Ch 19
Viewers 4k

Ch-19


သူမ,မသိဟုမထင်ပါနှင့်။ခုန၌ဝံပုလွေများအားဆွဲဆောင်ခဲ့သည့် ဝံပုလွေအူသံများမှာ သူတို့ဆီမှထွက်လာခြင်းပင်။ဤကောင်လေးများမှာ ပြဿနာရှာရသည်ကိုဝါသနာပါပြီးအနှောက်အယှက်ပေးတတ်သည့် ကောင်လေးများဖြစ်သည်။

ထွက်ပြေးချင်တယ်ပေါ့လေ ဟုတ်လား။အိပ်မက်တောင်မက်မနေနဲ့။

ရှန်းမင်မှာကျိုးထောင်ဟွားထံဇဝေဇဝါဖြင့်ကြည့်ကာ

"ညီမထောင်ဟွား ဘယ်သူနဲ့စကားပြောနေတာလဲ၊ဒီမှာမကောင်းဆိုးဝါးတွေ ရှိနေလို့လား"

ကျိုးထောင်ဟွားမှာ အဖြူရောင်အမွေးလုံးလေးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး

"မကောင်းဆိုးဝါးတော့မဟုတ်ပါဘူး၊ဒါပေမယ့်ပြဿနာရှာရတာကြိုက်တဲ့ နတ်ဆိုးပေါက်တွေပါ၊သူတို့ကအတုခိုးတဲ့နေရာမှာ ဆရာကျတယ်လေ၊ဝံပုလွေအူသံကိုအတုခိုးပြီးတော့ လူတွေကိုနောက်ရတာသဘောကျနေကြတာ၊ခုနကဝံပုလွေတွေကလဲ သူတို့ခေါ်လို့ရောက်လာကြတာလေ"

ကျိုးထောင်ဟွားမှာစကားပြောရင်း ထိုအမွေးလုံးလေးကို ရှန်းမင်မျက်နှာရှေ့တွင် ဝှေ့ယမ်းပြလိုက်သော်လည်း ရှန်းမင်မှာတော့ ဘာကိုမှမမြင်ရပေ။

ကျိုးထောင်ဟွားလက်ထဲရှိ ထိုကောင်လေးမှာမူ ရှန်းမင်နှင့်ဤမျှနီးကပ်နေသည်ကိုမြင်သောအခါ ကြောက်လွန်းသဖြင့် သတိလစ်လုနီးပါးပင်ဖြစ်သွားတော့သည်။

နောက်တစ်ခဏတွင် ကျိုးထောင်ဟွားသည်ထိုအနှောက်အယှက်ပေးတတ်သော ကောင်လေးများကို လက်ဖြင့်တစ်ကောင်ချင်းစီအသာပုတ်ပေးကာ ပြောလိုက်၏။

"နောက်တစ်ခါလူတွေကို ခြောက်လှန့်ဖို့ တောင်ပေါ်ကနေ ဝံပုလွေတွေကိုထပ်ခေါ်နေဦးမယ်ဆိုရင် ငါနင်တို့ကိုသတ်ပစ်မယ်၊နင်တို့ကိုယ်ထဲမှာ ငါ့အငွေ့အသက်တွေထည့်ထားပြီးပြီ၊နင်တို့ကမ္ဘာပတ်ပြီးပြေးရင်တောင် လိုက်ရှာလို့ရတယ်နော်"

"!!!"

ချက်ချင်းပင် ထိုအကောင်လေးများ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများမှာ ဒီရေအလားတိုးဝင်လာတော့သည်။ဒီမိန်းကလေးက တစ်ကယ်ကြောက်ဖို့ကောင်းတာပဲ။ဟိုမုဆိုးထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်။

သူတို့အားလုံးမှာခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်ကြသည်။

ကျိုးထောင်ဟွားမှ ပိတ်ကာထားသည့်စက်ကွင်းကိုဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့မှာအဖြူရောင်ဘောလုံးလေးများပြေးသွားသကဲ့သို့ အမြန်ဆုံးထွက်ပြေးသွားကြပြီး မြေကြီးထဲ၊မြက်ခင်းထဲနှင့်သစ်ပင်ပင်စည်များ နောက်တွင် ပျောက်ကွယ်သွားကြတော့၏။

ရှန်းမင်မှာ ကျိုးထောင်ဟွားနောက်မှလိုက်လာပြီးမေးလိုက်သည်။

"အရင်တုန်းကလဲ အဲ့အကောင်လေးတွေကဝံပုလွေအူသံကိုအတုခိုးပြီး လူတွေကို ခြောက်လှန့်ဖို့ ဝံပုလွေတွေခေါ်လာကြတာလား"

ပြန်စဉ်းစားကြည့်လျှင် ဝံပုလွေများမှလူကိုကိုက်သွားတတ်သည်ဆိုသည့်သတင်းမျိုး သူတစ်ခါမှမကြားဖူးပေ။တောင်ခြေသို့ရောက်သည်နှင့် ဝံပုလွေအုပ်ကြီးပေါ်လာတတ်သည်ကိုသာမြင်လိုက်ရခြင်းဖြစ်သည်။

ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြကာ

"ဒီအကောင်လေးတွေက တောင်စောင့်သတ္တဝါလေးတွေလေ၊သူတို့ကတောင်တန်းနဲ့ တစ်သားတည်းဖြစ်နေကြတာ၊ဒါကြောင့်ပဲ တောင်ခြေရဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ် လူရှိတာကိုသူတို့အာရုံခံမိတာနဲ့ ချက်ချင်းပေါ်လာပြီးတော့ ဝံပုလွေအူသံကိုအတုခိုးပြီး လူတွေကိုခြောက်လှန့်ရင်းပျော်နေကြတာ"

ရှန်းမင်အံ့အားသင့်သွားဟန်ဖြင့်မေးလိုက်သည်။

"ဒါဆို ကိုယ်ကျတော့ဘာလို့တစ်ခါမှမကြုံခဲ့ရတာလဲ"

ကျိုးထောင်ဟွားမှာ ရှန်းမင်ကိုယ်ပေါ်မှထွက်ပေါ်နေသော ပြင်းထန်လှသည့် အရှိန်အဝါကို တစ်ချက်ကြည့်လိုက်ပြီး

"အစ်ကို့ရဲ့အရှိန်အဝါက အစ်ကို့ကိုကာကွယ်ပေးထားတယ်ဆိုတာကို အစ်ကိုမသိဘူးမလား၊ခုနကအကောင်လေးဆိုရင် အစ်ကို့ကိုမြင်တာနဲ့ သတိလစ်တော့မယ့်အတိုင်းပဲ"

ရှန်းမင်သည် သူ့ကိုယ်ပေါ်ရှိအရှိန်အဝါ၌ အကျိုးကျေးဇူးရှိနေသည်ကို ပထမဆုံးအကြိမ်သိလိုက်ရခြင်းဖြစ်သည်။ဤအရှိန်အဝါကြောင့်သာ သူသည်တောင်ပေါ်သို့တက်၍အမဲလိုက်ပြီးအသက်ဆက်နိုင်ခဲ့ခြင်းမဟုတ်ပါလား။ပထမဆုံးအကြိမ်အဖြစ် ရှန်းမင်သည်မိမိကိုယ်ပေါ်ရှိအရှိန်အဝါကို ထိုမျှလောက်မမုန်းတီးတော့ပေ။

"အစ်ကိုရှန်းမင် ခုနကပစ်ခဲ့တဲ့ဝံပုလွေကို မရောင်းပါနဲ့ဦး၊ဝံပုလွေသားမွှေးက ရှားပါးတယ်၊ဆောင်းတွင်းအတွက် အင်္ကျီချုပ်ရင် အရမ်းနွေးမှာ၊အစ်ကိုကတောင်ပေါ်မှာအမဲလိုက်ရတာဆိုတော့ တောင်ပေါ်ကစိုထိုင်းပြီးအေးတယ်လေ၊အဲ့တော့ဝံပုလွေသားမွှေးအင်္ကျီကိုပိုဝတ်သင့်တယ်"

ကျိုးထောင်ဟွား အကြံပေးလိုက်သည်။

ယခုနှစ်ဆောင်းတွင်း၏ပြင်းထန်သော နှင်းဒဏ်တွင် ဝံပုလွေသားမွှေးအင်္ကျီမှာသေချာပေါက်အလွန်နွေးထွေးစေလိမ့်မည်။

"ကျေးဇူးပဲ"

ရှန်းမင်သည် သူမအကြံပေးချက်ကို မသိစိတ်မှနေလိုက်နာမိကာ ဝံပုလွေအားပခုံးပေါ်ထမ်း၍ အိမ်သို့ပြန်သယ်သွားတော့သည်။

ဝံပုလွေများနှင့်အနှောက်အယှက်ပေးတတ်သည့်သတ္တဝါလေးများမရှိတော့သဖြင့် ကျိုးထောင်ဟွားသည်အိမ်သို့အမြန်ပြန်ကာ သူမဂေါ်ပြားလေးနှင့် ခြင်းတောင်းအားယူ၍ ပျော်ပျော်ရွှင်ရွှင်ဖြင့်ပြန်ရောက်လာခဲ့၏။

သုံးလှမ်းလျှောက်ပြီးတိုင်းဆေးပင်တစ်ပင်တွေ့နေရသဖြင့် မကြာမီမှာပင် ခြင်းတောင်းတစ်ဝက်ခန့်ပြည့်သွားတော့သည်။သူမသည် မနက်ဖြန်မြို့ထဲသို့သွားကာ ဆေးဆိုင်များမှဝယ်မဝယ်သွားကြည့်ရန် စီစဉ်ထား၏။

အကယ်၍ဝယ်ကြမည်ဆိုလျှင်တော့ ဤသည်မှာချမ်းသာမည့်လမ်းစပင်။သူမရောရွာသားများပါ ဆေးပင်များရောင်းပြီးပိုက်ဆံရှာနိုင်ကြလိမ့်မည်။ဆောင်းတွင်းမရောက်ခင် အိမ်အသစ်ဆောက်ရန်ငွေစုနိုင်ကြပြီး ဆောင်းတွင်းကိုဘေးကင်းကင်းဖြင့်ကျော်ဖြတ်နိုင်ကြလိမ့်မည်။တောင်ခြေရှိထင်းများကိုလည်း ခုတ်ယူနိုင်ပြီဖြစ်၍ ဆောင်းတွင်း၌အေးခဲနေမည်ကို ကြောက်စရာမလိုတော့ပေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဆောင်းလလယ်ပွဲတော်သည်လည်း သန်ဘက်ခါတွင်ကျရောက်မည်ဖြစ်ပြီး ကျိုးအာ့ရှုလည်းလည်း ပြန်လာတော့မည်ဖြစ်ရာ ကျိုးထောင်ဟွားသည်ဟင်းသီးဟင်းရွက်အချို့ကြိုတင်ဝယ်ယူရန် စီစဉ်ထားသည်။

မိသားစုဝင်များမှာ ဆောင်းလလယ်ပွဲတော်တွင် ကောင်းကောင်းမွန်မွန်စားသောက်ကြရင်းဖြတ်သန်းသင့်ပေ၏။

ကျိုးထောင်ဟွားအိမ်ပြန်ရောက်သော် ချမ်ရှီသည် ဆေးပင်များအပြည့်ပါလာသည့်ခြင်းတောင်းကို မြင်လိုက်ရသည်။၎င်းတို့သည် စားသုံး၍ရသောဟင်းသီးဟင်းရွက်ရိုင်းများပင်မဟုတ်ချေ။

ချမ်ရှီမှာတွန့်ဆုတ်နေဟန်ဖြင့် မေးလိုက်သည်။

"ထောင်ဟွား......အမေတို့မှာကြက်တွေ ဘဲတွေ မွေးထားတာလဲမဟုတ်ဘဲနဲ့ ဒီမြက်တွေကိုဘာလို့တူးလာရတာလဲ"

"အမေ......ဒါတွေကသာမန်မြက်တွေ မဟုတ်ဘူး ဆေးဖက်ဝင်အပင်တွေ၊မနက်ဖြန်မြို့ထဲက ဆေးဆိုင်မှာသွားရောင်းလို့ရမလားဆိုတာကြည့်မလို့"

"ဆေးဖက်ဝင်အပင်တွေဟုတ်လား"

ချမ်ရှီမှာအံ့အားသင့်သွားရသည်။

သူမအနေဖြင့်ဆေးပင်များကို မခွဲခြားတတ်သော်လည်း ထောင်ဟွားကိုတော့ အကြွင်းမဲ့ယုံကြည်လေသည်။

နောက်တစ်နေ့တွင် ကျိုးထောင်ဟွားသည်*ရာသီသွေးအစေခံ*ထိုးပေးထားသည့် လက်ကိုင်ပုဝါများ၊ချမ်ရှီထိုးထားသည့် လက်ကိုင်ပုဝါများနှင့်ဆေးပင်များကို ခြင်းတောင်းထဲသို့သေသေချာချာထည့်လိုက်၏။သားအမိနှစ်ယောက် မနက်စာစားပြီးနောက် မြို့ထဲသို့ထွက်လာခဲ့ကြသည်။

မြို့ထဲတွင်......

ကျိုးထောင်ဟွားနှင့် ချမ်ရှီတို့သည် ဆေးဆိုင်သို့အရင်ဆုံးသွားလိုက်ကြသည်။ဆေးဆိုင်ကောင်တာတွင် ကျိုးထောင်ဟွားကဲ့သို့ပင် ဆေးပင်လာရောင်းသူအချို့လည်းရှိနေ၏။ချမ်ရှီအတွက်မူ ဆေးပင်လာရောင်းရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။

ကျိုးထောင်ဟွားအလှည့်ရောက်သောအခါ ဆိုင်ရှင်သည်သူမယူလာသည့် ဆေးပင်များကိုစစ်ဆေးကြည့်၏။အားလုံးမှာအတွေ့များသည့် ဆေးပင်များသာဖြစ်သော်လည်း အရေအတွက်မှာ အတော်ပင်များပြားလှသည်။

ဆိုင်ရှင်သည် ဆေးပင်များကိုစစ်ဆေးရင်း ပေသီးခေါက်ကာပြောလိုက်၏။

"စုစုပေါင်း ပြား၁၆၀ဖိုးပါ"

"???"

ချမ်ရှီမှာအံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ဤခြင်းတောင်းဝက်ခန့်မှာ ဤမျှတန်ဖိုးရှိသည်လား။

ဤပမာဏသည် မြို့ထဲ‌၌ရှစ်ရက်ကြာ သူမအလုပ်လုပ်မှရမည့် လုပ်အားခထက်ပင် ပိုများနေသည်လေ။

ကျိုးထောင်ဟွားလက်ဖဝါးထဲသို့ ပြား၁၆၀ကျလာသည်ကိုမြင်မှသာ ချမ်ရှီတစ်ယောက် သတိပြန်ဝင်လာတော့သည်။

ကျိုးထောင်ဟွားလည်းအလွန်ဝမ်းသာသွားရ၏။သူမထင်ထားသည့်အတိုင်းပင် တောင်ခြေရှိဆေးပင်များကို ပိုက်ဆံနှင့် လဲလှယ်နိုင်ပြီး မြို့ထဲမှဆေးဆိုင်များတွင်လည်း အလွယ်တကူရောင်းဝယ်နိုင်သည်။

ကျိုးကျားရွာသည် တောင်တန်းများဖြင့်ဝန်းရံ‌နေပြီး ထိုတောင်ခြေသို့မည်သူမှခြေမချရဲခဲ့ကြပေ။အကယ်၍သာ ၎င်းတို့ကို စနစ်တကျခူးဆွတ်ကြမည်ဆိုလျှင် ချမ်းသာကြမည်မှာအသေအချာပင်။တောင်ကိုအမှီပြုပြီး ကျိုးကျားရွာသားများ၏ကောင်းစားမည့်နေ့ရက်များ ရောက်လာ‌ပေတော့မည်။

မနက်ဖြန်ကျလျှင် ရွာသူကြီး၊အဘိုးရှန်းဖျင်တို့နှင့်အတူတိုင်ပင်ရန် သူမစီစဉ်လိုက်သည်။ရွာသူကြီးမှာ ဆေးပင်ခူးရန် လူစုပေးရမည်ဖြစ်ပြီး အဘိုးရှန်းဖျင်မှာတော့ လူများအားဆေးပင်ခွဲခြားတတ်အောင် သင်ပေးရမည်ဖြစ်၏။

ဆေးဆိုင်မှထွက်လာပြီးနောက် ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့သည် ပုံမှန်ရောင်းနေကျနေရာတွင်ဆိုင်ခင်းလိုက်ကြသည်။အရင်အတိုင်း အော်ဟစ်ရောင်းချလိုက်သော်လည်း ဤတစ်ခေါက်ရှိလက်ကိုင်ပုဝါများမှာ မနေ့ကထက်အများကြီးပိုလှနေတော့၏။

မူလ၌ကျိုးထောင်ဟွားမှာ ဤလက်ရာမြောက်လှသော လက်ကိုင်ပုဝါများကို တစ်ထည်လျှင်၄ပြားနှင့်ရောင်းရန်စိတ်ကူးထားသော်လည်း ယခုတော့၄ပြားဆိုသည်မှာ ဤလက်ရာနှင့်မထိုက်တန်ဟု သူမခံစားလိုက်ရသည်။

ဤမျှလက်ရာမြောက်သည့်လက်ကိုင်ပုဝါဆိုလျှင်၁၀ပြားတန်ရမည်ပင်။

ဈေးနှုန်းမှာအနည်းငယ်မြင့်နေသော်လည်း ဖြတ်သွားဖြတ်လာတိုင်းသည် လက်ကိုင်ပုဝါထက်ရှိပန်းထိုးလက်ရာများအားမြင်သည်နှင့် ဝယ်ယူရန် ဝန်လေးမနေကြပေ။အချို့ဆိုလျှင် တစ်ခါတည်း ၃/၄ထည်ထိဝယ်သွားကြသည်။

"အများကြီးဝယ်ရင် ဈေးလျှော့ပေးလို့ရမလား"

"အလှလေးရှင့်......ကျွန်မတို့လက်ကိုင်ပုဝါတွေက လုံးဝမဈေးကြီးပါဘူးနော်၊ဒီပေါ်က တည်သီးပုံတွေကိုကြည့်ပါဦး၊ပန်းထိုးလက်ရာက အရမ်းကောင်းတာလေ၊ဒီလောက်ကောင်းတဲ့လက်ရာကို ဒီဈေးနဲ့ဘယ်မှာရနိုင်ဦးမှာလဲ၊ဒီလိုလက်ရာမျိုးက ကျွန်မဆီမှာပဲရှိတာပါ၊အခုမဝယ်ထားရင် နောင်တရလိမ့်မယ်နော်"

ကျိုးထောင်ဟွားစကားပြောနေစဉ်မှာပင် ထိုအမျိုးသမီးလက်ထဲရှိလက်ကိုင်ပုဝါအား အခြားသူတစ်ယောက်မှလုယူမတတ်ဖြစ်နေသဖြင့် သူမသည်ရွေးထားသည့်လက်ကိုင်ပုဝါများကို အမြန်ဆုပ်ကိုင်ကာပြား၃၀ပေးချေလိုက်တော့သည်။

*ရာသီသွေးအစေခံ*ထိုးထားသည့် လက်ရာမြောက်လက်ကိုင်ပုဝါ၇၂ထည်နှင့်ချမ်ရှီထိုးထားသည့်၅ထည်ကို စုစုပေါင်း၇၃၀ပြားဖြင့်ရောင်းလိုက်ရ၏။

ကျိုးထောင်ဟွားသည် စိတ်ထဲမှ‌နေတွက်ချက်ကြည့်လိုက်ပြီး ချမ်ရှီ၏နား,နားကပ်ကာ စိတ်လှုပ်ရှားစွာပင်တိုးတိုးလေးပြောလိုက်သည်။

"အမေ......သမီးတို့ငွေ၅တေးပြည့်သွားပြီ၊အပိုအနေနဲ့၁၆၂ပြားတောင်ကျန်သေးတယ်"

"တကယ်လား"

ချမ်ရှီမှာဤမျှအချိန်မြန်မြန်နှင့်ငွေ၅တေးစုမိသွားသဖြင့် အံ့အားသင့်နေမိတော့သည်။၎င်းထဲမှ၄တေးမှာ ကျိုးအိမ်ဟောင်းမှရထားခြင်းပင်။

"အမေ.......မနက်ဖြန်ဆောင်းလလယ်ပွဲဆိုတော့ အဖေလဲပြန်လာတော့မှာလေ၊အသားတွေငါးတွေနဲ့ ကောင်းကောင်းမွန်မွန် စားဖို့သွားဝယ်သွားကြစို့"

ကျိုးထောင်ဟွားအကြံပေးလိုက်သည်။

ယနေ့သူမယူလာသည့်အဆောင်၁၂ခုလုံး မရောင်းရသေးသော်လည်း ငွေ၅တေးပြည့်သွားပြီဖြစ်ရာ ဤနေရာတွင်အချိန်ထပ်မဖြုန်းလိုတော့ပေ။

ချမ်ရှီလည်း ချက်ချင်းပင်သဘောတူလိုက်သည်။မိသားစုအခြေအနေမှာ နောက်ဆုံးတွင်တော့ အနည်းငယ်ပြေလည်လာပြီဖြစ်သည်။အကြွေးများဆပ်နိုင်ရုံတင်မကဘဲ ငွေ၅တေးတောင်စုမိနေပြီလေ။ထို့ပြင်ထောင်ဟွားစားချင်သည်ဆိုလျှင် သူမလည်းအကုန်ဝယ်ပေးမည်ဖြစ်၏။

သားအမိနှစ်ယောက်ဆိုင်အမြန်သိမ်းကာ မြေကြီးပေါ်မှအဝတ်ဟောင်းကိုခေါက်လိုက်ကြသည်။

သူတို့ထွက်ခွာရန်ပြင်လိုက်စဉ်မှာပင် အမျိုးသားတစ်ဦးသည် သူတို့ဆိုင်သို့ အပြေးအလွှားရောက်လာပြီး

"မိန်းကလေး......ကျွန်တော့်ကိုကယ်ပါဦး"

ကျိုးထောင်ဟွားသေချာကြည့်လိုက်ရာ သူသည်မနေ့က သူမဆီမှနေအဆောင်ဝယ်သွားသည့် ဦးလေးကြီးဖြစ်နေသည်ကို မှတ်မိသွားတော့သည်။