အခန်း (၂၂)
ဆုဝန်၏ စကားများကြောင့် သွမ့်ကျင်းထျန်၏စိတ်ထဲတွင် ယှဥ်ပြိုင်လိုစိတ်များသည် မီးတောက်သဖွယ် တဖွားဖွား တိုးမြင့် တောက်လောင်၍ လာသည်။ သွမ့်ကျင်းထျန်၏ အတွင်းစိတ်ထဲတွင် သူ၏ မိသားစုသည် ချင်းယွင်ကောင်တီတွင် လေးစားသမှုအပြုခံရဆုံး မိသားစုပင် ဖြစ်သည်၊၊ ထို့ကြောင့် သူသည် စာကို အပတ်တကုပ် ကြိုးစားရန် မလိုပေ။ သူ့မိသားစုကလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှ မမေးပေ။
ယခုတွင်မူ သူကိုယ်တိုင်ကပင် ထိုသို့ ကြိုးစားရန် လိုလားနေပြီ။
ထိုအကြောင်းပြချက်ကြောင့်ပင် သွမ့်ကျင်းထျန်သည် အခြား လူချမ်းသာမိသားစုများမှ သားများအား ဖိတ်ခေါ်ခြင်းကို လျှော့ချကာ စိတ်ဝင်တစားနှင့် စာအုပ်များကို ဖတ်ရှုလေတော့သည်။
သွမ့်ကျင်းထျန်သည် ပညာသင်ကျောင်းသားအဖြစ် ရွေးချယ်ခြင်းခံရရန်ပင် ရည်ရွယ်ထားသည်။ ထို့ကြောင့် သူသည် ပို၍ ကြိုးစားရန်လည်း ပြင်ဆင်၍ ထားလေသည်။
ကျောင်းရှိ ဆရာ ဆရာမများ အားလုံးတို့ကလည်း သွမ့်ကျင်းထျန် ပြောင်းလဲလာသည်ကို သတိပြုမိကြသည်။ ထို့ပြင် သူတို့သည် သွမ့်ကျင်းထျန်ကို နေ့တိုင်း ပို၍ ပို၍ ချီးမွမ်းကြပေသည်။
သွမ့်ကျင်းထျန်၏ ဘဝသည် ပို၍ ပြီးပြည့်စုံလာသည်။ ထို့ပြင် သွမ့်အိမ်တော်မှ ဆုဝန်၏ ဘဝသည်လည်း ပို၍ သက်သောင့်သက်သာ ရှိလှသည်။
ဆုဝန်အတွက် သွမ့်မိသားစုသည် အစားအသောက်၊ နေရာထိုင်ခင်း၊ အဝတ်အစားတို့ကအစ ဂရုစိုက်ပေးသည်။ ဆုဝန်ကမူ သွမ့်ကျင်းထျန်အတွက် တစ်နေ့လျှင် သုံးနပ် ချက်ပြုတ်ပေးရန်သာ လိုသည်။ ထို့ပြင် သွမ့်ကျင်းထျန်အတွက် ညလယ်စာလည်း ပြင်ဆင်ပေးရသည်။
တစ်နေ့ကို လေးနပ် ဖြစ်ပါသော်လည်း ဆုဝန်၏ မျက်လုံးထဲတွင်မူ အလွန်လွယ်ကူသော အလုပ်ပင် ဖြစ်သည်။ သွမ့်အိမ်တော်တွင် ဆုဝန်ချက်ပြုတ်ရာ၌ သုံးသော ပါဝင်ပစ္စည်းများကို မီးဖိုထဲမှ မိန်းကလေးများက ဆေးကြောသန့်စင် ပြင်ဆင်ပေးပြီး ဖြစ်သည်။ ကောင်းကောင်းမွန်မွန် သေသေချာချာ လုပ်ဆောင်ပေးကြသည်။ ဆုဝန်သည် ဟင်းပွဲများကို သူမကိုယ်တိုင် ပြင်ဆင်လိုကြောင်း တောင်းဆိုသောကြောင့် သူမသည် ဟင်းပွဲများကိုသာ ပြင်ဆင်ရလေသည်။ အတိုချုပ်ဆိုရသော် ချက်ပြုတ်ရသည်မှာ အလွန်ပင် လွယ်ကူလှသည်။ ရေခပ်ရန်၊ ထင်းပြင်ဆင်ရန်၊ မီးမွှေးရန် စသော အိမ်မှုကိစ္စရပ်များအားလုံးကို ထိုကိစ္စတို့အတွက် အထူးတာဝန်ယူရသော မိန်းမငယ်လေးများက တာဝန်ယူ ဆောင်ရွက်ကြပြီးဖြစ်သည်။
ထို့ကြောင့် ဆုဝန်သည် တစ်နေ့လေးနပ်ချက်ရသည်ဆိုသော်လည်း အေးဆေးသက်သာရှိလှသည်။
နေ့တိုင်း ဆုဝန်သည် မနက်စာပြင်ဆင်ပြီးချိန်တိုင်း၌ သွမ့်မိသားစု စာလေ့လာရာနေရာသို့သွားကာ စာအုပ်အမျိုးအစားများစွာကို ဖတ်ရှုလေ့ရှိသည်။ အချက်အပြုတ်စာအုပ်၊ စီးပွားရေးဆိုင်ရာ စာအုပ်၊ အရာရှိရေးရာစာအုပ်၊ ခရီးသွားမှတ်တမ်းများကိုပါ ဖတ်ရှုလေ့ရှိသည်။ အလွန်စိတ်ဝင်စားလှသဖြင့် ဆုဝန်သည် စာအုပ်တစ်အုပ်ကို တစ်ထိုင်တည်း ဖတ်နိုင်သည်။ သူမဖတ်၍ပြီးမှသာ အခြား စာအုပ်တစ်အုပ်ကို ပြောင်းလေ့ရှိပေသည်။
သူမသည် နေ့လယ်ဘက်များတွင် အားသောအခါတိုင်း မီးဖိုချောင်ထဲတွင် အစေခံများ၊ မိန်းမကြီးများ၊ ကျွန်များနှင့် အတူ ရယ်မောကာ စကားပြောလေ့ရှိသည်။
ဆုဝန်သည် မကြာခဏဆိုသလို မီးဖိုချောင်ထဲ၌ အစေခံများအတွက် ကော်ပြန့်ကြော်၊ ပေါင်မုန့်နှင့် ပန်ကိတ်ကဲ့သို့ မုန့်များလုပ်ကျွေးလေ့ရှိသည်။ အသီးအနှံများနှင့် ဟင်းချိုအစပ်ပျစ်ပျစ်ကဲ့သို့ ဆုဝန်လုပ်ကျွေးသည့် သေးငယ်သော အစားအစာများကို အစေခံများသည် တကယ့်ကို ကြိုက်နှစ်သက်ကြပေသည်။
ဆုဝန်သည် တစ်ခါတရံတွင် ကိတ်များနှင့် အချိူပွဲများကိုပါ ပြင်ဆင်လေ့ရှိသည်။ ဆုဝန် ပြင်ဆင်ပေးသော အချိုပွဲများသည် သာမန် ဒင်းဆမ်းဆိုင်များနှင့် ကွာခြားလှသည်။ ပို၍အရသာရှိပြီး ဆိုင်များထက်လဲ ပို၍ ထူးခြားပေသည်။ မီးဖိုထဲမှ လူတိုင်းက အလွန်ပင် ကြိုက်နှစ်သက်ကြပေသည်။
မီးဖိုချောင်ထဲရှိ မိန်းမကြီးများ၊ အစေခံများနှင့် ကျွန်များ အားလုံးတို့သည် ဆုဝန်အား အလွန်ကောင်းမွန်စွာ ဆက်ဆံကြပေသည်။ ထို့ပြင် ဆုဝန်သည် သူမ လုပ်သမျှကို တိတိကျကျ ဝေစုခွဲ၍ အိမ်တော်ထိန်းလီဖုကွေ့အား ပေးလေ့ရှိသည်။ ဤသည်မှာ သူမသည် လီဖုကွေ့ဆီမှ မျက်နှာသာပေးခြင်း ခံလို၍မဟုတ်ဘဲ လီဖုကွေ့သည် ဖြောင့်မှန်သော လူတစ်ဦးဟု သူမ ခံစားရသောကြောင့် ဖြစ်သည်။ လီဖုကွေ့၏ အကူအညီဖြင့် သူမသည် ဝမ်မိသားစုထံမှ ချောချောမွေ့မွေ့ လွတ်မြောက်လာနိုင်ခဲ့သည်။ လူသားတစ်ယောက်အနေဖြင့် တစ်ယောက်၏ ကြင်နာမှုကို မည်သို့ ပြန်ပေးဆပ်ရမည်ကို သိရပေမည်။ ထို့ကြောင့် ဆုဝန်သည် အချိန်တိုင်း လီဖုကွေ့အား သူမလုပ်သမျှကို ချန်ထားပြီးပေးတတ်လေသည်။
လီဖုကွေ့သည် ထိုဆုဝန်လုပ်ထားသော မုန့်များကို ရတိုင်း အားလုံးကို သူတစ်ယောက်တည်း မစားလိုသောကြောင့် အနည်းငယ်သာစားပြီး အိမ်မှကလေးများအတွက် ချန်၍သွားလေသည်။
လီဖုကွေ့သည် ပိတ်ရက်များတွင်လည်း ဆုဝန်အား ကောင်းကောင်း ဂရုစိုက်ပေးလေသည်။ အိမ်တော်ရှိ လူတိုင်းအမြင်အရ ဆုဝန်ကို အစေခံကောင်းတစ်ယောက်အဖြစ် မြင်ရတာ နည်းနည်း မသက်မသာ ဖြစ်ကြသော်ငြား ဆုဝန်အား ဦးတည်၍တော့ မပြောဝံ့ပေ။ ဆုဝန်ကို သဘောကျကြသူများ ရှိသည်မှာ ပြောရန်ပင် မလိုပေ။ ဆုဝန်အား မျက်လုံးထဲတွင် သိပ်သဘောမတွေ့သော်ငြား သူသည် ဆုဝန်ကို တွေ့လျှင် အပြုံးကိုတော့ ဆောင်ရသည်။
ဆုဝန်သည် မူလဇာတ်ဆောင် ဝမ်မိသားစုအိမ်တော်တွင် နေခဲ့သော အချိန်များကို ပြန်တွေးကြည့်သည်။ မူလဇာတ်ဆောင်သည် ဝမ်မိသားစုအတွက် အများကြီးတွေးပြီး အလုပ်အများကြီးလုပ်ပေးခဲ့သော်ငြား သူမသည် လေးစားမှု အနည်းငယ်မက ချီးမွမ်းစကားလေးပင် ပြန်မရခဲ့ပေ။ သူမပြန်ရသမျှမှာ မနှစ်မြို့စရာများနှင့် ဖိနှိပ်ချုပ်ချယ်မှုများပင် ဖြစ်ပေသည်။ သို့သော် ဤနေရာတွင်မူ သူမ၏ ကြင်နာမှုများသည် ကြင်နာမှုများအဖြစ် ပြန်လည်၍ ရရှိပေသည်။
ထို့ကြောင့် တစ်စုံတစ်ယောက်အပေါ် ကြင်နာပေးခြင်းသည် မှားယွင်းသော အရာတော့မဟုတ်၊ သို့သော် ထိုကြင်မာမှုအား မှားယွင်းသောနေရာသို့ ပေးနေမိလျှင် ကိုယ်တိုင်ပြန်၍ နာကျင်ရနိုင်ပေသည်။
ထိုရက်များတွင် သူမသည် သွမ့်အိမ်တော်၌ အချိန်ကောင်းလေးကို ပိုင်ဆိုင်ရပေသည်။ ကောင်းကောင်းမစားရ၊ မအိပ်ရဘဲ လေးလံသော အလုပ်များကိုသာလုပ်ရသော ဝမ်အိမ်တော်နှင့် မတူပေ။ ထို့ကြောင့် သူမသည် သူမခန္ဓာကိုယ်ကိုပါ သေချာ ဂရုစိုက်နိုင်လာသည်။
ဆုဝန်သည် အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်းနှင့် ကိုယ်အလေးချိန်လဲ တက်လာခဲ့ပြီး သူမ၏ ရှုံ့တွနေသော ပါးများသည်လည်း အသားများပြည့်လာသည်။ သူမသည် ပိန်နေသေးသော်လည်း ဝမ်အိမ်တော်မှာကဲ့သို့ ညှိုးနွမ်းခြောက်သွေ့၍တော့ မနေပေ။
သူမ၏ ယခင်က မည်းနက်နေသော အသားအရေသည်လည်း တဖြည်းဖြည်း အသင့်အတင့် ဖွေး၍လာသည်။ ဝမ်အိမ်တော်မှာတုန်းက ဆုဝန်သည် ခြံအပြင်ဘက်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ရသည်။ ဟင်းရွက်ခင်းကိုလဲ ပြုစုရပြီး ကြက်များကိုလဲ အစာကျွေးရသည်။ အဝတ်များလည်း လျှော်ရပြီး လေရ နေရ သောနေရာများတွင် နေ့တိုင်း လှန်းရသည်။ သူမ၏ အသားအရေသည် မည်းနက်ပြီး ကြမ်းတမ်းလာခဲ့သည်။ သွမ့်အိမ်တော်တွင်မူ ခြံအပြင်ဘက်၌ ဆုဝန် ဘာအလုပ်မှ လုပ်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် သွမ့်မိသားစုအိမ်အများစုသည် ဆောင်ကူးစင်္ကြံလမ်းဖြင့် ဆက်သွယ်ထားခြင်းကြောင့် ဖြစ်ပြီး ဆုဝန်အပေါ် နေရိပ်ကလေးမျှပင် မကျပေ။
ဆုဝန်သည် အဖာအစပ်များ မပါသော အဝတ်အစားများကိုသာ ဝတ်ဆင်ရသည်။
ဝမ်မိသားစုအိမ်မှာကဲ့သို့ အလုပ်မရှုပ်သည့်အတွက် ဆုဝန်သည် သူမ၏ ဆံပင်ကို ပုံစံတစ်မျိုးပြောင်းပြီး ဖြီးလိမ်းသည်။ အလွန်ရိုးရှင်းပြီး အလုပ်လုပ်ရာတွင်လည်း သက်သောင့်သက်သာရှိသော်ငြား ယခင်ထက်ပိုပြီး ကြည့်ကောင်းပေသည်။
မသိမသာနှင့် ဆုဝန်သည် ဝမ်အိမ်တော်မှ စရောက်လာစနှင့် အလွန်ပင် ကွဲပြားသွားပေပြီ။
နေ့တိုင်း စာလုပ်ရင်း အလုပ်ရှုပ်နေသော သွမ့်ကျင်းထျန်ပင်လျှင် ဆုဝန်ပြောင်းလဲမှုများကို သတိပြုမိသည်။ မသိမသာ ဆုဝန်အား ဂရုပြုနေမိလေသည်။
သွမ့်ကျင်းထျန်သာမက ဝမ်လော့ရှန်းနှင့် လီရှန်းတို့ကလဲ ဆုဝန်၏ ပြောင်းလဲမှုများကို သတိထားမိလာကြသည်။
ထိုရက်များတွင် ဝမ်လော့ရှန်း၏ မိသားစုသည် အလွန်ပင် ဖရိုဖရဲဖြစ်နေပြီး ဝမ်လော့ရှန်းကိုယ်တိုင်ကလဲ ရှုပ်ရှက်ခက်နေသည်။ သူသည် အိမ်ကို အမျိုးသမီးတစ်ဦးရောက်လာခြင်းက နေရထိုင်ရ အဆင်ပြေစေမည်ဟု ထင်မိသော်လည်း ထိုအမျိုးသမီးသည် တစ်ညတာညစာကိုသာ ပြင်ဆင်ပေးပြီး နောက်နေ့တွင် ထွက်သွားလိမ့်မည်ဟု မည်သူက သိပါမည်နည်း။ သူ့အမေသည် စျေးသို့ထပ်မံသွားကာ အစေခံ ထပ်ရှာသော်လည်း မည်သူကမျှ မလာချင်ကြပေ။ နောက်ထပ်အမျိုးသမီးတစ်ယောက် ရှာမတွေ့မချင်း သူ့မိသားစုသည် ယခုကဲ့သို့ ဆက်နေနေရဦးမည်။ ဝမ်လော့ရှန်းသည် အလွန်ပင် စိတ်သောက ရောက်နေရသည်။
တစ်ရက်တွင် ဝမ်လော့ရှန်နှင့် လီရှန်းတို့ သွမ့်အိမ်တော်သို့ စာလေ့လာရန် လာကြစဥ် ဆုဝန်သည် မုန့်များ ယူလာပေးလေသည်။
ဝမ်လော့ရှန်၏ အမြင်မှ ကြည့်လျှင် ဆုဝန်သည် သူ့ကိုတွေ့ချင်၍ မုန့်လာပို့သည် ဟုသာ ထင်နေသည်။ သွမ့်မိသားစုသည် ဆုဝန်အား နေ့တိုင်း ထမင်းဟင်းချက်ရန်ခေါ်ထားခြင်းဖြစ်သည်။ သူမသည် သူမကိုယ်တိုင်အတွက်လဲ ညလယ်စာ ပြင်ဆင်လေသည်။ သူမသည် သွမ့်အိမ်တော်သို့ ရောက်သောအခါ မစားနိုင်မည်ကို စိုးရိမ်ခဲ့သည်။ ဤနှစ်ယောက်သည် သူမကိုယ်တိုင်၏ ပုံစံကို မြင်လိုက်ကြရလေပြီ။ သူမသည် သွမ့်အိမ်တော်သို့ ရောက်လာသောအခါ သူမင်၏ ပုံစံကို မြင်နိုင်မည့် အခွင့်အရေးကို ရခဲ့သည်။
အထူးသဖြင့် ဆုဝန်သည် သူမ၏ အဝတ်အစားနှင့် ဆံပင်ပုံစံကို ပြောင်းလဲထားသောကြောင့် ဝမ်လော့ရှန်းသည် ဆုဝန်ဝင်မလာခင်ကပင် မုန်းတီး၍နေသည်။ ဝမ်လော့ရှန်း၏ မျက်လုံးထဲတွင် ဆုဝန်သည် သူ့ဆီမှ အာရုံစိုက်မှုကို ရချင်နေသည်ဟု ထင်နေသည်။
ထိုနေ့က ဆုဝန်သည် နီလာရောင် အဝတ်ကို ဝတ်ဆင်ထားပြီး မုန့်များကို ယူ၍လာလေသည်။
ဝမ်လော့ရှန်သည် သူ့ခေါင်းကို မော့ကြည့်လိုက်သောအခါ ဆုဝန်၏ ဖွေးလာသော အသားအရေ၊ ဝတ်ဆင်ထားသော အဝတ်အစားတို့နှင့် သူမသည် အတော်လေးလှလာသည်ဟု ခံစားလိုက်ရသည်။ သူမသည် အခြားလူတစ်ယောက်ကဲ့သို့ပင် ပြောင်းလဲသွားသည်။
မထင်မှတ်ဘဲ ဝမ်လော့ရှန်းသည် မုန့်များပို့ပြီး ပြန်လှည့်ထွက်သွားသည့် ဆုဝန်နောက်သို့ လိုက်သွားမိသည်။
“ဆုဝန်” ဆုဝန်ရပ်တန့်သွားအောင် ဝမ်လော့ရှန်းသည် လှမ်း၍ ခေါ်လိုက်သည်။
“ဘာဖြစ်လို့လဲ ကိုကိုလော့ရှန်း” ဆုဝန်သည် ရပ်ပြီး လှည့်ကာ မေးလိုက်သည်။
ဝမ်လော့ရှန်းက “နင် ခုရက်ပိုင်းအတွင်း အဆင်ပြေရဲ့လား”
ဆုဝန်က ပြုံးကာ “သွမ့်အိမ်တော်မှာ နေရတာ တကယ်ကိုကောင်းပါတယ်။ သွမ့်အိမ်တော်က ဘဝက သက်သောင့်သက်သာလဲ ရှိတယ်။ အစားကောင်း အဝတ်ကောင်းတွေလဲ ရှိတယ်လေ။ ကိုကိုလော့ရှန်း ကျွန်မကို လွမ်းမနေပါနဲ့” ဆုဝန်စကားများကို ကြားသောအခါ ဝမ်လော့ရှန်းသည် သူ့ကိုယ်ပိုင် မိသားစု အကြောင်းကို တွေးမိသည်။
ထိုရက်များတွင် ဝမ်လော့ရှန်းသည် သက်သောင့်သက်သာမခံစားရပေ။ ပုံမှန်အားဖြင့် သူ့တွင် ဆုဝန်အား ပြောစရာစကားများ ရှိသေးသော်လည်း ထိုစကားကိုကြားသောအခါ ရှက်သွားပြီး “လကုန်ရင် နင့်လစာတွေကို မဖြုန်းတီးပစ်ဘဲ မြန်မြန်ပြန်လာပေး။ အိမ်ကိုပြန်လာခဲ့ချည် ငါပြောတာကြားလား”
ဆုဝန်သည် ဝမ်လော့ရှန်းအား အထင်သေးသလို ခံစားလိုက်ရသည်။ ဤ ဝမ်လော့ရှန်းသည် ဘယ်လိုလူမျိုးနည်း။ မူလဇာတ်ဆောင်သည် ဝမ်လော့ရှန်း၏ သူတော်ကောင်းယောင်ဆောင်မှုကို ကြာကြာမြင်ခဲ့ရသည်မှာ ထင်ရှားသည်။
သို့သော် ဆုဝန်သည် ဝမ်လော့ရှန်းနှင့် ရင်ဆိုင်မတွေ့ချင်ပေ။ ဆုဝန်သည် ယခုဆိုလျှင် ကောင်းမွန်သော ဘဝလေးကို ပိုင်ဆိုင်နေရပြီ။ ထို့ကြောင့် သူမသည် ဒုက္ခလဲ မရောက်ချင်ပေ။ သူမသည် ချိုချိုသာသာ ပြုံးပြလိုက်သည်။
လစာရလျှင် ဆုဝန်သည် သူမ၏ ကိုယ်ပိုင်ပိုက်ဆံကို အခြားသူများအား ပေးပြီး ဆုံးဖြတ်ခြင်းမခံချင်ပေ။
ထို့ပြင် ဆုဝန်လစာအချို့ကိုလဲ သုံးပြီးဖြစ်လေသည်။ ဆုဝန်သည် မီးဖိုထဲရှိ မုန့်များလုပ်ခြင်းအတွက် ပေးချေရပေမည်။ ၄င်းတို့သည် သွမ့်အိမ်တော်မှ ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ရသည် ဖြစ်သော်ငြား ဆုဝန်သည် လစာရလျှင် ထိုအပြင်စာများအတွက် ငွေပေးချေရန် စဥ်းစားထားပြီး ဖြစ်ပေသည်။ ပန်းဖိုးများလည်း ပေးချေရဦးမည်။
ဆုဝန်၏ နာခံတတ်သော ပုံစံကိုတွေ့သောအခါ ဝမ်လော့ရှန်းသည် စိတ်ပြေသွားပြီး သာယာနာပျော်ဖွယ်အသံဖြင့် ပြောလိုက်သည်။ “နေ့တိုင်း ကောင်းကောင်းစားပြီး ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ပါ” ဝမ်လော့ရှန်းသည် မူလဇာတ်ဆောင်အား ထိုသို့ တစ်ခါမျှ မပြောဖူးပေ။ ထိုအမျိုးသမီးသည် မျက်နှာလဲ ကြည့်ကောင်းလာပြီး နေသည်လည်း အနောက်အရပ်မှပင် ထွက်လာတော့မည်ဟု ထင်ရသည်။
“အစ်ကိုဝမ် စိတ်မပူပါနဲ့ သွမ့်အိမ်တော်က နဂိုကတည်းက ညီမဆုဝန်ကို ဂရုစိုက်ပေးပြီးသားပါ”
ဤသည်ကို ပြောလိုက်သည်မှာ သွမ့်ကျင်းထျန်ပင် ဖြစ်သည်။
ဝမ်လော့ရှန်းသည် ဆုဝန်နောက်သို့ အမှတ်မထင် လိုက်သွားသည်ကို တွေ့လိုက်သောအခါ သွမ့်ကျင်းထျန်သည်လဲ မထင်မှတ်ဘဲ လိုက်လာခဲ့မိသည်။
သွမ့်ကျင်းထျန်သည် ဝမ်လော့ရှန်က ဆုဝန်အား ဒီရက်ပိုင်းတွေအတွင်း စကားပြောသည်ကို မတွေ့ဖူးပေ။ ထို့ကြောင့် သူသည် အနည်းငယ် ထူးဆန်းနေပြီး လိုက်လာခဲ့ လိုက်မိသည်။
သွမ့်ကျင်းထျန် လိုက်လာသည်ကို မြင်သောအခါ ဝမ်လော့ရှန်းက “ကျွန်တော့ နှမငယ် ဆုဝန်ကို သေချာဂရုစိုက်ပေးတဲ့အတွက် အစ်ကို သွမ့်ကို တကယ်ကျေးဇူးတင်ပါတယ်”
သွမ့်ကျင်းထျန်သည် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။
ဝမ်လော့ရှန်းနှင့် လီရှန်းထွက်သွားပြီးနောက် သွမ့်ကျင်းထျန်သည် ဆုဝန်၏ အခန်းဆီသို့ အထူးလိုက်သွားပြီး ပြတင်းပေါက်အပြင်တွင်ရပ်ကာ ဆုဝန်အား စကားပြောလေသည်။ “ကိုကိုကတော့ မင်းရဲ့လစာကို ဝမ်မိသားစုဆီ မပေးလိုက်နိုင်ဘူး၊ မင်းလဲ ပေးစရာမလိုဘူး”
“အိပ်ရာပေါ်မှာ ထိုင်နေလိုက်ပါ”
“ကျေးဇူးတင်ပါတယ် ကိုကိုသွမ့်”
ဝမ်လော့ရှန်းသည် သိုလှောင်ရုံသို့ သွားပြီး အလုပ်တွေပြီး၍ အိမ်ကို ပြန်လာသောအခါ အိမ်သည် စိတ်ပူပန်ဖွယ် ရှုပ်ပွ၍ နေလေသည်။
အမျိုးသမီးချန် ထွက်သွားပြီးနောက်ပိုင်းတွင် အမေသည် ရန်မာစျေးသို့သွားပြီး လူလိုက်၍ရှာသည်။ သို့သော် သူမတစ်ယောက်မျှ ရှာမတွေ့ပေ။ အစေခံခန့်ခြင်းကဲ့သို့ ရိုးရှင်းသော ကိစ္စရပ်လေးကိုပင် သူ့အမေ မကိုင်တွယ်နိုင်သည်မှာ ထူးဆန်းလှသည်။
ထို့ပြင် အိမ်နားရှိ အိမ်နီးချင်းများသည် အစေခံများ အမျိုးသမီးများကို မသုံးကြပေ၊ သို့သော် သူတို့သည် အိမ်မှာကဲ့သို့ ရှုပ်ပွမနေ။ အစေခံတစ်ဦးလောက် မရှိဘဲ ကောင်းကောင်းနေထိုင်၍ မရတော့ပြီလား။
သေချာတိကျပြောရလျှင် သူ့အမေနှင့် သူ့ညီမသည် ပျင်းလွန်းလှသည်။ အကယ်၍ ဆုဝန်သာ ရှိခဲ့ပါလျှင်......
ဝမ်လော့ရှန်းသည် သူ့၏အတွေးကို ဆက်လိုက်သည်။ အကယ်၍ ဆုဝန်သာ ရှိခဲ့ပါလျှင်.... သူသည် အမြဲ ဆုဝန်အား အသုံးမဝင်ဟု တွေးခဲ့သည်။ သို့သော် ဆုဝန်သည် အသုံးဝင်မြဲပင် ဖြစ်ပေသည်။
အကယ်၍ ဆုဝန်သာ သွမ့်အိမ်တော်တွင် လစာ သုံးလေးဆမရလျှင် ဝမ်လော့ရှန်းသည် ဆုဝန်အား ဝမ်အိမ်တော်သို့ ပြန်ခေါ်ရန် စီစဥ်မည်ဖြစ်သည်။
သို့သော် ယခု အမေ့အား အစေခံမြန်မြန်ရှာရန် ပြောရမည်။
ဝမ်လော့ရှန်းသည် ဝမ်အမေဆီသို့ သွားပြီး “အမေ၊ အမေမြင်းစျေးမှာ နောက်ထပ် မိန်းမကြီးတစ်ယောက် မြန်မြန်ရှာဖို့လိုပြီနော်” ဟု ပြောလိုက်သည်။
ဝမ်အမေသည် ထိုစကားကို ကြားသောအခါ မကျေနပ်သည့် ပုံစံနှင့် “ငါလဲ ဘာလို့ အိမ်ကို အစေခံတွေ ရက်လေးနည်းနည်းလောက်တောင် မလာနိုင်ကြတာလဲ စဥ်းစားနေတာ။ စျေးရောက်မှ ဒီနေ့ အမျိုးသမီးလီဆီက သိခဲ့ရတာ အဲဒါအကုန် ဟိုကောင်မ ချန်အမျိုးသမီးကြောင့်။ အမျိုးသမီးချန်က သူ့ဘာသူ ငါတို့အိမ်အလုပ်ကို ကောင်းကောင်းမလုပ်နိုင်တာတော့ ထားပါတော့။ အဲဒါကို သူက ရန်မာစျေးကို ပြန်သွားပြီး တို့အိမ်ကအလုပ်က လူအယောက်တစ်ဒါဇင်စာလောက်များပြီး ကြောက်ဖို့ကောင်းတယ်လို့ ပြောသတဲ့လေ၊ ဘယ်သူကမှ အိမ်မှာလာပြီး အလုပ်မလုပ်ချင်တော့တာ မဆန်းပါဘူး၊ အဲ့မိန်းမက အဓိပ္ပာယ်မရှိတာတွေ ပြောတာပဲ၊ ငါတို့အိမ်မှာ မိသားစုလေးမှ လေးယောက်ပဲ ရှိတာ၊ သူ့လက်တစ်ဖက်တည်းနဲ့ ဘယ်လောက် အလုပ်များများလုပ်ရမှာ မို့လို့လဲ။ ငါတို့ အိမ်ကိစ္စတွေကို လုပ်ဖို့ သူအရမ်းပျင်းလွန်းနေတာဆိုတာ သိပ်ကို ထင်ရှားတာပဲ”
ဝမ်လော့ရှန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သူ့အမေ၏ စကားများသော ပုံစံကို မကြိုက်ပေ။ လူတစ်ယောက်အား ဆဲရေးတိုင်းထွာနေသည်နှင့် တူပေသည်။
ထို့ပြင် အိမ်အလုပ်များက တကယ့်ကို လွယ်ကူနေလျှင် အမေနှင့် ညီမသည်လည်း လုပ်နိုင်ရမည် ဖြစ်သည်။ အစေခံ ခန့်နေရန်ပင် မလိုအပ်ပေ။
--------------------------