Ch 18
Viewers 4k

Ch-18


လူတိုင်းမှာသာအိမ်အသစ်ဆောက်ဖို့ ပိုက်ဆံရှိမည်ဆိုလျှင် ဤဆောင်းတွင်းကိုဘေးကင်းကင်းဖြင့်ဖြတ်ကျော်နိုင်ကြမည်ပင်။

လယ်ကွင်းထဲမှသီးနှံထွက်နှုန်းမကောင်းဟုဆိုမှတော့ တောင်ပေါ်ရှိအဖိုးတန်သောအရာများကိုတူးဖော်ရပေမည်။

ကျိုးထောင်ဟွားသည်အနီးဆုံးတောင်ဘက်သို့ လမ်းလျှောက်လာခဲ့သည်။တောင်ခြေသို့ရောက်သည်နှင့် သူမမျက်လုံးများမှာ ဆေးမြင်းခွာပင်များပေါ်သို့ ချက်ချင်းကျရောက်သွား၏။ဤအပင်တစ်ပင်လုံးကို ဆေးဖက်ဝင်ပစ္စည်းအဖြစ်သုံးနိုင်ပြီး ချောင်းဆိုးရင်ကျပ် ပျောက်ကင်းစေသလို အဆိပ်အတောက်လည်းပြေစေကာ ပိုးမွှားများအားသေစေနိုင်သည်။

ဒါကဆေးပင်တင်မဟုတ်ဘူး ပိုက်ဆံတွေပဲ။

ရှေ့သို့ဆက်ကြည့်လိုက်ရာ စိုစွတ်စွတ်မြက်ခင်းပြင်တွင် နောက်ထပ်ဆေးမြင်းခွာခင်းကြီးကို တွေ့လိုက်ရပြန်သည်။တောင်ပေါ်ရှိနေရာအနှံ့တွင် ပိုက်ဆံများပြန့်ကျဲနေသလိုပါပင်။ကျိုးထောင်ဟွားအလွန်စိတ်လှုပ်ရှားသွားပြီး တောင်ခြေသို့ ခြေချကာဝင်လိုက်မိသည်။

"အူး~~~"

ထိုစဉ်မှာပင် ဝံပုလွေအူသံကိုရုတ်ချည်းကြားလိုက်ရသည်။

သူမကျောရိုးထဲထိ ချမ်းစိမ့်သွားရ၏။မော့ကြည့်လိုက်ရာ အပေါ်ဘက်ရှိတောင်စောင်းတွင် ဝံပုလွေအများအပြားမှ သူမအားငုံ့ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ထိုဝံပုလွေများမှာ မီးခိုးဖြူရောင်အမွှေးများနှင့်သန်စွမ်းသော ခန္ဓာကိုယ်များရှိကြပြီး ၎င်းတို့၏ကြောက်မက်ဖွယ်ရာ စိမ်းဖန့်ဖန့်မျက်ဝန်းတို့သည် အေးစက်သောအလင်းရောင်များဖြင့် တောက်ပနေကြ၏။

ကျိုးထောင်ဟွားနှလုံးသားမှာ တုန်လှုပ်သွားပြီး အသက်ရှူသံများပင်မြန်လာရသည်။သူမခြေထောက်များမှာလည်း မြေကြီးထဲသို့သံမှိုဖြင့်ရိုက်ထားခံလိုက်ရသလို တစ်လက်မမျှမရွေ့နိုင်တော့ပေ။သူမပျာယာခတ်နေစဉ်မှာပင် အရှိန်ပြင်းပြင်းဖြင့်မြှားတစ်စင်းသည် သူမဘေးမှနေ ဝှီးကနဲဖြတ်သွားပြီး ဝံပုလွေဘုရင်ထံထိမှန်သွားတော့သည်။

"အီး~~~"

ဝံပုလွေဘုရင်မှာ သိပ်မရုန်းကန်လိုက်ရဘဲ မြေပြင်ပေါ်သို့လဲကျသွားကာ ကျန်ရှိသောဝံပုလွေများမှာလည်း ထွက်ပြေးကုန်ကြသည်။တစ်ချိန်တည်းမှာပင် အဖြူရောင်သတ္တဝါလေးအချို့လည်း ထွက်ပြေးသွားကြ၏။

ဤဝံပုလွေများနှင့် ထိုသတ္တဝါလေးများမှာ ရှန်းမင်အားကြောက်လန့်နေကြသည်လား။

"ထောင်ဟွား ဒီမှာဘာလုပ်နေတာလဲ၊ဒီနေရာက အရမ်းအန္တရာယ်များတယ်နော်"

ရှန်းမင်အသံမှာ ပုံမှန်နှင့်မတူဘဲလေးနက်နေသည်။တောင်ခြေမှာအန္တရာယ်ရှိမှန်း ရွာထဲရှိလူတိုင်းသိကြ၏။အကယ်၍ယနေ့ သူသာဤလမ်းမှ မတော်တဆဖြတ်မသွားခဲ့ပါလျှင် ရလဒ်မှာမတွေးဝံ့စရာပင်။

ရှန်းမင်မှ ဝံပုလွေဘုရင်အလောင်းကို တောင်ခြေသို့ဆွဲယူလာသည်ထိ ကျိုးထောင်ဟွားတစ်ယောက် ထိုနေရာ၌ပင် ကြောင်တောင်တောင်ရပ်နေဆဲဖြစ်သည်ကိုတွေ့လိုက်ရ၏။သေချာကြည့်လိုက်ရာ သူမခန္ဓာကိုယ်လေးသည် အနည်းငယ်တုန်ယင်နေလေသည်။

"ဘာဖြစ်လို့လဲ"

ရှန်းမင် စိုးရိမ်တကြီးမေးလိုက်သည်။ကျိုးထောင်ဟွား နာကျင်နေသောအမူအရာဖြင့် ရှန်းမင်ထံသနားစဖွယ်ကောင်းအောင်မော့ကြည့်ပြီး

"အစ်ကိုရှန်းမင် ညီမခြေထောက်တွေထုံနေတော့ လှုပ်လို့မရတော့ဘူး"

ဤသို့သောအခြေအနေနှင့်ကြုံနေမှတော့ သူမဝိညာဉ်စွမ်းအင်များကိုပြန်ဖြည့်တင်းရန် မေ့ထား၍မဖြစ်ပေ။သို့သော် သူမမှခုလေးတင် ထိတ်လန့်သွားဟန်ဆောင်ထားသဖြင့် သူသတိမထားမိခင်လက်အားလှမ်းဆွဲရန်မှာမလွယ်ကူလှသောကြောင့် သူမ၏သရုပ်ဆောင်စွမ်းရည်ကိုသာ ထုတ်သုံးရန်လုပ်လိုက်ရတော့သည်။

ရှန်းမင်သည် သူမထံတစ်ချက်ကြည့်လာ၏။ဒီလောက်တောင် ကြောက်သွားတာလား။

"ရာသီသွေးမိစ္ဆာက ဝံပုလွေတွေထက်ပိုကြောက်ဖို့ကောင်းတာပဲလေ၊သူမကိုကိုင်တွယ်တုန်းကရှိနေတဲ့ မင်းရဲ့အရှိန်အဝါတွေ ဘယ်ရောက်ကုန်ပြီလဲ"

ကျိုးထောင်ဟွား သူ့ထံစိတ်ဆိုးသွားဟန်ဖြင့်မျက်စောင်းထိုးလိုက်ပြီး

"အစ်ကိုရှန်းမင် ဝိညာဉ်ဆိုတာဝိညာဉ်ပဲ၊တောရိုင်းတိရစ္ဆာန်ဆိုတာ တောရိုင်းတိရစ္ဆာန်ပဲလေ၊သူတို့ကမတူဘူး ဟုတ်ပြီလား"

အကယ်၍သူမသာနေရာတိုင်း၌ အစွမ်းထက်နေမည်ဆိုလျှင် လောကထဲ၌သူမအားမည်သူမှ တားနိုင်တော့မည် မဟုတ်ပေ။

"ညီမလမ်းလျှောက်နိုင်အောင် ကူညီပေးပါဦး လုပ်ပါ"

ရှန်းမင် ကျိုးထောင်ဟွားနားသို့လျှောက်လာပြီး သူ့ညာဘက်လက်မောင်းကိုထိုးပေးလာသည်။

ကျိုးထောင်ဟွားမှာ စိတ်ထဲမှနေကြိတ်၍ဝမ်းသာသွားသော်လည်း အပြင်ပန်းတွင်မူ ထိတ်လန့်ဟန်ဆောင်ကာ သူ့လက်မောင်းအား သတိထား၍လှမ်းကိုင်လိုက်၏။သို့သော် သူမမှာမတ်တပ်ရပ်နေမြဲပင်။

ရှန်းမင် သူမထံဇဝေဇဝါဖြင့်ကြည့်ကာ

"လမ်းလျှောက်လေ"

"အစ်ကိုရှန်းမင် ညီမခြေထောက်တွေလှုပ်လို့မရဘူးဖြစ်နေတယ်"

ရှန်းမင်ငုံ့ကြည့်လိုက်ရာ သူမခြေထောက်များသည် အမှန်တစ်ကယ်ပင်အနည်းငယ် တုန်ယင်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရ၏။သူလည်းမတတ်နိုင်သည့်အဆုံး ကျိုးထောင်ဟွားရှေ့တွင် ဒူးထောက်ထိုင်ပေးလိုက်သည်။

"ကဲ......တက်"

တောင်ခြေမှာအလွန်အန္တရာယ်များသဖြင့် သူမအားဘေးကင်းရာသို့ အရင်ခေါ်သွားရပေမည်။

ကျိုးထောင်ဟွားသည် ရှန်းမင်လည်တိုင်အား ကြည့်လိုက်သည်။သူကကိုယ့်ကိုကိုယ်လာအပ်နေမှတော့ သူမဘက်ကလည်းငြင်းစရာအကြောင်းမရှိတော့ဘူးလေ။သူမသည်နာခံ‌တတ်သောအမူအယာဖြင့် သူ့ကျောပေါ်မှီကာ အင်္ကျီလက်များအားလိပ်တင်၍ သူ့လည်ပင်းကိုတင်းတင်းကြပ်ကြပ်သိုင်းဖက်လိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် ယခင်ကထက်ပိုမိုများပြားမြန်ဆန်လှသော ဝိညာဉ်စွမ်းအင် အမြောက်အမြားမှာ သူမခန္ဓာကိုယ်ထဲသို့ အလုံးအရင်းနှင့်တိုးဝင်လာတော့၏။

ကျိုးထောင်ဟွားနှုတ်ခမ်းထောင့်တွင် အောင်နိုင်သူတစ်ဦး၏အပြုံးလေးပေါ်လာသည်။သူမနှင့်ရှန်းမင်ကြားအရေပြားချင်းထိတွေ့မှု ပိုများလာလေလေ ဝိညာဉ်စွမ်းအင်ပြန်လည်ဖြည့်တင်းမှုမှာပိုမိုမြန်ဆန်ပြီး ပေါများလာလေလေ ဖြစ်ကြောင်း သေချာသွားလေပြီ။

ရှန်းမင်မတ်တပ်ရပ်လိုက်သည်နှင့် သူ့လည်ပင်းမှာအညှစ်ခံထားရသလိုဖြစ်သွားသဖြင့် အသက်ရှူရခက်သွားသည်။

"မင်းကိုယ့်ကို အသက်ရှူကြပ်ပြီးသေအောင်လုပ်မလို့လား"

ကျိုးထောင်ဟွား သူမလက်ကိုအမြန်ပြန်လျှော့ပေးလိုက်သော်လည်း အနည်းငယ်မျှသာဖြစ်သည်။ယနေ့တွင် ရှန်းမင်ထံမှဝိညာဉ်စွမ်းအင်များအား ထပ်မံဖြည့်ခွင့်ရလိမ့်မည်ဟု သူမထင်မထားခဲ့သော်လည်း မျှော်လင့်မထားစွာပင်....... ရှန်းမင်ကျောနောက်တွင်ကုန်းပိုးလိုက်လာသော ကျိုးထောင်ဟွားမှာ နှမ်းဆီအချို့ခိုးစားလိုက်ရသည့်ကြွက်ကလေးတစ်ကောင်လိုသဘောတကျရယ်မောလိုက်မိ၏။

ရှန်းမင်သည် အတော်လှမ်းလှမ်းထိလမ်းလျှောက်လာပြီးနောက်တွင်မှ ကျိုးထောင်ဟွားအား ဘေးကင်းသည့်နေရာတွင်ချပေးကာ သတိပေးလိုက်သည်။

"တောင်ခြေမှာလည်း ဝံပုလွေတွေရှိတယ်၊နောက်ကိုထပ်မသွားနဲ့တော့"

ကျိုးထောင်ဟွားမေးလိုက်သည်။

"အစ်ကိုရှန်းမင် ဝံပုလွေတွေကပုံမှန်ဆို ဘယ်အချိန်မှတောင်ပေါ်ကနေဆင်းလာတတ်တာလဲ"

"သူတို့အရမ်းဗိုက်ဆာလာတဲ့အချိန်ပေါ့"

ရှန်းမင်ချက်ချင်းပြန်ဖြေလိုက်သည်။

"ခုနကဝံပုလွေတွေအကုန်လုံးကသန်သန်မာမာတွေပဲ၊ဗိုက်အရမ်းဆာနေတဲ့ပုံလည်း လုံးဝမပေါက်ပါဘူး"

ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွားသည် လာရာလမ်းအတိုင်းနောက်ကြောင်းပြန်လှည့်ကာ တောင်ခြေသို့ပြန်သွားရန်ပြင်လိုက်သည်။

"မင်းရူးနေတာလား၊အဲဒီဝံပုလွေတွေ ပြန်လာလိမ့်မယ်လေ"

ရှန်းမင်မှာကျိုးထောင်ဟွားအားလှမ်းဆွဲလိုက်သည်။

သူမလှည့်ကြည့်လိုက်ပြီး ခြေဖျားလေးထောက်ကာ ရှန်းမင်မျက်လုံးများထဲစိုက်ကြည့်ပြီး

"ဒါဆိုရင်တော့ အစ်ကိုရှန်းမင်ကညီမကို ကာကွယ်ပေးရတော့မှာပဲ"

သူမသည်တောင်ခြေဘက်သို့ဆက်လျှောက်သွားလိုက်သည်။ပထမဆုံးကြားလိုက်ရသည့် ဝံပုလွေအူသံမှာအမှန်တော့ ဝံပုလွေဆီမှမဟုတ်ဘဲ အဖြူရောင်အ‌ကောင်လေးများဆီမှဖြစ်၏။

သူမသစ်ပင်,ပင်စည်တစ်ခု၏နောက်ဘက်သို့ကြည့်လိုက်ရာ လုံးလုံးကစ်ကစ်နှင့်အဖြူရောင်ခန္ဓာကိုယ်လေးတစ်ခုထိုင်နေသည်ကို တွေ့လိုက်ရသည်။ကြည့်ရသည်မှာပေါက်ဆီလုံးလေးတစ်လုံးနှင့်ပင် တူလှ၏။၎င်း၏မျက်နှာပေါ်တွင် မျက်လုံးအဖြစ်အနက်ရောင်အဝိုင်းလေးနှစ်ခုသာရှိပြီး ပါးစပ်အဖြစ်လခြမ်းကွေးပုံစံလေးရှိနေကာ အလွန်ချစ်စရာကောင်းသည့်အမူအရာလေးပင်။

ကျိုးထောင်ဟွားမှ စိုက်ကြည့်လိုက်သောအခါ ၎င်း၏ပါးစပ်လေးမှာအနည်းငယ် ပွင့်သွားတော့သည်။ချက်ချင်းဆိုသလိုပင် ၎င်း၏ခေါင်းပေါ်တွင် နောက်ထပ်အဖြူရောင်ကိုယ်ထည်လေးတစ်ခုထပ်ပေါ်လာ၏။မကြာမီမှာပင်,ပင်စည်နောက်၌ ၎င်းတို့အုပ်စုလိုက်တန်းစီရပ်နေကြပြီး ကျိုးထောင်ဟွားထံအကုန်ဝိုင်းကြည့်နေကြတော့သည်။

ကျိုးထောင်ဟွား၏အကြည့်မှာ သူတို့ထံတွင်သာစွဲမြဲနေသဖြင့် သူမမှသူတို့အားမြင်နိုင် မမြင်နိုင်ဆိုသည်ကို သေချာမသိကြတော့ပေ။

"ဘာကြည့်နေတာလဲ"

ရှန်းမင်အနားသို့ရောက်လာသည်နှင့် တစ်ပြိုင်နက်ဤသတ္တဝါလေးများသည် ကြောင်ရှေ့ရှိကြွက်များကဲ့သို့အရပ်မျက်နှာအနှံ့ ထွက်ပြေးသွားကြတော့သည်။

ကျိုးထောင်ဟွား၏နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ခု ပေါ်လာ၏။ကြောက်တတ်လွန်းတဲ့ ဒီအကောင်လေးတွေကတော့!နေပါဦး......ရှန်းမင်ရဲ့မရဏအငွေ့အသက်တွေကိုကြောက်နေကြတာလား။

ထိုအလုံးလေးများလမ်းတစ်ဝက်သို့ ရောက်သောအခါ တစ်ခုခုနှင့်တိုက်မိပြီး လမ်းပိတ်သွားတော့သည်။သူတို့ရှေ့ရှိလမ်းကို ရှင်းရှင်းလင်းလင်းမြင်နေရသော်လည်း ထွက်ပြေးစရာနေရာမရှိတော့ပေ။မြေကြီးထဲသို့ပင် တိုးဝင်၍မရတော့ချေ။

ထိုစဉ်မှာပင် သူတို့နောက်ဘက်မှခြေသံများကြားလိုက်ရသည်။သူတို့ထိတ်လန့်တကြားလှည့်ကြည့်လိုက်ရာ ကျိုးထောင်ဟွားသည် သူတို့နောက်တည့်တည့်တွင် ရပ်နေသည်ကိုတွေ့လိုက်ရတော့၏။

"!!!"

သူတို့သည် သူတို့နောက်ရှိမမြင်ရသော နံရံကြီးထံ အတင်းကပ်ထားလိုက်ကြတော့သည်။

"အော်လေ ဘာလို့မအော်တော့တာလဲ"

ကျိုးထောင်ဟွားမှာ သူတို့ထံအော်၍မေးလိုက်သည်။