြောသည်ကို ကြားပင် မကြားကြပါချေ။
အဘိုးရှန်၏ အော်သံကိုကြားသောအခါ ရွာသားများသည် သူတို့ထမင်းပန်းကန်များကို ကိုင်လျက် အဘိုးရှန်တို့ စိုက်ခင်း၏ အစွန်ဘက်သို့ ရောက်လာကြပေသည်။
အဘိုးရှန်သည် ပို၍ပင် အားတက်လာသည်။ လူများများရှိနေ၍ အားများများပိုရှိပေသည်။ လူတိုင်းက ရှန်လင်းအား တာဝန်မကျေသော မြေးအဖြစ် စွပ်စွဲပြောဆိုနေကြသည်။ သူသည် သူတို့နှစ်ယောက်ဆီက ပိုက်ဆံတောင်းပြီး ဤသို့ နစ်နာကြောင်း စွပ်စွဲမှုများမှ ရှောင်ပြေးနိုင်မလားဆိုတာကို ကြည့်ပင် ကြည့်ချင်သေးပေသည်။
ဆုဝန်၏ အသံသည်လည်း အနည်းငယ် ကျယ်သွားသည်။
“အဘိုးရှန် အဘိုးက အစ်ကိုရှန်နဲ့ပတ်သက်ပြီး တော်တော်ကြီးကြီးမားမား အထင်လွဲနေတာပဲ။ အစ်ကိုရှန်က အဘိုးရှန်နဲ့ သားကြီးရှန်အပေါ် တော်တော့်ကို တာဝန်ကျေတဲ့သူပါ။ မနေ့က ညစာအတွက် ကျွန်မ ပိုက်ဆံတောင်းတယ်ဆိုတာကလဲ ဝက်နံရိုးတွေကို ကျွန်မဝယ်လာတာ ဆိုတော့ အဲဒါတွေက အစ်ကိုရှန့်ဟာတွေ မဟုတ်ဘူးလေ။ အဘိုးတို့တွေက ကျွန်မရဲ့ နံရိုးအပိုတွေကို စားလိုက်တာဆိုတော့ ကျွန်မက သားကြီးရှန်တို့ဆီကနေ ပိုက်ဆံပြန်မတောင်းသင့်ဘူးလားရှင်။ မိဘမဲ့ ဆွေမျိုးမဲ့ မိန်းကလေးတစ်ယောက်ဆီက နံရိုးဟင်းကို အလကားတော့ မစားသင့်ဘူးလေ။ ဟုတ်တယ်မလား”
အဘိုးရှန်သည် ငိုချင်သွားသော်လည်း မျက်ရည်များပင် မရှိတော့ချေ။ ဤမိန်းမယုတ်လေးက ကလိမ်ကကျစ်နှင့် လှည့်ဖြားသော စကားများကို ထပ်ပြောနေပြန်ပြီ။
အဘိုးရှန်သည် ခပ်မြန်မြန်လေးပြောလိုက်သည်။ “သွား သွား ဒီပန်းကန်ပြန်ယူသွား ငါတို့နင်တို့ဆီက အစာ မစားရဲပါဘူး”
သူသည် ကြိုးစားသော်လည်း ပြန်၍ မပေးနိုင်ပေ။
ဆုဝန်သည် ရှန်လင်း၏ လက်ထဲမှ ဝက်သားပြားကြော် ပန်းကန်ကို ယူလိုက်ပြီး ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။
“ အဘိုးရှန်၊ ဒီနေ့ ဝက်သားပြားကြော်က မနေ့က ဝက်နံရိုးကြော်နဲ့ မတူပါဘူး။ မနေ့က ဝက်နံရိုးနှပ်က အစ်ကိုရှန်စားဖို့အတွက် ရည်ရွယ်ပြီး ကျွန်မချက်ထားတာ ဖြစ်တဲ့အတွက် အဲဒါက ကျွန်မအပိုင် ဝက်နံရိုးဟင်းပါ။ ဒါပေမဲ့ ဒီနေ့ဝက်သားပြားကြော်ကတော့ အစ်ကိုရှန့်ကို ပေးပြီးသားမလို့ အစ်ကိုရှန်ပိုင်တဲ့ ဝက်သားပြားကြော်ပေါ့။ အစ်ကိုရှန်ပိုင်တဲ့ ဝက်သားပြားကြော်ဖြစ်တဲ့အတွက် သာမန်အတိုင်း အစ်ကိုရှန်က သူ့မိသားစုက လူကြီးတွေကို ဦးချ ဂုဏ်ပြုချင်တယ်ဆို အစ်ကိုရှန့် သဘောအတိုင်းပါပဲ။ ဒါကြောင့် ဒီအတွက်တော့ ပိုက်ဆံတောင်းမှာ မဟုတ်ပါဘူး”
ချုပ်ပြောရလျှင် ဤဝက်သားပြားကြော်သည် ရှန်လင်း၏ အပိုင်ဖြစ်သည်။ ထို့ကြောင့် အဘိုးရှန်နှင့် အဘွားရှန်တို့ ကို ကျွေးမွေးသင့်ပေသည်။
အဘိုးရှန်သည် ဆုဝန်ကို မကျေမနပ်တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဟုတ်ပြီလေ။ ဒါဆို အဲ့အသားပြား ပန်းကန်ကို အောက်ချထားလိုက်”
ထိုသို့ပြောပြီးနောက် အဘိုးရှန်သည် သူ့သားကြီးနှင့် တတိယမြေးတို့ကို ခေါ်ကာ “သားကြီးနဲ့ မြေးလေးရေ လာပါဦးကွ၊ အသားလာစားလေ” ဟု ပြောလိုက်လေသည်။
အဘိုးရှန် ထိုသို့ပြောသည်ကို ကြားသည်နှင့် ဆုဝန်သည် ချထားသော ပန်းကန်ကိုပြန်ယူပြီး လက်ကို ပြန်ရုတ်ချင်သွားသည်။
အဘိုးရှန်ကမူ ဘာဖြစ်သွားမှန်းမသိ မွန်းကြပ်၍ သွားသည်။
ဆုဝန်သည် အသားကြော်ပန်းကန်ကို ပြန်ယူလိုက်ပြီး “အဘိုးရှန်၊ အဘွားရှန် ။ အစ်ကိုရှန်လင်းက အဘိုးအဘွားတို့နှစ်ယောက်ကို ပေးတာပါ။ ဦးလေးနဲ့ တတိယအစ်ကိုရှန်ကို ပေးတာမှ မဟုတ်ဘဲ” ဟု ပြောလိုက်သည်။
အဘိုးရှန်က “ရှန်လင်းနဲ့ သူ့ဦးလေးဆိုတာမိသားစု တစ်ခုတည်းပဲ။ ရှန်လင်းမှာ အသားရှိတယ်ဆို သူ့ဦးလေးနဲ့ သူ့ဝမ်းကွဲကိုလဲ ကျွေးမွေးရမှာပဲလေ။ ညည်းဘာတွေ ဝင်ပြောနေတာလဲ” ဟု ပြောလေသည်။ ဆုဝန်သည် သူ့မနံဘေးမှ ရှန်မိသားစု၏ ချွေးမကြီးဖြစ်သူကို ကြည့်ပြီး ပြောလိုက်သည်။
“ဒေါ်လေးရှန်၊ ဒီနေ့ နေ့လယ်စာကို ဘာသားနဲ့စားတာလဲ”
အဘိုးရှန်နှင့် သားကြီးရှန်ရှေ့ရှိ မြေပေါ်တွင် ကြက်ရိုးအချို့ ရှိနေသေးပေသည်။
ရှန်မိသားစု၏ ချွေးမကြီးဘာစကားမှ မပြောခင် ဆုဝန်က ရှန်လင်းကို မေးလိုက်သည်။ “အစ်ကိုရှန်၊ ဦးလေးရှန်ရဲ့နေ့လယ်စာက စားကောင်းရဲ့လားးဟင်” ကြည့်နေသောရွာသားများသည် ကြည့်နေရင်းပင် ပို၍စိတ်ဝင်စားဖို့ကောင်းပြီး ပျော်လာလေဖြစ်သည်။
ရှန်လင်းသည် အသားကို ယူလာသောအခါ သားကြီးရှန်တို့ မိသားစုကို ပေးရမည်ဟု ဆိုသည်။ သားကြီးရှန်တို့ မိသားစုက ယခု ကြက်သားဟင်းစားသောအခါ ရှန်လင်းသည် အရိုးလေး တစ်ချောင်းကိုပင် မမြင်လိုက်ရပါပေ။
အဘိုးအဘွားများအပေါ်တွင် တာဝန်ကျေရန် လိုအပ်သည်မှာ မှန်ပေသည်။ သို့သော် ဦးလေးရှန်တွင် သားသုံးယောက်ရှိသည် ဖြစ်သည်။ ထို့ကြောင့် တာဝန်ကျေပွန်ပြရန် မလိုအပ်ပါပေ။ မည်သည့်အကြောင်းပြချက်နှင့်မှ ရှန်လင်းသည် သူ့ဦးလေးတို့ မိသားစုအပေါ်တွင်တော့ တာဝန်ကျေပွန်ပြရန် မလိုအပ်ပေ။
အကယ်၍ သူသည် သူ့ထက် အကြီးအားလုံးအား ရိုသေသမှု ပြုနေရပါလျှင် သူသည် ဘဝတွင် ကောင်းကောင်းမွန်မွန် နေရတော့မည် မဟုတ်ပါချေ။
ရှန်မိသားစု စိုက်ခင်း၏ ဘေးဘောင်တွင်ထိုင်နေသော ယန်ဝူသည် ရယ်ပြီး ထပ်မံ၍ အော်လိုက်လေသည်။
“အိုး၊ ငါအခု နားလည်သွားပြီ။ ဦးလေးရှန်တို့ အသားဟင်းစားရင်တော့ ရှန်လင်းနဲ့ သူတို့က သပ်သပ်မိသားစုတွေ ဖြစ်ပြီး၊ ရှန်လင်းတို့ အသားဟင်းစားရင်တော့ မိသားစု တစ်ခုတည်းတွေပေါ့လေ။ ဒီစီးပွားရေးမျိုးက တော်တော်အကျိုးမြတ်ရမှာမျိုးပဲ”
ဆုဝန်သည် ယန်ဝူ၏ ဇာတ်ကောင်ကို မှတ်မိသည်။ ဤယန်ဝူသည် သဘောထားကြီးသော ဇာတ်ကောင် ဖြစ်သည်။ သူသည် သူလျှောက်သောလမ်း ကြမ်းတမ်းနေပါစေ သူ့ဓားကိုတော့ မထုတ်တတ်သော သူဖြစ်သည်။ သို့သော် သူသည် နှစ်ကြိမ်လောက်တော့ အော်ဟစ် ဆဲဆိုနိုင်ပေသည်။
ယန်ဝူတို့မိသားစုတွင် ညီအစ်ကိုခြောက်ယောက်နှင့် ညီမငယ်လေးတစ်ယောက် ရှိပေသည်။ သူတို့မိသားစုတွင် ပထမဆုံး သားကြီးသုံးယောက် လက်ထပ်ပြီးနောက် မိသားစုသည် ဘာမှမရှိအောင် ဆင်းရဲမွဲတေသွားလေသည်။
ရွာထဲတွင် အိမ်ပိုင်ရော မြေပိုင်ပါ မရှိပါ။ သူတို့သည် လက်ထပ်ရမည့် အသက်အရွယ်ထက် အများကြီး ကျော်လွန်ခဲ့ကြပြီး ဖြစ်သော်လည်း လက်မထပ်ကြရသေးပေ။
ယန်ဝူသည် သူ့စားဝတ်နေရေးအတွက် ပိုက်ဆံအချို့ရနိုင်ရန် ကောင်တီမြို့ထဲ၌ ကူလီလုပ်သည်။ စိုက်ခင်းနှင့် ပတ်သက်၍ အလုပ်များသော အချိန်တွင်မူ သူသည် အိမ်၌ ကူညီလုပ်ကိုင်ပေးလေသည်။
ယန်ဝူ၏ ဂုဏ်သတင်းသည်လည်း မကောင်းသော်လည်း ရှန်လင်းလောက်တော့ မဆိုးရွားပါချေ။ ယန်ဝူ၏ ဂုဏ်သတင်းဆိုးခြင်းမှာ အရူးကဲ့သို့ ရူးကြောင်ကြောင်နိုင်ခြင်းနှင့် သူ့အလုပ်ကို သင့်တင့်လျောက်ပတ်စွာ တစိုက်မတ်မတ် မလုပ်သောကြောင့်သာ ဖြစ်ပေသည်။
ယန်ဝူသည် ထိုစကားများကို အော်ပြောနေစဥ် ပတ်ဝန်းကျင်မှ ရွာသားများက နားထောင်ရင်း တွေးနေကြပေသည်။ ဤသို့သာဆိုလျှင် အဘိုးရှန်နှင့် အဘွားရှန်တို့သည် တကယ့်ကို ခွဲခြား ခွဲခြား နိုင်လှသည်။
ရှန်လင်းကမူ “အဆင်ပြေပါတယ် ညီမဆုဝန်” ဟုသာ ပြောလိုက်သည်။
သူသည် ထိုသို့ ပြောလိုက်သော်ငြား သူ၏ အိပ်မက်မှ နိုးထလာခဲ့သကဲ့သို့ ဖြစ်နေပေသည်။ သူသည် တစ်ချိန်လုံး တာဝန်ကျေပွန်စွာဖြင့် ဆွေမျိုးမိတ်သဟာများကို ဂရုစိုက်ပေးရမည် ဟုသာ တွေးခဲ့မိသည်။ သို့သော် သူ့ဆွေမျိုးများနှင့် သူ့ဦးလေးအရင်း ကိုယ်တိုင်ကပင် သူ့ကို ဂရုမစိုက်ကြပါချေ။ ဂရုစိုက်ဖို့ အတွေးပင် မရှိပါချေ။
လွန်ခဲ့သော နှစ်နှစ်က သူ့အဖေ ကွယ်လွန်သွားချိန်တွင် သူ့ဦးလေးသည် သူ့ကိုမကူညီရုံသာမက သူ့ဦးလေးကို ရှာရန်ပင် မကြာခဏသွားရှာရပေသည်။ ထိုသို့သော လူမျိုးကို ဆွေမျိုးဟုပင် ခေါ်ဆိုနိုင်ပါသလော။
ဆုဝန်က ဆက်ပြောသည်။ “အဘိုးရှန်၊ အဘွားရှန်။ ဦးလေးရှန်က အစ်ကိုရှန်လင်းကို သူတို့အသား စားနေကြတုန်းက မခေါ်ဘူးလေ။ အစ်ကိုရှန်လင်းရဲ့ အသားကို စားတော့လဲ ဘာလို့ သူတို့ကို ခေါ်ရမှာလဲ။ အဘိုးအဘွားတို့နှစ်ယောက်တည်းပဲ အစ်ကိုရှန်လင်းတို့အိမ်ရဲ့ စိုက်ခင်းကိုသွားပြီး အစ်ကိုရှန်လင်းနဲ့ အတူ သွားစားကြရအောင်”
ဘေးမှကြည့်သူများကလဲ ဤသည်မှာ မှန်သည်ဟု တွေးလိုက်ကြသည်။ ရှန်လင်းသည် သူ့အဘိုးအဘွားများကို ကျွေးမွေးလိုခြင်းဖြစ်သည်။ သို့သော် သူ့ဦးလေးနှင့် သူ့ဝမ်းကွဲများကိုပါ ကျွေးမွေးရန်တော့ အကြောင်းမရှိပါချေ။
“စားပြီးရင်လေ အစ်ကိုရှန်လင်းကို ပြောင်းစေ့ခြွေဖို့ ခဏလောက် ကူညီပေးကြပါလားဟင်။ သူက ပြောင်းတွေကိုရိတ်တာ သယ်တာ အကုန် တစ်ယောက်တည်း လုပ်နေတာ။ ပြီးတော့ ပြောင်းစေ့ချွေဖို့လဲ ကျန်သေးတယ်လေ။ ဒါတွေက မျောက်နှစ်မတိုင်ခင် ပြီးရမှာကို” ဆုဝန်သည် အဘိုးရှန်နှင့် အဘွားရှန်တို့အား ရှန်လင်း၏ အလုပ်ကို ကူညီပေးရန် မေးနေလေသည်။ တကယ်တော့ အလုပ်အများကြီးတော့ မဟုတ်ပါချေ။
“အဘိုးနဲ့ အဘွား ကျွန်တော်နဲ့အတူ ကျွန်တော့် စိုက်ခင်းဆီလိုက်ပြီး စားသောက်ပါဦး” ရှန်လင်းသည် နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။ သူသည် သူ့အဘိုးနှင့် အဘွားတွင် သူ့အပေါ် ဘိုးဘွားတို့က မြေးသားသမီးတို့အပေါ် ထားရှိသော လက္ခဏာ တစ်စွန်းတစ်စမျှင် ရှိသေးသလောဟု မေးခွန်းထုတ်ချင် သိချင်စိတ် ရုတ်တရက် ပေါ်လာလေသည်။
သူသည် ယခင်က အိမ်နှင့် ပတ်သက်သည့် ကိစ္စမှလွဲ၍ ကျန်သည့်ကိစ္စ အားလုံးတို့ကို သူ့အဘိုးနှင့်အဘွားတို့၏ ဆန္ဒအတိုင်း လိုက်နာခဲ့ပေသည်။ သူသည် သူ့အဘိုးနှင့် အဘွားတို့စကားအပေါ် တစ်ခါမျှပင် မေးခွန်းပြန်မထုတ်ဖူးပါချေ။
ယခုချိန်တွင်မူ သူသည်တောင်းဆိုမှုတစ်ခု လုပ်ချင်လာသည်။
ရှန်လင်းက ထပ်၍ပြောသည်။
“စားပြီးသွားလို့ရှိရင်လေ အဘိုးနဲ့အဘွား ကျွန်တော့်ကို အလုပ်လေး နည်းနည်း ဝိုင်းကူလုပ်ပေးလို့ရော ရမလားဟင်။ တစ်ယောက်တည်းဆိုတော့ တကယ်ကို အလုပ်မနိုင်တော့လို့ပါ”
ရှန်လင်းသည် ဤသို့ အားနည်းသည့်ပုံစံကို ယခင်က တစ်ခါမျှ မပြဖူးပါပေ။
--------------------