အပိုင်း (၂၁) ဝမ်လော့ရှန်း၏ ဂုဏ်ရည်
ထို့အပြင် ဝမ်လော့ရှန်းမှာ ပြန်ရောက်လျှင် ကြိတ်ဆုံရုံသို့ သွားရသည်ကြောင့် နေ့စဥ် စာလေ့လာရချိန်မှာ နည်းလှ၏။ ကြိတ်ဆုံရုံသို့ အလုပ်သွားလုပ်ပြီးနောက် ဝမ်လော့ရှန်းမှာ ပင်ပန်းနွမ်းနယ်ကာ စာထပ်သွားလေ့လာရန် အင်အားမရှိတော့ချေ။ သို့ဖြစ်ရာ ဝမ်လော့ရှန်းမှာ နေ့တိုင်း သွမ့်အိမ်တော်၌ ရှိနေသည့်အချိန်များတွင်သာ အေးချမ်းတိတ်ဆိတ်စွာ စာဖတ်ရှုနိုင်တော့သည်။
ဤအကြောင်းအရင်းကြောင့် ဝမ်လော့ရှန်းသည် သူ၏စာလေ့လာမှုမှာ ယခင်ကကဲ့သို့ ကြေညက်မှု မရှိတော့ဘဲ လိုအပ်ချက်များပင်ရှိလာသည်ဟု ခံစားရလာ၏။
သို့ပေသိ ဝမ်အဖေနှင့် ဝမ်ရှီးကမူ 'ရွှေကို မည်သည့်နေရာတွင် ထားထား၊ အရောင်တောက်ပမည်ပဲ'ဟု တွေးထင်နေကြသည်။ ဝမ်လော့ရှန်း အိမ်ကို နည်းနည်းလောက် ကူညီပေးရသည်က အဘယ်သို့ စာလေ့လာမှုကို နှောင့်နှေးစေနိုင်မည်နည်း။ ပတ်ဝန်းကျင်မှ အိမ်နီးချင်းများသည်လည်း ဝမ်လော့ရှန်းနှင့် ရွယ်တူပင်။ သူ့သားသည် အရွယ်ကောင်း၌ ကာယလုပ်သားများနှင့် ယှဥ်နိုင်နေပြီဖြစ်၏။
ဝမ်လော့ရှန်း စာလေ့လာရန်အတွက် နှစ်စဥ် မိသားစုမှ ငွေအမြောက်အများ ကုန်ကျရ၏။ သူသည်တော့ တစ်နေ့လျှင် နှစ်နာရီသာပဲ အလုပ်လုပ်ရန်လိုသည်ဖြစ်ရာ မဟာကံကောင်းခြင်း ဖြစ်နေပြီပင်။
ဝမ်လော့ရှန်းက နေ့တိုင်း အလုပ်လုပ်ရခြင်းသည် စာလေ့လာမှုကို ထိခိုက်စေသည့်အကြောင်း ထုတ်ပြောရန် ကြိုးစားလိုက်ချိန်တိုင်း ဝမ်အဖေက ဒေါသထွက်ကာ ဝမ်လော့ရှန်းကို 'မသိတတ်၊ မလိမ္မာဘူး။ မိဘများရဲ့ ပင်ပန်းဆင်းရဲမှုကိုနားမလည်ဘူး'ဟု ဆူပူကြိမ်းမောင်းတော့သည်။
ဝမ်လော့ရှန်းမှာ သူ့အတွေးများကို လက်လျှော့လိုက်ရုံမှလွဲ ရွေးစရာမရှိတော့ပေ။
ဝမ်လော့ရှန်းတို့မိသားစုမှာ ကြိတ်ဆုံရုံတစ်ရုံ ပိုင်ဆိုင်၏။ သူတို့သည် အနားပတ်ဝန်းကျင်ရှိလူများအတွက် စပါးနှင့်ဂျုံတို့ ကြိတ်ပေးကာ သုံးစွဲရန် ဝင်ငွေရှာရသည်။ တစ်မိသားစုလုံးက ဤကြိတ်ဆုံရုံမှ ရသည်နှင့် စားသောက်ရသည်ဖြစ်ရာ နှစ်စဥ် စားသောက်၊ ဝတ်ဆင်ရန် လုံလောက်ရုံမျှသာရှိ၏။ အကယ်၍ ဝင်ငွေများများ ပိုရှာချင်သည်ဆိုပါက ကြိတ်ဆုံရုံတွင် ပိုကြိတ်ရန် လိုအပ်ပေသည်။ သို့ဖြစ်ရာ ဝမ်အဖေ၏ မျက်လုံးထဲတွင်တော့ ဝမ်လော့ရှန်း နေ့စဥ် သွားကူညီသည့် နာရီများက ငွေပိုရှာနိုင်စေမည်ဖြစ်လေ၏။
ဆုဝန်အား အမြဲတစေ စိတ်ပျက်နေခဲ့သည့်ဝမ်လော့ရှန်းမှာ ယခုတော့ ဆုဝန်အိမ်တွင်ရှိနေပြီး သူ့အစား ကြိတ်ဆုံရုံသို့ နှစ်နာရီမျှ သွားကူပေးပါရန် မျှော်လင့်နေလျက်ရှိ၏။
ဝမ်လော့ရှန်းမှာ စိတ်ပျက်လက်ပျက်တော့ ဖြစ်မနေချေ။ ပြန်လည်မွေးဖွားလာသည့် ဝမ်လော့ရှန်းမှာ နှစ်အနည်းငယ်အတွင်း မိသားစုကြိတ်ဆုံရုံ၏ စီးပွားရေးမှာ တိုးတက်လာကာ ငွေအမြောက်အမြား ရှာနိုင်မည်ဖြစ်ကြောင်း သိနေခဲ့သည်။ အဲဒီအချိန်ကျ သူ ကြိတ်ဆုံရုံတွင် အလုပ်လုပ်ရန် လိုတော့မည် မဟုတ်သည့်အပြင် သူ့အဖေသည်လည်း အလုပ်လုပ်ရန် လိုတော့မည်မဟုတ်ပေ။ အကြောင်းမှာမူ ကြိတ်ဆုံရုံမှ အလုပ်များကို ငှားရမ်းထားသည့် အလုပ်သမားများက လုပ်မည်ဖြစ်ပြီး သူ့အဖေသည်တော့ ပိုင်ရှင်သာ လုပ်ရတော့မည်ဖြစ်သောကြောင့်တည်း။
ဝမ်လော့ရှန်းသည် မိသားစုစီးပွားရေး တိုးတက်လာမည်မှာ ယခုနှစ်တွင်လော၊ နောက်နှစ်တွင်လော တိတိကျကျ မမှတ်မိတော့ချေ။ လုပ်ငန်းမတိုးတက်ခင် စိတ်ဖိစီးရသည်မှာတော့ ဝမ်လော့ရှန်းမှာ အနှီကြိတ်ဆုံရုံသို့ နေ့တိုင်း သွားကူရန်သာ တတ်နိုင်ခြင်းပင်။
ဝမ်လော့ရှန်းသည်ကား လုပ်ငန်းတိုးတက်လာမည့်နေ့ အမြန်ဆုံးရောက်လာပါစေဟု မျှော်လင့်လျက်ရှိ၏။
ဝမ်လော့ရှန်း၏ နေ့ရက်များ ကမောက်ကမဖြစ်နေရစဥ်တွင် သွမ့်ကျင်းထျန်မှာတော့ ဆန့်ကျင်ဘက်ပင် ဖြစ်၏။
ဤရက်များအတွင်း သွမ့်ကျင်းထျန်သည် ကျောင်းတော်သို့ အချိန်မှန်သွားသည်။ ပြန်ရောက်သည့် အချိန်တွင်လည်း သင်ခန်းစာများကို ကြိုးကြိုးစားစားလေ့လာ၏။ သွမ့်ကျင်းထျန်မှာ သူ၏ လေ့လာမူသည် သိသိသာသာ တိုးတက်လာသည်ဟု ခံစားရ၏။ ထို့အတွက် ဆရာတော်တော်များများက သွမ့်ကျင်းထျန်ကို ချီးကျူးကြ၏။
သွမ့်ကျင်းထျန်မှာ ဤအရာအားလုံးမှာ ဆုဝန်ကြောင့်ဟု ခံစားရ၏။
တစ်ရက်တွင် ဆုဝန်က သွမ့်ကျင်းထျန်ကို ညလယ်စာလာပို့ချိန်၌ ပြောခဲ့၏။
" သခင်လေးသွမ့် ကျွန်မမှာ ရှင့်ကိုမေးချင်တဲ့ မေးခွန်းတစ်ခုရှိတယ်"
သွမ့်ကျင်းထျန်က လက်ထဲမှစာအုပ်ကို ချကာ
"မင်း မေးလေ"
ဆုဝန်က လက်ထဲမှ ဆီးသီးနှင်းနို့ဆန်ပြုတ်ကိုချကာ
" သခင်လေးသွမ့် နောက်ပိုင်းကျ စာလေ့လာပြီး အရာရှိလမ်းကြောင်းပေါ် လျှောက်ဖို့ စီစဥ်ထားတာလား။ ဒါမှမဟုတ် စီးပွားရေးလမ်းကြောင်းပေါ် လျှောက်မှာလားမသိဘူး"
သွမ့်ကျင်းထျန်မှာ ဆုဝန်၏မေးခွန်းကြောင့် ကြောင်အသွားရသည်။ သူ တစ်ခါမျှ အနာဂတ်တွင် ဘာလုပ်ချင်သလဲဆိုသည့်အကြောင်း မတွေးခဲ့ဖူးပေ။
သွမ့်ကျင်းထျန်က အမှန်အတိုင်းပင် ဆိုလိုက်၏။
" အနာဂတ်မှာ ဘာလုပ်ချင်သလဲဆိုတာ ငါတစ်ခါမှ မစဥ်းစားဖူးဘူး။ ဒါပေမဲ့ ငါ့ကို စာလေ့လာဖို့ ကျောင်းတော်ကို လွှတ်တယ်ဆိုမှတော့ ငါ ကျိန်းသေပေါက် စာကို ဦးစားပေးပြီး ကောင်းကောင်းလေ့လာသင့်တာပေါ့။ ဒါပေမဲ့လည်း ငါက စာဖတ်တဲ့နေရာမှာ ပါရမီမပါတာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ကောင်းကောင်း မလေ့လာနိုင်တာ"
ဆုဝန်က ပြောလိုက်သည်
" သခင်လေးသွမ့်က စာဖတ်တဲ့နေရာမှာ ပါရမီမပါတာ မဟုတ်ပါဘူး။ သခင်လေးသွမ့်မှာ ရည်မှန်းချက်ပန်းတိုင်တစ်ခု မရှိတာကြောင့်ပါ"
ဆုဝန်သည် စကားများသူတစ်ဦး မဟုတ်ပေ။ သို့ပေသိ ဆုဝန်မှာ သွမ့်ကျင်းထျန်သည် လူကောင်းတစ်ဦးဟု ထင်၍ သွမ့်ကျင်းထျန်၏ကိစ္စများတွင် ပိုပြီးအာရုံစိုက်ပေးနေခြင်းပင်။
ဆုဝန်က ပြောလိုက်သည်
"တကယ်လို့ သခင်လေး အရာရှိလမ်းကြောင်းပေါ် လျှောက်ချင်တယ်ဆိုရင် စာအပတ်တကုတ် လေ့လာရမယ်ဆိုတာ ပြောနေစရာတောင် မလိုဘူးပေါ့"
" တကယ်လို့ သခင်လေးက သခင်ကြီးသွမ့်လိုပဲ စီးပွားရေးလုပ်ချင်တယ်ဆိုရင်လည်း စာကို အရင် ကြိုးစားလေ့လာရမှာပဲလေ။ ပထမတစ်ချက် တကယ်လို့ သခင်လေး ပညာတတ်အဖြစ် အသိအမှတ် ပြုခံရမယ်ဆိုရင် မိသားစုက အခွန်ဆောင်စရာ မလိုတော့ဘူး။ ဒုတိယတစ်ချက် ချင်းကျိုးစီရင်စုနဲ့ မြို့တော်မှာ စီးပွားရေးသမား အတော်များများက အရာရှိနယ်ပယ်ကို မဝင်ကြဘူးဆိုပေမဲ့ သူတို့အားလုံးမှာ ဂုဏ်အသရေတချို့တော့ ရှိကြတာပဲလေ"
ဆုဝန်၏စကားများကို နားထောင်ပြီးနောက် သွမ့်ကျင်းထျန်သည် ကိုယ်ကိုမတ်၍ထိုင်လိုက်ကာ သူ၏ မျက်လုံးများမှာလည်း လေးနက်သွားတော့သည်။
သွမ့်ကျင်းထျန်တို့မိသားစုမှာ ချင်းယွင်ကောင်တီတွင် အချမ်းသာဆုံးဖြစ်သော်လည်း ချင်းကျိုးစီရင်စုတစ်ခုလုံးတွင်တော့ နံပါတ်၂၀၊ ၃၀အဆင့်မျှသာ ရှိ၏။ ချင်းကျိုးစီရင်စုမှာ ထိုချမ်းသာသည့် ကုန်သည်များမှာ သွမ့်မိသားစုထက် အဆ၂၀၊၃၀မျှ ပိုကြီးသော လုပ်ငန်းများရှိကြ၏။
ရောင်သည် ချင်းယွင်ကောင်တီတွင် အချမ်းသာဆုံးဖြစ်၏။ သွမ့်ကျင်းထျန်၏ဖခင်သည် ချင်းကျိုးစီရင်စုမှ အဆိုပါ ချမ်းသာသည့်စီးပွားရေးသမားများနှင့် တွဲ၍အလုပ်လုပ်ရသည့်အခါတိုင်း ထိုသူများကို ချီးမွမ်း၍ မျက်နှာလိုမျက်နှာရ လုပ်ရသည်။
သို့ပေသည် ထိုချမ်းသာသည့်စီးပွားရေးသမားများသည် ဂုဏ်အသရေရှိ စီးပွားရေးသမားလေးများအပေါ်တွင်တော့ သူတို့လောက် ငွေကြေးအင်အား မတောင့်တင်းသည့်တိုင် ယဥ်ကျေးကြ၏။ သွမ့်ကျင်းထျန်၏ဖခင်မှာ သူ့တွင် ပညာတတ်တစ်ဦး၏ ဂုဏ်အသရေရှိပါက အနှီချမ်းသာသည့် စီးပွားရေးသမားများနှင့် စီးပွားတွဲဖက်လုပ်ကိုင်နိုင်မည်ပဲဟု ညည်းညူတတ်၏။
သွမ့်ကျင်းထျန်သည်လည်း ဖခင်ဖြစ်သူ ဤသို့ပြောသည်အား ကြားဖူးပေ၏။ သို့ရာတွင် သူသည် စိတ်ထဲမထည့်ထားမိခဲ့ခြင်းသာ။
သွမ့်ကျင်းထျန်သည် ဆုဝန်အား မော့ကြည့်လိုက်ကာ
" ဆုဝန် မင်းပြောတာမှန်တယ်။ ငါအရင်က ဘာလို့ ဒါကိုမစဥ်းစားမိပါလိမ့်"
ယေဘုယအားဖြင့်ပြောရမည်ဆိုလျှင် တခြားသူများက မတောင်းလျှင် အကြံဉာဏ်သွားမပေးခြင်းမှာ အကောင်းဆုံးပင်။ အကြောင်းမှာ အကြံပေးခံရသူသည် အကြံပေးသူက သူသည် သူ(အကြံပေးခံရသူ) ထက်သာသည်ဟု တွေးသည်ဟု ထင်မြင်သွားနိုင်ခြင်းကြောင့်ပင်။ ဆုဝန်သည်လည်း ထိုသဘောတရားကို လက်ခံထား၏။
သို့ပေသိ ဆုဝန်မှာ သွမ့်ကျင်းထျန်အပေါ် စိတ်ရင်းဖြင့်ဖြစ်သည်။ အကယ်၍ သွမ့်ကျင်းထျန် အထင်မလွဲသွားပါက ဆုဝန် ဝမ်းသာမည်သာ။ သွမ့်ကျင်းထျန်က သူ့စကားကို မဆန့်ကျင်သည့်အပြင် အလေးအနက်နားထောင်နေသည်ကို တွေ့ရသော် သူ့အား နောက်တစ်ကြိမ် ထပ်အားပေးရန် နှုတ်ဟလိုက်၏။
" တကယ်လို့ သခင်လေးသွမ့်မှာ ပန်းတိုင်တစ်ခု ရှိနေမယ်ဆိုရင် တခြားသူတွေထက် ပိုပြီး ကောင်းကောင်း စာလေ့လာနိုင်မှာပါ။ သခင်လေးသွမ့်က အရင်က စာလေ့လာတာကို သိပ်ပြီး အလေးမထားခဲ့လို့ပါ။ ပြီးတော့ အဆင့်တွေက သာမန်ထက်တော့ သာတာပဲလေ။ တကယ်လို့ သခင်လေးသွမ့်သာ လီရှန့်တို့၊ ဝမ်လော့ရှန်းတို့လို ကြိုးစားလိုက်မယ်ဆိုရင် သူတို့ထက် မညံ့ဘူးဆိုတာ ကျိန်းသေတယ်"
သွမ့်ကျင်းထျန်မှာ ရုတ်တရတ် စိတ်လှုပ်ရှားသွားရသည်။ တကယ်ကိုပင် ဆုဝန်ပြောသည်မှာ မှန်ကန်၏။ ပုံမှန်အားဖြင့် သူ၏အားထုတ်မှုသည် လီရှန့်တို့၊ ဝမ်လော့ရှန်းတို့၏ ငါးပုံတစ်ပုံပင် မရှိချေ။ စာမေးပွဲတွင် နောက်ဆုံးနေရာရရှိသော စာသင်သားတချို့သည်လည်း ထိုနည်း၎င်းပင်။ သို့ပေသိ တူညီသည်မှာ ပေါ့ပေါ့တန်တန်လုပ်မှုပင် ဖြစ်သည်။ သူ၏ ဖတ်ရှုမှုအဆင့်မှာ သာမန်ထက်ကျော်လွန်သည်ဖြစ်ရာ သူသည် တခြားသူများထက် ဉာဏ်ကောင်းသည်အား ပြသလျက်ရှိ၏။
သူသာ ဝမ်လော့ရှန်းနှင့် လီရှန့်တို့ကဲ့သို့ စိတ်ပိုင်းဖြတ်ပြီး တစိုက်တမတ်လေ့လာမည်ဆိုလျှင် သူတို့ထက် နိမ့်မည် မဟုတ်ချေ။
သွမ့်ကျင်းထျန်သည် ဆုဝန်ကိုကြည့်၍ ဖြည်းဖြည်းချင်းပြောလိုက်၏။
"ဆုဝန်၊ မင်းက တကယ့်ကို ကံကောင်းခြင်းကြယ်လေးတစ်ပွင့်ပဲ"
သွမ့်ကျင်းထျန်မှာ ယင်းအား စာပေဖတ်ရှုဖူးခြင်းမရှိသည့် ဟင်းချက်သည့် မိန်းကလေးတစ်ဦး ပြောသည့်စကားများ ဖြစ်သည်ကြောင့် ပေါ့ပေါ့တန်တန် မယူဆချေ။ သွမ့်ကျင်းထျန်မှာ ဆုဝန်ပြောသည်အား သဘောတူလက်ခံခဲ့၏။
သူ ပညာတတ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံချင်ပေသည်။ ဝမ်လော့ရှန်းနှင့် လီရှန့်တို့ စာမေးပွဲ အောင်နိုင်သည်ဆိုလျှင် အဘယ်ကြောင့် သူက မအောင်နိုင်ရမည်နည်း။ သူသည် ထိုနှစ်ဦးထက် မညံ့ပေ။
ထို့အပြင် ပညာတတ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရခြင်းမှာ အကျိုးအမြတ်များစွာရှိ၏။
သွမ့်ကျင်းထျန်မှာ အတော်လေး ရင့်ကျက်လာခဲ့ပြီဖြစ်၏။ သူ၏ နှလုံးသားထဲတွင် ပထမဆုံးအကြိမ်အဖြစ် ပန်းတိုင်တစ်ခု ရှိလာခဲ့၏။
သွမ့်ကျင်းထျန်သည် ဆုဝန်အား ကံကောင်းခြင်းကြယ်အဖြစ် ချီးကျူးရခြင်းမှာ နောက်ထပ် လျှို့ဝှက်ဆန်းကြယ်သော အကြောင်းအရင်းတစ်ရပ်ရှိပေ၏။
ဤသည်ကတော့ ဆုဝန် သူ့အိမ်သို့ လာရောက်ချက်ပြုတ်ကတည်းက သူ ကျောင်းနှင့် အိမ်တွင် ပိုပြီး ကျော့ကျော့မော့မော့ နေထိုင်နိုင်ပုံ ပေါ်ခြင်းပင်။ သူသည် ကျောင်းတော်တွင် ဆရာအတော်များများဆီကို ချီးကျူးခြင်းကို ခံရ၏။ သို့ပေသိ ဝမ်လော့ရှန်းမှာတော့ အတော်လေး ဆုတ်ယုတ်သွားလေ၏။
သွမ့်ကျင်းထျန်မှာ သူ ဝမ်လော့ရှန်း၏အိမ်သို့ သွားခဲ့စဥ်က ဆုဝန် ဝမ်လော့ရှန်းတို့အိမ်သို့ လွန်ခဲ့သည့်နှစ်နှစ်က ရောက်လာခြင်းဖြစ်ကြောင်း ကြားခဲ့ရသည်ကို ရုတ်တရတ် အမှတ်ရမိသွားသည်။ အချိန်ကိုက်ပင် ဝမ်လော့ရှန်းသည်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်းတွင်မှ ကျောင်းတော်တွင် တဖြည်းဖြည်း ထင်ရှားလာခြင်းဖြစ်၏။ အတိတ်နှစ်များတွင် ဝမ်လော့ရှန်း၏ စာလေ့လာမှုမှာ သူ့ထက် အနည်းငယ် ပိုကောင်းရုံမျှဖြစ်ပြီး အဝတ်အစားမှာလည်း ကျော့ကျော့မော့မော့မဟုတ်ချေ။ လွန်ခဲ့သောနှစ်နှစ် ဆုဝန် ရောက်လာပြီးချိန်မှ သူ၏စာလေ့လာမှုအဆင့်သည် ရုတ်ခြည်းဆိုသလို တိုးတက်လာခဲ့ပြီး အဝတ်အစားများသည်လည်း သပ်ရပ်ကျော့မော့လာခဲ့သည်ပင်။ လေးစားစရာ ရှေ့ဆောင်လမ်းပြတစ်ယောက် ဖြစ်လာခဲ့ပေ၏။
သို့ပေသိ ဤရက်ပိုင်းအတွင်း သူသည် တိုးတက်လာခဲ့၏။ ဝမ်လော့ရှန်း၏ အဝတ်အစားနှင့် စာလေ့လာမှုများသည်တော့ အရင်နှစ်များကအတိုင်း ပြန်ဖြစ်သွားခဲ့သည်ပင်။
သွမ့်ကျင်းထျန်က ဆုဝန်ကိုကြည့်လျက်
" ငါ ကျိန်းသေပေါက် ပညာတတ်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရမှာ"
ဆုဝန်၏ ရည်ရွယ်ချက်သည်ကား ပြည့်ဝသွားပြီဖြစ်ရာ သွမ့်ကျင်းထျန်၏ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ သွမ့်ကျင်းထျန်၏ အခန်းအတွင်းတွင် စောင့်ပေးနေကြသည့် တခြားအစေခံမလေးများ ရှိသေးပေ၏။ ထိုအစေခံမလေးသည် ပန်းကန်များကို ဆေးကြောပေးနိုင်လေသည်။
ပြန်လာသည့်လမ်းတစ်လျှောက်တွင် ဆုဝန်မှာ ဤဝတ္တုအကြောင်း စဥ်းစားနေမိ၏။ တကယ်တမ်းတွင် မူလပိုင်ရှင် ဝမ်အိမ်တော်တွင် ရှိနေခဲ့သည့်အချိန်က ဝမ်လော့ရှန်းအား စာဖတ်ရမည့်နည်းလမ်းကို ပေးခဲ့လောက်သည်။
မူလပိုင်ရှင်မှာ များစွာသော အိမ်အလုပ်များကို နေ့စဥ်လုပ်ရ၏။ အလုပ်လုပ်သည့်အချိန်တွင် မူလပိုင်ရှင်သည် အချိန်နှင့်အားအင်ကို စီမံခန့်ခွဲတတ်ရာ အလုပ်များအားလုံးကို သေသေသပ်သပ်နှင့် အားမကုန်ဘဲ အလျင်အမြန်ပြီးလေ့ရှိသည်။ ဝမ်လော့ရှန်း စိတ်နှစ်ခွဖြစ်နေသည်ကိုမြင်သော် အချိန်ကို စီမံပေးခဲ့၏။ မူလပိုင်ရှင်သည် ဝမ်လော့ရှန်းကို ကမောက်ကမ ဖြစ်ချိန်တွင် အချိန်ကို သေသေချာချာ စီမံပြီး စာကိုစိတ်နှစ်နိုင်ရန် သူလုပ်ရမည့်အရာများကို ဥပမာပေးခဲ့မှာပင်။
ဝမ်လော့ရှန်းသည် မကြာခဏ ရွံရှာ၍ လက်ပြသွားခိုင်းတတ်သည်။ သူသည် ဆုဝန် နားပူနားဆာလုပ်သည့်အတွက် မနှစ်မြို့ပေ။ သို့ပေသိ မသိလိုက်ပါဘဲ ဆုဝန်၏စကားများကို နားထောင်သွားမိတတ်၏။
ဝမ်လော့ရှန်း စာအာရုံစိုက်နိုင်စေရန်အတွက် မူလပိုင်ရှင်သည် ဝမ်လော့ရှန်းအတွက် အထူးအနေဖြင့် စာကြည့်ခန်းတစ်ခန်း စီစဥ်ပေးထား၏။ ဝမ်လော့ရှန်းအား အိမ်အလုပ်များကို တစ်ခုတလေမျှ မထိခိုင်းဘဲ စာသင်သားများအတွက် သင့်တော်မည့် ထမင်းသုံးနပ်ကို ချက်ပြုတ်ပေးခဲ့၏။ မူလပိုင်ရှင်သည် ဝမ်လော့ရှန်းအတွက် အထောက်အကူဖြစ်စေမည့် အရာအားလုံးကို လုပ်ပေးခဲ့၏။ သည်အကြောင်းကြောင့်ပင် ဝမ်လော့ရှန်းမှာ အနှောင့်အယှက်ကင်းကင်းဖြင့် စာလေ့လာနိုင်ခြင်းပင်။
ဆုဝန်မှာ ဝမ်လော့ရှန်းသည် မူလပိုင်ရှင်၏ဂရုစိုက်ပေးမှုများမရှိဘဲ ခါတိုင်းကဲ့သို့ အောင်မြင်မှုများ ရယူနိုင်မည်လောဟု တိတ်တဆိတ် တွေးတောနေမိ၏။
...